မကြာခင်မှာ ၂၀၁၀ လဲ ကုန်တော့မယ် ။ ဒီနှစ် ၂၀၁၀ ထဲမှာ ကွန်ပျူတာ လောက ရဲ့  နံပတ် ၁ နေရာကို နှစ်ပေါင်းများစွာ ယူထားတဲ့ Microsoft ကုမ္မဏီကို ကျော်ပြီး Apple ကုမ္မဏီဟာ ကမ္ဘာမှာ အကြီးဆုံး ကွန်ပျူတာ ကုမ္မဏီ ဖြစ်လာတယ် ။ Apple ကုမ္မဏီရဲ့  လက်ရှိ CEO လဲ ဖြစ်ပြီး ၊ ကုမ္မဏီ ကို စတင်တည်ထောင် ရာမှာပါဝင်ခဲ့ သူလဲဖြစ်တဲ့ Steve Jobs ထက် လူသုံး အများဆုံး social networking site တစ်ခု ဖြစ်တဲ့ Facebook ကို စတင်တည်ထောင် ခဲ့သူ Mark Zuckerberg က ပိုပြီး ချမ်းသာလာခဲ့တယ် ။
ကွန်ပျူတာဟာ လူတွေရဲ့  မရှိမဖြစ် နေ့ စဉ်သုံး ပစ္စည်း တစ်ခုအဖြစ် တနေ့ ထက် တနေ့  ပိုပြီး နေရာယူ လာတယ် ။ အကောင်းတွေ အဆိုးတွေနဲ့  မွန်းကြပ်နေပြီး ၊ မြိုသိပ် ထားရတာတွေ များတဲ့ တကယ့် လက်တွေ့  ဘဝက ခဏတာပဲ ဖြစ်ဖြစ် လွတ်မြောက်ဖို့  အတွက် ထွက်ပေါက် တစ်ခုအနေနဲ့  လူတွေဟာ ကိုယ်ကိုယ်တိုင် စိတ်ကြိုက် လိုသလို ဖန်တီးလို့  ရတဲ့ ၊ ကိုယ်ပြောချင်တာ ဘာမဆို လွတ်လွတ် လပ်လပ် ပြောလို့ ရတဲ့ virtual world တွေမှာ ပိုပြီး အချိန်ဖြုန်း လာကြတယ် ။ Blog တွေ ၊ အခြား social networking site တွေမပါ သေးပဲ Facebook တစ်ခုထဲ မှာတင် လက်ရှိ active user ပေါင်း သန်း ၅၀၀ ကျော်ရှိတယ် ။ အဲဒီထဲမှာ Mobile phone တွေကနေ တဆင့် Facebook ကိုသုံးတဲ့ user ပေါင်းက သန်း ၂၀၀ ကျော်ရှိတယ် ။ လူတစ်ယောက် ထဲက account အများကြီး ဖွင့်ထားတာလဲ ရှိရင်ရှိမယ် ဒါပေမဲ့ Facebook သုံးတဲ့ သူတွေရဲ့  ၅၀ % က နေ့  တိုင်း သူတို့ ရဲ့  account ကို ဝင်ကြည့်ကြတယ် ။
Social networking site တွေ ၊ Blog တွေကို သုံးတဲ့ လူတော်တော် များများဟာ နောက်ဖြစ်လာ နိုင်တဲ့ အကျိုးဆက် တွေကို သေချာ မစဉ်းစားပဲ မိမိတို့  အကြောင်းတွေ ၊ ဓာတ်ပုံတွေ online ပေါ်ကို အလွယ်တကူ တင်တတ်ကြတယ် ။ online ပေါ်မှာ ရေးလိုက်တဲ့ စာတစ်ကြောင်း ၊ ဓာတ်ပုံ တစ်ပုံဟာ ပြန်ဖျက်လို့  မရတော့ဘူး ဆိုတာ လူတော်တော် များများ သတိ မထားမိကြဘူး ။ Facebook account ထဲက ဓာတ်ပုံ တစ်ပုံကို ဖျက်လိုက်ရင် account ထဲကနေ ပျက်သွားပေမဲ့ အဲဒီ ဓာတ်ပုံဟာ facebook ရဲ့  ယာယီဖိုင် တွေသိမ်းတဲ့ server မှာ နောက်ထပ် ၆ လ လောက်အထိ မပျက်ပဲ ရှိနေသေးတယ် ။ တိုက်ရိုက် လိပ်စာကို သိရင် အဲဒီ ဓာတ်ပုံကို ဘယ်သူမဆို ကြည့်လို့  ရနေသေးတယ် ။ ကိုယ်ဖျက်လိုက်တဲ့ ဓာတ်ပုံဟာ ၆ လ လောက်ပြီးရင် facebook မှာ သိမ်းထားတာ မရှိတော့ ဘူးဆိုပေမဲ့ အဲဒီအချိန် အတွင်းမှာ တစ်ယောက်ယောက်က ကူးယူပြီး နောက်တစ်နေရာမှာ ပြန်တင်ထားမယ် ၊ ဒါမှမဟုတ် သိမ်းယူထား လိုက်မယ်ဆိုရင် အဲဒါတွေကို ကိုယ် ဘယ်လို လိုက်ဖျက်မှာလဲ ။
ဓာတ်ပုံဆိုတာ ကိုယ်အိုက်တင် ထုတ်ထားတာ တစ်ခုထဲကို ပြတာမဟုတ်ဘူး ။ ကိုယ့်နောက်က ရှုခင်းလှလှ တွေကိုပဲ ပြတာ မဟုတ်ဘူး ။ ဥပမာ - ပါတီတစ်ခုကို ကိုယ်အရမ်း သွားချင်တယ် ။ အလုပ်ကို ခွင့်တောင်းရင်လဲ ကုမ္မဏီမှာ အရမ်း အလုပ်ရှုပ် နေချိန်မို့  ခွင့်ရမှာမဟုတ်ဘူး ဆိုတာ သိနေတယ် ။ ဒါနဲ့  နေမကောင်း ဘူးလို့  အလုပ်ကို ခွင့်တိုင်ပြီး ပါတီကို သွားခဲ့တယ် ။ အဲဒီနေ့ က ဓာတ်ပုံတွေကို အမှတ်တရ အနေနဲ့  facebook ပေါ်ကို အမှတ်တမဲ့ပဲ တင်လိုက်တယ် ။ အဲဒီဓာတ်ပုံ တွေကို ကိုယ့်အလုပ်က အထက်လူကြီးက တွေ့ သွားမယ် ဆိုရင် စဉ်းစားကြည့်တော့ ။ ဒါက ဥပမာ တစ်ခု အနေနဲ့  ပြောတာပါ ။ အချို့  လူတွေ အတွက် ဓာတ်ပုံ တစ်ပုံက ပေးတဲ့ information အတွက်နဲ့  ဆိုးကျိုးတွေ အများကြီး သက်ရောက်နိုင် ပါတယ် ။ ဓာတ်ပုံ တစ်ပုံဟာ ကိုယ် ဘယ်အချိန် ၊ ဘယ်နေရာမှာ ၊ ဘယ်သူနဲ့  ဘာလုပ်နေတယ် ဆိုတာကို ငြင်းလို့  မရတဲ့ သက်သေ မှတ်တမ်း တစ်ခုလဲ ဖြစ်တယ် ။
ကုမ္မဏီတစ်ခုက ဝန်ထမ်းတစ်ယောက်က သူ ကွန်ပျူတာ ရှေ့ မှာ ကြာကြာ ထိုင်လို့ မရဘူး ။ ကွန်ပျူတာကို ကြာကြာ ကြည့်ရင် မျက်စိကိုက် လို့ ပါဆိုပြီး ကုမ္မဏီကို ခွင့်တိုင်တယ် ။ သူခွင့်သွားတဲ့ နေ့ မှာ သူ့  အထက်လူကြီးက သူ့  facebook account ကို စောင့်ကြည့်တော့ ကွန်ပျူတာကို ကြာကြာ ကြည့်လို့  မရဘူးဆိုတဲ့ သူက online ပေါ်မှာ အချိန် တော်တော် ကြာကြာ ရှိနေတာကို တွေ့  ပြီး သူ့ ကို အလုပ်ထုတ် ခဲ့တယ် ။ အခြား ကုမ္မဏီ တစ်ခုက ဝန်ထမ်း တစ်ယောက်က သူ့  အထက်လူကြီးကို friend list ထဲမှာ သိမ်းထားမိတာကို မေ့ပြီး သူ့  ရဲ့  facebook wall ပေါ်မှာ သူ့  အထက်လူကြီးကို ဝေဖန်တဲ့ အကြောင်းရေး လိုက်တယ် ။ သူ့ အထက် လူကြီးက မင်းရဲ့  အစမ်းခန့်  ကာလ ၆လ မပြည့်သေးတာကို မင်းသတိ မထားမိဘူး ထင်တယ် ဆိုပြီး အဲဒီမှာပဲ comment ပြန်ရေးပြီး သူ့ ကို အလုပ်ထုတ်လိုက်တယ် ။ သိပ်မကြာ သေးခင်ကပဲ နာမည်ကြီး လူဆိုး တစ်ယောက်ဟာ ထောင်ပြောင်းတဲ့ အချိန်မှာ လွတ်သွားတယ် ။ ရဲတွေက သူသွားနိုင်တဲ့ နေရာတွေကို လိုက်ရှာပေမဲ့ ဘာသဲလွန်စမှ မတွေ့ တော့ သူဘယ်မှာ ပုန်းနေလဲ ဆိုတာကို ခန့် မှန်းလို့  မရဘူး ဖြစ်နေတယ် ။ နဲနဲလဲ ကြာလာရော ကိုယ်တော်က ငြိမ်ငြိမ်မနေပဲ facebook ကနေ မင်းတို့ ငါ့ကို ဘယ်တော့မှ ရှာလို့ တွေ့ မှာ မဟုတ်ဘူး ဘာညာဆိုပြီး ရဲတွေကို စိန်ခေါ် ပါလေရော ။ အဲဒီ facebook message ကနေတဆင့် သူ ရှိနိုင်တဲ့ နေရာကို ရဲတွေ ခြေရာခံ လို့ ရသွားပြီး ရက်ပိုင်း အတွင်းမှာ ပြန်အဖမ်း ခံလိုက်ရတယ် ။ အဲဒါတွေက သတင်းထဲမှာ ကျွန်တော် ဖတ်လိုက်ရတဲ့ တကယ့် အဖြစ်အပျက် တွေပါ ။
အချို့ သူတွေက ငါ့ friend list ထဲက လူအားလုံးကို ငါအပြင်မှာလဲ သိတယ် ၊ ငါ့ account ကိုလဲ သူငယ်ချင်းတွေပဲ ကြည့်လို့ ရအောင် လုပ်ထားတယ် လို့  ပြောတတ် ကြတယ် ။ အဲဒီ သူငယ်ချင်းတွေက ကိုယ်တင် လိုက်တဲ့ဟာ တွေကို ကြည့်ရုံပဲ ကြည့်ကြမှာလား ။ သူတို့ ပုံလဲ ပါနေလို့  ၊ ရှုခင်းလေး လှလို့  ၊ ကိုယ်ရေးထား တာလေးကို သဘောကျလို့  ဆိုပြီး ကူးယူမသွား နိုင်ဘူးလား ။ ဘယ်သူမှ ကူးမယူ ကြဘူးပဲ ထားလိုက်ပါတော့ ။ လူတိုင်း အလွယ် တကူ ကြိုက်သလောက် account ဖွင့်လို့ ရနေပြီး အားလုံးကို အလကား ဝန်ဆောင်မှု ပေးနေတဲ့ facebook လို site တွေရဲ့  လုံခြုံရေး setting တွေကို တကယ်ပဲ လုံခြုံတယ် လို့ ထင်ပါသလား ။ UK နိုင်ငံရဲ့  ထောက်လှမ်းရေး အဖွဲ့ က အကြမ်းဖက် သမားလို့  သံသရ ရှိသူတွေ ၊ စောင့်ကြည့်နေဖို့  လိုအပ်တယ်လို့  ယုံကြည်ရတဲ့ သူတွေရဲ့  လှုပ်ရှားမှု တွေကို facebook လို လုံခြုံရေး အားနည်းတဲ့ site တွေကနေ ခြေရာခံ စောင့်ကြည့်သွား မယ်လို့  တရားဝင် ကြေငြာထားတယ် ။ တရုတ်နိုင်ငံ ကတောင် ရဲတွေကို facebook ကနေ လူတွေကို ခြေရာခံ စောင့်ကြည့်ဖို့  သင်တန်းပေး နေတယ်လို့  မကြာသေး ခင်ကမှ ကျွန်တော် ဖတ်လိုက်ရသေးတယ် ။
Blog တွေရေးကြတယ် ၊ comment တွေပေးကြတယ် ဆိုတာလဲ အတူတူပါပဲ ။ ကိုယ်ရေးလိုက် တဲ့စာတွေ ထဲကနေ ကိုယ်ဘယ်မှာ ရှိနေတယ် ၊ ဘယ်သူနဲ့ ရှိ နေတယ် ၊ ဘာတွေ လုပ်နေတယ် ဆိုတာတွေကို ခန့် မှန်း သိနိုင်တယ် ။ သူများ Blog မှာ comment သွားရေးတာဟာ အဲဒီ blog မှာ စာတစ်ကြောင်းထဲ ချန်ခဲ့တာ မဟုတ်ပဲ ကိုယ့်ရဲ့  IP address ကိုပါ ချန်ခဲ့တာ ဆိုတာကိုသတိထား စေချင်တယ် ။
ငါတို့ မှာ ဘာမှ လျှို့ ဝှက်ထား စရာမရှိဘူး ၊ ငါတို့  ဘယ်ကိုမှ ကြောက်နေစရာမရှိ ဘူးလို့  အချို့ လူတွေက ပြောကြတယ် ။ အဲဒီလို လူတွေအတွက် ဝမ်းသာပါတယ် ။ အမြဲတမ်း အဲဒီလိုပဲ နေနိုင်ကြ ပါစေ ။ ဒါပေမဲ့ လူတိုင်းရဲ့  အခြေအနေ ကတော့ အဲဒီလို မဟုတ်တာ သေချာတယ် ။ တစ်ချို့ တွေက သူငယ်ချင်း အချင်းချင်း နောက်ပြောင်ပြီး ရိုက်ထားတဲ့ မူးနေ ရူးနေတဲ့ ပုံတွေ ၊ ကို့ ယိုး ကားယား ဖြစ်နေတဲ့ ပုံတွေကို အပျော် သဘောနဲ့  online ပေါ် တင်တတ်ကြတယ် ။ ဒီနေ့  ခေတ်က interview တစ်ခုသွားရင် လူချင်း မျက်နှာချင်းဆိုင် တွေ့ နေတာတောင် ကိုယ့်အကြောင်းကို ကိုယ့်ကို တိုက်ရိုက် မမေးပဲ internet မှာ ရှာဖတ်ချင် ဖတ်နေတတ်တဲ့ ခေတ်ဆိုတာ မမေ့ကြနဲ့  ။ နောက်ချင်လို့ ပဲ ဖြစ်ဖြစ် ၊ အမှတ်တရ အနေနဲ့ ပဲ ဖြစ်ဖြစ် online ပေါ်မှာ တစ်ခုခု ရေးတော့ မယ် ၊ ကိုယ့် ဓာတ်ပုံ (သို့  မဟုတ်) အခြား သူတွေရဲ့  ဓာတ်ပုံကို တင်တော့မယ် ဆိုရင် online ပေါ်ရောက် သွားတဲ့ စာတစ်ကြောင်း ၊ ဓာတ်ပုံ တစ်ပုံဟာ ဘယ်တော့မှ မပျောက်တော့ဘူး ၊ ဘယ်လိုမှ ပြန်ဖျက်လို့  မရတော့ဘူး ဆိုတာ မမေ့ကြပါနဲ့  ။ ။
Saturday, 25 December 2010
Saturday, 18 December 2010
Thursday, 9 December 2010
ဓာတ်ပုံထဲက ဇာတ်လမ်းများ (၂)
Second Indochina War (သို့ မဟုတ်) Vietnam Conflict လို့ လဲ ခေါ်ကြတဲ့ ဗီယက်နမ် စစ်ပွဲဟာ တရုတ် ၊ မြောက်ကိုးရီးယား ၊ ဆိုဗီယက် ပြည်ထောင်စု စတဲ့ ကွန်မြူနစ် အင်အားကြီး နိုင်ငံများ နောက်ခံပြု ထားတဲ့ မြောက်ဗီယက်နမ် နဲ့  အမေရိကန် ၊ တောင်ကိုးရီးယား ၊ သြစတေးလျား စတဲ့ ကွန်မြူနစ် စနစ်ကို မလိုလားတဲ့ အင်အားကြီး နိုင်ငံများ နောက်ခံပြု ထားတဲ့ တောင်ဗီယက်နမ် တို့ ကြား ဖြစ်ခဲ့တဲ့ စစ်ပွဲပါ ။
ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကွန်မြူနစ် နိုင်ငံများနဲ့  အနောက်အုပ်စု နိုင်ငံတွေကြား အားပြိုင်မှု တစ်ခုဖြစ်တဲ့ အဲဒီ စစ်ပွဲဟာ ဗီယက်နမ် ရဲ့  အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား နဲ့  လာအို နိုင်ငံတွေထိ ပျံ့ နှံ့ ခဲ့တယ် ။ ဗီယက်နမ် စစ်ပွဲဟာ အမေရိကန် နဲ့  တောင်ဗီယက်နမ် အတွက် ကွန်မြူနစ် စနစ်မပြန့်  ပွားရအောင် တားဆီးတဲ့ စစ်ပွဲတစ်ခု ဖြစ်ပြီး ၊ မြောက်ဗီယက်နမ် အတွက် ကတော့ နယ်ချဲ့ တွေကို တွန်းလှန်တဲ့ တော်လှန်ရေး စစ်ပွဲ တစ်ခု ဖြစ်တယ် ။
၁၉၇၅ မှာ ဗီယက်နမ် စစ်ပွဲ အဆုံးသတ် ခဲ့ပြီး ကွန်မြူနစ် စနစ်ကို လိုလားတဲ့ မြောက်ဗီယက်နမ် ဖက်က အောင်ပွဲခံ ခဲ့တယ် ။ ဗီယက်နမ် စစ်ပွဲဟာ အမေရိကန်တို့  ပထမဆုံး ရှုံးနိမ့် ခဲ့တဲ့ စစ်ပွဲ ဖြစ်တယ် ။ စစ်ပွဲ ကာလ အတွင်းမှာ တောင်ဖက်ကရော ၊ မြောက်ဖက်ကရော နှစ်ဖက်စလုံး စစ်ရာဇဝတ်မှု အများအပြားကို ကျူးလွန်ခဲ့ ကြပြီး အပြစ်မဲ့ အရပ်သား အများအပြား သေခဲ့ရတယ် ။
တောင်ဗီယက်နမ်ဖက်က အမေရိကန် စစ်သား ၅၈၁၅၉ နဲ့  တောင်ကိုးရီးယား စစ်သား ၅၀၉၉ အပါအဝင် စစ်သား ၃သိန်းကျော် သေပြီး ၁ သန်းခွဲ နီးပါး ဒဏ်ရာရခဲ့တယ် ။ မြောက်ဗီယက်နမ် ဖက်က စစ်သား ၁ သန်းကျော် သေပြီး ၆ သိန်းကျော် ဒဏ်ရာရ ခဲ့တယ် ။ စစ်ပွဲကာလ အတွင်း ဗီယက်နမ်မှာ အရပ်သား ၂ သိန်း နဲ့  ၂ သန်းကြား ၊ ကမ္ဘောဒီယားမှာ အရပ်သား ၂ သိန်းနဲ့  ၃ သိန်းကြား ၊ လာအိုမှာ အရပ်သား ၂ သောင်း နဲ့  ၂ သိန်းကြား သေခဲ့ရတယ် ။
အောက်ကဓာတ်ပုံ ၂ ပုံက ဗီယက်နမ် စစ်ပွဲ ကာလ အတွင်း ဂျပန် ဓာတ်ပုံဆရာ Kyoichi Sawada ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ထဲက ဓာတ်ပုံ ၂ပုံပါ ။
အမေရိကန် တို့ ရဲ့  ဗုံးကြဲမှုက လွတ်အောင် ချောင်းကို ဖြတ်ပြီး ပြေးလာတဲ့ ဗီယက်နမ် မိသားစု ပုံက ၁၉၆၅ မှာ World Press Photos of the Year အဖြစ် အရွေးခံရပြီး ၊ Vietcong စစ်သား တစ်ယောက်ရဲ့  အလောင်းကို အမေရိကန် စစ်သားတွေက ကားနောက်မှာ ကြိုးနဲ့  ချီပြီး ဆွဲလာတဲ့ ပုံက ၁၉၆၆ မှာ World Press Photos of the Year အဖြစ် အရွေး ခံခဲ့ရတယ် ။ သူ့ ရဲ့  Vietnam စစ်ပွဲ ဓာတ်ပုံ တွေကြောင့် Kyoichi Sawada ဟာ ၁၉၆၆ မှာ Pulitzer Prize for Photography ဆုကို ရခဲ့တယ် ။
အောက်ကပုံ ကတော့ အမေရိကန် ဓာတ်ပုံဆရာ Eddie Adams ရိုက်ခဲ့တဲ့ တောင်ဗီယက်နမ် ဖက်က General Nguyen Ngoc Loan က Saigon မြို့ လယ် လမ်းမပေါ်မှာ လက်နောက်ပြန် ကြိုးတုပ် ထားတဲ့ အရပ်ဝတ်နဲ့  လူတစ်ယောက်ရဲ့  ခေါင်းကို သေနတ်နဲ့  တေ့ပြီး ပစ်နေတဲ့ ပုံပါ ။
အဲဒီ ဓာတ်ပုံကြောင့် ၁၉၆၉ မှာ Pulitzer Prize for Spot News Photography နဲ့  World Press Photo ဆုကို Eddie Adams ရခဲ့တယ် ။ သေနတ်နဲ့ ပစ်ပြီးတော့ General က သူ့ နားကို လျှောက်လာပြီး “ငါ့လူတွေ နဲ့  မင်းတို့  လူတွေ အများကြီးကို သူတို့  သတ်ခဲ့တယ်” ဆိုပြီး ပြောတယ်လို့  Adams က ပြန်ပြော ပြတယ် ။
ဓာတ်ပုံဆရာ Adams ကိုယ်တိုင် General Nguyen ဘာကြောင့် အဲဒီလူကို ပစ်သတ်တာလဲ ဆိုတဲ့ အကြောင်းကို မသိရသေးခင် အခြားဓာတ်ပုံ တွေနဲ့  အတူ သတင်းစာ တွေမှာ အဲဒီဓာတ်ပုံကို ဖော်ပြခဲ့ ကြတယ် ။ အဲဒီဓာတ်ပုံဟာ ဗီယက်နမ် စစ်ပွဲရဲ့  အကျဉ်းတန် မြင်ကွင်း တစ်ခု အဖြစ် တကမ္ဘာလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တယ် ။ အထူးသဖြင့် ဗီယက်နမ် စစ်ပွဲကို ဆန့် ကျင် လှုပ်ရှား သူတွေဟာ ယူနီဖောင်းဝတ် အရာရှိ တစ်ယောက် အနေနဲ့  အရပ်ဝတ်နဲ့  လူတစ်ယောက်ကို မြို့ လယ်ကောင်မှာ ပစ်သတ်တာဟာ မင်းမဲ့ စရိုက်ဆန်ဆန် သွေးအေး လူသတ်မှုတစ်ခုသာ ဖြစ်တယ်လို့  Grneral Nguyen ကို ရှုံ့ ချခဲ့ ကြတယ် ။
ဓာတ်ပုံထဲမှာ အသတ်ခံ ရတဲ့သူဟာ Vietcong Captain Nguyen Van Lem ဆိုသူ ဖြစ်ပြီး သူဟာ သူလျှို လုပ်နေသူ တစ်ယောက်လဲ ဖြစ်တယ် ။ သူ့ ကို ဖမ်းမမိခင်မှာ သူဟာ တောင်ဗီယက်နမ် ရဲအရာရှိတွေ ၊ အစိုးရ ဝန်ထမ်းတွေ နဲ့  မိသားစုဝင် အများအပြားကို ပစ်သတ်ခဲ့တယ် ။ အသတ်ခံရတဲ့ သူတွေထဲမှာ အမေရိကန် နိုင်ငံသားတွေလဲ ပါသလို ၊ ရဲချုပ်တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နေတဲ့ General Nguyen နဲ့  ရင်းနှီးသူတွေ လဲပါတယ် ။
အကြောင်းရင်း မှန် ထွက်ပေါ်လာပြီး နောက်မှာလဲ ဖမ်းမိပြီးသား လူတစ်ယောက်ကို ဒီလိုသတ်တာဟာ မင်းမဲ့စရိုက်သာ ဖြစ်တယ်ဆိုပြီး General Nguyen ကို စစ်ရာဇဝတ်မှု ကျူးလွန်သူ လူသတ်သမား အဖြစ် ရှုံ့  ချ နေကြတဲ့ သူတွေ ဒီနေ့  အထိ ရှိသလို ၊ General Nguyen နေရာမှာဆို မိမိရဲ့  မိတ်ဆွေတွေ နဲ့  ရဲဖော်ရဲဖက်တွေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့သူကို သွေးပူနေတဲ့ အချိန်မှာ ဖမ်းမိရင် လူတိုင်း ဒီလိုလုပ် မိမှာပဲ ၊ ဒါဟာ ရာဇဝတ်ကောင် သူလျှိုတစ်ယောက်ကို ထိုက်သင့်တဲ့ အပြစ်ပေးတာပဲ ဖြစ်တယ်လို့  မြင်ကြတဲ့ သူတွေလဲ ရှိတယ် ။
နောက်ပိုင်းမှာ ဓာတ်ပုံဆရာ Adams က သူ့ ရဲ့  ဓာတ်ပုံကြောင့် General Nguyen ကို သူ့ ရဲ့  စစ်ပွဲ အတွင်း စွမ်းဆောင်မှုတွေ အတွက် သူရဲကောင်း တစ်ယောက် အနေနဲ့  လူတွေ မမြင်ကြတော့ တာကို နောင်တ ရမိတယ်လို့  ပြောခဲ့တယ် ။ သူဓာတ်ပုံ ဆရာလုပ်တာဟာ အခြားသူ တစ်ယောက်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့  လုပ်တာ မဟုတ်တဲ့ အတွက် သူ့ ဓာတ်ပုံကြောင့် လူတစ်ဦး ထိခိုက်ခဲ့ ရတာကို စိတ်မကောင်းတဲ့ အကြောင်းပြော ခဲ့တယ် ။
Time မဂ္ဂဇင်းမှာ Adams က “The general killed the Viet Cong; I killed the general with my camera. Still photographs are the most powerful weapon in the world. People believe them; but photographs do lie, even without manipulation. They are only half-truths. What the photograph didn't say was, 'What would you do if you were the general at that time and place on that hot day, and you caught the so-called bad guy after he blew away one, two or three American people?” လို့ ရေးခဲ့တယ် ။
General Nguyen ဟာတိုက်ပွဲ တစ်ခုမှာ ခြေထောက်ကို ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ အတွက် သူ့ ကို အမေရိကန် ကို ပို့ ပြီး ကုသခဲ့တယ် ။ တောင်ဗီယက်နမ် တွေ စစ်ရှုံးပြီး နောက်မှာ General ဟာ အမေရိကန်မှာပဲ သေတဲ့ထိ အခြေချ နေထိုင်ခဲ့တယ် ။ သူမသေခင်မှာ ဓာတ်ပုံဆရာ Adams ဟာ General နဲ့  သူ့  မိသားစုကို ကိုယ်တိုင် သွားတွေ့ ပြီး တောင်းပန် ခဲ့တယ် ။ အောက်က video က သူရိုက်ခဲ့တဲ့ အဲဒီ ဓာတ်ပုံ နဲ့ ပတ်သက်ပြီး သူ့ ရဲ့  ခံစားချက်ကို Adams ပြန်ပြောပြ တာပါ ။
အောက်က ပုံကတော့ ဓာတ်ပုံဆရာ Huynh Cong Ut ၁၉၇၃ မှာ Pulitzer Prize ရခဲ့တဲ့ ဓာတ်ပုံပါ ။ ဗီယက်နမ် စစ်ပွဲ ဓာတ်ပုံတွေထဲက လူသိအများဆုံး ဓာတ်ပုံတစ်ပုံပါ ။ ဒီဓာတ်ပုံကြောင့် ဗီယက်နမ် စစ်ပွဲ ဆန့် ကျင်ရေး လှုပ်ရှားမှုတွေ ပိုအားကောင်း ခဲ့တယ် ။
အမေရိကန် နဲ့  တောင်ဗီယက်နမ် တပ်က မြောက်ဗီယက်နမ် တပ်တွေရှိနေတဲ့ ရွာလို့  သံသရ ရှိတဲ့ ရွာတစ်ရွာ ပေါ်ကို Napalm ဗုံးကြဲ ချပြီးနောက် ရွာထဲမှာ ရှိနေတဲ့ ကလေးတွေ ဘေးလွတ်ရာ ကိုပြေးလာတဲ့ ပုံပါ ။ Napalm ဗုံးဟာ သာမန် ဗုံး အမျိုးအစား မဟုတ်ပဲ လောင်စာဆီ တစ်မျိုးကို ဂျယ်လီလို ပြစ်နေအောင် လုပ်ထားတဲ့ လောင်စာဗုံး တစ်မျိုးပါ ။ ရန်သူ့  စခန်းတွေ ၊ မြို့ ရွာတွေကို မီးရှို့ ပြီး ရန်သူတွေကို ခြောက်လှန့်  ထုတ်ဖို့  အတွက် အဓိက သုံးတယ် ။ Napalm ဗုံးဟာ ပေါက်ပြီးရင် carbon monoxide တွေထုတ်တဲ့ အတွက် လူတွေ အသက်ရှူကျပ် မူးမေ့လဲပြီး မီးလောင်ခံ ကြရတယ် ။ ဗုံးမှာပါတဲ့ လောင်စာတွေ လူကိုထိရင် အသားမှာ ကပ်နေပြီး မီးလောင် ဒဏ်ရာကို ပြင်းစွာခံစားရတယ် ။
ဓာတ်ပုံထဲက အဝတ်အစား မပါပဲ ပြေးလာတဲ့ ကောင်မလေးက ၉နှစ်သမီး Kim Phuc ပါ ။ သူ့ ရဲ့  ကျောကုန်းနဲ့  လက်မှာ ဆိုးဆိုးရွားရွား မီးလောင်ခံ ထားရတယ် ။ မီးလောင်နေတဲ့ သူ့ အဝတ်အစား တွေကို ချွတ်ပြီး ပြေးလာတာပါ ။ အရှေ့ ဆုံးက ကောင်လေး ကတော့ ၁၂ နှစ်သား Kim ရဲ့  အစ်ကို Phan Thanh Tam ပါ ။ အနောက်ကို လှည့်ကြည့်နေတဲ့ ကောင်လေးက Kim ရဲ့  မောင်လေး ၅နှစ်သား Phan Thanh Phuoc ပါ ။ ကျန်တဲ့ ကလေး နှစ်ယောက်က Kim ရဲ့  ဝမ်းကွဲ မောင်နှစ်မ Ho Van Bo နဲ့  Ho Thi Ting ပါ ။
အောက်ကဓာတ်ပုံကတော့ ၁၉၇၃ မှာ ဓာတ်ပုံဆရာ Chick Harrity ရိုက်ခဲ့တဲ့ Saigon မြို့ ရဲ့ လမ်းပေါ်မှာ ရောဂါသည် ညီမလေးကို စက္ကူပုံး ထဲထည့်ပြီး တောင်းရမ်းနေတဲ့ ကောင်လေး တစ်ယောက်ပုံပါ ။
အဲဒီ ဓာတ်ပုံက အမေရိကန်တွေကို ရံပုံငွေတွေ စုထည့်ကြပြီး ရောဂါသည် ကောင်မလေးကို အမေရိကန် နိုင်ငံကို ခေါ်ယူ နှလုံးခွဲစိပ် ကုသပေးကြတဲ့ အထိ ဆွဲဆောင်နိုင်ခဲ့တယ် ။ နှလုံးခွဲစိပ် ကုသပေးပြီး နောက်မှာ အမေရိကန် မိသားစု တစ်စုက အဲဒီ ကောင်မလေးကို မွေးစားခဲ့ ကြတယ် ။ လူတစ်ယောက်ရဲ့  ဘဝကို ပြောင်းလဲတဲ့ အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ အဲဒီ ဓာတ်ပုံကို ရိုက်ခဲ့တဲ့ Chick Harrity ကို White House News Photographers’ Association (WHNPA) က ၂၀၀၅ ခုနှစ်မှာ Lifetime Achievement Award ကို ပေးခဲ့တယ် ။ အဲဒီနေ့  က Chick Harrity ကို သူ့ှဓာတ်ပုံမှာ ပါတဲ့ စက္ကူပုံးထဲက ကောင်မလေး Tran Thie Het Nhanny ကိုယ်တိုင် ဆုတက် ပေးခဲ့တယ် ။
Baby in the box လို့  နာမည်ပေး ထားတဲ့ အဲဒီ ဓာတ်ပုံထဲက ကောင်မလေး နဲ့  ဓာတ်ပုံဆရာ အကြောင်းကို လူတွေသိ ကြပေမဲ့ ဓာတ်ပုံထဲက ကောင်လေး အကြောင်းကိုတော့ ဘယ်မှာမှ ရေးထားတာ မတွေ့ ရဘူး ။ ဘယ်သူမှ သိကြပုံ မရဘူး ။ ဓာတ်ပုံထဲက ကောင်လေး ကတော့ သူ့  ညီမလေးလို ကံကောင်းခဲ့ပုံ မရဘူး ။ ။

Wednesday, 1 December 2010
နိုင်ငံကိုချစ်တဲ့အမေ နဲ့  အမေကိုချစ်တဲ့သား
ဒေါ်အောင်ဆန်းစုကြည် လို အရည်အချင်း ရှိတဲ့ ခေါင်းဆောင် တစ်ယောက်ဟာ ကျွန်တော်တို့  တိုင်းပြည် အတွက် အရမ်း တန်ဖိုးရှိပါတယ် ။ သူပြန်လွတ် လာပြီး နောက်ပိုင်းမှာ လူတော်တော် များများက သူ့ ရဲ့  လုံခြုံရေး အတွက် စိတ်ပူကြတယ် ။ ဒီပဲရင်း လိုအဖြစ်မျိုး နောက်တစ်ခါ ထပ်ဖြစ်မှာကို စိုးရိမ်ကြတယ် ။ သူသွားတဲ့နေရာ တိုင်းမှာ လူအုပ်ကြီးက အတင်းတိုးဝှေ့  ပြီး အနီးကပ် နှုတ်ဆက်ကြ ၊ ဓါတ်ပုံတွေ ရိုက်ကြနဲ့  တစ်ခုခု အန္တာရာယ် လုပ်မယ်ဆို ဘယ်သူမဆို အလွယ်တကူ လုပ်နိုင်တဲ့ အနေအထားမို့  စိုးရိမ်စရာလဲ အရမ်းကောင်းပါတယ် ။
Interview တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် က သူ့ ရဲ့  လုံခြုံရေး နဲ့  ပတ်သက်ပြီး စိတ်မပူဖို့  NLD လိုအဖွဲ့  အစည်းက လက်နက်ကိုင် အဖွဲ့ အစည်းလဲ မဟုတ်တဲ့ အတွက် လုံခြုံရေး ကိစ္စတွေမှာ အကန့် အသတ်တွေ ရှိပေမဲ့ NLD လူငယ်တွေ အရင်ကလဲ တာဝန်ယူ အကာအကွယ် ပေးခဲ့သလို အခု သူတို့ တာဝန်ယူမယ်လို့  ပြောတာကိုလဲ ယုံကြည်ကြောင်း စိတ်မပူကြဖို့  ပြောထားတာ ကို ဖတ်လိုက်ရတယ် ။
NLD လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် အတွက် အသက်နဲ့  လဲပြီး ကာကွယ်ကြမယ် ဆိုတာ သံသရ ဖြစ်စရာ မရှိပါဘူး ။ ဒီပဲရင်း အရေးအခင်းက အထင်အရှား ပဲလေ ။ ဒါပေမဲ့ NLD လူငယ်တွေရဲ့  လုပ်ပိုင်ခွင့် တွေကလဲ အတိုင်းအတာ တစ်ခုထိပဲ ရှိတယ် ။ စကားပြော တာက အစ ဆင်ခြင် နေရတယ် ။ မကြာသေးခင်က သတင်းထောက် နဲ့  ပြသနာ ဖြစ်ကြတဲ့ အဖြစ်အပျက်က သက်သေပဲလေ ။
အနီးကပ် အတင်းတိုးဝှေ့ ပြီး နှုတ်ဆက်ကြ ၊ ဓာတ်ပုံတွေ ရိုက်နေကြတာဟာ အန္တာရာယ် ပေးဖို့  အခွင့်အရေး စောင့်နေတဲ့ သူတွေ အတွက် အခွင့်အရေး ရအောင် ဖန်တီး ပေးနေ သလိုဖြစ်နေတယ် ။ ကားရှေ့ က ပိတ်ပြီး ကာထားကြတာ ၊ လမ်းဆက်လျှောက်လို့  မရအောင် ပိတ်ရပ်နေ ကြတာတွေက အဆိုးဆုံး ပါပဲ ။ တစ်ခုခု ဖြစ်ရင် ဘယ်မှ ရှောင်ထွက်လို့  မရအောင် ဝိုင်းပြီး ချုပ်လှောင် ပေးထားကြ သလို ဖြစ်နေတယ် ။
ဓာတ်ပုံရိုက်တဲ့ သူတွေကလဲ စည်းကမ်းရှိရှိလေး ဘေးဖက်တွေ ကနေရိုက်မယ် ၊ အရှေ့ က ရိုက်ချင်ရင်တောင် ခပ်လှမ်းလှမ်း ကနေရိုက် ကြမယ် ၊ အနီးကပ်ပြီး နှုတ်ဆက်ချင် သူတွေကလဲ အတင်းတိုးဝှေ့  မနေကြပဲ တစ်ဦးနဲ့  တစ်ဦး နားလည်မှုနဲ့  အလှည့်ပေးပြီး နှုတ်ဆက်ကြမယ်ဆိုရင် အနီးကပ်လာပြီး အန္တာရာယ် ပေးမဲ့သူကို ချက်ချင်း သတိပြုမိနိုင် သလို NLD လူငယ်တွေလဲ လုံခြုံရေး ကို သေချာ တာဝန် ယူနိုင်မယ် ။ အခုတော့ လုံခြုံရေး တာဝန်ယူထားတဲ့ သူတွေက လမ်းရှင်းပေး နေရတာကလွဲပြီး အခြား ဘာကိုမှ သတိမထား နိုင်ဘူး ဖြစ်နေ ကြတယ် ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  လုံခြုံရေးဟာ NLD လူငယ်တွေ မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ကိုလေးစားတဲ့ သူတိုင်း ၊ တိုင်းပြည်ကို ချစ်တဲ့ သူတိုင်း မှာ တာဝန်ရှိ ပါတယ် ။
ကိုထိန်လင်းနဲ့  ဒေါ်အောင်တန်းစုကြည် ရွှေတိဂုံ ဘုရား သွားဖူးတဲ့ ဓါတ်ပုံတွေ တွေ့ တုန်းက ဒေါ်အောင်ဆန်းစုကြည် က ရယ်ပြုံးနေပေမဲ့ ကိုထိန်လင်း ကတော့ တည်တည်ကြီး ဖြစ်နေတာကို သတိထားမိတယ် ။ အကြာကြီး ခွဲနေရတဲ့ အမေနဲ့  ခဏလေး တွေ့ ရချိန် မှာတောင် လွတ်လွတ် လပ်လပ် မနေရတာကို စိတ်ညစ်နေပုံ ရတယ်လို့  တွေးမိခဲ့တယ် ။ အမေရဲ့  ခံယူချက် နဲ့  ရပ်တည်မှုကို အမြဲတမ်း နားလည်ပြီး အားပေးခဲ့တဲ့ သားပဲ အခု အခြေအနေ ကိုလဲ နားလည် မှာပါလို့  တွေးမိခဲ့တယ် ။
ညက သူငယ်ချင်းနဲ့  ထမင်းစားနေရင်း သူငယ်ချင်းက သူ့  Phone နဲ့  ကိုထိန်လင်း က ဒေါ်အောင်ဆန်းစုကြည် ကို နောက်ကနေ ဖက်ထားတဲ့ ပုံနဲ့  သတင်း တစ်ခုပြတယ် ။ Video file မို့  ဖွင့်ကြည့် ကြတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့  ကိုထိန်လင်းတို့  ဗိုလ်ချုပ်ဈေး သွားတဲ့ သတင်း ဖြစ်နေတယ် ။ Video ထဲမှာ လူတွေတအား တိုးဝှေ့ လာတော့ ကိုထိန်လင်းက ဒေါ်အောင်ဆန်းစုကြည် ကို နောက်ကနေ ဖက်ပြီး အကာအကွယ် ပေးထားတာ ၊ လူအုပ်ကြီး ထဲကနေ ဒေါ်အောင်ဆန်းစုကြည် လက်ကိုဆွဲပြီး တိုးထွက်နေတာ တွေကို မြင်တော့ စိတ်မကောင်း ဖြစ်မိတယ် ။ အိမ်ကိုလဲ အရမ်း သတိရမိတယ် ။ သူငယ်ချင်း ကလဲပြောတယ် မြင်ကွင်းက စိတ်ထဲမှာ အရမ်း ခံစားရ တယ်တဲ့ ။
ကျွန်တော်တို့ တွေ ဒေါ်အောင်ဆန်းစုကြည် ကို စိုးရိမ်တယ် ဆိုတာက သူဟာ တိုင်းပြည်အတွက် အစားထိုး လို့  မရတဲ့ ခေါင်းဆောင် တစ်ယောက် မို့ လို့ ပါ ။ ငါတို့  တိုင်းပြည် ၊ ငါတို့  အနာဂတ်ကို တိုးတက် ကောင်းမွန်အောင် ပြောင်းလဲ ပေးနိုင်မဲ့ သူတစ်ယောက်ကို ဆုံးရှုံးသွားမှာ ကြောက်နေကြတဲ့ အတ္တတွေ ၊ လောဘတွေ နဲ့ ပါ ။ ဒေါ်အောင်ဆန်းစုကြည် သာ မြန်မာပြည် နိုင်ငံရေး လောကထဲ မဝင်ခဲ့ရင် ဘယ်သူတွေက စိုးရိမ်ကြမှာလဲ ။
ကိုထိန်လင်း သူ့ အမေကို ကာကွယ် တာက သားတစ်ယောက် အနေနဲ့  မိခင်အပေါ်ကို အန္တာရာယ် မကျအောင် မိသားစု မေတ္တာ သန့် သန့်  နဲ့  ကာကွယ်တာ ။ အမေရဲ့  ခံယူချက် ၊ ရပ်တည်ချက် တွေကို သူ နားလည်ပေး နိုင်ပေမဲ့ မြင်တွေ့  နေရတဲ့ အခြေအနေ တွေမှာ အမေကို သူ ဘယ်လို စိတ်ချမှာလဲ ။ ဘယ်သွားသွား ခပ်တည်တည် မျက်နှာထား ဖြစ်နေတဲ့ သူ့ ရဲ့  ခံစားချက် ကိုလဲ အခုမှ နားလည် မိတယ် ။ မကြာခင်မှာ သူ့ မိသားစုဆီ သူပြန် ရတော့မယ် ။ ဒေါ်အောင်ဆန်းစုကြည် ကလဲ ကိုထိန်လင်း ကို သူ့  အတွက် စိတ်မပူဖို့  မှာလိမ့်မယ် ။ ဒါပေမဲ့ ကိုထိန်လင်း ဘယ်လို ခံစားနေရမယ် ဆိုတာ မိဘကို ချစ်တဲ့ သားသမီး တိုင်း သိကြမှာပါ ။ ။

( ဓါတ်ပုံများ နှင့် Video ကို www.mizzimaburmese.com မှ ကူးယူပါသည် )
ယမ်းငွေ့ တွေနဲ့  မြန်မာပြည်
လွန်ခဲ့တဲ့ ၁၀နှစ် ကျော်ကာလက စပြီး တိုင်းရင်းသား အဖွဲ့ တော်တော်များများဟာ တစ်ဖွဲ့ ပြီး တစ်ဖွဲ့  လက်နက်နဲ့  ငြိမ်းချမ်းရေး လဲခဲ့ကြတယ် ။ အချို့ ကလဲ မိမိ အဖွဲ့  အစည်းကို ပိုပြီး အင်အား တောင့်တင်းလာအောင် လုပ်ဖို့ အတွက် ၊ အချို့ ကလဲ လူထုနဲ့  ထိတွေ့  ဆက်ဆံ ခွင့် ရဖို့  အတွက် ၊ အချို့  ကလဲ ရာစုနှစ် တဝက်ကျော်ထိ လက်နက်သုံးပြီး ကြိုစားခဲ့ ပေမဲ့ မအောင်မြင် သေးတဲ့ မိမိတို့ ရဲ့  ရည်မှန်းချက် တွေကို နိုင်ငံရေး နည်းလမ်းနဲ့  ကြိုးစား ကြည့်ဖို့  အတွက် စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့  ငြိမ်းချမ်းရေးယူ ခဲ့ကြတယ် ။
ငြိမ်းချမ်းရေးယူပြီးတဲ့ နောက်ပိုင်းမှာ ဘယ်အဖွဲ့ အစည်းမှ မိမိတို့  အဖွဲ့ ရဲ့  မူလ ရည်ရွယ်ချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ကြပေမဲ့ ငြိမ်းချမ်းရေး ယူခဲ့ကြတဲ့ ရည်ရွယ်ချက် အချို့ ကိုတော့ အကောင်အထည် ဖော်နိုင်ခဲ့ ကြတယ် ။ အချို့ အဖွဲ့ တွေဟာ အရင်ကထက် အင်အားပိုမို တောင့်တင်းလာ ကြတယ် ။ အချို့ အဖွဲ့  တွေကလဲ လူထုနဲ့  ပိုမိုထိတွေ့  ခွင့်တွေ ရလာပြီး အဖွဲ့ နဲ့  လူထုကြားမှာ နားလည်မှုတွေ ၊ ထောက်ခံမှုတွေ ပိုရလာကြတယ် ။
အချို့ အဖွဲ့ တွေက ပခုံးပုတ် ၊ ခေါင်းပုတ် အလုပ်ခံပြီး မိမိတို့  အလံကို ရောင်းစားခဲ့ ကြတယ် ။ အချို့  ကလဲ သေရင်ယူသွားလို့  ရမှာ မဟုတ်တာတွေကို မက်ပြီး မိမိတို့ နဲ့  တစ်ချိန်က သေဖော်သေဖက် ရဲဖော်ရဲဖက် တွေကို ပြန်တိုက်နေ ကြတယ် ။ အချို့ ကလဲ အမြဲတမ်းမြဲမှာ မဟုတ်တဲ့ ခဏတာပဲ ခံစားခွင့် ရမဲ့ အာဏာတွေ ၊ စည်းစိမ်တွေကို မက်ပြီး မိမိတို့ ရဲ့  မူလ ရပ်တည်ချက် ၊ ရည်မှန်းချက်တွေကို မေ့နေကြတယ် ။
ဒီနေ့  မီဒီယာခေတ်မှာ မိမိရဲ့  စကား တစ်ခွန်း ၊ လုပ်ရပ် တစ်ခုဟာ အချိန်ပိုင်း အတွင်းမှာ တကမ္ဘာလုံးကို ချက်ချင်း ပျံ့ နှံ့ သွားနိုင်တယ် ။ နေ့ ချင်း ညချင်း zero ကနေ hero ဖြစ်နိုင် သလို ၊ hero ကနေလဲ zero ဖြစ်သွားနိုင်တယ် ။ ဒီလထဲမှာ zero ကနေ hero ဖြစ်လာတဲ့ သူတွေကတော့ နယ်ခြားစောင့်တပ် ဖွဲ့ ဖို့  လက်မခံ ခဲ့တဲ့ လက်ကျန် DKBA တပ်ပါ ။ DKBA အဖွဲ့ ဟာ ငြိမ်းချမ်းရေး ယူပြီးတဲ့ နောက်ပိုင်းမှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်း တစ်ခုအနေထက် စီးပွားရေး အဖွဲ့ အစည်း တစ်ခုအနေနဲ့  လူတွေပိုမြင် လာတဲ့အဖွဲ့ အစည်း တစ်ခုပါ ။ ရွေးကောက်ပွဲ နေ့ က စခဲ့တဲ့ သူ့ တို့ ရဲ့  တပ်ဖွဲ့ နဲ့  အစိုးရတပ်ကြားက တိုက်ပွဲကတော့ လူအများရဲ့  သူ့ တို့ အပေါ် အမြင်တွေကို ပြောင်းစေခဲ့တယ် ။
ဗိုလ်မှူးကြီး စောလားပွယ် ရဲ့ တပ်နဲ့  အစိုးရတပ်တွေ ကြားက တိုက်ပွဲဟာ စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေရာက တစ်ဖက်နဲ့  တစ်ဖက် တင်းမာမှုတွေ ပိုလာပြီး စခဲ့ကြတာပါ ။ ဒါပေမဲ့ လွယ်လွယ်ကူကူ ရနိုင်တဲ့ စီးပွားရေး လုပ်ခွင့်တွေအတွက် မိမိအဖွဲ့ ရဲ့  နာမည်နဲ့  အလံကို မစွန့် ခဲ့တဲ့ သူ့ ရဲ့  စိတ်ဓာတ် ကိုတော့ လေးစားတယ် ။ သူ့ တို့ ရဲ့  ရဲရဲရင့်ရင့် ရပ်တည်မှုက လက်ရှိ လက်ကျန် DKBA မှာ တော်လှန်ရေး စိတ်ဓာတ်ရှိတဲ့ ရဲဘော်တွေ ရှိနေသေးတယ် ဆိုတာကို သက်သေပြခဲ့တယ် ။
အဖွဲ့ အစည်း တစ်ခု အကောင်းဖက်ကို ရွေ့ သွားတာလား ၊ အဆိုးဖက်ကို ရွေ့  သွားတာလား ဆိုတာကတော့ မိမိရပ်နေတဲ့ ဖက်ပေါ် မူတည်ပြီး အမြင်တွေတော့ တူကြမှာ မဟုတ်ဘူး ။ တိုင်းရင်သား အဖွဲ့ တွေ တော်လှန်ရေး စခဲ့ကြတာ ကလဲ မိမိတို့  လူမျိုးစုတွေ လွတ်လပ်ဖို့  ၊ သီးခြားခွဲ ထွက်ဖို့  ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ပါ ။ ခုနောက်ပိုင်း မှာတော့ အဖွဲ့ တော်တော် များများက တိုင်းရင်သားတွေ ညီညီညွတ်ညွတ် တန်းတူညီမျှ နေနိုင်တဲ့ Federal ပြည်ထောင်စု ပေါ်ပေါက်ရေး ဖက်ကို ဦးတည်ပြီး ကြိုးစားလာကြတာ ဝမ်းသာစရာ တွေ့ ရတယ် ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက် လာတာကို ကြိုဆိုခဲ့ကြတာ ၊ အမျိုးသား ရင်ကြားစေ့ရေး နဲ့  ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက် လာရေးတို့ ကို ဝိုင်းဝန်း ထောက်ခံ ကြတာ တွေဟာ တိုင်းရင်းသား အချင်းချင်းကြားမှာ အရင်ကထက် နားလည်မှုတွေ ၊ စည်းလုံးမှုတွေ ပိုရှိလာတဲ့ သက်သေတွေပါ ။
တိုင်းရင်းသား အဖွဲ့ တွေဟာ လက်ရှိ အခြေအနေတွေနဲ့  မိမိတို့ ရဲ့  တော်လှန်ရေး စိတ်ဓာတ်တွေကို လဲမှာ မဟုတ်သလို ၊ လက်နက်လဲ စွန့် မှာ မဟုတ်ပါဘူး ။ အစိုးရ အဖွဲ့ အစည်းကလဲ တိုင်းရင်းသား အဖွဲ့ တွေရဲ့  တောင်းဆိုမှုတွေကို လိုက်လျှောမှာ မဟုတ်ပါဘူး ။ အစိုးရ အနေနဲ့  တိုင်းရင်းသား အဖွဲ့ တွေကို လက်ရှိအတိုင်း ထားဖို့ ဆိုတာ ကလဲ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စမို့  တိုင်းရင်းသား အဖွဲ့ အားလုံးကို အနှေးနဲ့  အမြန် ထိုးစစ်တွေ ဆင်လာ တော့မှာပါ ။ တိုင်းရင်းသား အဖွဲ့ တော်တော် များများက တိုက်ပွဲတွေ မဖြစ်ရအောင် အတတ်နိုင်ဆုံး ရှောင် နေကြပေမဲ့ မိမိကို စတိုက်လာ ရင်တော့ ဘယ်အဖွဲ့ မှ ငြိမ်ခံနေကြမှာ မဟုတ်ပါဘူး ။
နောက်လဲ ဖြစ်လာတော့မှာပဲ ဘာလို့ စောင့် နေတာလဲ ၊ တိုက်တဲ့ အဖွဲ့ က တိုက်နေကြပြီး ကျန်တဲ့ အဖွဲ့  တွေက ဘာလို့  ကြည့်နေတာလဲလို့  တစ်ချို့ ကလဲ ပြောကြတယ် ။ ဘယ်အဖွဲ့ မှ ငြိမ်းချမ်းနေတဲ့ မိမိဒေသကို စစ်မြေပြင် မဖြစ်စေချင် ကြဘူး ။ တိုက်ပွဲ မရှိတဲ့ မြို့ ရွာတွေ ၊ နိုင်ငံခြား တိုင်းပြည်တွေ ကနေ ပါးစပ်နဲ့  စစ်တိုက်ရတာ လွယ်ပါတယ် ။ ဒါပေမဲ့ ပြည်တွင်းစစ် ရဲ့  တကယ့်ဒုက္ခကို စစ်ဖြစ်နေတဲ့ ဒေသက သူတွေပဲ သိတယ် ။
တိုက်ပွဲတွေ ပြန်စဖို့ က လွယ်ပါတယ် ။ အာလုံး သေနတ်ကိုင် ထားကြတဲ့ အဖွဲ့ တွေပဲ လက်ညှိုးကွေး လိုက်တာနဲ့  ဖြစ်တယ် ။ ဒါပေမဲ့ စပြီးတဲ့ စစ်ကို အဆုံးသတ် ဖို့ ဆိုတာကတော့ လွယ်တဲ့ ကိစ္စမဟုတ်ဘူး ။ တိုင်းရင်းသား အဖွဲ့ တော်တော် များများရဲ့  အင်အားဟာ အစိုးရတပ်ရဲ့  ထိုးစစ်ကို ခံစစ် အနေအထားနဲ့  တောင် ရေရှည် တောင့်ခံနိုင်တဲ့ အင်အား မရှိပေမဲ့ လွယ်လွယ် ကူကူနဲ့ တော့ လက်နက် ချကြမှာ မဟုတ်ပါဘူး ။ မိမိတို့  စခန်းတွေ ကျသွားလဲ ပြောက်ကျားနည်းနဲ့  ဆက်တိုက်ပွဲ ဝင်နေကြဦး မှာပါပဲ ။ အစိုးရတပ်က လူအင်အား လက်နက်အင်အား သာတယ် ဆိုပေမဲ့ ပြောက်ကျား စနစ်နဲ့  တိုက်နေတဲ့ အဖွဲ့  တွေကို အပြတ်တိုက်ဖို့  ဆိုတာ အချိန်တိုလေးနဲ့  မဖြစ်နိုင်သလို လွယ်ကူတဲ့ အလုပ်လဲ မဟုတ်ပါဘူး ။
ကျွန်တော်တို့  နိုင်ငံရဲ့  ပြည်တွင်း စစ်ဟာ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ်ပါ ။ ရာစုနှစ် တဝက်ကျော် တိုက်ပွဲတွေနဲ့  နေခဲ့ရတဲ့ ဒေသတွေဟာ ငြိမ်းချမ်းခဲ့တာ ဆယ်စုနှစ် တစ်ခု သာသာပဲ ရှိပါသေးတယ် ။ ဒီတစ်ခါ ပြန်စမဲ့ တိုက်ပွဲတွေဟာ ဆယ်နှစ်ကျော်ကြာ ငြိမ်းချမ်းရေး ယူပြီး အမြင်မတူ တာတွေ အတွက် အဖြေရှာတာ မအောင်မြင်လို့  ပြန်စကြမှာ ဆိုတော့ နောက်တစ်ခါ ငြိမ်းချမ်းရေး လမ်းပေါ် ပြန်ရောက် ဖို့ ဆိုတာ လွယ်လွယ် နဲ့  မဖြစ်နိုင်တော့ သလို လူတွေမပြောင်း မူတွေမပြောင်း သရွေ့ တော့ ကျွန်တော်တို့  နိုင်ငံမှာ ယမ်းငွေ့ တွေ ဝေနေဦး မှာပါ ။ ။

Tuesday, 23 November 2010
ကျွန်တော်မုန်းသော လူအချို့ 
အဲဒီနေ့ က ကျွန်တော်ရယ် ၊ ကျွန်တော့်အဖေရယ် ၊ ကျွန်တော့် ညီမလေး ၂ ယောက်ရယ် မော်လမြိုင် ကနေ ရန်ကုန်ကို သွားဖို့  အိမ်ကနေ မနက်စောစော ထွက်ခဲ့ကြတယ် ။ အဲဒီအချိန် တုန်းက မော်လမြိုင် နဲ့  ရန်ကုန် က တိုက်ရိုက် ကားလမ်း မပေါက်သေးဘူး ။ မော်လမြိုင်ကနေ မုတ္တမကို ဇက်သဘောင်္နဲ့  ကူး ၊ မုတ္တမ ကနေမှ ကားနဲ့ ဖြစ်ဖြစ် ရထားနဲ့  ဖြစ်ဖြစ် ရန်ကုန်ကို သွားရတယ် ။
ကျွန်တော်တို့  သဘောင်္ဆိပ်ကိုရောက်တော့ မိုးစလင်းနေပြီး ။ ဇက်ပေါ်မှာတော့ ကုန်တွေ ၊ ခရီးသွားတွေ နဲ့  ပြည့်နေတယ် ။ ကျွန်တော်တို့ လဲ အဆင်ပြေတဲ့ နေရာမှာ အဆင်ပြေသလို ကြည့်ထိုင်ပြီး ဟိုငေး ဒီငေးနဲ့  လိုက်ခဲ့ ကြတယ် ။ မုတ္တမ ဆိပ်ကို သဘောင်္ ကပ်တော့ မိုးတော်တော်လင်းနေပြီး ။
သဘောင်္ကပ်ပြီးတော့ ကျွန်တော်ပထမဆုံး သတိထားမိ တာက လူတွေ ရုတ်ရုတ် သဲသဲနဲ့  သဘောင်္ပေါ်က ဆင်းရမှာ ကြောက် နေကြတယ် ။ ဒီနေ့  တော်တော် ထူးဆန်းတယ် ။ ဒီခရီးကို ကျွန်တော် အကြိမ်တွေ အများကြီး လာဖူးပါတယ် ။ ခရီးသည်တွေများ ခါတိုင်းဆို အနံ့ အသက်ပေါင်းစုံနဲ့  လူတွေ ကြပ်သိပ်နေတဲ့ ဒီသဘောင်္ပေါ်က ဆင်းချင်ကြလွန်းလို့  တစ်ချို့ ဆို သဘောင်္ မကပ်ခင်တောင် ဘောတံတား ပေါ်ကို ခုန်ကူးကြတယ် ။ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတော့ ကျွန်တော့် အဖေက ဆိပ်ခံ တံတားပေါ်ကို လှမ်းကြည့်တယ် ပြီးတော့ ချက်ချင်းပဲ သား အဖေ့ နားမှာ ကပ်နေ လူချင်းမကွဲ စေနဲ့  အဖေတို့  အခုဆင်းမယ် လို့  လှမ်းပြောတယ် ။
ခါတိုင်းဆို ကျွန်တော်တို့  ကလေးတွေပါရင် လူနည်းနည်းရှင်းမှ သဘောင်္ပေါ်က ဆင်းတတ်တဲ့ ကျွန်တော့် အဖေက ဒီနေ့ တော့ ဆိပ်ခံတံတား ပေါ်တက်တဲ့ ထွက်ပေါက်နားမှာ တွန့် ဆုတ် တွန့် ဆုတ် နဲ့  ဆင်းရမလို မဆင်းရ မလို ဖြစ်နေတဲ့ လူအုပ်ကြီးထဲကို အတင်းတိုး နေတယ် ။ ဆိပ်ခံဘောပေါ် ရောက်တာနဲ့  ခါတိုင်းနဲ့  မတူ ထူးခြားနေတာက ဆိပ်ခံဘောနဲ့  တံတားပေါ်မှာ စစ်သားတွေ ၅ ပေ လောက်စီ ခြားပြီး တန်းစီ ရပ်နေကြတယ် ။
ခါတိုင်းဆို လူတွေ တံတားပေါ်မှာ တစ်ယောက်နဲ့  တစ်ယောက် သူ့ ထက်ငါဦးအောင် ဆူဆူညံညံ အပြေး အလွှား အလုအယက် တက်ဆင်း နေကြတာပါ ။ ခုတော့ တံတားဘေး ၂ ဖက်မှာ တန်းစီပြီး ရပ်နေတဲ့ စစ်သားတန်း ကြားထဲကနေ လူတွေက ဖြေးဖြေးချင်း တက်နေတော့ ၂ ယောက် တစ်တွဲ ၊ ၃ ယောက် တစ်တွဲ တန်းစီပြီး သွားနေကြသလို ဖြစ်နေတယ် ။ အားလုံးရဲ့  ခေါင်းတွေက ငိုက်လို့  စကားသံတွေ ကလဲ တိတ်ဆိတ်လို့  ။
ကျွန်တော့် အဖေ ကို ကျွန်တော် လှမ်းကြည့်လိုက်တော့ ပုခုံးတစ်ဖက်မှာ အဝတ်အစား အိတ်ကိုလွယ် ပြီး လက်တစ်ဖက်က ကျွန်တော့်  ညီမ အငယ်ကို ချီထားတယ် ။ အခြား လက်တစ်ဖက် ကတော့ လမ်းမှာစားဖို့  ထည့်လာတဲ့ ထမင်းချိုင့်တွေ ထည့်ထားတဲ့ ခြင်းကို ကိုင်ပြီး ကျွန်တော် ညီမ အကြီးကို လက်တွဲထားတယ် ။ အဝတ်အစား အိတ်တစ်လုံးနဲ့  ကျွန်တော်ကတော့ ကျွန်တော့်အဖေ နောက်နားမှာ ကန့် လန့်  ကန့် လန့်  ပေါ့ ။ ကျွန်တော့် အဖေလဲ အခြားသူတွေလိုပဲ ဘေးပတ်ဝန်းကျင်ကို မကြည့်ပဲ ခေါင်းငုတ်ပြီး တံတားကို တက်နေတယ် ။ ကျွန်တော့်ကိုတော့ ခဏခဏ လှည့်ကြည့်တယ် ။
ကျွန်တော်တို့  တံတားအလယ်လောက် ရောက်တော့ အောက်ဖက် ဆိပ်ခံဘော တံတားကနေ ဆူဆူညံညံ အသံတွေ ကြားရတယ် ။ သဘောင်္ရဲ့  အခြား တစ်ဖက်ကနေ ရေထဲ ခုန်ဆင်းပြီး ဆိပ်ခံဘော တံတားနဲ့  ဝေးတဲ့ဖက်ကို ရေကူးပြေး နေတဲ့ လူတစ်ယောက်ကို ပဲ့ချိတ်လှေ နဲ့  အသင့်စောင့် နေတဲ့ စစ်သားတွေက ပြန်လာခဲ့ဖို့  အော်ဟစ် ဆဲဆိုပြီး လိုက်ဖမ်းတာပါ ။ အဲဒီလူလဲ ကြာကြာ မကူးလိုက် ရပါဘူး ။ ပဲ့ချိတ်ပေါ်က စစ်သားတွေက မှီလဲသွားရော ပဲ့ချိတ်ပေါ်ကို အတင်းဆွဲ တင်နေတာ တွေ့ လိုက်တယ် ။ အဲဒီ အဖြစ်အပျက်ကို ရပ်ကြည့်နေတဲ့ ကျွန်တော့်ကို အဖေက ခပ်ဆတ်ဆတ်လေး ပုတ်ပြီး အနားမှာ နေပါဆိုတာ နားမထောင်ဘူး လာရှေ့ ကလျှောက် ဆိုပြီး မာန်ပါလေရော ။ အဲဒါနဲ့ ပဲ တံတားပေါ်ကို အရှေ့  ကနေ ဆက်တက်ခဲ့တယ် ။
တံတားထိပ်ရောက်တော့ လူတွေတန်းစီ သလို ဖြစ်နေရတဲ့ အကြောင်းကို ကျွန်တော် တွေ့ ရတယ် ။ စစ်သား ၃ ယောက်လောက်က တံတားထိပ်မှာ ပိတ်ရပ်နေပြီး တက်လာတဲ့ လူတွေအားလုံးကို အုပ်စု ၂ စုခွဲနေတယ် ။ တစ်ခြမ်းကို ဖယ်ထုတ်လိုက်တဲ့ သူတွေက ကိုယ့်ကိစ္စ ရှိရာကို ကိုယ်သွားနိုင်တယ် ။ ဒါပေမဲ့ အခြားတစ်ခြမ်းကို ဖယ်ထုတ်လိုက်တဲ့ သူတွေကတော့ စစ်သားတွေ ဝိုင်းပြီးစောင့်နေတဲ့ မီးရထားရုံး ရှေ့ က ကွင်းပြင်လေးမှာ သွားထိုင်ရတယ် ။
အုပ်စုခွဲနေတဲ့ စစ်သားက ကျွန်တော်တို့ ကို ကိုယ့်ကိစ္စရှိရာ သွားနိုင်တဲ့ လူစုဖက် ကိုပို့ ခဲ့တယ် ။ ရထားလက်မှတ် ကိစ္စတွေ ကျွန်တော့် အဖေ စီစဉ်နေတုန်းမှာ ကျွန်တော်ကတော့ ရထားရုံး ရှေ့ မှာ မျက်နှာ မသာမရာနဲ့  စုထိုင်နေရတဲ့ သူတွေကို စိတ်ဝင်စား နေမိတယ် ။ ဒီလူတွေကို ဘာလို့  ဆောင့်ကြောင့်လေး ဖမ်းထားသလို ထိုင်ခိုင်းထား ရတာလဲ ။ အဲဒီအချိန်တုန်းက စစ်တပ်နဲ့  အခြား လက်နက်ကိုင် တပ်တွေ ကလဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်ဆိုတော့ ဒီလူတွေက အခြားအဖွဲ့ က လူတွေမို့ လို့  ဖမ်းထားတာလား ကျွန်တော် သိချင်နေတယ် ။ အဲဒီ စုထိုင်နေရတဲ့ လူတွေနားကို ကျွန်တော် လျှောက်သွားပြီး ရပ်ကြည့် နေခဲ့တယ် ။
ကျွန်တော်ကြာကြာ မကြည့်လိုက်ရပါဘူး ။ ကျွန်တော့်အဖေ နောက်ကနေ တီးထည့်လိုက်လို့  ခေါင်းပူ သွားပြီး ဆွဲခေါ်တာကို ခံလိုက်ရတယ် ။ ကျွန်တော့်ကို ဘာမှ မပြောပဲ တိတ်တိတ်လေး ဆွဲခေါ်ခဲ့ပြီး ခပ်လှမ်းလှမ်း ရောက်တော့မှ ဘယ်လို ကလေးမှန်း မသိဘူး ၊ လူကြီးပြောတာ ဘယ်တော့မှ နားမထောင် ဘူးဆိုပြီး ဆူပါလေရော ။ ၁၅ မိနစ် လောက်အတွင်းမှာ ၂ ကြိမ် အဆူရော ၊ အဆော်ရော ခံလိုက်ရတော့ ကျွန်တော် နည်းနည်း ဘုသွားတယ် ။
ကျွန်တော်တို့  ရထားပေါ်မှာ ပစ္စည်းတွေ နေရာချပြီး ထိုင်နေလို့ မှ သိပ်မကြာ သေးဘူး စစ်သား ၂ ယောက် တွဲပေါ် တက်လာတယ် ။ ရထားပေါ်မှာ တစ်ခုခုကို ရှာနေတဲ့ ပုံစံနဲ့  လိုက်ကြည့်တယ် ။ ကျွန်တော်တို့ ကို ကျော်လျှောက် သွားပြီး အိမ်သာတွေကို သွားစစ်တယ် ။ အဲဒီစစ်သား ၂ ယောက်ကို လိုက် ကြည့်နေတဲ့ ကျွန်တော့်ကို အဖေက မျက်မှောင် ကြုံ့ုပြီး ငြိမ်ငြိမ် ထိုင်နေဖို့  လှမ်းပြောတယ် ။ ဒီတစ်ခါ ကတော့ ဘလိုင်းကြီး ကျွန်တော် ငြိမ်ငြိမ် ထိုင်နေရက်နဲ့  အဆူခံ ရတယ် ။ စစ်သား တစ်ယောက်က ကျွန်တော်တို့  နားကို ပြန်လျှောက် လာပြီး ကျွန်တော့် အဖေကို ကြည့်လိုက် ၊ ကျွန်တော်တို့  ကလေးတွေကို ကြည့်လိုက် လုပ်နေတယ် ။ ကျွန်တော့် အဖေက အဲဒီ စစ်သားနဲ့  မျက်လုံးချင်း ဆုံမှာကို ရှောင် ချင်ပုံ ရတယ် ပြတင်းပေါက် ကနေ အပြင်ဖက်ကို ကြည့်နေတယ် ။ ကျွန်တော် တို့ ကို ခဏရပ် ကြည့်ပြီး အဲဒီ စစ်သား ၂ ယောက် ပြန်ဆင်း သွားတယ် ။
အချိန်အတိုလေး အတွင်းမှာ ၃ ခါတောင် ဆူခံ ထိထားတော့ ကျွန်တော့် အဖေကို ကျွန်တော် ကောက်နေ လိုက်တယ် ။ ကျွန်တော့် အဖေကတော့ နာရီ တကြည့်ကြည့် လုပ်နေတယ် ။ ရထားကလဲ ထုံးစံ အတိုင်း အချိန် နောက်ကျ ပြီးမှ ထွက်တယ် ။ ရထားထွက်ပြီး ၁၅ မိနစ်လောက် ကြာပြီးတော့မှ သိသိသာသာ ကောက်နေတဲ့ ကျွန်တော့်ကို သားဗိုက်ဆာလား ဘာစားမလဲ ဆိုပြီး ကျွန်တော့် အဖေပြန်ချော့တယ် ။ အဲဒီနေ့ က အမြဲတမ်း လူပြည့်နေတတ်တဲ့ မုတ္တမ - မော်လမြိုင် ရထားက ထူးထူးခြားခြား တွဲတိုင်းမှာ ခုန်တွေ အများကြီး လွတ်နေခဲ့တယ် ။
ရန်ကုန်ဘူတာကြီးကို ရောက်တော့ ရန်ကုန်ကို ကြိုရောက်နေတဲ့ ကျွန်တော့် အမေက လာကြိုရင်း ဒီနေ့  ရထားက လူချောင်တယ်နော် လို့  ပြောတော့ မုတ္တမှာ ပေါ်တာဖမ်းနေလို့  ငါတောင် ကလေးတွေနဲ့  မို့ လို့ ထင်တယ် ကံကောင်းလို့  လွတ်ခဲ့တာ လို့  ကျွန်တော့်အဖေ ပြန်ပြောတော့မှ ကျွန်တော် မျက်လုံးပြူးရတယ် ။
ညဖက် မသကာင်္ဖွယ်ရာ မှောင်ရိပ်ခိုနေတဲ့ သူတွေ ၊ အကျဉ်းသား တွေကို စစ်တပ်က ပေါ်တာ အဖြစ် ခေါ်တတ်တယ် လို့ တော့ ကျွန်တော် ကြားဖူးတယ် ။ အခုလက်တွေ့  ကြုံရမှ ပေါ်တာ ဖမ်းတယ်ဆိုတာ ဒီလိုလဲရှိလား ဆိုပြီး အံ့သြမိတယ် ။ ရထားရုံးရှေ့ မှာ ထိုင်နေရတဲ့ လူတွေအားလုံးက ယောက်ျားလေး တွေချည်းပဲ ဆိုတာလဲ ခုမှ သတိထားမိတယ် ။ တံတားထိပ်မှာ ရပ်နေတဲ့ စစ်သားတွေက ယောက်ျားလေး တွေနဲ့  ကျန်တဲ့ သူတွေကို အုပ်စုခွဲ ထုတ်လိုက်တာပဲ ။ ရေကူးပြေးတဲ့ သူကို လိုက်ဖမ်းကြတဲ့ အဖြစ်အပျက် နဲ့  တံတားပေါ်က တစ်ခုခုကို ကြောက်နေတဲ့ ပုံစံနဲ့  ဖြေးဖြေးချင်း တန်းစီပြီး တက်နေတဲ့ လူအုပ်ကြီးကိုလဲ ပြန်မြင်မိတယ် ။ ကျွန်တော့်အဖေ ကျွန်တော့်ကို သူ့  အနားမှာ မနေလို့  ဆိုပြီး ခဏခဏ ဆူတာကို လဲ ခုမှ နားလည် မိတယ် ။
ကိုယ်တိုင်မကြုံဖူးရင် စစ်တပ်က ဒီလိုမျိုးတွေ လုပ်ပါ့မလားလို့  သံသရ ရှိနေမဲ့ သူတွေလဲရှိမယ် ။ သတင်းစာ ရှင်းလင်းပွဲ တိုင်းကို အရင်က ဒိုင်ခံပြီး ဖြေတတ်တဲ့ ပြည်တွင်းက အရာရှိ တစ်ယောက်က ဒီလို အတင်းအကျပ် ခိုင်းစေမှုတွေ အရင် ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေစဉ် ကာလ တုန်းကရှိ ခဲ့ပေမဲ့ ခုတော့ တိုင်းပြည်က အေးချမ်းနေပြီး ဖြစ်တဲ့ အတွက် အဲဒါမျိုးတွေ မရှိတော့ ဘူးလို့  သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ရှင်းပြပြီး ဝန်ခံခဲ့ဖူးတယ် ။ ဒါပေမဲ့ အဲဒီလို လုပ်တဲ့ သူတွေကို ဘယ်လို အပြစ်ပေးမယ် ဆိုတာမျိုး ၊ နောက်ထပ် ဒါမျိုးတွေ ထပ်မဖြစ်အောင် ဘယ်လို စီစဉ်ထားတယ် ဆိုတာမျိုး သူမပြောခဲ့ဘူး ။ အခုထိ ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဆိုတာနဲ့  ပေါ်တာတွေ ဖမ်းနေတယ် ဆိုတဲ့ သတင်းက အမြဲတမ်း ကပ်ပါလာ တတ်တယ် ။
ကျွန်တော် အလယ်တန်း ကျောင်းသား အရွယ်တုန်းက ကျွန်တော့် အစ်ကို အကြီးဆုံးက မြ၀တီ မဲဆောက် ဖက်က တဆင့် ထိုင်းနိုင်ငံ သွားပြီး ကုန်တွေ သွားသွား ၀ယ်ပါတယ် ။ အဲဒီ အချိန် တုန်းက ကရင် အဖွဲ့ တွေနဲ့  အစိုးရ တပ်တွေ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေတဲ့ အချိန်ပါ ။ လမ်းခရီးမှာ ပေါ်တာ ခဏခဏ ဖမ်းပါတယ် ။ ကျွန်တော့် အစ်ကို ကို ဂရုစိုက်ဖို့  ပြောတော့ ပေါ်တာ ဖမ်းတာတော့ ရှောင်လို့  မရ ဘူးတဲ့ ၊ ကံပဲတဲ့ ။ ခေါ်ချင်ရင် တည်းနေတဲ့ နေရာ တံခါး လာခေါက်ပြီး ခေါ်တာတဲ့ ။ ဒါပေမဲ့ စိတ်မပူ ပါနဲ့  လူအစား ငှားလို့  ရတယ်တဲ့ ။ ကိုယ် အဖမ်းခံ ရရင် ကိုယ့်အစား လူတယောက် ငှားပြီး အစားထိုး ထည့်ပေး လိုက်လို့  ရတယ်တဲ့ ။ အဲဒီလို အငှားလိုက်တဲ့ သူတွေ ရှိတယ်တဲ့ ။ သူ့ အရပ် နဲ့  သူ့ ဇာတ်ကတော့ ဟုတ်နေတာပဲ ။
နိုင်ငံခြား သတင်း ဌာနတွေ နဲ့  ခဏခဏ အင်တာဗျူး လုပ်တတ်တဲ့ ပြည်ပရောက် အရာရှိ ဟောင်း တစ်ယောက်ကလဲ စစ်တပ်မှာ ပေါ်တာ ခေါ်ရင် ပေါ်တာ သမား တစ်ယောက် အတွက် တစ်ရက်ကို လုပ်အားခ ဘယ်လောက်ပေးရမယ် ၊ ဆန်ဘယ်လောက် ၊ ဆီဘယ်လောက် ပေးရမယ်ဆိုပြီး သတ်မှတ်ထားတာ ရှိတယ် ။ အဲဒီအတိုင်းသာ အမှန်အတိုင်း ပေးပြီး ခေါ်ရင် ကိုယ့်သဘော နဲ့ ကိုယ် လိုက်ကြမဲ့ သူတွေ အများကြီး ရှိပါတယ် ၊ အတင်းအကျပ် ခေါ်နေစရာ လိုမှာ မဟုတ်ပါဘူးလို့  အင်တာဗျူး တစ်ခုမှာ ပြောဖူးတယ် ။ အခြေအနေတွေ သိနေရက်နဲ့  ပြည်တွင်းမှာ တုန်းကတော့ မျက်စိပိတ် နားပိတ် နေခဲ့ပြီး ပြည်ပရောက်မှ အော်နေတာတော့ ဘာလို့ လဲ ဆိုတာ သူပဲ အသိဆုံး ဖြစ်မယ် ။
ကျွန်တော် စစ်တပ်ကို မမုန်းပါဘူး ။ စစ်တပ်ဆိုတာ နိုင်ငံ တစ်နိုင်ငံမှာ မရှိမဖြစ် အဖွဲ့ အစည်း တစ်ခုပါ ။ ကျွန်တော်တို့  နိုင်ငံရဲ့  သမိုင်းမှာလဲ စစ်တပ်က အရေးကြီးတဲ့ နေရာက အများကြီး ပါခဲ့ပါတယ် ။ ဒါပေမဲ့ ဥပဒေ ကို လက်တလုံးခြား လုပ်နေတဲ့ သူတွေ နဲ့  ကိုယ်မြင်ချင်တာကိုပဲ ရွေးပြီး မြင် တတ်ကြတဲ့ စစ်တပ်ထဲက လူတွေ ကိုတော့ ကျွန်တော် မုန်းတယ် ။
BBC သတင်းထောက်နဲ့  interview မှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားပါ …
“ I don't want to see the military falling. I want to see the military rising to dignified heights of professionalism and true patriotism ”

Monday, 18 October 2010
ဓာတ်ပုံထဲက ဇာတ်လမ်းများ (၁)
Einsatzgruppen ဆိုတာ ဒုတိယ ကမ္ဘာစစ် မတိုင်မှီက ဖွဲ့ စည်းခဲ့တဲ့ ဂျာမန် အထူးလက်ရွေးစင် တပ်ဖွဲ့  တစ်ခုပါ ။ Einsatzgruppen တပ်သားတွေရဲ့  အဓိကတာဝန်က ဂျာမန်တပ်မကြီးတွေ နောက်ကလိုက်ပြီး ဂျာမန်တွေ သိမ်းပိုက်ပြီးတဲ့ မြို့  ရွာတွေက လူတွေကို ရက်ပိုင်းအတွင်း အစုလိုက် အပြုံလိုက် သတ်ဖို့  ဖြစ်တယ် ။
Einsatzgruppen တပ်သားတွေဟာ ၂ ရက်အတွင်း လူပေါင်း ၃၃၄၇၁ ယောက် အသတ်ခံခဲ့ ရတဲ့ Babi Yar massacre နဲ့  ၂ ရက်အတွင်း လူပေါင်း ၂၅၀၀၀ အသတ်ခံခဲ့ ရတဲ့ Rumbula massacre အပါအဝင် Poland, Netherlands, Belgium, France နဲ့  Soviet Union စတဲ့ နိုင်ငံတွေမှာ လူတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့ကြတယ် ။
ဒုတိယ ကမ္ဘာစစ် ကာလ အတွင်းမှာ Einsatzgruppen တပ်သားတွေဟာ စစ်သုံ့  ပန်းတွေ ၊ သူလျှိုတွေ ၊ အပြစ်မဲ့ ပြည်သူတွေ ၊ သက်ကြီး ရွယ်အိုတွေ နဲ့  ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁ သန်းကျော်ကို ပစ်သတ်ခဲ့ကြတယ် ။ အသတ်ခံခဲ့ ရတဲ့ လူအများစု ကတော့ ဂျူး လူမျိုးတွေ ဖြစ်တယ် ။
ဝမ်းနည်း ကြေကွဲစရာ ကောင်းတဲ့ မှတ်တမ်း ဓာတ်ပုံတွေထဲက အောက်က ဓာတ်ပုံကတော့ လူသိ အများဆုံးနဲ့  အကြော်ကြားဆုံး ဓာတ်ပုံပါ ။ အဲဒီဓာတ်ပုံကို Einsatzgruppen တပ်သား တစ်ယောက် သိမ်းထားတဲ့ ဓာတ်ပုံတွေထဲက ရခဲ့တာဖြစ်ပြီး ဓာတ်ပုံရဲ့  နောက်ကျောဖုံးမှာ “The last Jew of Vinnitsa” (Vinnitsa မြို့ မှ နောက်ဆုံး ဂျုး) လို့  ရေးထားတယ် ။ အဲဒီ အချိန်တုန်းက Vinnitsa မြို့ မှာ နေထိုင်နေတဲ့ ဂျုးလူမျိုး ၂၈၀၀၀ လုံး အသတ်ခံခဲ့ရတယ် ။

Sunday, 17 October 2010
ငုတ်တုတ် ဗုဒ္ဓ
ကျွန်တော် ၁၀ တန်း နှစ်က တက်တဲ့ ရူပဗေဒ ကျူရှင်က ဆူးလေဘုရားနဲ့  တော်တော်လေး နီးတယ် ။ ကျူရှင်ရဲ့  ဘေးနားမှာလဲ ဗလီတစ်ခု ရှိတယ် ။ အချို့  စာသင်ချိန်တွေက ဗလီမှာ ဘုရား ဝတ်ပြုကြတဲ့ အချိန်နဲ့  တိုက်နေတယ် ။ ဗလီမှာ ဘုရား ဝတ်စပြု ကြပြီးဆို လော်စပီကာနဲ့  အသံ အကျယ်ကြီး အော်တတ်တဲ့ အတွက် အဲဒီအချိန်ဆို ဆရာ့  အသံကို ဘယ်သူမှ မကြားရတော့ စာသင်တာကို ခဏရပ်ပြီး အသံရပ်သွားတဲ့ အထိ စောင့်နေ ရတတ်တယ် ။
တစ်နေ့  အဲဒီလို လော်စပီကာနဲ့  အော်တာကို စောင့်ပြီး အသံရပ်သွားတော့ ဆရာက စာဆက် မသင်သေးပဲ ကျောင်းသားတွေဖက် လှည့်ပြီး မွတ်စလင် ဘာသာဝင် ကျောင်းသား တစ်ယောက်ကို မင်းတို့  ဝတ်ပြုရင် အမြဲတမ်း ဘာလို့  အကျယ်ကြီး အော်ရတာလဲ ၊ တိုးတိုး ဝတ်ပြုလို့  မရဘူးလားလို့  ဆရာ မေးဖူးတယ် ၊ အဲဒီ ကျောင်းသားက အဲဒါ ကျွန်တော်တို့  ဝတ်ပြုတာကို ဘုရားသိအောင် ဝတ်မပြုခင် ဘုရားကို ခေါ်တာလို့  ပြန်ဖြေတယ် လို့ ပြောတယ် ။ ဘုရား ပင့်တယ် ဆိုတာမျိုးကို ပြောချင်တာ ဖြစ်လိမ့်မယ် ၊ ဒါပေမဲ့ အဲဒီ ကျောင်းသားက ဆရာ့ကို အဲဒါ ဘုရားကို ခေါ်တာလို့  လွယ်လွယ်ပဲ ပြန်ဖြေခဲ့တယ် ။
ဟိုတစ်နေ့ ကလဲ ရှေ့ နားမှာ အမြဲတမ်း ထိုင်တတ်တဲ့ တရုတ်မလေး ၂ ယောက် ကျုရှင် မလာလို့  ဆရာမေးတော့ ကမ်းနားလမ်းက ဘုံကျောင်း တစ်ခုကို ဗေဒင် မေးဖို့  ဆိုလား ၊ စာချ ဖို့  ဆိုလား မသိဘူး လုပ်ဖို့  သွားလို့  မလာဖြစ်တာလို့  ပြန်ပြော တယ်တဲ့ ။ နင်တို့  စာချတာက ကျုရှင်ကို လာပြီးမှ သွားရင် မရဘူးလား ဆိုတော့ အဲဒီ သူတို့  သွားမေးတဲ့ မယ်တော်လား ကိုယ်တော်လား မသိဘူး အဲဒီ ပုဂ္ဂိုလ်က ညနေဆို မရှိဘူး ၊ မနက်ပိုင်း သွားမှ မေးတာ မှန်တယ်လို့  ပြန်ပြော တယ်တဲ့ ။
ဆရာက ဆက်ပြီး မွတ်စလင် ဘာသာဝင် တွေက ဘုရားဝတ်ပြု တော့မယ်ဆို ဝတ်မပြုခင် ဘုရားကို အရင် အော်ခေါ်ရတယ် ။ တရုတ် ဘာသာဝင်တွေ ကျတော့ ဘုံကျောင်းကို စောစော သွားရတယ် ။ နောက်ကျမှ သွားရင် မတွေ့ ရ တော့ဘူး ။ ငါတို့  ဗုဒ္ဓဘာသာ ဘုရားပဲ ကောင်းတယ် ငါတို့  ဘယ်အချိန်ပဲ ဘုရားပေါ် တက်သွားသွား ငုတ်တုတ် ထိုင်နေတယ်တဲ့ ။ ။

မီးကို ငြိမ်းတဲ့ မီး
ကျွန်တော့်အထက်က အစ်ကိုနဲ့  ကျွန်တော် ၂ နှစ်လောက်ကွာတယ် ။ အထက်အောက် ကလဲဖြစ် အရွယ်ကလဲ သိပ်မကွာတော့ ငယ်ငယ်က ကျွန်တော်တို့  ၂ ယောက် ရပ်ကွက်ထဲမှာ ဆော့တဲ့အခါအတူတူပဲ ဆော့ကြတယ် ။ သူ့  သူငယ်ချင်းလဲ ကျွန်တော့် သူငယ်ချင်း ၊ ကျွန်တော့် သူငယ်ချင်းလဲ သူ့  သူငယ်ချင်း ပါပဲ ။
တစ်နေ့ ရပ်ကွက်ထဲက အခြားကလေးတွေနဲ့  ကစားနေရင်း ကျွန်တော့် ရွယ်တူ ကောင်လေး တစ်ယောက်နဲ့  ကျွန်တော် ငြင်းကြပါလေရော ။ ပြသနာက ငြင်းရုံနဲ့  ပြီးမသွားပဲ တစ်ယောက်နဲ့  တစ်ယောက် မခံချင်အောင် ပြောကြရင်းကနေ မင်းသတ္တိ ရှိရင် မင်းနဲ့  ငါနဲ့  တစ်ယောက်ချင်း ချမယ် ဆိုပြီး ဟိုကောင်က ကျွန်တော်ကို စိန်ခေါ်ပါလေရော ။
အပြိုင် ငြင်းတုန်းကတော့ ငြင်းခဲ့ပေမဲ့ သူ အဲဒီလို စိန်ခေါ် လာလိမ့် မယ်လို့  ကျွန်တော် ထင်မထားခဲ့ဘူး ။ ကျွန်တော်တို့  ၂ယောက်ရဲ့  ပြသနာကြောင့် ကစားပွဲကို ရပ်ထားရတယ် ။ သူက စိန်ခေါ်လိုက်တော့ ကစားနေတဲ့ အခြားကလေးတွေ အားလုံးရဲ့  အကြည့်က ကျွန်တော့်ဆီ ရောက်လာတယ် ။ ကျွန်တော် ဘာပြန်ပြော မလဲဆိုတာကို သိချင်နေကြတယ် ။
အဲဒီအရွယ်အထိ ကျွန်တော် အခြားသူတွေနဲ့  ကိုယ်ထိလက်ရောက် ဖြစ်တဲ့အထိ တစ်ခါမှ ရန်မဖြစ် ဖူးသေးဘူး ။ ကျွန်တော့်ကို စိန်ခေါ်တဲ့ ကောင်ကတော့ ရပ်ကွက်ထဲက ရွယ်တူတွေထဲမှာ ပွဲတိုင်းကျော်လို ဖြစ်နေ တဲ့သူ ။ ကျွန်တော် သူ့  ကိုကြောက်လားဆိုတော့ မကြောက်ပါဘူး ။ ဒါပေမဲ့ ကိုယ်ထိ လက်ရောက် ဖြစ်တဲ့အထိ ရန် တစ်ခါမှ မဖြစ်ဖူးတော့ ကိုယ့်လက်ရည် ဘယ်လိုရှိမှန်း ကိုယ်လဲမသိဘူး ။ ကျွန်တော့်မှာ သူ့  ကို ချက်ချင်း ပြန်ပြောစရာ စကား မရှိဘူး ။
ကျွန်တော်ဘာမှ ပြန်မပြောပဲ နဲနဲကြာကြာ ငြိမ်နေတော့ သူကပို အတင့်ရဲ လာတယ် ။ မင်းကြောက်နေ တာလား ၊ မင်းအခြောက်လား ၊ မင်း သတ္တိ မရှိ ဘူးလားကွ ဆိုပြီး ဆက်တိုက် စိန်ခေါ်တော့တယ် ။ အတူတူ ကစားနေတဲ့ အချို့  ကလေးတွေက သူ့ ကို အေးအေးဆေးဆေး ဆက်ဆော့ဖို့  ဝိုင်းပြောကြပေမဲ့ သူကတော့ ကျွန်တော့်ကိုပဲ ဆက်စိန်ခေါ် နေတယ် ။ ကျန်တဲ့ ကလေးတွေ က ကျွန်တော့်ကို ဝိုင်းကြည့် နေကြတယ် ။ ကျွန်တော့် အဖြေကို ပိုပြီး စိတ်ဝင်စား နေကြတယ် ။ ကျွန်တော် သူ့ ကို တစ်ခုခုတော့ ပြန်ပြော ရတော့မယ် ။
ဒီအတိုင်း ငကြောက်ကြီး ပါကွာဆိုပြီး အရှက်ကွဲခံပြီး အလျှော့ပေးလိုက် မလား ၊ ဒါမှမဟုတ် ထချပြီး အဖြေ ရှာမလား ။ ကျွန်တော် စဉ်းစားရပြီး ။ ကျွန်တော် ဒီအတိုင်း ကတော့ အလျှော့ မပေးချင်ဘူး ၊ ထချရင်ရော ငါသူ့ ကို နိုင်ပါ့မလား ဆိုတဲ့ သံသယ ကလဲ စိတ်ထဲမှာ ရှိနေတယ် ။ ဒါပေမဲ့ ကျွန်တော်တစ်ခုခုကို ရွေး ရတော့မယ် ။ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တယ်။
ဒါပေမဲ့ ကျွန်တော် ဘာမှလုပ်စရာ မလိုလိုက်ဘူး ။ ကျွန်တော့် နောက်ဖက်ကနေ သူ့ နာမည်ကို လှမ်းခေါ်သံ ကြားလိုက်တယ် ။ သူ့ နာမည်ကို ခေါ်လိုက်တာ ကျွန်တော့် အစ်ကို ဆိုတာ ကျွန်တော် လှည့်မကြည့်ပဲ သိလိုက်တယ် ။ ကျွန်တော့် အစ်ကိုက သူ့ ကို “ငါ့ညီက အေးအေးဆေးဆေး ပြောနေတာကို မင်းက စိန်ခေါ်နေရအောင် မင်းကလူမိုက်လား ၊ မင်းမိုက်ရင် ငါ့ နဲ့  ချမယ်လို့ ” ဆက်ပြောလိုက်တယ် ။ ကျွန်တော့် အစ်ကိုက သူ့ ထက် အသက်လဲ ကြီးတယ် ၊ လူကောင်လဲ ကြီးတယ် ။
သူကျွန်တော့် အစ်ကို ကိုကြည့်ပြီး မင်းနဲ့  ငါကရွယ်တူမှ မဟုတ်တာ ၊ မင်းနဲ့ တော့ မချဘူးလို့  ပြန်ပြောတယ် ။ ကျွန်တော့် အစ်ကိုက မင်းမိုက်တယ် ချချင်တယ် ဆိုရင် ငါနဲ့ ချ ၊ ငါနဲ့ မချဘူး ဆိုရင်တော့ အခြားသူတွေကိုလဲ စိန်လိုက်ခေါ် မနေနဲ့  အေးအေးဆေးဆေး ဆက်ကစားဆိုပြီး ရန်ပွဲကို အဆုံးသတ် လိုက်တယ် ။ အဲဒီနေ့ က ရန်စတဲ့သူကို ကျွန်တော့်အစ်ကိုက ရန်ပြန်စပြီး ရန်ပွဲကို အဆုံးသတ် ခဲ့တယ် ။
အဲဒီအဖြစ်အပျက်ကို ကျွန်တော့်အစ်ကို ကတော့ မှတ်မိချင်မှ မှတ်မိမယ် ။ ကျွန်တော်ကတော့ ကျွန်တော့်ရှေ့ က ရပ်ပေးခဲ့တဲ့ သူ့ ကို အမြဲတမ်း ကျေးဇူးတင်နေတယ် ။ မှတ်သားစရာလဲ ရလိုက်တယ် ။ တစ်ချို့  အခြေအနေ တွေမှာ ရန်ကိုငြိမ်းဖို့  အတွက် ရန်လိုတယ် ။ Fight fire with fire ဆိုသလိုပဲ အချို့ အရာတွေကို တားဆီးဖို့  ၊ ရပ်တန့် အောင် လုပ်ဖို့  အတွက်က တူညီတဲ့ နည်းလမ်းနဲ့  ပြန်ပြီး တုန့် ပြန်မှုကသာ အမှန်ကန်ဆုံး ရွေးစရာ နည်းလမ်း ဖြစ်တယ် ။ ။
Defeat is not the worst of failures. Not to have tried is the true failure.
George Edward Woodberry
The war that will end war.
H. G. Wells

Monday, 4 October 2010
အမှတ်တရ နောင်တ
သူနဲ့ ကျွန်တော် အသက် ၆နှစ်လောက် ကွာတယ် ။ ကျွန်တော်တို့  နှစ်ယောက် သူငယ်ချင်းတွေလိုတော့ မတွဲခဲ့ ကြပါဘူး ။ ဒါပေမဲ့ ကျွန်တော်တို့  နှစ်ယောက် ကြားမှာ အခြားလူတွေနဲ့  မတူတဲ့ နားလည်မှုတွေ ရှိခဲ့တယ် ။ ကျွန်တော် တို့  နှစ်ယောက်လုံးက စနေသားတွေ ။ ကိုယ်လုပ် ချင်တာဆို မကောင်းဘူး ဆိုတာသိနေလဲ ဘယ်သူ ဘယ်လောက် တားတား လုပ်လိုက်ရမှ ။ မိဘတွေ မျက်ရည်ကျအောင် သူအကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ သူ့ ကိုလူဆိုး တစ်ယောက်လို့  ကျွန်တော် မြင်လို့ မရဘူး ။ သူလုပ်ခဲ့တာတွေ မှားတယ်ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမဲ့ သူ့ ဖက်က ခံစားမှုတွေကိုလဲ ကျွန်တော် နားလည်ပေးလို့  ရတယ် ။ ကျွန်တော် လုပ်တာတွေ ကိုလဲ မှားတယ် မှန်တယ် လို့  ဘယ်တော့မှ သူ မပြောခဲ့ဘူး ။ အခုမင်းငယ် သေးလို့ ပါကြီးလာရင်မင်းရှက်တတ် လာလိမ့်မယ်လို့  တော့ ကျွန်တော့်ကို တစ်ခါ သူပြောဖူးတယ် ။
မိသားစုနဲ့  ဝေးရာကို အရင်ကလဲ သူထွက်သွား ဖူးပါတယ် ။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြာကြာ အန္တရာယ် ကင်းကင်းနဲ့  သူပြန်ရောက်လာမယ် ဆိုတာ ကျွန်တော် အမြဲ သိနေတယ် ။ ဘယ်တုန်းကမှ သူ့ ကိုကျွန်တော် မမျှော်ခဲ့ဖူးဘူး ။ ဒါပေမဲ့ ဒီတစ်ခါတော့ ဘာကြောင့်မှန်း မသိဘူး သူပြန်ရောက် မလာတာ နည်းနည်း ကြာလာတော့ ထူးထူးခြားခြား ကျွန်တော် သူ့ ကို စိုးရိမ်မိ နေတယ် ။ သူအန္တရာယ် ကင်းပါစေလို့  ဆုတောင်းနေမိတယ် ။ သူ ပြန်လာမှာကို မျှော်နေမိတယ် ။ အဲဒီအချိန်မှာ သူလဲ အိမ်ကိုအရမ်း သတိရနေ ခဲ့တယ် ဆိုတာ နောက်ပိုင်းမှာ ကျွန်တော်သိခဲ့ ရတယ် ။
ညဖက် သူငယ်ချင်းတွေနဲ့  လက်ဖက်ရည်ဆိုင် ထွက်ထိုင်ရင်း လမ်းမှာ ဝင်ငှားလာတဲ့ လက်ထဲက မဂ္ဂဇင်း ကို ဟိုလှန်ဒီလှန် လုပ်နေရင်းနဲ့  နာမည်ကြီး ဗေဒင် ဆရာတစ်ယောက်ရဲ့  လစဉ် ဟောစာတမ်း စာမျက်နှာ ဆီ ရောက်သွားတယ် ။ ဒီလ ကျွန်တော့် မွေးလအတွက် ဟောစာတမ်းမှာ ရပ်ဝေးရောက်နေ သူ တစ်ယောက် ပြန်လာမယ်တဲ့ ။ ကျွန်တော် အဲဒါဖတ်မိပြီး ဘယ်လိုပျော်မှန်း မသိဘူး ။ ဒီလထဲမှာ သူပြန်ကို ပြန်လာမယ်လို့  ကျွန်တော် တစ်ကယ် ယုံကြည်ခဲ့ တယ် ။ နောက် ၂ ရက် အကြာ လက်ဖက်ရည်ဆိုင် သွားနေတုန်း သူငယ်ချင်း တစ်ယောက်က နောက်ကနေ ပြေးလိုက်လာတယ် ။ သူပြန်ရောက် နေတယ်တဲ့ မင်းကို တွေ့ ရင် လွှတ်လိုက်ဖို့  မှာလိုက်တယ် လို့  ပြောတယ် ။
အဲဒီနေ့ က သူ့ ရဲ့ ပုံစံကို ကျွန်တော် မှတ်မိနေသေးတယ် ။ မညီမညာ ရှည်နေတဲ့ ဆံပင်တွေက ချေးတွေနဲ့  မာတောင့်နေပြီး သူ့ ရဲ့  ခေါင်းပေါ်မှာ ဘော်လုံး တစ်လုံးလို ဖြစ်နေတယ် ။ သူ့ ရဲ့  မျက်လုံး ၂လုံးက ရှိသင့်တဲ့ နေရာထက် တော်တော်လေး အထဲကို ရောက်နေတယ် ။ အခုမှ ယူလဲထားပုံ ရတဲ့ အင်္ကျီနဲ့  လုံချည် ကတော့ အရင်ကထက် ၃ ပုံ ၁ ပုံ လောက်ပဲ ကျန်တော့တဲ့ သူ့  ခန္ဓာကိုယ်နဲ့  ချောင်နေတယ် ။ ဘာပဲ ပြောပြော သူ ပြန်ရောက်လာတဲ့ အတွက် ကျွန်တော် ပျော်တယ် ။
သူ့ နဲ့ ပြန်ပါလာတဲ့ တောကြမ်းစီး ဖိနပ်တစ်စုံရယ် ၊ အပေါက်အပြဲ တွေနဲ့  စစ်ရောင် ဘောင်းဘီ တစ်ထည်ရယ် ၊ ဟောင်းနွမ်း နေပြီး ဖြစ်တဲ့ အင်္ကျီ အချို့ ကို လွှင့်ပစ်ဖို့  သူ နှမြောနေတယ် ။ အမှတ်တရ တွေ မို့ တဲ့ ။ သူ တွေ့ ကြုံ ခဲ့ရတဲ့ အတွေ့  အကြုံ အချို့ ကို ကျွန်တော် သိခွင့်ရခဲ့ ပေမဲ့ အစအဆုံး အသေးစိတ် ကိုတော့ ကျွန်တော် မမေးခဲ့ဘူး ။ သူကလဲ ပြောပြချင် ပုံမရဘူး ။
မြန်မြန်ပြန် ကျန်းမာလာအောင် သူ ညနေပိုင်း လမ်းလျှောက်ချင်တယ် အဖော်လိုက် ပေးပါလားဆိုလို့  သူနဲ့  ကျွန်တော် ညနေအချို့  လမ်းအတူတူ လျှောက်ဖြစ်တယ် ။ မင်းတစ်ယောက်ပဲ ငါ့ကို အမြဲတမ်းနားလည် ပေးတယ် ငါနေပြန်ကောင်း လာရင် လိမ်လိမ်မာမာ နေမယ် ၊ ကြိုးစားမယ် ၊ မင်းနဲ့  အသက်ကြီး လာတဲ့ အထိ အတူတူ နေချင်တယ်လို့  သူပြောဖူးတယ် ။ အဲဒီညနေက ကျွန်တော် သူ့  ကို ပြန်ပြုံးပြ ခဲ့ရုံက လွဲပြီး ဘာမှပြန် မပြောခဲ့ဘူး ။
သူ့ ဘဝရဲ့  ဖြစ်စဉ်တွေ အတိုင်း သူကြိုတွေး ထားတာတွေ ဘာမှ ဖြစ်မလာဘူး ။ ဒီတစ်ခေါက် အိမ်ကို သူ အန္တရာယ် ကင်းကင်းနဲ့  ပြန်ရောက် လာပေမဲ့ သူ့ ရဲ့  ဆေးစစ်ချက် နဲ့  ဆရာဝန်ရဲ့  အနှေးနဲ့  အမြန်ပဲ ကွာမယ် ဆိုတဲ့ စကားအရ သူ့  အတွက် မနက်ဖြန်တွေ အများကြီး သူနဲ့ အတူ ပြန်ပါမလာခဲ့ဘူး ဆိုတာသိခဲ့ ရတယ် ။
စကားအစမရှိ အဆုံးမရှိနဲ့  မင်းမှာ ရည်းစားရှိလားလို့  သူ ကျွန်တော့်ကို မေးဖူးတယ် ။ ဘာဖြစ်လို့ လဲ လို့  ပြန်မေးတော့ ငါသေပြီးလို့  လူ ပြန် ဖြစ်မယ်ဆိုရင် မင်းရဲ့  သားသမီး အဖြစ်နဲ့  ငါပြန်လာ ချင်တယ် မင်းရဲ့  ရည်းစားကို ငါမြင်ဖူး ထားချင်တယ်တဲ့ ၊ မရှိဘူး ဆိုတော့ သူဘာမှ ဆက်မပြောတော့ဘူး ။ ကျွန်တော်လဲ သူ့  ကို ဘာမှ ထပ်မပြော ခဲ့ဘူး ။
ဒီမွေးနေ့ က ငါ့ရဲ့  နောက်ဆုံး မွေးနေ့ ပါ ၊ ငါ ဘုရားသွား ချင်တယ်ကွာ ဆိုလို့  သူနဲ့  ကျွန်တော် သူ့ မွေးနေ့  မှာ ရွှေတိဂုံ ဘုရားကို ရောက်ခဲ့တယ် ။ ဘုရားပေါ်က ပြန်ဆင်းခါနီးမှာ အမှတ်တရ ဓာတ်ပုံ ရိုက်ရအောင် ကွာတဲ့ ၊ နောက်တစ်ခါ ဆိုတာ ရှိမှာမဟုတ် တော့ဘူးတဲ့ ။ ကျွန်တော် ၂ခါ လောက်ငြင်း လိုက်တော့ သူထပ် မပြောတော့ဘူး ။ သူစိတ်မကောင်း ဖြစ်သွားတယ် ဆိုတာ ကျွန်တော်သိတယ် ဒါပေမဲ့ အဲဒီနေ့ က ဓါတ်ပုံ မရိုက်ဖြစ်ပဲ ပြန်ခဲ့ကြတယ် ။
ကျွန်တော်ဆေးရုံရောက် သွားတော့ သူ အိပ်ပျော်နေတယ် ။ ဆုံးသွားတာ ကြာပြီးဖြစ်တဲ့ သူ့ ရဲ့  သူငယ်ချင်းက လာခေါ်နေတယ် ဆိုပြီး မနက်က ပြောနေတယ်လို့  အမေ ပြောပြတယ် ။ သူနာပြု ဆရာမ တစ်ယောက်က အနားက ဖြတ်လျှောက် သွားရင်းနဲ့  သူ့ ရဲ့  အခြေအနေက မကောင်းဘူး မနက်ဖြန်ကို မကျော်ဘူးလို့  ပြောသွားတယ် ။
ကျွန်တော့်မှာ ရက်ပိုင်းအတွင်း ဖြေရမဲ့ စာမေးပွဲ ရှိနေတဲ့ အတွက် အိမ်ပြန် စာကြည့်ပြီး သူပြန်နိုးချိန် လောက်မှန်းပြီး ညနေမှ ပြန်လာဖို့  အဖေ ကျွန်တော့်ကို ပြောတယ် ။ ထပြန်ဖို့  လုပ်နေတုန်း သူလှုပ်လာလို့  ကျွန်တော် ရောက်နေ တယ်လို့  သူ့ နားကပ်ပြီး အမေပြော လိုက်တော့ သူ့ မျက်လုံး ချက်ချင်း ပွင့်လာတယ် ။ ကျွန်တော့်ကို ကြိုးစားပြီး သူ ပြုံးပြတယ် ။ နှုတ်ခမ်းလေး တွန့် ဖို့  အတွက်တောင် သူ အတော် ကြိုးစား နေရတယ် ။
သူ့ ဘေးမှာ ကျွန်တော် သွားရပ်တော့ အခြေအနေက မင်း မြင်တဲ့ အတိုင်းပဲကွာလို့  အားယူပြီး သူပြောတယ် ။ ပြောပြီးတော့ တော်တော်လေး မောသွားပုံရတယ် ။ ခဏနားပြီး မနက်က သူနာပြု ဆရာမက အခန်းထဲမှာ လူနာ အရေအတွက် လာရေတော့ သူ့ ကို ရေဖို့  ကျန်ခဲ့တယ် လို့  ပြုံးပြီး သူ ထပ်ပြောတယ် ။ သူ့  စကားသံက မသဲကွဲပဲ လေသံတွေ လုံးနေတယ် ။ အဖေက ကျွန်တော့် အနားကပ်လာပြီး သူ မနက်ထဲက ကယောင်ကတမ်းတွေ ပြောနေတယ်လို့  ကျွန်တော့်ကို ပြောတယ် ။ သူကြားသွား ပုံရတယ် ။ ဇဝေဇဝါ့ ဖြစ်သွားတဲ့ မျက်နှာနဲ့  ကျွန်တော့်ကို ကြည့်တယ် ။ သူတစ်ခုခု ပြောဖို့  ကြိုးစားတယ် ။ ဒါပေမဲ့ သူတော်တော် မောနေတယ် စကားပြောလို့  မရဖြစ် နေတယ် ။ အမေက သူ့ အနားကပ် သွားပြီး အရမ်းမော နေရင် စကားဆက် မပြောတော့ ဖို့ နဲ့  ဘုရားစာ ဆိုနေဖို့  သူ့  ကိုပြောတယ် ။ သူဘာမှ ထပ်မပြောတော့ပေမဲ့ ကျွန်တော် ဘာပြော မလဲလို့  စောင့်နေ တယ် ။ တော်တော်လေး ကြာတဲ့ထိ ကျွန်တော့် ဆီက ဘာစကားမှ ပြန်မရတော့ မျက်စိမှိတ်ပြီး သူ ပြန်မှိန်း နေလိုက်တယ် ။ ကျွန်တော်လဲ အိမ်ပြန်ခဲ့တယ် ။ အိမ်ရောက်ပြီး နာရီပိုင်း အတွင်းမှာ အဖေ ရောက်လာတယ် ။ သူ အခုပဲဆုံးသွား တယ်တဲ့ ။
ဆေးရုံမှာ ဗလုံးဗထွေးနဲ့  သူ ပြောတဲ့ စကားတွေ အပြင် ဇဝေဇဝါ ဖြစ်နေတဲ့ သူ့  အကြည့်ရဲ့  အဓိပ္ပာယ်ကိုလဲ ကျွန်တော် နားလည်ခဲ့တယ် ။ မင်းကငါ့ကို အမြဲတမ်း နားလည်ပေးတယ် အသက်ကြီးတဲ့အထိ မင်းနဲ့  အတူတူ နေချင်တယ် လို့  သူပြော ခဲ့တုန်းကလဲ ကျွန်တော် ဘာမှ ပြန်မပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ တော်တော် ပျော်ခဲ့တယ် ။ သံသရာမှာ သူ လူပြန်ဖြစ် ခဲ့မယ်ဆိုရင် သူ့  လိုပဲ ကျွန်တော်လဲ သူ နဲ့  ပြန်ဆုံချင်တယ် ။ သူ့ ရဲ့  နောက်ဆုံးမွေးနေ့  တုန်းက ဘုရားပေါ်မှာ ဓါတ်ပုံ မရိုက် ဖြစ်ခဲ့ပေမဲ့ အဲဒီနေ့ ကို ကျွန်တော် အသေးစိတ် မှတ်မိနေ သေးတယ် ။ အဲဒီအကြောင်းတွေ အားလုံးကို သူ သိချင်မှ သိသွားမယ် ။
သူ့ ကိုသတိ ရတဲ့အခါတိုင်း ငါ ကယောင်ကတမ်း တွေပြောနေတာ မဟုတ်ဘူးဆိုတာ သိရဲ့ လားလို့  ဇဝေဇဝါ ဖြစ်နေတဲ့ သူ့ ရဲ့  နောက်ဆုံး အကြည့်က ကျွန်တော့်ကို မျက်ရည် ဝဲစေတယ် ။ သေသောသူ ကြာရင်မေ့ ဆိုပေမဲ့ သူ့ ကိုတော့ ကျွန်တော်မေ့ မှာမဟုတ် ဘူးထင်တယ် ။ ငါသေရင် ငါ့ကို မမေ့လိုက် ပါနဲ့  ကွာလို့  သူ ကျွန်တော့်ကို ပြောခဲ့ဖူးတယ်…
If you love someone, you say it, right then, out loud. Otherwise, the moment just passes you by.
Julia Roberts
Do not save your loving speeches for your friends till they are dead; Do not write them on their tombstones, Speak them rather now instead.
Anna Cummins

Tuesday, 21 September 2010
မှားနေသော အမှန်များ
မော်လမြိုင်မြို့  က အထက်တန်းကျောင်း တစ်ခု မှာ ကျွန်တော် ၆ တန်း အထိ ပညာသင်ခဲ့တယ် ။ ကျွန်တော် ၄ တန်း နှစ်မှာ ကျတဲ့ အင်္ဂလိပ်စာ ဆရာမ က အရမ်း စည်းကမ်း ကြီးတယ် ။ စာသင်တဲ့ အခါ တာဝန် တစ်ခုကို လုပ်နေရသလို မဟုတ်ပဲ ကျောင်းသားတွေ အပေါ်မှာ တကယ် တတ် စေချင်တဲ့ စေတနာ နဲ့  သင်တယ် ။ ဆရာမက အတန်းထဲမှာ စာ ခဏခဏ မေးတတ် သလို အပြစ်ပေး တာလဲ ကြမ်းတယ် ။ စာမေးလို့  စာမရခဲ့ရင် ယောက်ျားလေးပဲ ဖြစ်ဖြစ် ၊ မိန်းကလေးပဲ ဖြစ်ဖြစ် အတန်းရှေ့  ကိုထွက်ရပ် ခိုင်းပြီး ခြေတလုံး ၊ လက်ဝါး ၊ တင်ပါး စတဲ့ နေရာတွေကို ကြိမ်လုံး နဲ့  ရိုက်ပြီး အပြစ်ပေး တတ်တယ် ။
အပြစ်ပေးတာ ကြမ်းပေမဲ့ ဆရာမက စာမမေးခင်တော့ ကျောင်းသားတွေကို စာကြည့်ဖို့  အချိန် လုံလုံ လောက်လောက် ပေးပါတယ် ။ ဘယ်နေ့ မှာ ဘယ်စာကို မေးမယ် ၊ မရတဲ့သူ ကို ဘယ်လို အပြစ်ပေးမယ်လို့  အမြဲတမ်း ကြိုပြောတတ်တယ် ။ တစ်ခါတစ်လေ မေးခွန်း ဘယ်နှစ်ခုမေးမယ် ဘယ်နှစ်ခုနဲ့  အထက် မှားတဲ့ သူကို အတန်းရှေ့ မှာ ဘောင်းဘီချွတ်ပြီး ရိုက်မယ် ဆိုတာမျိုးလဲ ပြောတတ်တယ် ။ ဆရာမက ပြောတဲ့အတိုင်းလဲ တကယ်လုပ်တတ် တာကြောင့် အဲဒီလိုများ ပြောထားတဲ့ နေ့ ဆို အဲဒီ ဆရာမ အချိန်လွန်တဲ့ အထိ ကျောင်းသားအားလုံး လိုလိုက အချိန်အားရတိုင်း ဆရာမ မေးမယ် ဆိုတဲ့စာကို အခါခါ ပြန်ကြည့် နေတတ်တယ် ။
တစ်နေ့ မှာ ဆရာမက အင်္ဂလိပ်စာ အမေးအဖြေ မေးခွန်း အချို့  ကို ဒါတွေက စာမေးပွဲ အတွက် အရေးကြီးတယ် စနေ ၊ တနင်္ဂနွေ ကျောင်းပိတ်ပြီးလို့  နောက်တစ်ပတ် ကျောင်းပြန် ဖွင့်ရင် မေးမယ် ။ သေချာကြည့်လာ ခဲ့ကြ ။ အမှတ် အနည်းဆုံး ရတဲ့သူကို ဘောင်းဘီချွတ်ပြီး ရိုက်ရုံတင် မဟုတ်ပဲ အတန်းတစ်ပတ်လဲ ပတ်ခိုင်းမယ်လို့  ပြောတယ် ။ ကျောင်းသားတွေကို စာမေးပွဲ အတွက် တစ်ကယ့် အရေးကြီးတဲ့ စာကို သေချာ ကျက်စေ ချင်လို့  ဖြစ်မှာပါ အဲဒီလို အပြစ်ပေး နည်းမျိုး အရင်က တစ်ခါမှ ဆရာမ မပေးဖူးပါဘူး ။ ဒါ ပထမ ဆုံး အကြိမ်ပါ ။ အမှတ် အနည်းဆုံး ကျောင်းသားက လုပ်ရမှာ ဆိုတော့ တစ်တန်းလုံး အားလုံး မှန်အောင် ဖြေနိုင်ရင်ဖြေ ၊ မဖြေနိုင်ရင်တော့ တစ်ခုမှား ဖြေမိတဲ့ သူလဲ အပြစ်ပေးခံ ရမဲ့သူ ဖြစ်နိုင်တယ် ။ ဆရာမက ပြောတဲ့ အတိုင်း တစ်ကယ် လုပ်မှာကို သိနေကြတော့ အတန်းရှေ့  မှာ ဘောင်းဘီ ချွတ်ပြီး အရိုက်ခံ ရမှာကိုတောင် အားလပ်ချိန်မှာ ကစားဖို့  မေ့အောင် ကြောက်တတ်ကြတဲ့ ကျောင်းသားတွေ အတွက် ဘယ်လိုနေမလဲ ဆိုတာတွေး ကြည့်ပေါ့ ။
ကျွန်တော့်အတန်းထဲမှာ ဆရာမ အပြစ်ပေးတိုင်း အမြဲတမ်း လိုလို အပြစ်ပေးခံရတဲ့ ကျောင်းသား တစ်ယောက်ရှိတယ် ။ ဆရာမက စာကြည့်ဖို့  အချိန် ဘယ်နှစ်ရက်ပဲ ပေးပေး စာကြည့် ဖို့  သူမေ့လာ တတ်တယ် ။ သူ့ ရဲ့  အဖြေစာရွက်မှာ အမြဲတမ်းလိုလို ကွက်လပ်တွေ နဲ့  အဖြေမှားတွေ ပဲပါနေ တတ်တယ် ။ ဆရာမက အပြစ်ပေးဖို့  နာမည်ခေါ်လိုက် တိုင်း သူ့ နာမည်က မပါ မဖြစ်လို ဖြစ်နေတယ် ။ သူ အတန်းရှေ့  မှာရပ်ပြီး ဘောင်းဘီချွတ် အရိုက်ခံရတဲ့ အဖြစ်မျိုးကလဲ အတန်းထဲက ကျောင်းသားတိုင်း အတွက် ရိုးနေပြီး ။ ဆရာမက စာမေးမယ်လို့  ကြိုပြောထားတိုင်း အဲဒီအချိန် ရောက်ရင် သူ အပြစ်ပေး ခံရ တော့မယ်ဆိုတာ ကျောင်းသားအားလုံး အလွတ်ရ နေတဲ့ ပုံသေနည်း တစ်ခုလိုပဲ သိပ်မထူး ဆန်းတော့ဘူး ။
သူ့ ကို အတန်းထဲမှာ စာအညံ့ဆုံး ကျောင်းသား အဖြစ် အားလုံးက သတ်မှတ်ထား ကြပေမဲ့ ၊ သူဟာ ခပ်ဆိုးဆိုး ၊ ဂျစ်ကန်ကန် ကျောင်းသား တစ်ယောက် မဟုတ်ဘူး ။ စာသင်နေတဲ့ ဆရာမ တွေကိုရော ၊ အခြား ကျောင်းသား တွေကိုရော ဘယ်တော့မှ အနှောက်အယှက် မပေးတတ်ဘူး ။ သူအပြစ် ပေးခံရရင်လဲ အတန်းရှေ့  ကို ထွက်ရပ်တယ် ၊ အပြစ်ပေးခံ ရပြီးရင် ခေါင်းငုံ့ ပြီး သူ့  နေရာ သူ အေးဆေး ပြန်လာ ထိုင်တယ် ။ သူ အပြစ်ပေးခံ ရတာကို ကြည့်ပြီး ရယ်နေကြတဲ့ ကျောင်းသား တွေကိုလဲ ဘယ်တုန်းကမှ ဘာမှ သူ ပြန်မပြော တတ်ဘူး ။ စာသင်ခန်း ထဲမှာရော ၊ စာသင်ခန်း အပြင်မှာပါ သူ့  ဘာသာသူ အေးအေးပဲ နေတတ်တယ် ။
ဆရာမက သူ့ ကို လှည့်ကြည့်ပြီး ဒီ အမေး အဖြေ မေးခွန်း တွေက စာမေးပွဲ အတွက် တစ်ကယ် အရေးကြီးတယ် ။ ဒီတစ်ခါတော့ သေချာ စာကြည့်လာခဲ့ ၊ ဆရာမ ဘယ်သူ့ ကိုမှ ဘောင်းဘီချွတ်ပြီး အတန်းတစ်ပတ် မပတ်ခိုင်း ချင်ဘူး ။ စာမကြည့် လာရင်တော့ တစ်ကယ် လုပ်ရလိမ့်မယ်လို့  ပြောတော့ သူ့  မျက်နှာ ဘာမှ ပြောင်းလဲ မသွားဘူး ။ ဆရာမ ပြောတာကို ကြောက်သွားတဲ့ အမူအရာ မရှိ သလို ၊ လေးလေးနက်နက် ဖြစ်သွားတဲ့ အမူအရာလဲ မရှိဘူး ။ ပုံမှန် အတိုင်းပဲ “ဟုတ်ကဲ့” လို့  ဆရာမကို အသံ အေးအေးလေးနဲ့  ခပ်တိုတိုပဲ သူပြန်ဖြေတယ် ။
ကျွန်တော်တို့  စာသင်ခန်းရဲ့  ပုံစံက စားပွဲပုလေး တွေကို နံရံနဲ့  ကပ်မထားပဲ အတန်းအလယ်မှာ လူသွားလမ်း ချန်ပြီး စီထားတာပါ ။ အတန်းရဲ့  ထောင့်တစ်ခုမှာ အတန်းထဲက လူအရေအတွက်နဲ့  အကွက်လေးတွေ ဆွဲထားတဲ့ ဖိနပ်ချွတ်ဖို့  နေရာရှိပါတယ် ။ အတန်းထဲ ဝင်တာနဲ့  အတန်းရဲ့  ထောင့်မှာ ဖိနပ်တွေကို ချွတ်ထားခဲ့ ရပြီး ကျောင်းသားတွေ က ကြမ်းပေါ်မှာထိုင် ရတာပါ ။ အတန်းဘေး ပတ်ပတ်လည်မှာ လူသွားလမ်း နေရာရှိ ပါတယ် ။
အဲဒီ စနေ ၊ တနင်္ဂနွေ နှစ်ရက်လုံး ကျွန်တော်အဆော့လွန်ပြီး စာမကျက်ဖြစ်ဘူး ။ ဒီအမေးအဖြေ လေးတွေကို အလွတ်ကျက် လိုက်ရင် ခဏလေးနဲ့  ရပါတယ် ဆိုပြီး တွေးခဲ့ တာလဲပါတယ် ။ ကျောင်းသွား ရမဲ့ မနက်ရောက်မှ ဆရာမ မေးမယ်ဆိုတဲ့ စာကို ကြည့်ဖြစ်တယ် ။ ကျွန်တော်ထင်ထားသလိုအလွယ်လေးနဲ့  အလွတ်ကျက် လို့ ရတဲ့ မေးခွန်း မျိုးတွေ မဟုတ်ပဲ grammar တွေ နားလည်မှ ဖြေနိုင်မှာ ဖြစ်သလို ၊ V1, V2, V3 တွေကို အလွတ်ရဖို့  လဲ လိုအပ် နေတယ် ။ မေးခွန်း အားလုံး နားလည် အောင် နဲ့  Verb အမျိုးအစား အားလုံးကို အလွတ်ရအောင် ကျက်ဖို့  အချိန်ကလဲ မရှိတော့ဘူး ။ ဒီနေ့  ဆရာမ စာမေးရင်တော့ မေးခွန်း အားလုံးကို မှန်အောင် ဖြေနိုင်မှာ မဟုတ်ဘူး ဆိုတာ သိပေမဲ့ ၊ အမြဲတမ်း စာကျက်မလာ တတ်တဲ့သူ ဒီတစ်ခါလဲ စာကျက် လာမှာမဟုတ် ပါဘူးလေ ၊ သူက ငါ့ထက်တော့ ဆိုးမှာပါ ဆိုတဲ့ စိတ်နဲ့  ကျောင်းကို လာခဲ့တယ် ။
ကျောင်းရောက်တော့ သူ့ ကိုတွေ့ တာနဲ့  ဘယ်လိုလဲ ဒီနေ့  မေးမဲ့ စာတွေ ကြည့်ဖြစ် ခဲ့လား ဆိုတော့ ကြည့် ခဲ့တယ်လို့  ပြုံးပြီး သူပြန်ဖြေတယ် ။ ခါတိုင်း သူပြန်ဖြေ နေကြ အတိုင်း ကြည့်ဖို့  မေ့ခဲ့တယ်တို့  ၊ သေချာ မကြည့်ဖြစ် ခဲ့ဘူးတို့  လိုမျိုး အဖြေတွေကို ကျွန်တော် မျှော်လင့် ခဲ့တာ ၊ ခုတော့ ကျွန်တော့်ခေါင်း မိုးကြိုးပစ် ခံရပြီး ။ ငါ့လို အဆော့မက်ပြီး စာ သေချာ မကြည့်ခဲ့တဲ့ သူများ ရှိမလားလို့  လိုက်မေးကြည့် တော့လဲ ကျွန်တော် လိုချင်တဲ့ အဖြေ မရခဲ့ဘူး ။ အဲဒီနေ့ မှာ အချိန်အားရတိုင်း ကျောင်းသား အားလုံးက ကျက်မှတ်ခဲ့ ပြီးသား စာကို ပြန်နွှေးနေ ကြတဲ့ အချိန်မှာ ကျွန်တော် ကတော့ နားမလည်သေးတဲ့ စာတွေကို ချွေးတပျံပျံ နဲ့  နားလည်အောင် ကြိုးစားရင်း ဆရာမ ဒီနေ့  ကျောင်းမလာ ပါစေနဲ့  လို့  စိတ်ထဲက အကြိမ်ကြိမ် ဆုတောင်းနေမိတယ် ။ အဲဒီနေ့  က ကျွန်တော် ဆုတောင်း မပြည့်ခဲ့ သလို အဲဒီ ဆရာမ အချိန်ရောက်တဲ့ အထိ မေးခွန်းအားလုံး မှန်အောင် ဖြေနိုင်တဲ့ အထိ စာတွေကို ကျွန်တော် မကြည့်နိုင် ခဲ့ဘူး ။ ဒီနေ့  တော့ ကျွန်တော် ကံဆိုးပြီး ။
ကျောက်သင်ပုန်းပေါ်က မေးခွန်း တွေကို ဖြေနေရင်းနဲ့  သူ့ ကို ကျွန်တော် လှမ်းကြည့်ဖြစ်တယ် ။ ဒီနေ့ မှာ မေးမဲ့ စာကို သူသေချာ ကျက်ခဲ့ပုံ ရတယ် ။ ခါတိုင်းဆို သူများတွေ ဖြေနေချိန်မှာ ဒီအတိုင်း သူထိုင်နေတတ် ပေမဲ့ ဒီတစ်ခါတော့ မေးခွန်းတွေကို ဂရုစိုက်ပြီး သေချာ သူဖြေနေတယ် ။ ဖြေထားတဲ့ စာရွက်ကို ဆရာမဆီ သွားမပေးခင် အချိန်ထိ အကြိမ်ကြိမ် သူပြန် စစ်နေတာကို ကျွန်တော် တွေ့ တယ် ။ စာရွက် ပေးပြီး ပြန်လှည့်လာတဲ့ သူ့ ကိုဖြေနိုင်လားလို့  ကျွန်တော်မေးတော့ သူခေါင်းညိတ် ပြတယ် ။ သူ့  မျက်နှာမှာလဲ ယုံကြည်မှု အပြည့်နဲ့  ။
အရင် အခါတွေ တုန်းက ဆရာမ အပြစ်ပေးတာကို ခံရတဲ့ သူတွေထဲမှာ ကျွန်တော် ပါခဲ ပါတယ် ။ အဖြေ တစ်ခုမှား နှစ်ခုမှား တွေ အတွက် အရိုက်ခံခဲ့ ရဖူးပေမဲ့ ၊ ဘောင်းဘီ ချွတ်ပြီး အရိုက်ခံ ရတဲ့အထိ အခြေအနေ တခါမှ မဆိုး ခဲ့ဖူးဘူး ။ ခုတော့ ဘောင်းဘီ ချွတ်ပြီး အတန်း တစ်ပတ်ပါ ပတ်ရမယ် ဆိုတော့ ကျွန်တော် ငိုချင်နေပြီး ။ ဆရာမက တစ်ယောက်ချင်း နာမည်ကို ခေါ်ပြီး အဖြေလွှာတွေ ပြန်ပေးချိန်မှာတော့ ဘယ်နှစ်ခု မှားလဲ ၊ အမှတ်ဘယ် လောက်ရလဲ ဆိုတဲ့ ကျောင်းသား တစ်ယောက်နဲ့  တစ်ယောက် အပြန်အလှန် မေးတဲ့ အသံတွေနဲ့  တစ်ခန်းလုံး ရုပ်ရုပ်သဲသဲ ဖြစ်နေတယ် ။ ကျွန်တော့် အဖြေလွှာ ရတော့ ကျွန်တော် ၆ ခု မှားတယ် ။ ကျွန်တော့်ထက် ပိုမှားတဲ့ သူများရှိမလားလို့  အဖြေလွှာ ရပြီးသား သူတွေထဲမှာ လိုက်ရှာပေမဲ့ တစ်ခုမှား ၊ နှစ်ခုမှား ထက်ပို မရှိဘူး ။ ကိုယ်က အမှား အများဆုံး ဖြစ်နေတော့ ကိုယ့် အဖြေလွှာ ကို သူများကိုလဲ မပြရဲဘူး ။ အတန်းထဲမှာ ဟိုဖက်ထိပ်က လူနဲ့  စကားသွား ပြောလိုက် ၊ ဒီဖက်က လူနဲ့  စကားလာပြော လိုက်နဲ့  သူများမေး မခံ ရအောင် ပတ်ပြေးရင်း ကိုယ့်ထက် ပိုမှားတဲ့ သူကို ရှာနေ မိတယ် ။
ကိုယ့်ရဲ့  ရမှတ် သူများမေး မခံရအောင် ပတ်ရှောင် နေရင်းနဲ့  သူ့ ကို ကျွန်တော် လှမ်းကြည့် ဖြစ်တယ် ။ သူ့  အဖြေလွှာ ကို သူပြန် မရသေးဘူး ။ အရင်တုန်း ကဆို သူများတွေ အမှတ် ဘယ်လောက် ရသလဲ ဆိုတာ သူ စိတ်မဝင်စား သလို ၊ သူ ရဲ့  အဖြေလွှာ ကိုလဲ စိတ်ဝင်တစား သူ စောင့်မနေ တတ်ဘူး ။ ဒီနေ့  တော့ အခြားသူတွေ ရဲ့  ရမှတ်တွေကို သူစိတ်ဝင်စား ပုံမရ ပေမဲ့ သူ့ ရဲ့  အဖြေလွှာ ပေါ်က ရမှတ်ကိုတော့ သူတော်တော် သိချင်နေပုံ ရတယ် ။ ဆရာမ ဆီကနေ အကြည့်မလွှဲပဲ သူ့  နာမည် ခေါ်မဲ့ အလှည့်ကို သူ စိတ်ဝင်တစားနဲ့  ထိုင်စောင့်နေတယ် ။
ဆရာမလက်ထဲမှာ သူ့ အဖြေလွှာ တစ်ခုပဲကျန် တော့တယ် ။ ခုချိန်ထိ အတန်းထဲမှာ အမှား အများဆုံးဟာ ကျွန်တော် ဆိုတာ ကျွန်တော် တစ်ယောက်ထဲ သိသေးတယ် ။ သူ့ နာမည် လှမ်းခေါ်တော့ ဆရာမ ဆီ မပြေးယုံ တမယ် သူရောက်သွားတယ် ။ ကျောင်းသားအားလုံး ကိုယ့်အဖြေလွှာ ကိုယ်ပြန်ရပြီးသား ဆိုတော့ အကြည့် အားလုံး က သူနဲ့  ဆရာမဆီ ရောက်နေတယ် ။ သူ့ အဖြေလွှာ လှမ်းပေးရင်းနဲ့  ဆရာမက သူ့  ကိုပြောတယ် မင်းဖြေ ထားတာ အားလုံးမှားတယ်တဲ့ ။ အတန်းထဲက ကျောင်းသားတွေ သူ့ ကို ဝိုင်းရယ် ကြတယ် ။ အမှား ဖြေထားမိတဲ့ သူတွေ သက်ပြင်း ချကြတယ် ။ သူကတော့ ခေါင်းငုံ့ ပြီး သူ့ နေရာကို ပြန်လျှောက် လာရင်းနဲ့  ဆရာမ ပြောတာကို မယုံသလို သူ့ အဖြေလွှာကို တစ်ရွက်ချင်း တအံ့တသြ ပြန်လှန် ကြည့်နေတယ် ။
ဆရာမပေးမဲ့ အပြစ်က လွတ်သွားတဲ့ အတွက် ကျွန်တော် တော်တော် ပျော်သွားတယ် ။ တစ်ချိန်လုံး ငိုမဲ့မဲ့ ဖြစ်နေမဲ့ ကျွန်တော့် မျက်နှာလဲ ခုမှပဲ ပြန်ပြုံး နိုင်တယ် ။ ဒါပေမဲ့ သူ့ ရဲ့  ရမှတ်ကို သူ့ လိုပဲ ကျွန်တော်လဲ အံ့သြတယ် ။ အားလုံး မှားတယ် ? တစ်ကယ်ပဲလား ? ဘယ်လို ဖြစ်တာလဲ ? မနက်က ကျွန်တော် မေးတော့ သူစာ ကြည့်ခဲ့တယ် လို့ ပြောတယ် ။ သူ ပြောတာကို ကျွန်တော်ယုံတယ် ။ သူလိမ်ပြောစရာ အကြောင်းလဲမရှိ ဘူးလေ ။ မေးခွန်းတွေကို သူ သေချာ ဂရုစိုက်ပြီး ဖြေနေတာကိုလဲ ကျွန်တော် တွေ့ တယ် ။ ဖြေနိုင်လားလို့  ကျွန်တော်မေး တုန်းကလဲ ယုံကြည်မှု အပြည့်နဲ့  သူ ခေါင်းညိတ် ပြခဲ့တယ် ။ သူတစ်ကယ်ပဲ တစ်ခုမှ မှန်အောင် မဖြေနိုင်ခဲ့ ဘူးလား ? သူ့ အနားကို သွားပြီး သူ့  အဖြေလွှာကို ကျွန်တော် တောင်းကြည့် မိတယ် ။ ကျွန်တော် ဘာပြော ရမှန်း မသိ ဖြစ်သွား ခဲ့ရတယ် ။ သူ့ ရဲ့  အဖြေလွှာမှာ စာလုံးပေါင်း တွေရော ၊ grammar တွေရော သူဖြေထားတဲ့ အဖြေတွေရော အားလုံးကမှန် နေတယ် ။ ဒါပေမဲ့ သူ ရမှတ် သုံညပဲ ရခဲ့တယ် ။
အဲဒီနေ့  က မေးခွန်းတိုင်းမှာ ပါတဲ့ နာမည်တွေကို ဆရာမက Maung Maung ၊ Ko Ko စတဲ့ ၂လုံး ဆင့် နာမည်တွေ နဲ့  သုံးခဲ့တယ် ။ သူပြန် ဖြေတော့ အဖြေတွေမှာ နာမည်တွေကို Maung2 ၊ Ko2 ဆိုပြီး ပြန်ရေးခဲ့တယ် ။ သူ့  အဖြေတွေ အားလုံးမှန် နေပေမဲ့ ဆရာမက သူ့  အဖြေနေရာက နာမည် အားလုံးကို မှင်နီနဲ့  ဝိုင်းပြီး သူ့ ရဲ့  အဖြေ အားလုံးကို အမှားပေးခဲ့တယ် ။ အဲဒီနေ့  က အတန်းထဲမှာ အဖြေအားလုံး မှန်အောင် ဖြေနိုင်တဲ့ သူ နည်းနည်း လေးထဲမှာ အံ့သြ စရာ ကောင်းလောက်အောင် စာအညံ့ဆုံး ဆိုတဲ့သူ ပါခဲ့ ပေမဲ့  သူ ရမှတ် သုံည ပဲရခဲ့တယ် ။ အဲဒီနေ့ က စာလုံးပေါင်း တွေရော ၊ grammar တွေရော အများဆုံး မှားဖြေခဲ့ တဲ့ သူဟာ ကျွန်တော် ဖြစ်ပေမဲ့ အပြစ်ပေး ခံရတဲ့ သူဟာ သူဖြစ် ခဲ့တယ် ။
ခါတိုင်းအပြစ်ပေးခံရရင် အတန်းရှေ့ ကို ထွက်ရပ် ၊ ပေးတဲ့ အပြစ်ကို ခံပြီး ဘာမှ မထူးသလို သူ့  နေရာ သူပြန်လာထိုင် တတ်ပေမဲ့ ဒီနေ့  အပြစ်ပေးခံ ရချိန်မှာတော့ သူမျက်ရည် ဝဲနေခဲ့တယ် ။ ဆရာမ ကလဲ စိတ်မကောင်းဖြစ် သွားပုံရတယ် ။ အတန်းကို တစ်ပတ် ပတ်ပြီး သူ့ နေရာသူ ပြန်လာထိုင်တော့ ဆရာမ သူ့  အနားကို လျှောက်လာပြီး အင်္ဂလိပ်စာမှာ နာမည်တွေကို စာလုံးတူ နေရင်လဲ နှစ်လုံးကို ပေါင်းပြီး ရေးလို့  မရ ကြောင်း ၊ နောက်တစ်ခါ သတိထားပြီး ရေးဖို့  ရှင်းပြခဲ့တယ် ။ သူ ဆရာမကို မော့ မကြည့် ခဲ့ဘူး ။ ဘာမှလဲ ပြန်မဖြေ ခဲ့ဘူး ။ သူ့ ရှေ့  က စာပွဲကိုသာ ခေါင်းငုံ့ ပြီး စိုက်ကြည့် နေတယ် ။ ကျွန်တော် မမြင်ရပေမဲ့ သူ့ မျက်လုံးမှာ မျက်ရည်တွေ ဝဲနေဦးမယ် ဆိုတာ သေချာတယ် ။
အဲဒီနေ့ က တစ်ကယ် စာမကျက်ခဲ့ တဲ့ ကျွန်တော်ကသာ အပြစ်ပေးခံ ရမဲ့သူ ဖြစ်သင့်ပေမဲ့ သူ ကံဆိုး ခဲ့တယ် ။ ကျွန်တော် သူ့ အတွက် တစ်ကယ် စိတ်မကောင်း ဖြစ်ခဲ့ပါတယ် ။ ကိုယ်တိုင်လဲ ကိုယ်သာ အပြစ်ပေးခံ ထိသင့်တဲ့သူ ဆိုတာကို သူ အပါအဝင် ဘယ်သူ့  ကိုမှ မပြောပဲ လျှို့ ဝှက်ထား ခဲ့တဲ့အတွက် ကလိမ်ကကျစ် ကျခဲ့သူ တစ်ယောက်လို လိပ်ပြာ မလုံဖြစ်ခဲ့ ရတယ် ။
ခါတိုင်းနဲ့  မတူ ဒီနေ့ မှာမှ သူဘာလို့  ကြိုးစားပြီး စာတွေ ကြည့်ခဲ့တာလဲ ? ဒီတစ်ခါ ဆရာမ ပေးမယ်ဆိုတဲ့ အရင် အခါတွေထက် ပိုပြင်းတဲ့ အပြစ်ဒဏ်ကို ခံရမှာ သူ တစ်ကယ် ကြောက်လို့  ကြိုးစားခဲ့ တာလား ? အတန်းထဲမှာ စာ အညံ့ဆုံး ကျောင်းသားလို့  သတ်မှတ်ခံ ထားရတာကို ပြောင်းပစ်ချင်လို့  သူကြိုးစားခဲ့ တာလား ? သူ့ ရဲ့  အရည်အချင်း အမှန်ကို တစ်စုံ တစ်ယောက် ဒါမှမဟုတ် အတန်းသား အားလုံးကို ပြချင်လို့  သူကြိုးစားခဲ့ တာလား ? စိတ်အသစ် ၊ အတွေးအခေါ် အသစ် တွေနဲ့  အနာဂတ် အသစ်စဖို့  ခြေလှမ်းအသစ် အနေနဲ့  သူကြိုးစားခဲ့ တာလား ? ကျွန်တော် သေချာမသိဘူး ။ ကျွန်တော် သေချာ သိတာကတော့ အဲဒီနေ့  အတွက် သူကြိုးစား ခဲ့သမျှ အားလုံး အလကား ဖြစ်ခဲ့ ရတယ် ။
သူ့ ရဲ့  ပေါ့ဆမှုကြောင့် သူ သုံည မှတ်ပဲ ရခဲ့ ပေမဲ့ အဲဒီနေ့ မှာ သူဟာ ခပ်ညံ့ညံ့ ကျောင်းသား တစ်ယောက် မဟုတ်ဘူး ဆိုတာ သက်သေပြ ခဲ့တယ် ။ စိတ်မကောင်း စရာ ကောင်းတာက အဲဒီနေ့  နောက်ပိုင်းမှာ အရင်လိုပဲ သူပြန်ဖြစ် သွားတယ် ။ စာမေးမယ် ဆိုတဲ့ အခါတိုင်း စာ ကြည့်ဖို့  အမြဲတမ်း သူ မေ့လာ တတ်တယ် ။ အဖြေလွှာတွေ ပြန်ဝေ နေချိန်တိုင်း ဘာစိတ်လှုပ်ရှားမှုမှ မပြပဲ သူနေရာမှာ သူခေါင်းငုံ့  ထိုင်ပြီး ဆရာမ ပေမဲ့ အပြစ်ကို ခံဖို့  စောင့်နေ တတ်တယ် ။
ဆယ်စုနှစ်တွေ ကြာခဲ့ပြီး ဖြစ်ပေမဲ့ သူ့  အကြောင်းကို ပြန်စဉ်းစားတိုင်း အဲဒီနေ့  က အဖြစ်အပျက်မှာ တစ်ခုခုလိုအပ် နေသလို ကျွန်တော် ခံစားရတယ် ။ တစ်ယောက်ယောက်မှာ အပြစ်ရှိ နေသလို ခံစားရတယ် ။ ဘယ်နေရာမှာ ဘာတွေလိုအပ် ခဲ့တာလဲ ? ဘယ်သူတွေ ဘယ်နေရာမှာ မှားခဲ့ကြတာလဲ ?
အဲဒီနေ့ က ဆရာမ မှားခဲ့ သလား ? ကျောင်းသားတွေကို စာကြည့်ဖို့  အချိန်လုံလုံ လောက်လောက် ဆရာမ ပေးခဲ့တယ် ။ ပေးမဲ့ အပြစ်ဒဏ် ကိုလဲ ကြိုပြောခဲ့တယ် ။ ပြောထား တဲ့အတိုင်း အမှတ် အနည်းဆုံး ရတဲ့ သူကို အပြစ်ပေးခဲ့တယ် ။ ဆရာမ လုပ်ခဲ့တဲ့ ထဲမှာ မှားတယ်လို့  ပြောလို့ ရတာ တစ်ခုမှ မပါဘူး ။
ကျွန်တော်ရော မှားခဲ့ သလား ? ကျွန်တော် ဘယ်နှစ်မှတ် ရလဲဆိုတာ အခြား ကျောင်းသားတွေကို မပြောပြခဲ့ ပေမဲ့ ဘယ်ကျောင်းသားက ဘယ်မေးခွန်းကို ဘယ်လို ဖြေခဲ့တယ် ၊ ဘယ်သူက ဘယ်မေးခွန်းမှာ ဘယ်လိုမှားတယ် ဆိုတာ ဆရာမ သိနေတာပဲ ။ ဆရာမ ကိုယ်တိုင် အပြစ်ပေး သင့်တဲ့ သူကို ရွေးပြီး အပြစ်ပေးခဲ့တာလေ ။ ကျွန်တော် လုပ်ခဲ့ တဲ့ထဲမှာ မှားတယ် လို့  ပြောလို့ ရတာ ဘာမှ မရှိဘူး ။
အဲဒီနေ့ က သူ တစ်ကယ် ကြိုးစားပြီး စာကြည့်ခဲ့တယ် ဆိုပေမဲ့ သူအပြစ်ပေး ခံခဲ့ရတာ သူ့ ရဲ့  ပေါ့ဆစွာ ဖြေဆိုခဲ့မှု ကြောင့်သာ ဖြစ်တယ် ။ သူ့  အပြစ်နဲ့  သူခံရတာပဲ ။ ဘယ်နေရာမှာမှ ဘာမှ မမှားခဲ့ဘူး ။ ဘယ်သူကမှ မှားတယ်လို့  ပြောလို့  ရတဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့ဘူး ။ ဒါပေမဲ့ ဆယ်စုနှစ်တွေ ကြာအောင် တစ်ခုခု မှားနေခဲ့ တယ်လို့  ကျွန်တော် ဘာလို့  စွဲလမ်း နေရတာလဲ...
သူ အပြစ်ပေး ခံခဲ့ရပေမဲ့ ခါတိုင်းနေ့  တွေနဲ့  မတူတဲ့ သူ့ ရဲ့  ကြိုးစား အားထုတ် ခဲ့မှုကို အဲဒီနေ့ က ဆရာမ (သို့ မဟုတ်) တစ်ယောက်ယောက် ကသာ အသိအမှတ်ပြု ချီးမွမ်း ခဲ့ရင်...
ဒါမှမဟုတ်...
အဲဒီနေ့  မှာ တကယ်တော့ အညံ့ဆုံး ကျောင်းသားဟာ ကျွန်တော်သာ ဖြစ်ပြီး သူကတော့ ကံဆိုးခဲ့ သူသာ ဖြစ်တယ်လို့  ကျွန်တော် သူ့ ကို ရှင်းပြပြီး အားပေး ဖြစ်ခဲ့ရင်...
သူ အရင်လို ပြန်မဖြစ်ပဲ တစ်ခုခု ပြောင်းလဲခဲ့မှာလား... ကျွန်တော်ကရော ဘယ်သူမှ မှားတယ်လို့  ပြောလို့  ရတဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့ ကြတဲ့ အဲဒီနေ့  က အဖြစ်အပျက်မှာ ၊ အပြစ်ရှိ သူတစ်ယောက်လို ဒီနေ့ ထိ ခံစားမိ နေဦး မှာလား...

Sunday, 29 August 2010
V sign
ဓါတ်ပုံအရိုက်ခံတဲ့အခါတွေမှာ လက်ညှိုးနဲ့  လက်ခလယ် နှစ်ချောင်း ထောင်ပြီး V sign ပုံလေးနဲ့  အိုက်တင် ထုတ်ဖူးကြလား ? Asia ကလူတွေ အလုပ်များကြတယ် ။ အထူးသဖြစ် ဂျပန်ကလူတွေ ဓါတ်ပုံ အရိုက်ခံရင် V sign လုပ်ပြတာ ပုံသေနည်း တစ်ခုလို ဖြစ်နေပြီး ။ V sign ကို အဓိပ္ပာယ် တမျိုးထဲအတွက် မကအသုံး ပြုတတ်ကြပြီး လက်ဖဝါးကို အပြင်ဖက် ထားတာနဲ့  အတွင်းဖက် ထားတာ ကလဲ အဓိပ္ပာယ် ကွဲလွဲတယ် ။
လက်ဖဝါးကိုအပြင်ဖက်မှာ ထားပြီးပြတဲ့ V sign ရဲ့  အဓိပ္ပာယ်က victory နဲ့  peace ဖြစ်ပြီး ၊ လက်ဖဝါးကို အတွင်းဖက်မှာ ထားပြီးပြတဲ့ V sign ရဲ့  အဓိပ္ပာယ်က “ Up yours” ပါ ။ “Up yours” ဆိုတာ တစ်ယောက်ယောက်က ကိုယ့်ကို F word နဲ့  ဆဲရင် ပြန်ချေပတဲ့ စကားပါ ။ အဓိပ္ပာယ်က F word စကားနဲ့  အတူတူပါပဲ ။ဒါကြောင့် လက်ဖဝါး အတွင်းဖက်မှာ ထားပြီးပြတဲ့ V sign ဟာ the middle finger sign လို့  သိကြတဲ့ လက်ခလယ် ထောင်ပြတဲ့ sign နဲ့  အတူတူပါပဲ ။ ရိုင်းတဲ့ sign တစ်ခုပါ ။ လူတော်တော် များများက အဲဒီလို အဓိပ္ပာယ် ကွဲတာကို သတိမထားမိကြပဲ မှားယွင်းပြီး အသုံးပြုနေ ကြတာကို တွေ့  နေရတယ် ။
V sign ကို victory ၊ freedom ၊ peace စတဲ့ အဓိပ္ပာယ်တွေ အတွက် အသုံးပြုတဲ့ အခါမှာ လက်ဖဝါးကို အပြင်ဖက်မှာ ထားပြီးပြ ကြတယ် ။ လက်ဖဝါး အပြင်ဖက်မှာ ထားတဲ့ V sign ကို ဒုတိယ ကမ္ဘာစစ် ကာလက စပြီး အသုံးပြုခဲ့ကြတာ ဖြစ်တယ် ။ ဒုတိယ ကမ္ဘာစစ် ကာလမှာ မဟာမိတ် နိုင်ငံတော်တော် များများရဲ့  ခေါင်းဆောင်တွေဟာ မိန့်  ခွန်းပြောတဲ့ အခါတွေ ၊ သတင်းဌာန နဲ့  interview လုပ်တဲ့ အခါတွေမှာ V for victory ဆိုတဲ့ အဓိပ္ပာယ် နဲ့  လက်နှစ်ချောင်းကို V ပုံစံ လုပ်ပြီး V sign လုပ်ပြတတ် ကြတယ် ။
Winston Churchill ဟာ အစောပိုင်းမှာ V sign ကို လက်ဖဝါး အတွင်းဖက်ထားပြီး အသုံးပြု ခဲ့တယ် ။ တစ်ခါတစ်လေ ဆေးပြင်းလိပ်ကို လက်ကြားညှပ်ပြီး တော့လဲ လုပ်ပြတတ်တယ် ။ နောက်ပိုင်းမှာ လက်ဖဝါးကို အတွင်းဖက် ထားတဲ့ sign ဟာ အခြား အဓိပ္ပာယ်ကိုလဲ သက်ရောက်စေတဲ့ အတွက် လက်ဖဝါးကို အပြင်ဖက်ထားပြီး ပြောင်းသုံးခဲ့တယ် ။
Vietnam စစ်ပွဲ ကာလကစပြီး စစ်ပွဲ တွေကို မလိုလားတဲ့ သူတွေ ၊ ငြိမ်းချမ်းရေး အတွက် ဆန္ဒပြ လှုပ်ရှားသူတွေဟာ စစ်ပွဲတွေကို ဆန့် ကျင်တဲ့အနေနဲ့  အရင်က victory ဆိုတဲ့ အဓိပ္ပာယ် အတွက် သုံးခဲ့ကြတဲ့ လက်ဖဝါး အပြင်ဖက်မှာ ထားတဲ့ V sign ကိုပဲ peace/freedom စတဲ့ အဓိပ္ပာယ်တွေ အနေနဲ့  သုံးခဲ့ကြတယ် ။
အမေရိကန် နိုင်ငံ နဲ့  ကနေဒါ နိုင်ငံ တွေမှာ V sign လုပ်ပြတဲ့ အခါ လက်ဖဝါးကို အပြင်ဖက် မှာပဲ ထားထား ၊ အတွင်းဖက် မှာပဲ ထားထား victory သို့ မဟုတ် peace လို့ ပဲ အဓိပ္ပာယ် ရပေမဲ့ ၊ UK, Ireland, Australian, New Zealand, South African စတဲ့ နိုင်ငံတွေမှာတော့ လက်ဖဝါးကို အတွင်းဖက်ထားပြီး ပြတဲ့ V sign ဟာ ရိုင်းတဲ့ sign တစ်ခုဖြစ်တယ် ။
လက်ဖဝါးကို အတွင်းဖက်မှာထားတဲ့ V sign ဟာ ၁၄၁၅ ခုနှစ် အင်္ဂလန်နိုင်ငံ နဲ့  ပြင်သစ်နိုင်ငံ ကြား နာမည်ကျော် တိုက်ပွဲတစ်ခု ဖြစ်တဲ့ Battle of Agincourt က စခဲ့တာ ဖြစ်တယ် ။ အဲဒီ တိုက်ပွဲကာလမှာ ပြင်သစ်တွေဟာ ဒီတိုက်ပွဲကို နိုင်ပြီးခဲ့လျှင် အင်္ဂလိပ် မြှားပစ်သမားတွေ နောက်တစ်ခါ ထပ်ပြီးမြှား မပစ်နိုင်အောင် မြှားသမား အားလုံးရဲ့  လက်ခလယ်နဲ့  လက်ညှိုးကို ဖြတ်ပစ်မယ်လို့  ကြွေးကြော်ခဲ့တယ် ။ ဒါပေမဲ့ အဲဒီတိုက်ပွဲမှာ အင်္ဂလိပ်တွေ စစ်နိုင်ခဲ့တယ် ။ အင်္ဂလိပ် စစ်သားတွေဟာ လက်နှစ်ချောင်း ထောင်ပြပြီး ငါတို့  မှာ မြှားပစ်တဲ့ လက်ချောင်းတွေ ရှိသေးတယ်လို့ ပြင်သစ်တွေကို လှောင်ခဲ့ကြတယ် ။ အဲဒီ ရာဇဝင်ကြောင့် နိုင်ငံတော်တော် များများမှာ လက်ဖဝါးကို အတွင်းဖက်မှာထားတဲ့ V sign ကို အခြားသူကို စော်ကားတဲ့ sign ၊ ဆဲဆိုတဲ့ sign အနေနဲ့  ရိုင်းတဲ့ sign တစ်ခု အဖြစ် သတ်မှတ် ထားကြတယ် ။ ။

Saturday, 24 July 2010
YouTube ပေါ်က video အချို့ 
1. Talking Parrot
စကားပြောတတ်တဲ့ ကြက်တူရွေးကတော့ အထူးအဆန်း မဟုတ်တော့ပါဘူး ။ ဒါပေမဲ့ ဒီကောင်က အသံတု ဝိဇ္ဇာတောင် လုပ်စားလို့  ရတယ် ။
2. James Galea (Card Trick) Comedy Festival Gala 2009
ကျွန်တော်ကြည့်ခဲ့ဖူးတဲ့ card trick တွေထဲမှာတော့ ဒီ card trick က အကောင်းဆုံးပဲ ။
3. Pyongyang Traffic Cop
မြောက်ကိုးရီးယား နိုင်ငံက ယာဉ်ထိန်းရဲမေ တွေပါ ။ Commemt box ထဲမှာတော့ စက်ရုပ်တစ်ရုပ်လို အလုပ် လုပ်နေရတယ် ဘာညာနဲ့  ရှုံ့ ချထား ကြတယ် ။ အခြား video တွေမှာလဲ ရဲမေတွေ အားလုံးက ဝတ်စုံ သားသားနားနား ၊ သပ်သပ်ရပ်ရပ်နဲ့  ရုပ်ဆိုးတဲ့သူ တစ်ယောက်မှ မပါဘူး ။ ကျွန်တော် စဉ်းစားကြည့်တယ် ယာဉ်ထိန်း ရဲမေတွေကို ဒီလိုသင်တန်းပေးပြီး ပုံစံ သွင်းထားတာ tourist attraction အတွက်ရော မဖြစ်နိုင်ဘူးလား ။ အင်္ဂလန် နိုင်ငံက ဘုရင်မကြီး နန်းတော်မှာ ကျောက်ရုပ် တွေလို ရပ်နေရတဲ့ အစောင့်စစ်သားတွေကို ကြတော့ ဘာလို့  ဘာမှ မပြော ကြတာလဲ ?
4. E3 2009: Project Natal Milo demo
Xbox 360 ရဲ့  game controller နည်းပညာ အသစ်ပါ ။ Game ကစားဖို့  ခလုတ်တွေ နှိပ်နေစရာ မလိုပါဘူး ။ ကိုယ့်ရဲ့  လှုပ်ရှားမှုနဲ့  အသံတွေကို camera ကနေ တဆင့် reconize လုပ်ပြီး အလုပ်လုပ်ပါတယ် ။
5. I'm about to whip somebodys ass
တစ်ခါ နားထောင်ပြီးရင် အမြဲတမ်း အော်ဆိုချင်နေမဲ့ သီချင်းလေးပါ ။
6. Kiwi !
YouTube ပေါ်က လူကြည့် အများဆုံး animation အတိုလေးပါ ။ အခြား ငှက်တွေလို လေမှာပျံဝဲချင်တဲ့ သနားစရာ Kiwi ငှက်လေးက မိမိအိမ်မက် အတွက် ဘာမဆို စွန့် ရဲတဲ့ အကြောင်း သရုပ်ဖော် ထားတာပါ ။ အခြား နေရာတွေမှာ ပြန်တင်ထားတာကို ကြည့်တဲ့ လူဦးရေ မပါပဲနဲ့  မူရင်း video တစ်ခုထဲမှာတောင် ကြည့်ပြီးတဲ့ သူပေါင်း ၂၆ သန်း ကျော်ရှိပါတယ် ။ ဒီ animation အတိုလေးကို Master တန်း thesis အတွက် လုပ်ခဲ့တာလို့  သိရပါတယ် ။
7. What is that ?
www.mmitd.com မှာ ဒီ short film အကြောင်း ရေးထားတဲ့ post ကို ဖတ်မိပြီး YouTube မှာ ရှာကြည့် ဖြစ်ခဲ့တာပါ ။ Title က "What is that?" ပါ ။ ဘာအကြောင်းလဲ ဆိုတာတော့ မပြောတော့ဘူး ။ ကိုယ့်ဘာသာ ကိုပဲ ကြည့် ကြည့်လိုက်ပါ ။ သေချာတာ တစ်ခုက ဒီ film အတွက် ပေးလိုက်ရတဲ့ အချိန် ၅မိနစ်ဟာ တန်းဖိုး အရှိဆုံး အသုံးချလိုက်တဲ့ အချိန် ၅ မိနစ် ဖြစ်မှာပါ ။

Saturday, 3 July 2010
အသွားရှိရင် အပြန်ရှိတယ်
ကျွန်တော် အထက်တန်းကျောင်းသား အရွယ်ထဲက ဝဋ်လည်တယ် ဆိုတာကို ယုံကြည်ခဲ့တယ် ။ အဲဒီယုံကြည်မှု နဲ့ အတူ ကိုယ်သူများကို ပြုမိသမျှ ကိုယ်ပြန်ခံ ရတယ် ဆိုတဲ့အစွဲ ရှိခဲ့တယ် ။ အဲဒီအစွဲက စိတ္တဇလား ၊ ကောင်းတဲ့အကျင့် တစ်ခုလား ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ သေချာ မသိဘူး ။ ယုံကြည်မှု ၊ စွဲလမ်းမှု တစ်ခုဟာ အတိုင်းအတာ တစ်ခုထက် ပိုနေရင် မကောင်းဘူး ဆိုတာတော့ သိပါတယ် ။ ဒါပေမဲ့ အဲဒီအချိန်ကစ ကိုယ် ကိုယ်တိုင်ရဲ့  အပြုအမူတွေ အပြင် ကိုယ့်ပတ်ဝန်းကျင်က သူတွေရဲ့  အပြုအမူတွေကို သတိထား ကြည့်ခဲ့မိတယ် ။
တိုက်ဆိုင်တာလား ကိုယ်ကပဲ အယုံအကြည်လွန်ပြီး ကိုယ်လိုချင်တဲ့ ဖက်ကိုရောက်အောင် စွဲတွေးနေလို့  လားတော့ မသိဘူး အရာရာဟာ အမြဲတမ်း အသွားအပြန် ရှိခဲ့တယ် ။ လူတစ်ယောက် ချော်လဲကျတာကို ရယ်မိခဲ့ရင် ၊ ကိုယ်ကိုယ်တိုင် လူတွေရှေ့  မှာ ချော်လဲပြီး အရယ် ပြန်ခံ ခဲ့ရတယ် ။ အဲဒီလို အသေးအဖွဲ ကိစ္စတွေက အစ သတိထားကြည့် တတ်တဲ့အကျင့် ကျွန်တော့်မှာ ရှိ ခဲ့တယ် ။
အဲဒီအကျင့်ကြောင့် မကောင်းတဲ့ အချက်က ဆုံးဖြတ်ချက်တွေ ချဖို့ နှောင့်နှေး ခဲ့တယ် ။ တံခါးပေါက်အချို့  က မျက်နှာဖုံးရှိမှ ဝင်ခွင့်ရှိတတ်တယ် ။ အချို့  သူတွေအတွက် ဘာမှမခက် ပေမဲ့ ကျွန်တော့် အတွက်တော့ မျက်နှာဖုံး တပ်မလား ၊ ဝင်ပေါက်က လှည့်ပြန်မလား ဆုံးဖြတ်ဖို့  အချိန်အတော်ယူ ရတယ် ။ အဲဒီလိုနဲ့  ပဲ အမြဲတမ်း နောက်ကျကျန် နေခဲ့တယ် ။
ကောင်းတဲ့အချက်က အခြားသူ တစ်ယောက်ကို တစ်ခုခု လုပ်တော့မယ် ၊ ပြောတော့မယ်ဆိုရင် တော်တော်လေး ဆင်ခြင်ဖြစ်တယ် ။ သူများ အကျိုးထိခိုက် စရာတွေဆို ငါလုပ်ပြီးရင် ငါပြောပြီးရင် ၊ ငါပြန်ခံ ရမယ်ဆိုတဲ့ အတွေးနဲ့  ဆင်ခြင် ဖြစ်ခဲ့တယ် ။ ဒါပေမဲ့ ကျွန်တော်လဲ သာမန်လူပဲလေ ။ လောဘရှိတယ် ။ ဒေါသရှိ တယ် ။ မလုပ်သင့် ဘူးဆိုတာ သိလဲ အားလုံးတော့ ဘယ်ရှောင်နိုင်မလဲ ။ လောဘတက် နေတဲ့အချိန်တွေ ၊ ဒေါသထွက်နေတဲ့ အချိန်တွေဆို ပြောခဲ့ လုပ်ခဲ့မိတာပါပဲ ။ ကိုယ့်မှာ အဆင်မပြေတာ တစ်ခုခု ဖြစ်တိုင်း ငါ ဘယ်တုန်းက ဘယ်သူ့  ကို ဘာလုပ်မိခဲ့လို့  ခုငါပြန်ခံရတာ ဆိုတဲ့ အတွေး ပြန်ဝင် လာတယ် ။ ငါသူများကို လုပ်ခဲ့မိလို့  ငါပြန်ခံရတာပဲလေ ဆိုပြီး စိတ်ဖြေ စရာတွေ ရခဲ့တယ် ။
လွန်ခဲ့တဲ့ ( ၇ ) လ လောက်က ကျွန်တော့်အသိရဲ့  သူငယ်ချင်းက ယာဉ်တိုက်မှု ဖြစ်တယ် ။ ယာဉ်တိုက်မှု ဖြစ်တဲ့ အချိန်မှာ ကျွန်တော့်ရဲ့  အသိက တစ်ခြားတစ်နေရာမှာပါ ။ ဒါပေမဲ့ insurance company ကို လျှော်ကြေး တောင်းတော့ သူ့  သူငယ်ချင်းနဲ့  တိုင်ပင်ပြီး သူက ကားပေါ်မှာ ပါလာတယ် ။ ယာဉ်တိုက်မှု အရှိန်ကြောင့် ခါးနာ သွားပါတယ် ဆိုပြီး လျှော်ကြေးတောင်းတာ ပေါင် ၂၀၀၀ ရ လိုက်တယ် ။ သူတို့  နှစ်ယောက် ခွဲယူ ခဲ့ကြတယ် ။ သူလိမ် ယူတယ်ဆိုတာ သိပေမဲ့ ဟုတ်လှချီလား ၊ အချောင်ထော သွားတာပေါ့လို့  လွယ်လွယ်ပဲ မှတ်ချက်ချ ခဲ့တယ် ။ ဘာမှ ထပ်မစဉ်းစား မိခဲ့ဘူး ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုယ် ကိုယ်တိုင် ပုံစံတူ အလိမ်ခံလိုက် ရမှ အလိမ်ခံ ရတဲ့သူရဲ့  ခံစားချက်ကို ကိုယ်ချင်းစာ တတ်ခဲ့တယ် ။ အလိမ်ခံ လိုက်ရတဲ့သူကို ကိုယ်ချင်း မစာပဲ ၊ မှားတဲ့ဖက်က အားကျခဲ့ မိလို့  ခုတော့ ကိုယ်ချင်းစာ တတ်အောင် ကျွန်တော်ကို သင်ခန်းစာ ပေးတာဖြစ်မယ် ။
မကောင်းတာ တစ်ခုထဲ အသွားအပြန် ရှိတာ မဟုတ်ပါဘူး ။ ကောင်းတာ လုပ်တဲ့ အပြုအမူ တွေမှာလဲ အသွားအပြန် ရှိပါတယ် ။ သူများကို ကူညီခဲ့ဖူးရင် ၊ ကိုယ် အခက်အခဲ ရှိလာတဲ့ အခါမှာလဲ ကူညီတဲ့သူ ပေါ်လာ တာပဲ ။ ကျွန်တော့်ရဲ့  ယုံကြည်မှု နဲ့  အစွဲအလမ်းက အရမ်းအစွန်း ရောက်ချင်ရောက် နေမယ် ။ ဒါပေမဲ့ ဝဋ်ဆိုတာ တကယ်လည် တတ်တယ် ။ အရာရာမှာ အသွားရှိရင် အပြန်ရှိတယ် ။ မယုံရင် ကိုယ် ကိုယ်တိုင်နဲ့  ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်ပါ ။ ။

Thursday, 1 July 2010
ကျွန်တော် ဘုရားဆီကပဲ တောင်းမယ်
ဒီနေ့ တရားရုံးသွားတယ် ။ အမှုရှုံးတယ် ။ အမှုက ယာဉ်တိုက်မှုပါ ။ ဖြစ်တာတော့ ၁ နှစ်ကျော်ပြီး ဒီနေ့ မှ တရားရုံးက အမိန့် ချတာပါ ။ ကျွန်တော် မောင်းတဲ့ကားနဲ့  အခြားသူမောင်းတဲ့ကား လမ်းဆုံ တစ်ခုမှာ တိုက်မိကြတယ် ။ ကျွန်တော်က လမ်းမကြီး အတိုင်းမောင်း နေတာကို ၊ အခြား ယာဉ်မောင်းက လမ်းသွယ်လေးက ထွက်လာပြီး ကျွန်တော့် ရှေ့ ကနေ ဖြတ်ထွက်ဖို့  ကြိုးစားလို့  တိုက်မိကြ တာပါ ။
ကျွန်တော်က လမ်းမကြီးပေါ်က ဆိုတော့ ကျွန်တော်က အမှန်ပါ ။ အဲဒီနေ့ က အိန္ဒိယ လူမျိုး အခြား ယာဉ်မောင်း ရဲ့  မင်းကလမ်းမကြီးက လာတာပဲ ဘယ်သူမှားတယ် ဆိုတာ လူတိုင်းသိပါတယ် ။ ငါ့ရဲ့  insurance detail ကို ညနေ ကျရင် ပေးမယ် ။ ငါဟာ family man ပါ ၊ ငါ မလိမ်ပါဘူး ဆိုတဲ့ စကားတွေကို ယုံပြီး အိမ်ပြန်ခဲ့တယ် ။
ညနေဖုန်းဆက်တော့ သူက ကိုယ့် insurance ကိုပြန် တောင်းနေလို့  မင်းမှားတာပဲ ဘာလို့  ငါ့ insurance လိုရတာလဲ ဆိုတော့ ငါမှားတယ်လို့  ငါမပြောပါဘူးတဲ့ ၊ မင်းလဲမင်း insurance company ကို ဖုန်းဆက် ၊ ငါလဲငါ့ insurance company ကို ဖုန်းဆက်မယ် ။ သူတို့  ဆက်လုပ် ကြလိမ့်မယ်တဲ့ ။ အဲဒီတော့မှ မနက်က ငါလိမ်ခံထိ လိုက်ပြီးဆိုတာ သိလိုက်တယ် ။ ဒါပေမဲ့ ok လေ ကိုယ်က အမှန်ပဲ ဘာကြောက်စရာ ရှိလဲ ဆိုပြီး ပေးလိုက်တယ် ။
Insurance company ကိုဖုန်းဆက်တော့ ဘယ်သူမှားတာလဲတဲ့ ။ ကိုယ့်ဖက်က အမှန်ပဲ ငါကအမှန်ပေါ့ ။ ကားကိုပြင်ပေး ရမလားဆိုတော့ ok ပေါ့ ။ ဒါနဲ့  ၃ ရက်လောက် နေတော့ ကားလာယူ သွားတယ် ။ နောက် နေ့ မှာ ကားပြင်တဲ့ နေရာက အကြောင်းပြန်တယ် ။ ကားပြင်ရင် ကုန်ကျမှာက ကားရဲ့  တန်ဖိုးထက် များနေတယ်တဲ့ မင်းကို insurance company က ဆက်သွယ် လိမ့်မယ်တဲ့ ။ နောက် ၃ ရက်လောက် နေတော့ insurance company ကဖုန်းဆက် လာတယ် ။ ကားရဲ့  လက်ရှိတန်ဖိုးက ၇၃၃ ပေါင်တဲ့ ၊ ကားပြင်ရင် ကျမှာက ပေါင် ၁၇၀၀ တဲ့ ။ မင်းကားကို ခြေလိုက်တော့မယ် ဒါပေမဲ့ ကားရဲ့  လက်ရှိတန်ဖိုး ၇၃၃ ပေါင်ကို မင်းကို ပေးမယ် ကျေနပ်လားတဲ့ ။ ok ပေါ့ ။ အရာရာက အဆင်ပြေလို့  ၊ အမှုကလဲ ပြီးသွား ပြီးပေါ့ ။
ဒါပေမဲ့ နောက်တစ်လလောက်မှာ insurance company က ဖုန်းဆက်တယ် ။ အခြား driver က သူမှားတာ မဟုတ်ဘူး လို့ ငြင်းတယ်တဲ့ ။ ငါတို့  အခြား insurance company ကနေ လျှော်ကြေး တောင်းလို့  မရဘူး ၊ တရားရုံးသွား ရရင် မင်းသွား နိုင်လားလို့  မေးတယ် ။ သွားနိုင်တာပေါ့ ဘာကြောင့် မသွားနိုင် ရမှာလဲ ။ နောက် တစ်ပတ်လောက်မှာ ဖြစ်ပွားပုံ အသေးစိပ်ကို ပုံဆွဲပြီး ပို့  ခိုင်းတယ် ။ နောက် လေးလလောက် နေတော့ အခြား driver က တရားပြန်စွဲ နေတယ်တဲ့ ၊ တရားရုံး သွားရမယ်တဲ့ ။ အိမ်ကို တရားရုံးမှာ တင်ဖို့  အတွက် statement အသေးစိပ် ယူဖို့  လူလွှတ်လိုက်တယ် ။
နောက် ၄ လလောက် နေတော့ ရှေ့  နေရုံး တစ်ရုံးကနေ စာလာတယ် ။ တရားရုံး date ပေးတာပါ ။ သူတို့  က ကျွန်တော့်ရဲ့  insurance company အစား ကျွန်တော့် ဖက်ကနေ လိုက်ပေးတာပါ ။ နောက် ၂ ရက်လောက်နေတော့ အခြား driver ရဲ့  တရားရုံးမှာ တင်ထားတဲ့ statement နဲ့  သူဖက်က လိုက်မဲ့ မျက်မြင် သက်သေ ဆိုသူရဲ့  statement ကို ရှေ့  နေရုံးကနေ ပို့ လိုက်တယ် ။ ဘယ်က သက်သေလဲ သူမှာရော ငါ့မှာရော သက်သေမရှိဘူး ။ ငါတို့  ကိုယ့်ကား ကိုယ်ပြန်မောင်း ထွက်တဲ့ အထိ ဘယ်သူကမှ အခြားသူနဲ့  စကားမပြောဘူး ဆိုတော့ ၊ မင်းမှာ အဲဒါကို သက်သေ ပြနိုင်တာ ရှိလားဆိုတော့ ဘယ်လိုလုပ်ပြီး ရှိ မှာလဲ ၊ မရှိရင် ငါတို့ ငြင်းလို့  မရဘူးတဲ့ ။ ဘာတတ်နိုင်မှာလဲ ကိုယ်ညံ့တာ ကိုယ်ခံပေါ့ ။
အခြား driver ရဲ့  statement ကို ဖတ်မိတော့ ပိုပြီး ဒေါသထွက်မိတယ် ။ သူက လမ်းသွယ်ထဲက ထွက်လာတာ မဟုတ်ပဲ ၊ မျက်နှာချင်းဆိုင်က မောင်းလာတာလို့  ပြောထားတယ် ။ ကျွန်တော်က အရှိန်မထိန်း နိုင်ပဲ လမ်းအလည်က စည်းကို ကျော်ပြီး သူ့ ကားကို တိုက်တာပါလို့  ပြောထားတယ် ။ မျက်မြင် သက်သေဆိုတဲ့ သူကလဲ ကျွန်တော့်ကားက စည်းကိုကျော်နေ ပါတယ် ဆိုပြီး ပြောထားတယ် ။ ပေါ်တင်ကြီးကို လိမ်ထားကြတယ် ။ ဒီအချိန် ကျမှ ငါ့မှာလဲ သက်သေ ရှိတယ်လို့  ပြောလို့ လဲ မရတော့ဘူး ။ ဒီအတိုင်း ဆိုရင်တော့ ငါရှုံးပြီးဆိုတာ သိလိုက်တယ် ။ ဘုရားမှာ ဆုတောင်းရုံ ကလွဲ ဘာတတ်နိုင်မှာလဲ ။ အဲဒီနေ့  တရားရုံးသွားတော့ တစ်ခြား တစ်ဖက်က မလာဘူးတဲ့ ။ နောက်ရက်ချိန်းကို စာထပ်ပို့  လိုက်မယ်တဲ့ ။
၂ လ လောက်ခြားပြီးမှ ဒီနေ့  ထပ်သွားရတယ် ။ ကျွန်တော့် ဖက်က ရှေ့ နေက အခုအမှုက တစ်ယောက်နဲ့  အများလို ဖြစ်နေတယ် ၊ မင်းဖက်မှာလဲ သက်သေ မ ရှိဘူး ဆိုတော့ အဖြေကတော့ ကောင်းမှာ မဟုတ်ဘူးတဲ့ ။ ငါ အတတ်နိုင်ဆုံး ကြိုးစားမယ်တဲ့ ။ ကျွန်တော့်ကို ဘာမှလဲ ဆက်မပြောဘူး ။ ဘယ်လိုပြောပါ ၊ ဘာကို မပြောနဲ့  ဆိုတာကိုလဲ မသင်ပေးဘူး ။ သူ့ ကြည့်ရတာ ရှုံးမှာ ကြိုသိနေ တဲ့ပုံစံနဲ့  ။ ကျွန်တော်က မျက်မြင် သက်သေဆိုတာ လိမ်နေတာ ။ ယာဉ်တိုက်မှု ဖြစ်တဲ့ အချိန်မှာ အဲဒီ နေရာမှာ မရှိဘူးဆိုတော့ ၊ တကယ့် မျက်မြင်သက်သေ မဟုတ်ပဲ မျက်မြင်သက်သေ ပါလို့  ပြောပြီး နိုင်သွားတဲ့ အမှုတွေ အများကြီး ငါတွေ့ ဖူးတယ် ။ ဒီအချိန်မှာ မင်းသွားပြောလဲ တရားသူကြီးက မင်းပြောတာကို လက်ခံမှာ မဟုတ်ဘူး ။ ဘာမှထူးမှာ မဟုတ်ဘူးတဲ့ ။
ဒါဆို ပြောစရာကုန်ပြီးပေါ့ ။ အဲဒါနဲ့  အခုငါ ရှုံးရင် ငါပိုက်ဆံ လျှော်ရမှာ လားဆိုတော့ ၊ insurance company ကလျှော်လိမ့်မယ် ။ ဒါက ဘယ် company က ဘယ် company ကိုပေးရမယ် ဆိုတာ တရားစွဲတာတဲ့ ။ ငါမှာ criminal record ရော ဖြစ်သွား မှာလားဆိုတော့ မဖြစ်ဖူးတဲ့ ။ ဒါပေမဲ့ မင်းနောက်တစ်ခါ insurance လုပ်ရင် ဈေးကြီး သွားမယ်တဲ့ ။ ဒီမှာက ကားမောင်းရင် insurance မလုပ်လို့  မှ မရတာ ။ ကားတစ်စီးက ၁၀၀၀ ဝန်းကျင် ၊ insurance က လစဉ် ၁၀၀ ကျော်ဆို ဘယ်လိုလုပ်ပြီး ကားမောင်းတော့မှာလဲ ။ ကားမရှိရင် ခက်ခဲမဲ့ ကျွန်တော့် အလုပ်အတွက်တော့ ဒါဟာ တကယ့် ပြသနာပဲ ။
ကျွန်တော့် ရှေ့ နေကလဲ အတတ်နိုင်ဆုံး ကြိုးစားပါတယ် ။ သူပြင်ဆင် လာတဲ့ မေးခွန်းတွေ ကလဲ တော်တော် ကောင်းတယ် ။ အခြားတဖက်က ရှေ့ နေကလဲ တော်တော် ပြင်ဆင်ထားတယ် ။ ယာဉ်တိုက်မှု ဖြစ်တဲ့ အချိန်က မနက်ပိုင်း ကားတွေရှင်း နေတဲ့အချိန် ဖြစ်ပေမဲ့ ၊ တရားသူကြီးကို သူပြတဲ့ အဲဒီနေရာတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေက ကားတွေရှုပ်နေတဲ့ အချိန် ၊ မိုးရွာပြီးစ မှောင်နေတဲ့ အချိန် ၊ လမ်းတွေစိုပြီး လမ်းပေါ်က မျဉ်းကြောင်းတွေကို ကောင်းကောင်း မမြင်ရတဲ့ အချိန်တွေမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ကိုပြတယ် ။ သက်သေဆိုတဲ့သူ အဲဒီအချိန်တုန်းက အဲဒီနေရာမှာ မရှိဘူးလို့  ပြောတော့ ၊ အနားက ကားမှတ်တိုင်မှာ လူ ၄ ယောက်လောက် ရပ်နေတယ်လို့  မင်းပြောတယ် ၊ အဲဒီထဲက တစ်ယောက်က အခုသက်သေထွက် တဲ့သူမဖြစ် နိုင်ဘူးလားလို့  ပြောပြီး လှောင်တယ် ။
နောက်ဆုံးတော့ ကျွန်တော်ရှုံးတယ် ။ တရားသူကြီး ကတော့ ပြောပါတယ် ။ နှစ်ဖက်လုံးက ပြောတာတွေက ဖြစ်နိုင်တယ် ။ ဒါပေမဲ့ ဘယ်ဖက်က ပြောတာကို ယုံလဲလို့ ပြော ရမယ်ဆိုရင်တော့ မျက်မြင် သက်သေရှိတယ် ဆိုတဲ့ဖက်ကိုပဲ ယုံတယ်လို့  ပြောလို့ ရမယ်တဲ့ ။ ကျွန်တော့်ရဲ့  insurance company ကို အခြား တဖက်က တောင်းတဲ့ ရှေ့  နေခ ၊ တရားရုံးခ ၊ စာရွက်စာတမ်း ပြင်ဆင်ခ ၊ ဘာခညာခ နဲ့  အားလုံး ပေါင်း ပေါင် ၁၅၀၀၀ ကျော်ကို ပေဖို့  အမိန့် ချတယ် ။ ကျွန်တော့် ကားက ၇၃၃ ပေါင်ပဲ တန်တယ် ။ သူ ကားကလဲ ပေါင် ၄၀၀ ပဲတန်တယ် ။ ကျွန်တော် ဘာပြောရမှန်းတောင် မသိဘူး ။ ကျွန်တော့်ရဲ့  ရှေ့ နေ က အပြင်ရောက်တော့ ဘာပြောချင်သေးလဲ ဆိုတော့ I’m sorry လို့ ပဲ ပြောခဲ့တယ် ။
သင်ခန်းစာတွေရလိုက်တယ် ။ ဘယ်လူစိမ်းကိုမှ မယုံနဲ့  ။ ကိုယ့်အဖေ အရွယ်လဲ ကိုယ့်ကို လိမ်တတ်တာပဲ ။ တိုးတက်နေတဲ့ နည်းပညာတွေကို အကျိုးရှိအောင် အသုံးချ ကြပါ ။ ဈေးအပေါဆုံး ဆိုတဲ့ mobile phone မှာတောင် recording function နဲ့  camera ပါတယ် ။ ကျွန်တော်သာ အဲဒီနေ့ က အခြား driver ပြောတာကို record လုပ်နိုင်ခဲ့မယ် ၊ ကားအနေ အထားတွေကို ဓာတ်ပုံ ရိုက်ယူထား မယ်ဆိုရင် ဒီအမှုရဲ့  အဖြေက ဒီလို ဖြစ်မှာ မဟုတ်တာ သေချာတယ် ။
ခုတော့ စိတ်ထဲမှာ ငါ့ကို လူလိမ်လို့ များ ထင်သွားကြပြီးလား ဆိုတဲ့ အတွေးနဲ့  အိမ်ပြန်ခဲ့ရတယ် ။ အဲဒီ စိတ်ကို ဖျောက်ဖို့  တော်တော် အချိန်ယူရဦးမယ် ။ သူများကို ပြုခဲ့ဖူးတာ ရှိခဲ့လို့  ပြန်ခံရတယ် ဆိုတာကို လက်ခံပါတယ် ။ ဒါပေမဲ့ ဘာတွေ ဘယ်လောက်တောင်များ လုပ်ခဲ့မိလို့  လုပ်လိုက်တိုင်း အမှားတွေချည်း ဖြစ်နေရတာလဲ ? ဒီကံဆိုးနေတဲ့ နေ့ တွေ ဘယ်တော့ အဆုံးသတ်မှာလဲ ?
“ လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကဘဲ တောင်းခဲ့သူပါ
ငါ့ကိုယုံပါ ”
တာရာမင်းဝေ
ကျွန်တော် ဘုရားဆီကပဲ တောင်းမယ် ။ ဘုရားက မပေးဘူး ဆိုရင်တောင် ဘုရားဆီကပဲ တောင်းမယ် ။ ။

Tuesday, 29 June 2010
လူ Vs စက်ရုပ်
French company တစ်ခုက ထုတ်တဲ့ Nao လို့  နာမည်ပေးထားတဲ့ စက်ရုပ်လေး တွေပါ ။ အမြင့် ၂၃ လက်မရှိပြီး အလေးချိန် ၁၀ ပေါင် နီးပါး ရှိတယ် ။ Nao ကို ၂၀၀၆ ခုနှစ် ထဲက စထုတ်ခဲ့တာ ဖြစ်ပြီး update လုပ်လာခဲ့တာ ခုဆို English နဲ့  French ဘာသာ စကားကို voice recognition လုပ်နိုင်တယ် ၊ မျက်နှာတွေ အရာဝတ္ထုတွေ ရဲ့  ပုံစံတွေကို recognize လုပ်နိုင်တယ် ၊ touch recognition အတွက် sensor ပါတယ် ။ Nao စက်ရုပ်တစ်ရုပ်ရဲ့  တန်ဖိုးကတော့ £7000 နီးပါး ရှိပါတယ် ။
စက်ရုပ်တွေကို အခုဆို နေရာတော်တော် များများမှာ အသုံးပြုနေ ကြပါပြီး ။ ဒါပေမဲ့ လက်ရှိ စက်ရုပ်တွေရဲ့  စွမ်းဆောင်နိုင်မှုက သူတို့ ထဲမှာ သိမ်းထားတဲ့ program အတိုင်းပဲ လုပ်ဆောင်နိုင် ကြပါသေးတယ် ။ စက်ရုပ်တွေရဲ့  ဆုံးဖြတ်ချက်တွေ ကလဲ program theory တွေအတိုင်းပဲ လုပ်နိုင်ပါ သေးတယ် ။ လူတွေလို ကိုယ်ပိုင်အသိနဲ့  ဆုံးဖြတ်ချက် မချနိုင် ကြသေးပါဘူး ။ သိပ္ပံပညာရှင် တွေကတော့ စက်ရုပ်တွေကို လူတွေနဲ့  တူနိုင်သမျှ တူအောင် ကြိုးစားနေ ကြတယ် ။
ဂျပန်နိုင်ငံဟာ စက်ရုပ် နည်းပညာ အထွန်းကားဆုံး နိုင်ငံပါ ။ ၂၀၂၀ ခုနှစ်မှာ စက်ရုပ်တွေပဲ ထားမဲ့ base စခန်း တစ်ခုကို လပေါ်မှာ ဆောက်နိုင်အောင် ဂျပန် နိုင်ငံက ကြိုးစားနေတယ် ။ ကျောက်ခဲ နမူနာတွေ ၊ မြေကြီး နမူနာတွေ ကမ္ဘာကို ပြန် သယ်လာမဲ့ ယာဉ်တွေနဲ့  စက်ရုပ်အချို့  ကို ကမ္ဘာ ကနေ ထိန်းချုပ်မှာ ဖြစ်ပေမဲ့ စက်ရုပ်တွေမှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချ နိုင်တဲ့ အရည်အချင်းတွေ ရှိ မယ်လို့  ဆိုတယ် ။ စခန်းကို ဆောက်တာ ၊ စက်ရုပ်တွေ အတွက် energy ပြန်ဖြည့်တာ ၊ ပျက်တဲ့ စက်ရုပ်တွေကို ပြန်ပြင်တာတွေကို စက်ရုပ်တွေကသာ လုပ်မှာဖြစ်တယ် ။ လိုအပ်တဲ့ energy အတွက် နေရောင်ခြည် စွမ်းအင် ကိုသုံးမှာ ဖြစ်တယ် ။ ဒီရေရှည် စီမံကိန်းက လူသားတွေ အတွက် အကျိုးရှိမရှိ မသေချာသေး ပေမဲ့ စက်ရုပ် အမျိုးအစား အသစ်တွေ ထွက်လာမှာတော့ သေချာတယ် ။ စက်ရုပ်တွေသာ လူတွေလို ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်ခဲ့ရင် လူသား မျိုးနွယ်စု အတွက် အန္တရာယ် ရှိလာနိုင် တယ်လို့  အချို့ ကလဲ စိုးရိမ်နေ ကြတယ် ။
ကျွန်တော်ကြိုက်တဲ့ စက်ရုပ် အကြောင်း ရုပ်ရှင်တွေကတော့ “i Robot” , “A.I (Artificial Intelligence)” နဲ့  “Bicentennial Man” ပါ ။ Bicentennial Man ကတော့ ကျွန်တော့် အကြိုက်ဆုံးပါ ။ “တာရာမင်းဝေ” ရဲ့  “အရှေ့  မြို့ ရိုးမှ မိုးရေစက်များ ” စာအုပ်ကတော့ လူ နဲ့  စက်ရုပ် အားပြိုင် မှုကို ရေးထားတဲ့ ကျွန်တော့် အကြိုက်ဆုံး စာအုပ် တစ်အုပ်ပါ ။ အဲဒီ ဝတ္ထုကို ဒီ Link မှာ သွား ဖတ်လို့  ရပါတယ် ။
Subscribe to:
Posts (Atom)