Saturday 28 October 2017

ဥစ္စာပျောက် ငရဲရောက်

ပစ္စည်း တစ်ခုခု ပျောက်ရင် ကိုယ့် ဘာသာ အသုံးမကျလို့  တနေရာရာမှာ ကျပျောက်ခဲ့တာ မျိုးက ကိစ္စ မရှိပေမဲ့ ၊ အခိုးခံ လိုက်ရတာ ဆိုရင်တော့ ပစ္စည်းလဲ အခိုးခံ ရတယ် ငရဲလဲ ရောက် ရဦးမယ် ။

ပစ္စည်း အခိုးခံ ရပြီး ဆိုတာနဲ့  ဖြစ်နိုင်ချေ ရှိတဲ့ သူအားလုံးကို ကိုယ့်စိတ်က သံသယ ဖြစ်မိတော့မယ် ။ တကယ်ယူ သွားတဲ့ သူကို စွပ်စွဲ မိတာ ကိစ္စ မရှိပေမဲ့ ၊ ဘာမှ မဆိုင်တဲ့ သူတွေကို စွပ်စွဲ မိတဲ့ အခါမှာ အလကားနေရင်း ငရဲကြီးတော့မယ် ။ ၀ဋ် ဆိုတာ ကလဲ ရှိသေးတယ် ။

သူခိုး ခိုးခံ ရတိုင်း ပစ္စည်းကို နှမျော မိတာထက် ၊ ငရဲ ရောက်ရမဲ့ အဖြစ်ကို ပိုပြီး စိတ်ညစ်ရတယ် ။ ။

Saturday 21 October 2017

OCD

မြန်မာနိုင်ငံမှာ OCD (Obsessive compulsive disorder) ကို ရောဂါ တစ်ခုအနေနဲ့  သီးခြား ခွဲခြားပြီး မြင်တဲ့သူ ရှားနေသေးတယ် ။ OCD လက္ခဏာ ရှိနေတဲ့ သူကို ဒီကောင် ဂေါက် နေတာပါကွာ ဆိုပြီး ခပ်လွယ်လွယ်ပဲ ကျပ်မပြည့်တဲ့ သူတွေနဲ့  အတူတူလို့  သတ်မှတ်လိုက် ကြတယ် ။ OCD ဆိုတာ စိတ်ဝေဒနာ တစ်မျိုး ဆိုပေမဲ့ OCD ရှိတဲ့သူ တွေဟာ ကျပ်မပြည့်တဲ့ သူတွေလို ဘာပဲတွေးတွေး ဘာပဲလုပ်လုပ် အရူးတစ်ယောက် လိုပဲ အမြဲတမ်း တွေးနေ လုပ်နေတဲ့ သူတွေ မဟုတ် ပါဘူး ။ OCD ရှိတဲ့ သူတွေဟာ ပုံမှန်မဟုတ်တဲ့ အတွေးတချို့ ကို ယုံကြည်နေ တတ်တာ ၊ ပုံမှန် မဟုတ်တဲ့ အပြုအမူ တချို့ ကို ပုံမှန် လုပ်ရမဲ့ အလုပ်တစ်ခုလို လုပ်နေ တတ်တာက လွဲရင် သာမန် ပုံမှန် လူကောင်း တစ်ယောက်ပါ ။

OCD ရှိ သူတွေရဲ့  လက္ခဏာ အချို့ က ကိုယ့်ရှေ့မှာ ရှိနေတဲ့ ပစ္စည်းတွေ အစီအစဉ် တကျ ညီညီညာညာ ဖြစ်မနေရင် မနေတတ် တာမျိုး ၊ ညစ်ပတ်နေတဲ့ ပစ္စည်း တစ်ခုခု မြင်ရင် သန့် ရှင်းရေး မလုပ်လိုက် ရပဲ မနေနိုင် တာမျိုး ၊ အခြားသူ တစ်ယောက်ယောက် နဲ့  အသားချင်း ထိ မိရင် ဖြစ်ဖြစ် ၊ ပိုက်ဆံ လိုမျိုး အများသုံး ပစ္စည်း တစ်ခုခုကို လက်အိပ် မပါပဲ ကိုင်မိတဲ့ အခါမျိုးမှာ ဖြစ်ဖြစ် ချက်ချင်း ရေမဆေး ရရင် ရောဂါပိုးတွေ ကူးဆက်ခံ ရတော့ မယ်လို့ ယုံကြည် နေတာမျိုး ၊ အိမ်ကို သူခိုး ၀င်မှာကို စိတ်ပူပြီး တံခါးတွေ သော့ခတ်ထား ရဲ့ လား ဆိုပြီး အကြိမ်ကြိမ် စစ်ပြီးသား ကိုပဲ ခဏခဏ ထပ်ပြီး ထထ စစ်နေတတ်တာမျိုး ၊ မီးမလင်းနေတဲ့ မီးလုံးကို မြင်နေရ ပေမဲ့လဲ ငါမီးခလုပ်များ ပိတ်မိရဲ့  လားမသိ ဆိုပြီး မီးခလုပ်ကို အကြိမ်ပေါင်း များစွာ အပိတ်အဖွင့် လုပ်ကြည့်လိုက် ရပြီးမှ စိတ်ကျေနပ်မှု ရတတ်တာမျိုးတွေပါ ။

OCD ရှိသူတွေရဲ့  လက္ခဏာတွေဟာ အမျိုးမျိုး ကွဲနေတတ် ပေမဲ့ အခြေခံ ကတော့ စိတ်ထဲ ဖြစ်လာတဲ့ ပုံမှန် မဟုတ်တဲ့ အတွေး တွေကို ယုံကြည်နေတတ်တယ် ။ ပုံမှန်မဟုတ်တဲ့ အပြုအမူ တစ်ချို့ ကို ပုံမှန်အလုပ် တစ်ခုလို မလုပ်လိုက် ရရင် စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတတ်တယ် ။ အဲဒီကနေ တဆင့် ဒေါသ ထွက်တာတွေ ၊ စိတ်ဓာတ် ကျတာတွေ ၊ ရန်လို တတ်တာတွေ ဖြစ်လာပြီး နေ့စဉ် နေထိုင်မှု ဘ၀ အပေါ် မှာပါ အကျိုးသက်ရောက် မှုတွေ ရှိလာ တတ်တယ် ။ ကိုယ့် အသိုင်းအ၀ိုင်းနဲ့  အံဝင်ဂွင်ကျ မဖြစ်တော့ တာမျိုးတွေ ဖြစ်လာတယ် ။ ကိုယ့် ကိုယ်ကို သေကြောင်းကြံတဲ့ အခြေအနေထိ ရောက်သွားတာမျိုး တွေလဲ ရှိခဲ့ဖူးတယ် ။

OCD ကို အသက်အရွယ် မျိုးစုံမှာ တွေ့  ရနိုင်တယ် ။ တချို့ တွေက ငယ်ငယ်လေး ထဲက OCD ရှိခဲ့ပေမဲ့ ၊ ငယ်ငယ် တုန်းက မဖြစ်ပဲ အသက်ကြီး လာမှ OCD ရှိလာတဲ့ သူတွေ လဲ ရှိတယ် ။ ကလေး အရွယ်ကို ကျော်ပြီး လူလတ်ပိုင်း စတဲ့ အရွယ်တွေမှာ စဖြစ်တာ များတယ် ။ OCD ဝေဒနာရှင် တစ်ယောက်မှာ OCD လက္ခဏာ တစ်ခုထက် မကလဲ ရှိနေနိုင်တယ် ။

OCD ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ ပြောဖို့  ခက်တယ် ။ မျိုးရိုး ကြောင့်လဲ ဖြစ်နိုင်တယ် ၊ ဦးနှောက် ထဲမှာ ပုံမှန် မဟုတ် လို့ လဲ ဖြစ်နိုင်တယ် ၊ ဘ၀မှာ အနိုင်ကျင့်ခံ အဖိအနှိပ်ခံ ခဲ့ရတဲ့ အတွေ့ အကြုံ တွေ ကြောင့်လဲ ဖြစ်နိုင်တယ် ၊ စည်းကမ်း အရမ်း တင်းကျပ်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ ရတဲ့ အကျိုး သက်ရောက်မှုတွေ ကြောင့်လဲ ဖြစ်နိုင်တယ် ။ ဖြစ်နိုင်တဲ့ အကြောင်း အမျိုးမျိုး ရှိပေမဲ့ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာတော့ အတိအကျ ဘယ်သူမှ မပြောနိုင် သေးပါဘူး ။

ကိုယ့်မှာ OCD ရှိနေပြီး ၊ ကိုယ့်ရဲ့  နေ့ စဉ် နေထိုင်မှု အပေါ်မှာ ဆိုးကျိုး သက်ရောက် မှုတွေ ရှိနေရင် စိတ်ပညာရှင်တွေ ၊ ဆရာဝန်တွေနဲ့  တိုင်ပင်ပါ ။ OCD သမား တစ်ယောက် အတွက် အမူအကျင့်တွေကို ချက်ချင်း ပြောင်းဖို့  ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ ။ OCD ဆိုတာ ရေရှည် အချိန်ယူပြီး ကုသရမဲ့ ရောဂါ တစ်မျိုးပါ ။ ။

Tuesday 26 September 2017

အမုန်းတရား

အမုန်းတရားကို အမုန်းတရားနဲ့  တိုက်ရင်
ဘယ်သူပဲ နိုင်နိုင် ၊ နောက် ဆုံးမှာ အမုန်းတရားတွေပဲ ကျန်ခဲ့ မယ် ။

အနိုင်ရဖို့  တခုထဲကိုပဲ ကြည့်မနေ ကြနဲ့ 
ရည်ရှည်အတွက် ဖြစ်လာမဲ့ ရလဒ်ကိုလဲ မမေ့ကြပါနဲ့  ။

ဘ၀ ဆိုတာ...

ဘ၀ ဆိုတာ ရေးပြီးသား စာအုပ် တစ်အုပ်လား ? ဒီစကားက ငယ်ငယ်က တော်တော် ခေါင်းစားခဲ့ ရတဲ့ စကားပါ ။ ကံ ကံရဲ့  အကျိုးကို ယုံကြည်တဲ့သူ ၊ ၀ဠ် ဆိုတာကို နားလည်တဲ့သူ ၊ ရှေးဘ၀ နောင်ဘ၀ (သံသရာ) ဆိုတာတွေကို လက်ခံတဲ့ သူတစ်ယောက် ဆိုရင် အခုလက်ရှိ ဘ၀ထဲက အကောင်း အဆိုး ဖြစ်စဉ်တွေ ပေါ်မှာ အရင် ဘ၀ အဆက်ဆက်က ပါလာတဲ့ အကျိုး သက်ရောက်မှုတွေ ရှိနေတယ်ဆိုတာကို သံသယ ဖြစ်စရာ အကြောင်းမရှိပါဘူး ။

ဒါဆိုရင် ဘ၀ဆိုတာ ရေးထားပြီးသား စာအုပ် တစ်အုပ်လား ? ဘာတွေပဲ လုပ်လုပ် ၊ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ပြင်လို့  မရတော့ဘူးလား ? တချို့  လူတွေက ပြောကြတယ် ဘ၀ဆိုတာ ကြိုတင် ဖတ်ခွင့် မရှိတဲ့ ရေးထားပြီးသား စာအုပ်တစ်အုပ် ပါတဲ့ ။ ကျွန်တော့် အမြင်ကတော့ ဘ၀ဆိုတာ ဘာမှ မရေးရသေးတဲ့ စာအုပ်တစ်အုပ်ပါ ။ ကိုယ်လုပ်သမျှကို မှတ်တမ်းတင်မဲ့ စာအုပ် အလွတ် တစ်အုပ်ပါ ။ ဒါပေမဲ့ ကိုယ်ရေးရမဲ့ မှတ်တမ်းထဲမှာ မလွှဲမသွေ ပါရမယ်လို့  ကြိုတင် သတ်မှတ်ထားတဲ့ အကြောင်းအရာ တချို့  ကတော့ ကံ ကံရဲ့  အကျိုးဆက်ကြောင့် ပါလာခဲ့တယ် ။

ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်တစ်ခု ရှိတယ် ။ ပုံပြင် အစအဆုံးကို သေချာတော့ မမှတ်မိတော့ဘူး ။ မှတ်မိ သလောက်ကတော့ တခါက လူတစ်ယောက်မှာ ရွှေထီးဆောင်းရမယ် ဆိုတဲ့ လက္ခဏာ ပါလာတယ် ။ ဗေဒင် ဆရာတိုင်းကလဲ သူ့ ကို ကျိန်းသေ ရွှေထီးဆောင်း ရမဲ့ ကံပါလာတယ်လို့  ဟောကြတယ် ။ အဲဒါနဲ့  အဲဒီလူလဲ ဘာမှ မယ်မယ်ရရ မလုပ်ပဲ ပေပေတေတေ နေတယ် ။ အချိန်ရှိတိုင်း အရက်သောက်ပြီး အချိန်ဖြုန်းတယ် ။ တနေ့  စုပ်စုပ်ပြတ်ပြတ် နဲ့  အဲဒီ အရက်သမားဟာ အမူးလွန်ပြီး လမ်းဘေးမှာလဲကျ နေတုန်း တိုင်းပြည် အုပ်ချုပ် နေတဲ့ ဘုရင်ကြီး တိုင်းခန်းလှည့်လည် တာနဲ့  ကြုံတယ် ။ ဘုရင်ကြီးက လမ်းဘေးမှာ လဲနေတဲ့ အဲဒီ အရက်သမား ဘေးနားကို ရောက်တော့ ဆင်ပေါ်ကနေ လှမ်းပြီး အဲဒီအရက်သမားကို ငုပ်ကြည့်လိုက်တယ် ။ အဲဒီလို ဘုရင်ကြီး ငုပ်ကြည့်လိုက်တဲ့ အချိန်မှာ ဘုရင်ကြီး ဆောင်းလာတဲ့ ရွှေထီးရဲ့  အရိပ်က အရက်သမားပေါ်ကို ကျပြီး ရွှေထီးဟာ အရပ်သမားကို မိုးထားပေးသလို ဖြစ်သွားတယ် ။ အဲဒီ အချိန်မှာပဲ တသက်လုံး အရက်သောက်ခဲ့တဲ့ ဒဏ် ၊ ပေပေတေတေ နေခဲ့တဲ့ဒဏ် တွေကြောင့် အရက်သမားဟာ အသက်ထွက်သွားတယ် ။

ပုံပြင်ထဲက အရက်သမားဟာ သူ့ ဘ၀မှာ ရွှေထီးဆောင်းရမဲ့ ကံပါလာခဲ့ပေမဲ့ ကံအပေါ်ကိုပဲ အားလုံးပုံအပ်ခဲ့လို့  မသေခင် ရွှေထီးဆောင်းခွင့် ရခဲ့ပေမဲ့ အရက်သမား ဘ၀နဲ့ ပဲ သေခဲ့ရတယ် ။ သူသာ ကံအပေါ်ကို အပြည့်အ၀ အားမကိုးခဲ့ ပဲနဲ့  ကြိုးစား အားထုတ်မှုတွေ ရှိခဲ့မယ်ဆိုရင် သူရွှေထီးဆောင်းရတဲ့ အခြေအနေက တခြား နည်းလမ်း တမျိုးမျိုးနဲ့  ဖြစ်ကောင်းဖြစ် သွားနိုင်တယ် ။

အနာဂတ်မှာ ဘာမှ ကြိုတင် သတ်မှတ်ထားတာ မရှိပါဘူး ။ ကံ ကံရဲ့  အကျိုးကြောင့် အကြောင်းအရာ တချို့ နဲ့  မလွှဲမသွေ ကြုံရမယ် ဆိုပေမဲ့ ၊ ဖြစ်လာမဲ့ အကျိုးဆက်တွေကတော့ ကိုယ့်ရဲ့  ကြိုးစားမှု အပေါ်မှာပဲ မူတည်တာပါ ။

လုပ်ခဲ့ဖူးတဲ့ ကောင်းမှုတွေရဲ့  ကံကြောင့် ထီပေါက် ချင်ပေါက်မယ် ၊ အဲဒီ ထီပေါက်လို့  ရတဲ့ ပိုက်ဆံ ကိုယ့်လက်ထဲမှာ မြဲမမြဲကတော့ ကိုယ်ဘာဆက် လုပ်မလဲ ဆို တဲ့ လုပ်ရပ် ပေါ်မှာပဲ မူတည်ချင် မူတည်မယ် ။ အသက် ရာကျော် နေရမဲ့ ကံပါလာ ပါတယ် ၊ ဒါပေမဲ့ ကျန်းကျန်းမာမာ နဲ့  နေရမှာလား ၊ အိပ်ရာထဲ လဲနေတဲ့ အခြေအနေနဲ့  ဖြတ်သန်းရမှာလား ဆိုတာကတော့ ကံနဲ့  ဆိုင်ချင်မှ ဆိုင်မယ် ။ လူတိုင်းကြား ဖူးတဲ့ စကား တစ်ခု ရှိတယ် ။ ဖူးစာ မှန်ရင် ဆုံကို ဆုံရမယ်တဲ့ ။ ဖူးစာကိုပဲ ယုံပြီး ထိုင်စောင့် နေရင်တော့ ဦးရာလူနဲ့  အရင်ပါသွားပြီးမှ ကိုယ်နဲ့  ပြန်ဆုံရတဲ့ အဖြစ်မျိုးနဲ့  ကြုံချင် ကြုံရလိမ့်မယ် ။

ကျွန်တော့် အမြင်ကတော့ ဘ၀ဆိုတာ ရေးထားပြီးသား စာအုပ် တစ်အုပ် မဟုတ်ပါဘူး ။ ဘ၀ဆိုတာ အကောင်းအဆိုး ဘယ်လို အခြေအနေ မျိုး နဲ့ ပဲ ကြုံလာလာ ကိုယ့် အားထုတ်မှုရဲ့  ရလဒ်ကို မှတ်တမ်းတင်မဲ့ စာအုပ် အလွတ် တစ်အုပ်ပါ ။ ။

Sunday 27 August 2017

ဆေးမီးတို

ဆေးမီးတို လို့  ဆိုပေမဲ့ အခုပြောချင်တာ ဆေးကုသ တဲ့ အကြောင်းနဲ့  ဘာမှ မဆိုင်ပါဘူး ။ ကျွန်တော့်ရဲ့  ထော်လော်ကန့် လန့်  နိုင်တဲ့ အကျင့် တစ်ခု အကြောင်းပါ ။ Boiler Room ဆိုတဲ့ ရုပ်ရှင်ကားဟာ ကျွန်တော့် အကြိုက်ဆုံး ရုပ်ရှင်ကားတွေထဲက တစ်ကားပါ ။ ကြည့်ဖြစ်ခဲ့တာ ၁၆ နှစ် ကျော်လောက် ရှိပြီး ထင်တယ် ။ အခု လက်ရှိ နာမည်ကြီး မင်းသားတွေ ဖြစ်တဲ့ Vin Diesel နဲ့  Ben Affleck ပါပေမဲ့ အဲဒီကား မှာတော့ သူတို့ က အဓိက သရုပ်ဆောင်တွေ မဟုတ်ကြဘူး ။

အဓိက ဇာတ်လမ်းကတော့ Boiler Room လို့  လူတွေ သိကြတဲ့ တယ်လီဖုန်းနဲ့  အစုရှယ်ရာတွေ လိမ်ရောင်းပြီး ငွေတွေလိမ် နေကြတဲ့ ကုမ္ပဏီတွေ အကြောင်းပါ ။ ဒါပေမဲ့ ဇာတ်လမ်းထဲက မင်းသား (အဓိက သရုပ်ဆောင် Giovanni Ribisi) နဲ့  သူ့ အဖေ ရဲ့  စိတ်ဝင် စား စရာ အမှတ်တရ အဖြစ်တခုက ဒီကားကို ကျွန်တော့် အကြိုက်ဆုံး ရုပ်ရှင် တကား ဖြစ်စေခဲ့တာပါ ။

ဇာတ်လမ်း အလယ်လောက်မှာ မင်းသားက မင်းသမီးကို သူ့ အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရ တွေထဲက တစ်ခု အကြောင်း ပြောပြတယ် ။ သူ ၁၀ နှစ်သား အရွယ်မှာ သူ့  အဖေက သူ့ ကို စက်ဘီး အသစ်တစ်စီး ၀ယ်ပေးတယ် ။ တနေ့  အဲဒီ စက်ဘီးလေးနဲ့  လမ်းပေါ်မှာ သူဆော့နေရင်း ခြေချော်ပြီး ခြေနင်းတန်နဲ့  ရိုက်မိပြီး သူ့  ခြေထောက် ကျိုးသွားတယ် ။ ဒါပေမဲ့ စက်ဘီးက ချက်ချင်း မှောက်မသွားပဲ ကုန်းဆင်းလေး အတိုင်း ဆက်လိမ့် သွားနေတယ် ။ သူလဲ ကြောက်လန့် ပြီး စက်ဘီးပေါ်က ခုန်ဆင်းလိုက်တော့ ရပ်ထားတဲ့ ကားတစ်စီးရဲ့  နောက်နားမှာ လဲကျသွားတယ် ။ အဲဒီနေရာမှာ ပြန်မထ နိုင်ပဲ လဲကျနေတာ နာရီ ၀က်လောက်ကြာ သွားတယ် ။

လမ်းထိပ် ဖက်ကနေ သူ့ နာမည်ကို အော်ခေါ်နေတဲ့ သူ့  အဖေရဲ့  အသံကို သူကြားရတယ် ။ သူ့ အဖေ လာခေါ်တော့မယ် ဆိုတာ သိတော့ သူတော်တော်လေး ပျော်သွားတယ် ။ ကားနားကို ရောက်လာတဲ့ သူ့  အဖေကို သူမော့်ကြည့်လိုက်တယ် ။ သွေးအိုင်ထဲ လဲနေတဲ့ သူ့ ကို ကြည့်ပြီး ပြောမပြ တတ်အောင် နာကျင် ကြေကွဲ နေတဲ့ သူ့ အဖေရဲ့  မျက်နှာကို မြင်တော့ ၊ သူ့ အဖေ သူ့ ကို ဘယ်လောက် အထိ ချစ်သလဲဆိုတာကို ပထမဆုံး အကြိမ် သူ သတိပြုမိ ခဲ့တယ် ။

အဲဒီအချိန်မှာပဲ သူ့ အဖေက မတ်တပ် ရပ်နေတဲ့ အနေထေားကနေ သူ့ အနားကို ကုန်းချ လိုက်ပြီး သူ့  မျက်နှာကို ရုတ်တရက် ဖြတ်ရိုက်လိုက်တယ် ။ ပြောပြ နေတာကို နားထောင် နေတဲ့ မင်းသမီးက ဘာလို့  လဲလို့  မေးတော့ ၊ မင်းသားက သူလဲ မပြော တတ်ဘူးတဲ့ ။ သူ့  အဖေ သူ့ ကို စိတ်ဆိုး လို့ လဲ ဖြစ်ချင် ဖြစ်မယ် ၊ ဘာလုပ်ရမှန်း မသိလို့  လဲ ဖြစ်ချင် ဖြစ်မယ် ၊ သူ့ ကို အား မရလို့ လဲ ဖြစ်ချင်ဖြစ်မယ် ၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် အဲဒီ အကြောင်းကို သူ ဂရုမစိုက် တော့ဘူးတဲ့ ။ သူအခု အချိန်ထိ အမှတ်တရ နဲ့  သတိရနေ သေးတာက အဲဒီနေ့ က သွေးအိုင်ထဲ လဲနေတဲ့ သူ့ ကို ကြည့်နေတဲ့ သူ့ အဖေရဲ့  အကြည့်တဲ့ ။

အဲဒီ အပိုင်းလဲ ပြီးရော သူ့ အဖေ သူ့ ကို ဘာလို့  ရိုက်ရတာလဲ ဆိုတဲ့ အကြောင်းက ကျွန်တော့် အတွက် စိတ်ဝင်စား စရာ ဖြစ်ခဲ့တယ် ။ ဇာတ်လမ်း အဆုံးနားမှာ မင်းသားက သူ့ အဖေ ရုံးခန်းက စားပွဲပေါ်မှာ ထောင်ထားတဲ့ သူနဲ့ သူ့ အဖေ စက်ဘီးနားမှာ ရပ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို ကိုင်ပြီး ၊ သူ ၁၀ နှစ်သား တုန်းက အဲဒီနေ့  ကို မှတ်မိ သေးလား? သူခြေထောက် ကျိုး တဲ့ အဖြစ်ကိုရော မှတ်မိသေးလား? ဆိုပြီး သူ့  အဖေ ဖြစ်စေချင်တဲ့ ပုံစံနဲ့  သားတစ်ယောက် ဖြစ်လာအောင် မလုပ်နိုင်ခဲ့တဲ့ အတွက် တောင်းပန် ရင်းနဲ့  ငိုတယ် ။ အဖေ ဖြစ်သူက အဲဒီ နေ့  က အဖြစ် အကြောင်းဘာမှ ဆက်မပြောပဲ စကားလမ်း ကြောင်းက တခြား အကြောင်းတွေ ဖက်ရောက်သွားတယ် ။ အဲဒါနဲ့ ပဲ သူ့ အဖေ သူ့  ကို အဲဒီနေ့ က ရိုက်လိုက်တာ သူ့ ကို အားမရတဲ့ စိတ်ကြောင့် ဖြစ်မယ်လို့  ပဲ နားလည် ထားလိုက်တယ် ။

ကျွန်တော့်မှာ ရှိတဲ့ ထော်လော်ကန့် လန့်  နိုင်တဲ့ အကျင့်တစ်ခု အကြောင်း ကို ကြားဖြတ်ပြီး ပြော လိုက်ဦးမယ် ။ ကျွန်တော့်ကို အခြားသူတွေက သူတို့ ကြုံတွေ့  နေရတဲ့ စိတ်ညစ်စရာတွေ ၊ အခက်အခဲတွေကို ပြောပြလာတဲ့ အခါမှာ ကျွန်တော် လုပ်တတ်တဲ့ ဘုကျကျ အကျင့် တစ်ခုက ၊ အဲဒီ သူတွေကို ပိုပြီး ဆိုးရွားတဲ့ အခြေအနေ တွေကိုပြောပြ ပြီး တုန့် ပြန် တတ်တယ် ။ အဲဒီ အကျင့် ကြောင့်လဲ အကြိမ်ကြိမ် လူမုန်းခံခဲ့ရတယ် ။

အလုပ်ရှင်က ဆူလိုက်လို့  မကျေမနပ် ဖြစ်နေတဲ့ သူငယ်ချင်းကို နင့်ကို ဆူပဲဆူလိုက်တာ ကံကောင်းတယ် အလုပ်ထုတ် လိုက်ရင် ပိုဆိုးမယ် ဆိုတာမျိုး ၊ ချော်လဲလို့  ဒူးကွဲပြီး နာကျင်နေတဲ့ သူငယ်ချင်းကို ဒူးကွဲတာ လောက်ပဲ ဖြစ်တာ ကံကောင်းတယ် ဒီထက်ဆိုးတာတွေ အများကြီး ငါမြင်ဖူးတယ် ဆိုတာမျိုး ကျွန်တော် တုန့် ပြန်တတ်တယ် ။ အဲဒီလို တုန့်  ပြန်တာကို တော်တော်များများက ကြားချင်မှာ မဟုတ်ဘူး ဆိုတာ သိတယ် ။ သူတို့  မမှား ဘူးလို့  ပြောတာမျိုး ၊ သူတို့  နဲ့  အတူ ခံစားရ ပါတယ် ဆိုတာမျိုး ပြန်ပြောတာကိုပဲ အားလုံး လိုလိုက ကြားချင် ကြတယ် ဆိုတာလဲ သိပါတယ် ။ ဒါပေမဲ့ တခါတခါ အကောင်းဖက်က လှည့်ပြီး ပြောပေးဖို့  မဖြစ်နိုင်တဲ့ အခါတွေ ရှိတယ် ။ တခါတခါ ပြောချင် ပေမဲ့ ပြောစရာ စကား ရှာမရတဲ့ အခါတွေ ရှိတယ် ။ ကျွန်တော့်ရဲ့  ရည်ရွယ်ချက်က သူတို့  လက်ရှိ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ထိုင်တွေးပြီး စိတ်ညစ် နေမဲ့ အစား ၊ ခဏလောက် လေးပဲ ဖြစ်ဖြစ် ငါ ဒီလောက်ပဲ ဖြစ်တာ ကံကောင်းတယ်ကွာလို့  သူတို့ ရဲ့  အမြင်တွေကို ပြောင်းပေးလိုက် စေချင်တယ် ။

အပေါ်က ရုပ်ရှင် အကြောင်း ပြန်ဆက်ရရင် ဇာတ်လမ်းဆုံး ခါနီးမှာ မင်းသားကြောင့် သူ့ အဖေ အဖမ်းခံ ရတယ် ။ သားဖြစ်တဲ့ သူက သူ့ အဖေနဲ့  ဘာမှမဆိုင်ကြောင်း ရဲတွေကို ငြင်းတယ် ။ ငိုပြီး တောင်းပန်နေတဲ့ သား နားမှာ ထိုင်ပြီး အဖေဖြစ်သူက ပြောတယ် ။ အဲဒီနေ့ က ကားနားမှာ မင်းကိုတွေ့ တဲ့ အချိန်ဟာ ငါ့ ဘ၀မှာ စိတ်မကောင်း အဖြစ်ရဆုံး အချိန်ပါတဲ့ ။ အဲဒီအချိန်မှာ ငါလုပ်ချင်တာ တစ်ခုပဲ ရှိတယ် ။ မင်းကို နာကျင်နေတာတွေ အားလုံး မေ့သွားအောင် လုပ်ပေး စေချင်တယ်တဲ့ ။ အဲဒီတော့မှ သူဘာလို့  သူ့ သားကို ရုတ်တရက် ရိုက်လိုက် တာလဲ ဆိုတဲ့ အကြောင်းမှန်ကို နားလည် လိုက်တယ် ။

အဲဒီလို တုန့် ပြန်တဲ့ ပုံက ရောဂါ တစ်ခုကို ဆေးမီးတိုနဲ့  ကုသ သလိုပါပဲ ၊ အချိန်တိုတိုနဲ့  ထိရောက်မှု ရှိသွားတဲ့ အခါလဲ ရှိတယ် ။ ခဏတာ အတွက်ပဲ အဆင်ပြေ သွားတဲ့ အခါတွေလဲ ရှိတယ် ။ ဘာပဲဖြစ်ဖြစ်ပါ သေချာတာ တစ်ခုက လက်ရှိ ခံစားနေရတာတွေကို သက်သာ သွားစေမယ် ၊ ခဏတာ မေ့သွား စေမယ် ဆိုတာတော့ သေချာတယ် ။ အဲဒါကြောင့် ကျွန်တော့်ရဲ့  ဘုကျကျနဲ့  တုန့်  ပြန် တတ်တဲ့ အဲဒီ အကျင့်ကိုလဲ ကိုယ့်ဘာသာ ကိုယ် “ဆေးမီးတို” လို့  နာမည် ပေးထားတယ် ။ ။

Friday 26 May 2017

ယောက်ျားလေး နဲ့  မိန်းကလေး



ယောက်ျားလေးနဲ့ မိန်းကလေး တွေးခေါ်ပုံချင်း မတူကြဘူး ။ ဦးနှောက် အလုပ်လုပ် ပုံချင်း မတူကြဘူး ။ ယောက်ျားလေး တွေရဲ့  ဦးနှောက် ဖွဲ့ စည်းပုံနဲ့  အလုပ်လုပ်ပုံက ရိုးရှင်းသလောက် မိန်းကလေးတွေရဲ့  ဦးနှောက် ကတော့ ရှုပ်ထွေးလှတယ် ။

ယောက်ျားလေး တွေရဲ့  ဦးနှောက်ထဲမှာ အခန်းငယ်လေးတွေ အများကြီး ရှိတယ် ။ ကိုယ့်ချစ်သူ အတွက် သီးသန့်  အခန်း တစ်ခန်းရှိမယ် ။ ကိုယ်ဝါသနာ ပါတဲ့ အရာ အတွက် သီးသန့်  တစ်ခန်းရှိမယ် ။ အလုပ်အကိုင် အတွက် သီးသန့်  တစ်ခန်း ရှိမယ် ။ ယောက္ခမတွေ အတွက် ချောင်ကျကျ နေရာမှာ သီးသန့် အခန်း သေးသေးလေး တစ်ခန်း ရှိမယ် ။ အဲဒီလိုမျိုး ယောကျာ်းလေး တွေရဲ့  ဦးနှောက်ထဲမှာ အကြောင်းအရာ အားလုံးကို သီးသန့်  အခန်းလေးတွေနဲ့  မရောနှော ရအောင်သေချာ သိမ်းထားတယ် ။

ယောက်ျားလေး တွေရဲ့  ဦးနှောက်က အကြောင်းအရာ တစ်ခုကို တွေးတော့မယ် ပြောတော့မယ် ဆိုရင် အဲဒီ အကြောင်းအရာနဲ့  ဆိုင်တဲ့ အခန်းထဲကို သွားတယ် ။ အဲဒီသီးသန့်  အခန်းထဲမှာ သိမ်းထားတဲ့ အကြောင်းအရာ ကိုပဲ တွေးတယ် ပြောတယ် ။ ပြီးရင် အခြားအခန်းတွေ ထဲက အကြောင်းအရာ တွေနဲ့  မရောအောင် သေချာ ဂရုစိုက်ပြီး အခန်းကို ပြန်ပိတ်ခဲ့တယ် ။

မိန်းကလေး တွေရဲ့  ဦးနှောက် ထဲမှာတော့ အခန်း တခန်းပဲ ရှိတယ် ။ အကြောင်းအရာ အားလုံးကို အတူတူ ရောပြီး တနေရာ ထဲမှာ စုပုံပြီး သိမ်းထားတယ် ။ အဲဒီလို သိမ်းထားတဲ့ အတွက် အကြောင်းအရာ အားလုံးက တစ်ခုနဲ့  တစ်ခု ချိတ်ဆက် နေကြတယ် ။ မိန်းကလေးတွေ အကြောင်းအရာ တစ်ခုကို တွေးတော့ ပြောတော့ မယ်ဆိုရင် အလုပ်အကိုင် အကြောင်းပြောနေ ရင်းနဲ့  ကားအသစ် ၀ယ်စီးတဲ့ သူငယ်ချင်း အကြောင်းကို ပြောင်းချင် ပြောင်းသွားမယ် ။ ကလေးတွေ အကြောင်း ပြောနေရင်း ကနေ ယောက္ခမတွေ အကြောင်း ရောက်ချင် ရောက်သွားမယ် ။ အဲဒီကနေမှ မျိုးရိုး စဉ်ဆက်တွေ အကြောင်းကို ကူးချင် ကူးသွားမယ် ။ မိန်းကလေးတွေရဲ့  ဦးနှောက် အလုပ်လုပ်ပုံက ယောက်ျား လေးတွေနဲ့  လုံးဝ မတူဘူး ။ အကြောင်း အရာတစ်ခုကို စလိုက်တာနဲ့  တခြားအကြောင်းအရာ တွေက အလိုလို ပူးတွဲပြီး ပါလာတယ် ။

ယောက်ျားလေးတွေရဲ့  ဦးနှောက်ထဲမှာ ဘာဆိုဘာမှ သိမ်းမထားတဲ့ အခန်း တစ်ခန်းရှိတယ် ။ အဲဒီ အခန်း လွတ်လေးက ယောက်ျားလေး တွေရဲ့ အနှစ်သက်ဆုံး အခန်းလဲ ဖြစ်တယ် ။ ယောက်ျားလေး တွေဟာ အခါသင့်တိုင်း အဲဒီ ဘာမှမရှိတဲ့ အခန်းလွတ်ထဲ သွားပြီး ဘာအကြောင်းအရာ ကိုမှ မတွေးပဲ နေတတ်ကြတယ် ။ မိန်းကလေး တွေကတော့ အဲဒီလို မနေနိုင် ကြဘူး ။ သူတို့  ဦးနှောက်ထဲမှာ ယောက်ျား လေးတွေလို ဘာမှ မရှိတဲ့ နေရာလွတ် မရှိဘူး ။ သူတို့ အတွေးထဲမှာ အကြောင်းအရာ တစ်ခုခု အမြဲတမ်း ရှိနေ တတ်တယ် ။ အဲဒီ အကြောင်းအရာ ကလဲ အခြား အကြောင်းအရာ တွေနဲ့ အမြဲတမ်း ချိတ်ဆက်နေတယ် ။

အဲဒါကြောင့် မိန်းကလေးတွေက “ရှင်ဘာတွေ တွေးနေတာလဲ” လို့  မေးရင် “ငါဘာမှ မတွေးပါဘူးကွာ” ဆိုတဲ့ ယောက်ျားလေး တွေရဲ့  အဖြေကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး ။ ယောက်ျားလေးတွေရဲ့  ဦးနှောက်ထဲက ဘာမှ မရှိတဲ့ အခန်းလွတ် အကြောင်းကို သူတို့  မသိကြဘူး ။ ယောက်ျားလေး တွေဟာ ဘာကိုမှ မတွေးပဲလဲ နေလို့  ရတယ် ဆိုတာကို သူတို့  နားလည် မှာမဟုတ်ဘူး ။ ။


အောက်က video ကို ကြည့်ပြီး နှစ်သက်မိတဲ့ အချက်တွေကို နားလည် သလို ပြန်ရေးထားတာပါ

Sunday 20 November 2016

ယုံကြည်မှု ၂

ကျွန်တော် ၁၀ တန်း နှစ် တုန်းက တက်ခဲ့ ဖူးတဲ့ ရူပဗေဒ ကျူရှင် တစ်ခုက ဆူးလေ ဘုရား နားကပါ ။ ဘုရားတွေ နဲ့  ပတ်သက်ပြီး ဆရာ ပြောဖူးတဲ့ ဟာသ တစ်ခုကို “ငုတ်တုတ် ဗုဒ္ဓ“  ဆိုပြီး ကျွန်တော် post တစ်ခု ရေးဖူး ပါတယ် ။ ဆရာ က ဘိုးတော် မယ်တော် ကိုးကွယ် မှုတွေကို ပြင်းပြင်း ထန်ထန် ဝေဖန် တတ်တယ် ။ ဆရာ ပြောတာက ဘိုးတော် မယ်တော် ဆိုပြီး ကြည့်လိုက်ရင် အရက် ကြိုက်တဲ့ သူနဲ့  ၊ လောင်းကစား သမားနဲ့  ၊ ကြက်တိုက်တဲ့ သူနဲ့  ၊ သူတို့ ကို ကိုးကွယ်တဲ့ သူတွေက သူတို့ ကို ဆေးလိပ်တို့  ၊ အရက်တို့  ဆက်ရ တယ်တဲ့ ။ လေးစား  ကြည်ညို စရာတွေ တစ်ခုမှ မရှိ ဘူးတဲ့ ၊ ကိုးကွယ်ဖို့  မသင့်တဲ့ သူတွေတဲ့ ။

ယုံယုံ ကြည်ကြည်နဲ့  ကိုးကွယ်နေ ကြတဲ့ သူတွေကို မှားတယ် မှန်တယ်လို့  ကျွန်တော် ငြင်းခုန်မှာ မဟုတ် ပေမဲ့ ၊ ဆရာ ရည်ရွယ်ပြီး ပြောတဲ့ ဘိုးတော် မယ်တော် အချို့  အပေါ် ဆရာ့ရဲ့  အမြင်ကိုတော့ ကျွန်တော် ထောက်ခံတယ် ။ ကျွန်တော် ဘိုးတော်တွေ ၊ မယ်တော်တွေ တန်ခိုးရှင်တွေ ရှိတာကို ယုံကြည် ပါတယ် ။ ကြုံလို့  ဘိုးဘိုးကြီး နတ်နန်းတို့  ဘာတို့  မှာ ဦးချပြီး ဆုတောင်း လိုက်တာက လွဲရင် သီးသီး ခြားခြား တော့ ဘိုးတော် ၊ မယ်တော် တွေကို ထူးထူးထွေထွေ ကိုးကွယ် မှု မရှိပါဘူး ။  ဒါပေမဲ့လဲ မှတ်မှတ် ရရ အဖြစ် နှစ်ခု ကျွန်တော့်မှာ ရှိခဲ့ ဖူးတယ် ။

မြန်မာ ပြည်မှာ အခေါက်ရေ အများဆုံး ကျွန်တော် သွားခဲ့ ဖူးတဲ့ ခရီးက ကျိုက်ထီးရိုး ဘုရား ဖူးပါ ။ ကျိုက်ထီး ရိုး ဒေသဟာ တန်ခိုးကြီး ဘုရားတည်ရှိရာ ဒေသ ဖြစ်သလို ၊ နတ်ရိုးရာ ကိုးကွယ်မှု အားကောင်းတဲ့ ဒေသ တစ်ခု လဲ ဖြစ်ပါတယ် ။ မှတ်မှတ် ရရ အဖြစ် တစ်ခု ကတော့ သူငယ်ချင်း တစ်စုနဲ့  သွားဖြစ်ခဲ့တဲ့ ကျိုက်ထီးရိုး ခရီးတစ်ခု မှာပါ ။ ကျွန်တော်တို့  သူငယ်ချင်း တစ်စု ရသေ့တောင် ကို သွားမယ်ဆိုပြီး တည်းနေတဲ့ ထမင်းဆိုင် ကနေ ထွက်လာခဲ့ ကြတယ် ။ ဘုရား ရင်ပြင်တော် အကျော်လေး ရောက်တော့ တောလမ်းကနေ တက်လာတဲ့ ဘုန်းကြီး တစ်ပါးကို တွေ့  တယ် ။ ဒီတောလမ်းက ဘယ်ကို သွားတာလဲ ဘုန်းဘုန်း ဆိုပြီး မေးကြည့်တော့ ဘုန်းဘုန်း ကျောင်းက အဲဒီ အောက်နားလေးမှာတဲ့ ၊ ကျွန်တော်တို့ က ရသေ့တောင်ကို သွားမလို့  ဆိုတော့  ဒီလမ်းကနေ ရသေ့တောင်ကို သွားချင်လဲ ရတယ်  ပိုနီးတယ်တဲ့ ။ အဲဒါနဲ့ ပဲ ကျွန်တော်တို့  သူငယ်ချင်း တစ်စု ရသေ့တောင်ကို တောလမ်းက သွားဖို့  ဆုံးဖြတ်လိုက် ကြတယ် ။

မသွားခင်မှာ သူငယ်ချင်း တစ်ယောက်က ရွှေနန်းကျင် နတ်နန်းကို သွားချင်တယ် ၊ သူ့ အိမ်က မှာလိုက်တာလေး အရင် သွားလုပ်ချင်တယ် ဆိုတော့ ကျန်တဲ့ သူငယ်ချင်း တွေက တောလမ်းကို ဆင်းတဲ့ နေရာ နားမှာ စောင့်ကျန် ခဲ့ပြီး ကျွန်တော်ရယ် သူရယ် ရွှေနန်းကျင် နတ်နန်းကို ထွက်လာခဲ့တယ် ။ ကျွန်တော် မြင်သလောက် ကတော့ ရွှေနန်းကျင် နတ်နန်းကို လာတဲ့ သူအများစုက ကျန်းမာရေး အတွက် ဆုလာတောင်း ကြတာပါ ။ ခေါင်းကိုက် နေတဲ့ လူနာ အတွက် ရုပ်တုခေါင်းကို ကိုင်ပြီး ရောဂါ ပျောက်ကင်း အောင်  ဆုတောင်း ကြတယ် ။ ခြေလက် ဝေဒနာ တွေ အတွက် ခြေလက် တွေကို ကိုင်ပြီး ဆုတောင်း တတ်ကြတယ် ။ ကျွန်တော့် သူငယ်ချင်း ကလဲ သူ့ အိမ်ကမှာ လိုက်တဲ့ အတိုင်း  လှူစရာ ရှိတာလှူပြီး သူ့  အဖိုးရဲ့  ကျန်းမာရေးအတွက် ဆုလာတောင်း တာပါ ။ ကျွန်တော်လဲ သူနဲ့  အတူတူ လိုက်လာပြီးမှ ဘာဆုတောင်းရမှန်း မသိတာနဲ့  အခု တောလမ်းကနေ သွားမဲ့ ခရီးလမ်းမှာ ကျွန်တော်တို့  သူငယ်ချင်းတွေ အန္တရာယ် ကင်းပါစေ လို့  ပဲ ဆုတောင်း လိုက်တယ် ။

ကျွန်တော်တို့  အုပ်စု တောလမ်းထဲ စဆင်းပြီး ဘုန်းဘုန်းရဲ့  ကျောင်းကို ကျော်ပြီး မကြာခင်မှာပဲ မှားပြီး ဆိုတာ အားလုံး သိလိုက် ကြတယ် ။ လမ်းက လူအများ သွားလာ နေတဲ့ လမ်းမဟုတ် တဲ့ အတွက် တော်တော်လေး ကြမ်းပါတယ် ။ လမ်း ညွှန်တွေလဲ မရှိ သလို ၊ ကိုယ် သွားနေတဲ့ လမ်း နဲ့  ရောက်ချင်တဲ့ နေရာ မှန်နေ လား ၊ မှားနေလား ဆိုတာလဲ မသိနိုင် ပါဘူး ။ အချို့ နေရာ တွေက သွားသာ သွားနေကြတယ် လူသွား လမ်း ဟုတ်မဟုတ် တောင် မသေချာ ပါဘူး ။ တောင်ပေါ်ကို မော့ကြည့်လိုက် မှန်တယ်လို့  ထင်တဲ့ ဖက်ကို ရမ်းသန်းပြီး သွားလိုက်နဲ့  တောင်အောက်ကို မှန်းပြီး ဆင်းခဲ့ကြတယ် ။ တောင်အဆင်း လမ်းတွေက တော်တော်လေး မတ်တယ် ။ အဆင်းတုန်း ကတော့ သိပ် မပင်ပန်းပဲ ဆင်းနိုင် ခဲ့ကြပေမဲ့ နောက်ပြန်လှည့် ဖို့  ကြိုးစားတဲ့ အခါမှာတော့ ငါတို့  တော့ ကိုယ့် ဒုက္ခ ကိုယ်ရှာ မိပြီး ဆိုတာ သိလိုက် ကြတယ် ။ လာလမ်းအတိုင်း ပြန်တက်ဖို့  မလွယ် မှန်းသိလိုက် ကြတော့  ရှေ့ကိုသာ ဆက်ပြီး ဆင်းခဲ့ကြတယ် ။

တောင်အောက်ခြေကို အပေါ်က လှမ်းကြည့်တုန်း ကတော့ နီးနီးလေး လို့  ထင်ခဲ့ပေမဲ့ တကယ် တမ်း ဆင်းတော့ တောင်အောက်ခြေကို ရောက်နေပြီးလား ၊ အဆင်းလမ်းမှာ ပဲရှိနေသေးလား ၊ အခြားတောင် တစ်ခုကို ပြန်တက် နေပြီးလား မသေချာပဲ အတက်အဆင်း လမ်းတွေနဲ့ ပဲ တောထဲမှာ တော်တော် ကြာသွား ကြတယ် ။ ကိုယ်မှန်တယ် ထင်တဲ့ လမ်းဖက်ကို ရမ်းပြီး သွားနေ ကြရင်းနဲ့  ၂ နာရီလောက် သာကြာသွားတယ် ရသေ့တောင်နဲ့  ပိုပို ပြီးဝေးသွား သလို ဖြစ်နေတယ် ။ ကိုယ်ဘယ်နေရာ ရောက်နေမှန်း လဲ ဘယ်သူမှ မသိကြ သလို ၊ ကိုယ်သွားနေတဲ့ လမ်းက မှန်နေလား မှားနေလား ဆိုတာကိုလဲ ဘယ်သူမှ မသေချာ ကြဘူး ။ ကျိုက်ထီးရိုး တ၀ိုက်က တောင်တိုင်း လိုလိုမှာ ဘုရားတွေ ရှိတယ် ၊ ရသေ့တောင် နဲ့  လမ်းလွဲ နေရင်တောင် လမ်းဆုံးရင်တော့ ဘုရား တစ်ဆူဆူ ဒါမှမဟုတ် ဘုန်းကြီးကျောင်း တစ်ခုခုကိုတော့ ကျိန်းသေ တွေ့  လိမ့်မယ် ။ အဲဒီတော့မှ လမ်းမေးပြီး ပြန်မယ် ဆိုပြီး ရှေ့ဆက် ခဲ့ ကြတယ် ။

တောထဲမှာ လူတစ်ယောက်မှ မတွေ့ ခဲ့ ပေမဲ့ စမ်းချောင်း တစ်ခုနဲ့  ဆောက်လက်စ ဇရပ် သေးသေးလေး တစ်ခု ကိုတော့ တွေ့ ခဲ့တယ် ။ တော်တော်လေး ပင်ပန်း နေပြီး ဖြစ်တဲ့ ကျွန်တော်တို့  သူငယ်ချင်း တစ်စု တောထဲမှာ လမ်းမြင်တိုင်း လျှောက်သွားနေရင်းနဲ့  လမ်းဆုံ တစ်ခုကို ရောက်လာတယ် ။ အရင်လမ်းဆုံ တွေတုန်းက တောင်ပေါ်ကို မော့ကြည့်လိုက် ၊ လမ်းမှန် တယ်လို့  ထင်တဲ့ ဖက်ကို လွယ်လွယ်လေး ရွေးလိုက် လုပ်ခဲ့ ကြပေမဲ့ ဒီတစ်ခါတော့ အားလုံးလဲ ပင်ပန်းနေ ကြပြီးဖြစ်လို့  လမ်းမှား ရွေးမိ မှာကို ကြောက်နေ ကြတယ် ။ ကျွန်တော်က အကြွေစေ့ နဲ့  ပန်းခေါင်း လှန်ပြီး ရွေးမယ် ဆိုတော့ အားလုံး သဘောတူ ကြတယ် ။ အကြွေစေ့ မမြောက်ခင် ရွှေနန်းကျင် နတ်နန်းမှာ ဒီခရီး လမ်းအတွက် အန္တရယ် ကင်းဖို့  ဆုတောင်း ခဲ့တာကို သတိရ မိလို့  စိတ်ထဲကနေ ဒီတစ်ခါတော့ အနီးဆုံး လမ်းအမှန်ကို ရွေးမိပါစေ လို့  ဆုတောင်း ဖြစ်လိုက်တယ် ။

ကျွန်တော်တို့  ရွေးလိုက်တဲ့ လမ်းအတိုင်း သွားပြီး မကြာခင်မှာပဲ သစ်ခုတ်နေတဲ့ သူ ၂ ယောက်နဲ့  တွေ့  တယ် ။ လူအသွား အလာ မရှိသလောက် နည်းတဲ့ တောလမ်း အတိုင်း ထွက်လာတဲ့ ကျွန်တော်တို့  အုပ်စုကို ကြည့်ပြီး အံ့သြ နေကြတယ် ။ သူတို့  ကို မေးကြည့်တော့ ဒီလမ်း အတိုင်း ဆက်သွား ရင် ရသေ့တောင်ခြေ စခန်းကို ရောက်တယ် လို့  လမ်းညွှန် ပေးလိုက်တယ် ။ အဲဒီလို နဲ့ ပဲ  ပုံမှန် လမ်းအတိုင်း သွားရင် နာရီပိုင်း တောင် မကြာတဲ့ ရသေ့တောင်ခြေ စခန်းကို သွားတဲ့ ခရီးက ၊  နီးချင်လို့  လျှာရှည်ပြီး တောလမ်းက ဆင်းလာမိတဲ့ ကျွန်တော်တို့  သူငယ်ချင်းတွေ အတွက်တော့ တောထဲမှာ ၄ နာရီလောက် ကြာခဲ့တယ် ။

ညဖက် ရင်ပြင် ပေါ်မှာ ထိုင်နေကြရင်း နေ့ ခင်းက လမ်းမှားတဲ့ အကြောင်းတွေ ပြန်ပြော နေကြတာကို ကြားတော့ ကျွန်တော်တို့  ဘေးနားမှာ ထိုင်နေတဲ့ ဘုရားပေါ်က ၀န်ထမ်း ဖြစ်ပုံ ရတဲ့ လူကြီး တစ်ယောက်က မင်းတို့  ကံကောင်းတယ် ၊ လမ်းမှားပြီး အခန့်  မသင့်ရင် ဒီတောထဲမှာ ဖြတ်သွားတတ်တဲ့ လက်နက်ကိုင် အဖွဲ့ နဲ့  တွေ့ နိုင် တယ်တဲ့ ။ အဲဒီ အချိန်တုန်းက အစိုးရ နဲ့  ဘယ်လက်နက် ကိုင်အဖွဲ့ မှ ငြိမ်းချမ်းရေး ယူထားတာ မရှိ သေးတဲ့ ကာလပါ ။ သူပြော သလို အဖွဲ့  နဲ့  တောထဲမှာ ဆုံမိခဲ့ ရင် ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင် သလို ၊ ပန်းခေါင်း မြှောက် တုန်းကသာ အခြား လမ်း တစ်ဖက်ကို ရွေးမိခဲ့ ရင်လဲ ကျွန်တော်တို့ တွေ တောထဲမှာ ဘယ်လောက် ထပ် ကြာပြီး ဘယ်နေရာကို ရောက်သွားမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါ ။

ကျွန်တော်တို့  အဲဒီနေ့ က ကံကောင်းခဲ့ ကြတယ် ။ လိုရာ အရပ်ကို အန္တရာယ် ကင်းကင်းနဲ့  ရောက်ခဲ့ ကြတယ် ။ တွေ့ ကရာ စမ်းချောင်းထဲ က ရေတွေ အလွယ် တကူ ခပ်သောက်ခဲ့ ကြပေမဲ့လဲ ရောဂါ ကင်းခဲ့ ကြတယ် ။ ပန်းခေါင်း လှန်ပြီး ရွေးချယ် ခဲ့တဲ့ လမ်းကလဲ လမ်းအမှန် ဖြစ်ခဲ့တယ် ။ အဖြစ် အပျက် အားလုံးက တိုက်ဆိုင် မှု သက်သက် တွေပဲ ဖြစ် ချင်လဲ ဖြစ်မယ် ၊ ကျွန်တော် ဆုတောင်း မိတဲ့ နတ်တွေပဲ ဖြစ်ဖြစ် ၊ အခြား သူတော်စင် တွေကပဲ ဖြစ်ဖြစ် ကျွန်တော် တို့ ကို အန္တရယ် ကင်းအောင် ကြည့်ရှု ပေးခဲ့ တာလဲ ဖြစ်ချင် ဖြစ်မယ် ၊ ဘယ်ကြောင့် ဆိုတာ ဘယ်သူမှ သေချာ မပြော နိုင်ပေမဲ့ အဲဒီ နေ့ က နတ်ရိုးရာ တွေကို ကိုးကွယ်မှု မရှိတဲ့ ကျွန်တော် တောင်းခဲ့တဲ့ ဆု ၂ ခုနဲ့  တိုက်တိုက် ဆိုင်ဆိုင်ပဲ ကျွန်တော်တို့  သူငယ်ချင်းတစ်စု အန္တရာယ် ကင်း ခဲ့ ကြတယ် ။ ပန်းခေါင်း လှန်ပြီး ရွေးချယ်ခဲ့ တဲ့ လမ်းကလဲ ရသေ့ တောင်ခြေကို သွားတဲ့  လမ်းအမှန် ဖြစ်နေ ခဲ့တယ် ။ ။

နောက်ထပ် မှတ်မှတ်ရရ အဖြစ် တစ်ခုကတော့ ကျွန်တော် ၁၀ တန်းဖြေပြီး ခါစ အချိန် တုန်းကပါ ။ ကျွန်တော် ၁၀ တန်း စာမေးပွဲ ဖြေတုန်းက နေ့ တိုင်း လိုလို သေချာ မဖြေနိုင်ခဲ့ဘူး ။ နောက်ဆုံး ရက်ဖြေပြီး စာမေးပွဲ ခန်းထဲက ပြန်ထွက်လာတဲ့ ကျွန်တော့် မျက်နှာက မငိုရုံ တမယ်ဖြစ်နေတယ် လို့ တောင် သူငယ်ချင်း အချို့  ကပြောပြတယ် ။ မဖြေနိုင်တာမှ တရက်ထဲ မကတော့ အောင်မှာလား ၊ ကျမှာလား ဆိုတာတောင် ကိုယ့်ဘာသာ ကိုယ် မသေချာ ဖြစ်နေတဲ့ အချိန်ပါ ။

စာမေးပွဲ ပြီးကာစ ရက်ပိုင်း အလွန်ပဲ ရှိအုံးမယ် စာမေးပွဲ အတွက် စိတ်ညစ်နေလို့  သူငယ်ချင်း တစ်ယောက်နဲ့  ဘုရားသွားဖို့  အိမ်ရှေ့  နားမှာ သူငယ်ချင်းကို ရပ်စောင့်နေတုန်း ယောဂီ ၀တ်စုံနဲ့  ပိုက်ဆံ လိုက် တောင်းတတ်တဲ့ အသက် ခပ်ကြီးကြီး အဒေါ်ကြီး တစ်ယောက် ကျွန်တော် ရပ်နေတဲ့ ဖက်ကို ပလက်ဖောင်း အတိုင်း လျှောက်လာ နေတာ သတိထား လိုက်မိတယ် ။ ကျွန်တော်တို့  လမ်းထဲ ကနေ သူ ဖြတ်သွားတာ ခဏခဏ ကျွန်တော် မြင်ဖူးပါတယ် ။ လက်ဖက်ရည် ဆိုင်ထိုင်နေ ရင်းလဲ သူပိုက်ဆံ လိုက်တောင်း နေတာ ခဏခဏ ကျွန်တော် တွေ့ ဖူးတယ် ။ လက်ဖက်ဆိုင် ထိုင်နေတုန်း သူလာတောင်းရင် အမြဲ တမ်း မဟုတ် ပေမဲ့ ကျွန်တော် ပေးဖူးတဲ့ အခါတွေ ရှိပါတယ် ။ လူတွေက ပိုက်ဆံ ပေးပေး မပေးပေး သူကတော့ တောင်းပြီးတိုင်း ဆုပေးတတ်တယ် ။ သူကျွန်တော့်နား ရောက်လာတော့ အိပ်ကပ်ထဲက ပိုက်ဆံ အချို့ ကို နှိုက်ပြီး လှမ်းပေးမိတယ် ။ ဒီနေ့ တော့ ထူးထူးခြားခြား အရင်တုန်း ကလို ဆုတောင်းမပေးပဲ ကျွန်တော့် မျက်နှာ ကို ကြည့်ပြီး သား စားမေးပွဲ မဖြေနိုင်လို့  စိတ်ညစ်နေ တာလား လို့  ကျွန်တော့်ကို မေးတယ် ။

သူ့  အမေးကို အံ့သြ နေတဲ့ ကျွန်တော် ဘာမှ ပြန်မဖြေ ခင်မှာပဲ သူက ဆက်ပြောတယ် ၊ သူရဿတီ မယ်တော် ကို သိလားတဲ့  ။ ကျွန်တော်က မသိဘူး ဆိုတော့ သူရဿတီ မယ်တော်ရဲ့  နတ်နန်း ဗိုလ်တစ်ထောင် ဘုရားမှာ ရှိတယ်တဲ့ ။ သားသွားပြီး စာမေးပွဲ အတွက် ဆုတောင်းလိုက် ဆုတောင်း ပြည့်လိမ့် မယ် စိတ်ညစ်မနေ နဲ့ တဲ့ ။ အံ့သြနေတဲ့ ကျွန်တော် ဘာမှ ပြန်မပြော ရသေး ခင်မှာပဲ ကျွန်တော့် နားကနေ သူ ဆက်လျှောက် သွားတယ် ။

၁၀ တန်း စာမေးပွဲ တွေ ပြီးကာစ အချိန်မှာ မျက်နှာ ပျက်နေတဲ့ ၁၀ တန်းကျောင်းသား အရွယ် ကျွန်တော်ကို စာမေးပွဲ မဖြေနိုင် လို့  စိတ်ညစ်နေတာ ဖြစ်မယ်လို့  ခန့် မှန်းပြီး သူ ပြော ခဲ့ တာ ဖြစ်နိုင် ပေမဲ့ ကျွန်တော်ကို အံ့သြ စေခဲ့တာက ၁၀ တန်း စာမေးပွဲ ဖြေရတဲ့ အချိန်က အခြား အတန်း စာမေးပွဲတွေ ထက် နောက်ကျတယ် ။ ကျွန်တော့် အရွယ်က အထက်တန်း ကျောင်းသား အရွယ် ဆိုပေမဲ့ ၁၀တန်း ကျောင်းသား မဟုတ်ပဲ အခြား အတန်း တွေကလဲ ဖြစ်နိုင်တယ် ။ အဲဒီ အချိန်မှာ ကျွန်တော် မျက်နှာ မကောင်းဖြစ် နေရတဲ့ အကြောင်းရင်းကလဲ စာမေးပွဲ ကြောင့်မဟုတ်ပဲ အခြားအကြောင်း အများကြီးကြောင့် ဖြစ်နိုင်တယ် ။ ဒါပေမဲ့ သူပြောတာတွေ အားလုံး ထူးထူးခြားခြား တိုက်ဆိုင် နေခဲ့တယ် ။

စာမေးပွဲ မဖြေနိုင်လို့  စိတ်မကောင်း ဖြစ်နေတာလား ဆိုတဲ့ သူ့ အမေးကို ဟုတ်တယ် မဟုတ်ဘူး ကျွန်တော် ပြန် မဖြေခဲ့ ပေမဲ့ သူရဿတီ မယ်တော် အကြောင်းနဲ့  စာမေးပွဲ အတွက် သွားပြီး ဆုတောင်း လိုက်ဖို့  သူဆက်ပြောခဲ့တယ် ။ အဆင်ပြေ သွားမှာ ဖြစ်တဲ့ အတွက် ဆက်ပြီး စိတ်ညစ် မနေဖို့  လဲ သူပြော ခဲ့တယ် ။ ဗိုလ်တစ်ထောင် ဘုရားကို အကြိမ်ကြိမ် ကျွန်တော် သွားဖူး ခဲ့ပေမဲ့ သူရဿတီ မယ်တော် နတ်နန်းကို အရင်က တစ်ခါမှ ကျွန်တော် မသွားခဲ့ ဖူးဘူး ။ အဲဒီ တိုက်ဆိုင်မှု ဖြစ်ပြီးတော့ စာမေးပွဲ အတွက် တစ်ကြိမ်ထက် မက ကျွန်တော် သွား ဆုတောင်း ဖြစ်ခဲ့တယ် ။

အောင်စာရင်း တွေထွက်လာတော့ ကျွန်တော် အောင်ပါတယ် ။ နောက်ဆုံးနေ့ မှာ ကျွန်တော် ငိုမလို ဖြစ်နေတယ် လို့  ပြောတဲ့ သူငယ်ချင်း ကတောင် ဖြေနိုင်ရဲ့ နဲ့ ငိုမလို လုပ် နေရသေးတယ် လို့ နောက် နေသေးတယ် ။ အမှတ် စာရင်းတွေ ရတော့ ဘာသာ တော်တော် များများ က ၄၀ ကျော် ရုံလေးတွေနဲ့  ကျွန်တော် အမှတ် မမှားရင် ၄၀ နဲ့ တောင် တစ်ဘာသာ ပါမယ် ထင်တယ် ။ ကျွန်တော် ရတဲ့ အမှတ် စာရင်းကို ကြည့်ပြီး သူရဿတီ မယ်တော် အကြောင်း ပြောခဲ့တဲ့ အဒေါ်ကြီးနဲ့  တိုက်ဆိုင်မှုကို အမှတ်ရခဲ့ဖူးတယ် ။ ။