Showing posts with label အမျိုးသားရေး. Show all posts
Showing posts with label အမျိုးသားရေး. Show all posts

Friday, 16 September 2016

ငြိမ်းချမ်းပါစေ ငါတို့ ပြည်

အခုအချိန် ကျွန်တော်တို့  နိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့  တိုးတက်မှုတွေ လုပ်ဆောင်နိုင်ဖို့ အတွက် အရေးကြီးဆုံး လိုအပ်နေတာ ငြိမ်းချမ်းရေးပါ ။ မကြာသေးခင်က စတင် ကျင်းပခဲ့ တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ အပေါ် နိုင်ငံသားတွေရဲ့  စိတ်ဝင်စား မှုကလဲ အားတက် စရာ ကောင်းပါတယ် ။ အရင်တုန်းက ကိုယ့်လူမျိုး စု အရေးကိုသာ စိတ်ဝင်စားခဲ့ ကြတဲ့ အဖွဲ့  အစည်း အချို့  ကလဲ ပြည်ထောင်စု အရေးကို အလေးထား လာကြတာ ၀မ်းသာ စရာပါ ။

ကျွန်တော်တို့  နိုင်ငံမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးဟာ အဖွဲ့  အစည်းတွေက ငါတို့  စစ်မတိုက် ကြတော့ဘူးကွာ လို့  သဘောတူ ရုံနဲ့  မရနိုင်ပါဘူး ။ စစ်တိုက်တာ ခဏရပ်လိုက်တဲ့ နည်းနဲ့  အဖြေရှာ ခဲ့တာ နှစ်ပေါင်း မနည်းတော့ ပေမဲ့ တကယ် လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ဆိုတာနဲ့  အလှမ်းဝေး နေတုန်းပါပဲ ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက် အမှန် တကယ်လိုအပ် နေတာက နိုင်ငံသားတိုင်းမှာ ပြည်ထောင်စု စိတ်ဓာတ် ရှိဖို့ ပါ ။

ကျွန်တော် မွန်လူမျိုး တစ်ယောက်ပါ ။ ငယ်ငယ်တုန်း က စာဖတ်အား နည်းခဲ့ တာရော ၊ ကျောင်းစာ တွေကို အလွတ်ပဲ ကျက်ခဲ့တာတွေ ကြောင့်ရော မွန်လူမျိုးဆိုတာ မြန်မာနိုင်ငံ ထဲမှာနေထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စု တစ်ခုလို့  သာ ကျွန်တော်သိ ခဲ့တာပါ ။ မွန်ဆိုတာ ကိုယ့်ထီး ၊ ကိုယ့်နန်း၊ ကိုယ့် ကိုယ်ပိုင် နိုင်ငံနဲ့  သီးခြားရပ်တည် ခဲ့တဲ့ လူမျိုးစု ဆိုတာ ကျွန်တော် အထက်တန်း အရွယ် ရောက်မှ သိခဲ့တယ် ။ အဲဒီ နောက်ပိုင်း မှာတော့ မွန်သူရဲကောင်း တွေအကြောင်းနဲ့  မွန်ရာဇ၀င် အကြောင်း စာအုပ်အချို့  ရှာဖတ် ဖြစ်ခဲ့တယ် ။ မွန်ဘုရင်က မြန်မာဘုရင်ကို စစ်ရှုံးပြီး မွန်နိုင်ငံပျောက်ခဲ့ တာကို သိရတဲ့ အချိန်က စပြီး မွန်လူမျိုး တစ်ယောက် အနေနဲ့  ကျွန်တော် ရဲ့  အပြင်းပြဆုံး ဆန္ဒ တစ်ခုက မွန်နိုင်ငံ ပြန်တည်ထောင် တာကို မြင်ချင်တာပါ ။ မွန်နိုင်ငံ ပြန်လည် တည်ထောင် နိုင်ဖို့  အတွက် အဲဒီအချိန်မှာ ကျွန်တော် နားလည်သော တစ်ခုတည်းသော နည်းလမ်းက လက်ရှိ နိုင်ငံတော် အစိုးရကို တော်လှန်ဖို့ ပါ ။ အစိုးရ တပ်နဲ့  တိုက်နေတဲ့ မွန်စစ်တပ် ရှိတယ် ဆိုတာကို သိတာက လွဲပြီး မွန် တပ်မှာ အင်အား ဘယ်လောက် ရှိလို့ ဘာတွေ လုပ်နေလဲ ၊ အဖွဲ့  အစည်းရဲ့  ရည်မှန်းချက် က ဘာလဲ ဆိုတာလဲ ကျွန်တော် မသိပါဘူး ။ ကျွန်တော့်မှာ စိတ်ကသာ ရှိတာပါ ကိုယ်တိုင်က နိုင်ငံရေး သမား တစ်ယောက် မဟုတ်သလို ၊ ဘယ် အဖွဲ့  အစည်း နဲ့  မှလဲ အဆက်အသွယ် မရှိတဲ့ အတွက် ဘာမှလဲ မလုပ်ဖြစ်ပါဘူး ။

တစ်ခါတုန်းကပေါ့ သူငယ်ချင်း တွေနဲ့  ပြည်တွင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ အကြောင်းပြောရင်း ၊ တစ်ချိန်ချိန်မှာ မွန် နဲ့ ဗမာ တိုက်ပွဲ တွေပြင်းထန်လာလို့  ဘယ်သူ့  ဖက်က ရပ်တည်မလဲလို့  ရွေးရမဲ့ အခြေအနေ ဖြစ်လာတဲ့ အခါ ကြရင် ငါကတော့ မွန်ဖက်က ၀င်တိုက်ရ လိမ့်မယ် ၊ အဲဒီလို အခြေအနေ ရောက်တဲ့ အခါ မင်းတို့  နဲ့  ငါ ရန်သူတွေ ဖြစ်သွားမှာ ဆိုတော့ သူငယ်ချင်း တွေက ကျွန်တော်ရဲ့  ဆုံးဖြတ်ချက်ကို နားမလည်ကြဘူး ။ မင်းကဘာလို့  သူပုန်တွေ ဖက်က တိုက်ချင်ရတာလဲ လို့  ၀ိုင်းမေးကြတယ် ။ ငါက သူပုန်သွား လုပ်မှာ မဟုတ်ဘူး ၊ မွန်စစ်သား သွားလုပ်မှာ ဆိုတဲ့ ကျွန်တော့် အဖြေကို သူတို့  နားမလည် ခဲ့ကြဘူး ။

ကျွန်တော် ဆယ်တန်းအောင် ပြီးစ အချိန်မှာ “Gone With The Wind” ကို ဘာသာပြန် ထားတဲ့ “လေရူးသုန်သုန်” ဆိုတဲ့ စာအုပ်ကို ဖတ်ဖြစ်တယ် ။ အဲဒီစာအုပ် ဖတ်ပြီး စစ်ဘေးဒဏ်မှာ မှန်တဲ့ဖက် နဲ့ မှားတဲ့ဖက် ဆိုတာ မရှိဘူး ဆိုတဲ့ အသိ တစ်ခု ရလိုက်တယ် ။ ပြည်တွင်းစစ်ရဲ့  ဒုက္ခကို ကျွန်တော် တော်တော် ကြောက်သွားတယ် ။ တချိန်ထဲမှာပဲ မွန်လူမျိုး တစ်ယောက် အနေနဲ့  မွန်တွေရဲ့  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံ တစ်ခုကိုလဲ မြင်ချင်တယ် ၊ ပြည်တွင်း စစ်နဲ့  ပြည်သူတွေရဲ့  စစ်ဘေးဒဏ် ဒုက္ခ တွေကိုလဲ မုန်းမိတယ် ။

ကျွန်တော် နိုင်ငံခြားသွားဖို့  လုပ်တော့ TOEFL သင်တန်း တွေ တက်ဖြစ်တယ် ။ တက်ဖြစ်တဲ့ သင်တန်း တစ်ခုက ဘိုကလေး ဈေးနား က သင်တန်း လို့  ထင်တယ် သေချာတော့ မမှတ်မိတော့ဘူး ဆရာကတော့ နာမည်ကြီး ဆရာတစ်ယောက်ပါ ။ ရက်ပိုင်းလေးပဲ တက်ဖြစ်လိုက်တဲ့ အဲဒီသင်တန်းမှာ တရက် ဆရာက ဖက်ဒရယ် စနစ် အကြောင်းကို ပြောတယ် ။ TOEFL စာမေးပွဲ ဖြေဖို့  ပြင်ဆင်နေသူ အများစု က အမေရိကန် သွားဖို့  ကြိုးစားနေ သူတွေဖြစ်လို့  အမေရိကန်နိုင်ငံက ဖက်ဒရယ် စနစ်မှာ ပြည်နယ်တွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ ရှိတယ် ဆိုတဲ့ အကြောင်း ခပ်တိုတို ရှင်းပြတာပါ ။

ဖက်ဒရယ် စနစ် အကြောင်းကို သိ ပြီးတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသား အများကြီး ရှိတဲ့ ငါတို့  နိုင်ငံမှာ ဒီ စနစ်သာ သုံးရင် အားလုံး အဆင်ပြေမှာလို့  တွေးမိတယ် ။ အချင်းချင်း စစ်တိုက် နေစရာ မလိုပဲ အားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံ တစ်ခုထဲမှာ တိုင်းရင်းသားတွေ အားလုံး စုပေါင်း နေထိုင်နိုင်မဲ့ ဒီစနစ် ကို လူတိုင်း နားလည် လက်ခံနိုင် ကြရင် သိပ်ကောင်းမှာပဲလို့  တွေးမိတယ် ။

ကျွန်တော် နိုင်ငံခြား စရောက်တဲ့ အချိန် ပြည်တွင်း ပြည်ပမှာ ဒီမိုကရေစီ ရရှိရေး ဒို့ အရေးလို့  အော်နေတဲ့ သူတွေကို နေရာတိုင်းမှာ တွေ့  နိုင်ပေမဲ့ တိုင်းရင်းသားတွေရဲ့  အခွင့်အရေး တွေ အကြောင်းကို ပြောတဲ့ သူတွေကတော့ မရှိ သလောက်ကို ရှားနေ သေးတယ် ။ တိုင်းရင်းသား အဖွဲ့  အားလုံးနီးပါး ကလဲ ကိုယ့်လူမျိုးစု အခွင့်အရေး အတွက်သာ ပြောကြတယ် ။ ဒါပေမဲ့ မွန်ပြည်သစ် ပါတီ ကတော့ အဲဒီ အချိန်ထဲက မြန်မာ နိုင်ငံထဲမှာ နေထိုင် ကြတဲ့ တိုင်းရင်းသား အားလုံးအတွက် အသင့်တော်ဆုံး ဖြစ်တဲ့ ဖက်ဒရယ် စနစ်ကို အားလုံး နားလည် လက်ခံဖို့  အတွက် ကြိုးပမ်းနေတဲ့ ရှားရှားပါးပါး အဖွဲ့  အစည်း တစ်ခု ဖြစ်တယ် ဆိုတာ သိလိုက်ရတော့ တော်တော်လေး ၀မ်းသာမိတယ် ။ မွန်ပြည်သစ် ပါတီရဲ့  ခေါင်းဆောင်ပိုင်း တွေကိုလဲ လေးစားမိတယ် ။ အခုအချိန် အထိလဲ မွန်ပြည်သစ် ပါတီဟာ အခြားတိုင်းရင်းသား အဖွဲ့  တွေဖက်က မှားမှားမှန်မှန် ကာကွယ်ပြီး ရပ်တည် ပေးနေတဲ့ သတင်းတွေ တွေ့  နေရတယ် ။ ဒါပေမဲ့ အဲဒီ အဖွဲ့  တွေရဲ့  အမြင် ကျဉ်းမြောင်းတဲ့ ကြေညာချက်တွေ ၊ လူမျိုးရေး အစွဲတွေ ၊ ပြည်ထောင်စု စိတ်ဓာတ် အားနည်းနေမှုတွေ ၊ တကိုယ်ကောင်းဆန်တဲ့ ရပ်တည်မှု တွေကို ကြားရတဲ့ အခါတွေမှာ တော်တော် လေး စိတ်မကောင်းဖြစ်မိတယ် ။

အချို့  အဖွဲ့  တွေမှာ လူမျိုးစု အစွဲတွေ အရမ်းအားကောင်း နေသေးတယ် ။ အချို့  အဖွဲ့  တွေက လူမျိုးစုကို ကိုးစားပြုတဲ့ နာမည်တွေ ယူထား ကြပေမဲ့ သူတို့  စိတ်ဝင်စားတာ စီးပွားရေး လုပ်ငန်းတွေသာ ဖြစ်တယ် ။ အခုလက်ရှိ အချိန်က သေနတ် ကိုင် ထားတဲ့ အဖွဲ့ အစည်းတွေ အနေနဲ့  ကိုယ်လုပ်ချင်တာ လုပ်ခွင့် မရတဲ့ အခါတိုင်း သေနတ်ပြန် ဖောက်မယ် ၊ စစ်မတိုက်ကြေး လက်မှတ် ထိုးမယ် ၊ အခွင့်အရေးတွေ တောင်းမယ် ဆိုတဲ့ အချိန် မဟုတ်တော့ ပါဘူး ။ အဖွဲ့  အစည်းတိုင်း ထပ်ခါ သလဲလဲ တောင်းဆိုခဲ့ကြတဲ့ စားပွဲမှာ ထိုင်ပြီး အဖြေရှာ မယ်ဆိုတဲ့ အခွင့်အရေးကို အကောင်အထည် ဖော်ဖို့  အချိန်ပါ ။

မိမိတို့  ဖြစ်ချင်တဲ့ ဆန္ဒတွေကို ထုတ်ဖော်ကြပါ ။ အခြား သူတွေရဲ့  ဆန္ဒကိုလဲ လေးလေးစားစား နားထောင်ပေးပါ ။ လိုအပ်တာတွေကို တောင်းဆိုကြပါ ၊ ကိုယ်ပြန်ပေးနိုင်တာ တွေကိုလဲ စဉ်းစားပေးပါ ။ ကျွန်တော်တို့  နိုင်ငံမှာ လက်ရှိ နေထိုင်နေတာ လူမျိုးစု ၁၃၅ မျိုးရှိပါတယ် ။ လူများစု တိုင်းရင်းသားတွေ အနေနဲ့  မိမိတို့ ရဲ့  စာပေ ၊ ယဉ်ကျေးမှု ၊ ဘာသာ စကား ၊ ယိုးရာ ယဉ်ကျေးမှု အစဉ်အလာ တွေကို တန်ဖိုးထား ကြသလို ၊ မိမိတို့  ပြည်နယ် ထဲမှာ နေထိုင်ကြတဲ့ လူနည်းစု တိုင်းရင်းသား တွေရဲ့  အခွင့်အရေး အတွက် လဲစဉ်းစားပေးပါ ။ အရေးအကြီးဆုံး အချက်က ညီတူညီမျှ ခွဲဝေ တာဟာ ၊ ညီတူညီမျှ အကျိုး ခံစားခွင့် ရှိတာနဲ့  မတူဘူး ဆိုတာကို နားလည်ပေးပါ ။


အခုအချိန်မှာ အဖွဲ့  အစည်းတွေရဲ့  တောင်းဆိုမှုတွေကို ပြည်သူတွေ အားလုံးက နားထောင်နေကြတယ် ။ အဖြေတွေကိုလဲ ပြည်သူတွေ ကြားကြလိမ့်မယ် ။ မျှတမှု မရှိတဲ့ အဖြေတွေ အတွက် မျှတမှုကို လိုလားတဲ့ ပြည်သူတွေရဲ့  အသံတွေကို ကြားရလိမ့်မယ် ။ မျှတမှု ရှိတဲ့ အဖြေတွေကို လက်ခံဖို့  ငြင်းတဲ့ အဖွဲ့ တွေ ကတော့ ပြည်ထောင်စု ကြီးရဲ့  ရန်သူ ဖြစ်လာလိမ့်မယ် ။ ဘယ်အဖွဲ့  အစည်းက ပြည်ထောင်စု စိတ်ဓာတ် ရှိပြီး ဘယ်အဖွဲ့  အစည်းရဲ့  ရပ်တည်မှုက ပြည်ထောင်စု စိတ်ဓာတ်နဲ့  ဆန့် ကျင်နေတယ် ဆိုတာကို ပြည်သူတွေက ဆုံးဖြတ်လိမ့်မယ် ။

ကျွန်တော်ရဲ့  လက်ရှိအပြင်းပြဆုံး ဆန္ဒကတော့ ပြည်ထောင်စု ရန်သူလို့  ပြည်သူတွေ သတ်မှတ် လိုက်တဲ့ အဖွဲ့ အစည်းတွေက သူတို့ ရဲ့ ရပ်တည်မှုတွေကို မပြင်နိုင်ဘူးလို့  ဆိုလာတဲ့ အခါကြရင် ၊ အဲဒီ အဖွဲ့  အစည်းတွေ အတွက် ဒီပြည်ထောင်စု နိုင်ငံတော်ကြီး ထဲမှာ နေရာ မရှိစေချင်တော့ ဘူးဗျာ ။ ။

Saturday, 26 June 2010

ဒီဂရီများနဲ့  အမြင်များ

ကျွန်တော်တို့  ငယ်ငယ်ထဲက ကြားဖူးတဲ့ စကားပါ ။ လူတစ်ယောက်က “ဂ” ကို ရေးပြတယ် ။ သူ့ ရဲ့  ဘယ်ဖက် ၉၀ ဒီဂရီမှာ ရပ်နေတဲ့ သူက “င” လို့ မြင်တယ် ။ ညာဖက် ၉၀ ဒီဂရီမှာ ရပ်နေတဲ့ သူက “၁” လို့  မြင်တယ် ။ မျက်နှာ ချင်းဆိုင်ပြီး ရပ်နေတဲ့ သူက “ပ” လို့  မြင်တယ် ။ ဘယ်သူ့ ကိုမှ မှားတယ်လို့  ပြောလို့  မရပါဘူး ။ အားလုံးက ကိုယ်တကယ် မြင်နေတာကို မြင်တဲ့အတိုင်း လက်ခံကြတာပါပဲ ။ ဒါပေမဲ့ ကြည့်တဲ့ နေရာချင်း မတူတော့ မူလရေးပြတဲ့ သူဆိုလိုချင်တဲ့ အဓိပ္ပါယ် အမှန်ကို မမြင်ကြဘူး ။

“ဝ” လို့ ရေးပြရင်တော့ ဘယ်နေရာကပဲ ကြည့်ကြည့် “ဝ” လို့ ပဲ မြင်ကြမှာပါ ။ ဒါပေမဲ့ မူလရေးပြ သူရဲ့  ဆိုလိုရင်း သဘောထားကို မသိပဲ မြင်တဲ့ အတိုင်းသာ အဓိပ္ပါယ် ဖွင့်ကြမယ်ဆိုရင် “သုံည” လို့  ထင်ကြမဲ့ သူတွေရှိသလို ၊ “ဝလုံး” လို့  ထင်ကြမဲ့ သူတွေလဲ ရှိမှာပါ ။

အကြောင်းအရာ တစ်ခုရဲ့  အခြေအနေအမှန် ကိုသိဖို့  ဆိုရင် ကိုယ်ရောက်နေတဲ့ နေရာက အရေးကြီး သလို ၊ ကိုယ်မြင်နေရတဲ့ အရာရဲ့  သဘောထား အမှန်ကိုလဲ နားလည်ဖို့  လိုအပ်တယ် ။ ကိုယ် ရောက်နေတဲ့ နေရာက မှားနေမယ် ၊ သဘောထား အမှန် တွေကို မသိနိုင်အောင် ဖုံးကွယ် ခံထားရမယ် ဆိုရင် ကိုယ် မြင်နေရတဲ့ အမှန်တရား တွေဟာ တကယ်တော့ အမှားတွေပါ ။

အောက်ကပုံတွေက online က တွေ့ လို့ စုထားတဲ့ ပုံတွေပါ ။ ၉၀ ဒီဂရီ ပြောင်းလိုက် တာနဲ့  လဲကျနေတဲ့ သူတွေကို ထောင်မတ် နေတဲ့ သူတွေလို့  အမြင်ပြောင်း သွားစေတယ် ။ နောက်ဆုံးပုံ ကတော့ ၁၈၀ ဒီဂရီ ပြောင်းထားတဲ့ ပုံပါ ။ အရိပ်ကို တကယ်ပုံရိပ် လို့ ထင် ၊ တကယ့်ပုံရိပ်ကို အရိပ်လို့  မြင်အောင် ပြောင်းလဲစေတယ် ။ ။

































အခုချိန်ထိတော့ တိတ်ဆိတ်နေဆဲ...

လွန်ခဲ့တဲ့ ၂ လလောက်က သတင်း တစ်ပုဒ်ထဲက အမေးအဖြေ တစ်ခုမှာ “ ကျွန်တော့် သူငယ်ချင်း မွန်ပြည်သစ် ပါတီ တပ်သားတစ်ဦးက သူတောထဲ ပြန်သွားရတော့ မှာမို့  သူ့  ရဲ့  ဇနီးနဲ့  ကလေး တွေကို စောင့်ရှောက် ပေးဖို့  ကျွန်တော်ကို မှာခဲ့တယ် ” ဆိုတဲ့ စာတစ်ကြောင်းကို ဖတ်လိုက် မိတယ် ။

မွန်ပြည်သစ် ပါတီဟာ ၁၉၉၅ ခုနှစ်မှာ အစိုးရနဲ့  အပစ်အခတ် ရပ်စဲခဲ့တယ် ။ ကျွန်တော်သိတဲ့ အစ်ကိုကြီး တစ်ယောက်က သူနဲ့ သူ့  သူငယ်ချင်း အချို့  ကျောင်းပြီးတာနဲ့  မွန်ပြည်သစ် ပါတီ ဝင်ဖို့  စီစဉ်ထား ပေမဲ့ ၊ သူတို့  နောက်ဆုံးနှစ်မှာ မွန်ပြည်သစ် ပါတီက ငြိမ်းချမ်းရေး ယူခဲ့တာကြောင့် အဲဒီနေ့ မှာ မျက်ရည်ကျတဲ့ အထိ ဝမ်းနည်းခဲ့ ရကြောင်း ပြောပြဖူးတယ် ။

မွန်ပြည်သစ် ပါတီဟာ အပစ်အခတ် ရပ်စဲစဉ် တုန်းက မွန်ကျေးရွာတွေ ၊ မွန်ဆရာတော်တွေ ဆီကို သွားပြီး ယခု ငြိမ်းချမ်းရေး ယူတာဟာ တော်လှန်ရေးကို စွန့် လွှတ်လိုက်တာ မဟုတ်ကြောင်း ၊ လက်နက်ချ အညံ့ခံ လိုက်တာ မဟုတ်ပဲ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့  အဖြေရှာဖို့  ကြိုးစားခြင်းသာ ဖြစ်ကြောင်း လိုက်လံ ရှင်းပြခဲ့တယ် ။ ငြိမ်းချမ်းရေး ယူပြီး နောက်ပိုင်းမှာ နိုင်ငံရေး ပြသနာတွေ အတွက် တွေ့ ဆုံ ဆွေးနွေးပြီး အဖြေရှာ ဖို့  အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး ။

နယ်ခြားစောင့်တပ် ဖွဲ့ ဖို့ တောင်းဆိုလာတဲ့ အခါမှာလဲ မွန်ဆရာတော်တွေ ၊ အခြားသော မွန်အဖွဲ့  အစည်းတွေ ၊ မွန်ပြည်သူတွေ ဆီက သဘောထားတွေကို တောင်းခံခဲ့တယ် ။ အားလုံးရဲ့  သဘောတူညီမှု ၊ ထောက်ခံ အားပေးမှုနဲ့  မွန်လူမျိုး တွေအတွက် အာမခံချက် ရှိတဲ့ ဥပဒေ မရှိသရွေ့  လက်နက်စွန့် မှာ မဟုတ်သလို ၊ တပ်ကိုလဲ ဖျက်သိမ်းမှာ မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ ကြတယ် ။

နယ်ခြား စောင့်တပ် ဖွဲ့ ဖို့  နောက်ဆုံးရက် သတ်မှတ်ပြီး ဖိအားပေးမှု အထိ ဖြစ်လာတာကြောင့် မွန်ပြည်သစ် ပါတီက တပ်စခန်း အချို့  ကို တောထဲ ပြန်လည် ပြောင်းရွေ့  ခဲ့ပေမဲ့လဲ ၊ အစိုးရတပ်တွေက စတင် မတိုက်ခိုက်လာ သရွေ့  ရရှိ ထားတဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းသွား မယ်လို့  ဆုံးဖြတ်ခဲ့ကြတယ် ။

မြို့ ရွာတွေပေါ်မှာ ၁၅ နှစ်ကျော် နေထိုင်လာ ကြပြီးမှ မိသားစုနဲ့  သားသမီးတွေကို စွန့် ပြီး တောထဲ တောင်ထဲကို ဘယ်သူမှတော်ရုံ စိတ်ဓာတ်နဲ့  ပြန်မဝင်ကြပါဘူး ။ ပုံမှန်လစာ မရှိ ၊ မိသားစု တွေနဲ့  ဘယ်တော့ ပြန်တွေ့  ရမှန်း မသိပဲ ၊ ဘယ်တော့ ပြီးမယ်ဆိုတာ ဘယ်သူမှ မသိတဲ့ တော်လှန်ရေးမှာ တော်ရုံ ခံယူချက်တွေနဲ့  ဘယ်သူကမှ ပါဝင်တာဝန် မယူ ကြပါဘူး ။

မြန်မာပြည်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့  သတင်းကြားရင် ဘယ်သူ့  ကိုမှ မနိုင် စေချင်သလို ဘယ်သူ့  ကိုမှလဲ မရှုံးစေ ချင်ဘူး ။ တိုက်ပွဲတွေ ကိုသာ အမြန် အဆုံးသတ် စေချင်တယ် ။ တိုက်ပွဲဆိုတာ လူကြီးတွေက ပါးစပ်နဲ့  စစ်ကြေငြာပြီး လူငယ်တွေက အသေခံ တိုက်ရတာပါ ။ ဘယ်တပ်က စစ်သားဘဲ ဖြစ်ဖြစ် သူတို့  မှာ သူတို့  အိမ်ပြန်လာချိန်ကို စောင့်နေမဲ့ မိသားစုတွေ ၊ သူတို့ ကို ချစ်တဲ့ သူတွေ ရှိကြမှာပါ ။ တိုက်ခိုက်နေ ကြမဲ့ အစား တစ်ဦးကို တစ်ဦး အပြန်အလှန် နားလည်မှု ၊ လေးစားမှု တွေနဲ့  ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့  ဖြေရှင်းနိုင် ကြရင် ကောင်းမယ် ။

ကျွန်တော် မူလတန်းကျောင်းသား အရွယ်မှာ ရွာကို အလည် ပြန်တုန်းက ကျွန်တော့်ရဲ့  ဝမ်းကွဲအစ်ကို တစ်ယောက်က ရွာထဲ လိုက်ပြတယ် ။ အိမ် တစ်အိမ် ရှေ့  အရောက်မှာ လူ ၅ ယောက်လောက် ဝိုင်းဖွဲ့ ပြီး ရယ်ရယ် မောမော စကား ပြောနေကြတယ် ။ နှစ်ယောက်က အခြားသူတွေနဲ့  မတူ ထူးခြားနေတယ် ။ ပုဆိုး နဲ့  သာမန် ရှပ်အင်္ကျီ ကို ဝတ်ထားပေမဲ့ ပခုံး ကြိုးသိုင်းနဲ့  စစ်ခါးပတ်တွေ ပတ်ထားကြတယ် ။ ပခုံး ကြိုးသိုင်းမှာ လက်ပစ်ဗုံးတွေ ချိတ်ထားတယ် ။ သူတို့ ရဲ့  ခြေရင်းနားမှာ သေနတ်တွေ ထောင်ထား ကြတယ် ။ ကျွန်တော်က စိတ်ဝင်စားပြီး သူတို့ က စစ်သားတွေ လားလို့  ကျွန်တော့် အစ်ကို ကိုမေးတော့ ဟုတ်တယ်လို့  ပြန်ဖြေတယ် ။ စစ်သားဆို ဘာလို့  စစ်ဝတ်စုံ မဝတ်ထားတာလဲ ဆိုတော့ သူတို့  က မွန်စစ်သားတွေ လို့ ပြန်ပြောတယ် ။ ကျွန်တော့် အစ်ကို ပြောတဲ့ မွန်စစ်သား ဆိုတာကို ကျွန်တော် နားမလည်ဘူး ။ ကျွန်တော် သိတာက စစ်သား နဲ့  သူပုန် နှစ်မျိုးပဲ သိတယ် ။ စိတ်ထဲကတော့ အလွယ်ပဲ မွန်ရွာမှာ တာဝန်ကျတဲ့ စစ်သားမို့  လို့  မွန်စစ်သားလို့  ခေါ်တာ ဖြစ်မယ်လို့  အလွယ်ပဲ နားလည် ထားလိုက်တယ် ။

နောက် ၁၅ မိနစ်လောက် လမ်းထပ် လျှောက်တော့ ရွာမှာရှိတဲ့ ဆေးရုံကို ရောက်တယ် ။ ဆေးရုံ အဆောက်အအုံရဲ့  အဝင်ဝမှာ စစ်ဝတ်စုံနဲ့  စစ်သားတစ်ယောက် စောင့်နေတယ် ။ အခြားတစ်ဖက်မှာ နောက်ထပ် တစ်ယောက် စောင့်နေတယ် ။ စစ်မေးတာတွေ ဘာတွေ မလုပ်ပါဘူး ။ ဒီတိုင်းရပ်ပြီး လုံခြုံရေး တာဝန်နဲ့  စောင့်နေ ကြတာပါ ။ ဝတ်စုံအပြည့်နဲ့  စစ်သားကို မြင်တော့ ဟို မွန်စစ်သားတွေ ကျတော့ ဝတ်စုံမဝတ်ရဘဲ ၊ ဒီ မွန်စစ်သားတွေ ကျတော့ ဘာလို့  ဝတ်စုံ ပြည့် ဝတ်ထား ရတာလဲ ၊ ဆေးရုံမှာ စောင့်ရလို့ လား ဆိုတော့ အစ်ကိုက ဒါက ဗမာစစ်သား ၊ ခုနက စစ်သားတွေက မွန်စစ်သားတွေ လို့  ပြန်ပြောတယ် ။ ဘာကွာလို့ လဲ ပြန်မေးတော့ အစ်ကိုက မွန်စစ်သား ဆိုတာ တောထဲမှာ နေတဲ့ မွန်အဖွဲ့  တွေဆီက စစ်သား ဖြစ်ကြောင်း ပြန်ရှင်းပြတယ် ။ ဒါဆို ခုနက တွေ့ ခဲ့တာ သူပုန်တွေ လားဆိုတော့ တောထဲက မွန်စစ်သား တွေလို့  ပြန်ပြောတယ် ။ အဲဒီနောက်ပိုင်းမှာ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့  တွေကို တိုင်းရင်းသားတွေက သူပုန်တွေလို့  မခေါ်ကြ တာကို သတိထား မိခဲ့တယ် ။

အဲဒီအချိန်တုန်းကဘယ်တိုင်းရင်းသား အဖွဲ့ ကမှ ငြိမ်းချမ်းရေး မယူရသေးပါဘူး ။ ကျွန်တော်တို့  ရွာကလဲ အမဲရောင် နယ်မြေထဲမှာပါ ။ ရွာသားတွေနဲ့  စကားဝိုင်းဖွဲ့  ပြောနေကြတဲ့ မွန်စစ်သားတွေကို ဘယ်သူမှ လာမတိုက် သလို ၊ ၁၅ မိနစ်လောက် လမ်းလျှောက်ရင် ရောက်တဲ့ ဆေးရုံမှာ တာဝန်ကျနေတဲ့ စစ်သားတွေ ကိုလဲ ဘယ်သူမှ လာမတိုက် ကြဘူး ။ မသိလို့  များလားလို့  တွေးရအောင်ကလဲ မွန်စစ်သားတွေ ရွာထဲမှာ ရှိနေတာကို မသိတာ ဖြစ်နိုင်ပေမဲ့ ဆေးရုံမှာ နေ့ တိုင်း တာဝန်ကျတဲ့ စစ်သား ရှိတာကိုတော့ မသိပဲ နေမှာ မဟုတ်ပါဘူး ။ မွန်စစ်သားနဲ့  ဗမာစစ်သားတွေက တစ်ဦးကို တစ်ဦး နားလည်မှုနဲ့  တစ်ဖွဲ့ က ရွာထဲဝင်လာရင် အခြားတစ်ဖွဲ့ က ထွက်သွားတတ်ကြောင်း ၊ တစ် ဖွဲ့ က ဒီလမ်းကြောင်းက သွားနေရင် အခြားအဖွဲ့ က တစ်ခြား လမ်းကနေ ရှောင်ပြီး သွားတတ် ကြောင်း ၊ မလွှဲ မရှောင်သာမှ တိုက်ပွဲတွေ ဖြစ်တတ်ကြောင်း ကျွန်တော့် အဖေ ပြောတာ ကြားဖူးတယ် ။

စစ်ပွဲတွေကြောင့် မိသားစုတွေ ခွဲခွာနေ ကြရတယ် ။ အချို့  သူတွေလဲ သူတို့  ချစ်တဲ့ သူတွေကို အပြီးအပိုင် ခွဲခွာသွားခဲ့ ကြတယ် ။ ဘယ်တုန်းကမှ တိုက်ပွဲတွေနဲ့  မကင်းခဲ့တဲ့ ကျွန်တော်တို့  နိုင်ငံမှာလဲ သူတို့ ချစ်တဲ့ သူတွေ အတွက် မျက်ရည်ကျ ခဲ့ရတဲ့ မိသားစုတွေ ဘယ်လောက် တောင်များ ရှိခဲ့ပြီးလဲ ? သေချာတာ ကတော့ နိုင်ငံ မငြိမ်းချမ်း သရွေ့  ၊ စစ်ပွဲတွေ မရပ်နိုင် သေး သရွေ့  ဒီလို စိတ်မကောင်း စရာတွေ ဆက်ရှိနေ ဦးမှာပါ ။

နယ်ခြားစောင့်တပ်ဖွဲ့ ဖို့  သတ်မှတ်ထားတဲ့ နောက်ဆုံး ရက်တွေ ကျော်သွား ပေမဲ့လဲ တိုင်းရင်းသား အဖွဲ့  တွေက မိမိတို့ ရဲ့  ခံယူချက်တွေကို ခိုင်မာစွာ စွဲကိုင်ထား ကြတုန်းပဲ ။ နယ်စပ်တွေမှာလဲ အခုအချိန်ထိ သေနတ်သံတွေ တိတ်ဆိတ် နေတုန်းပဲ ။ ဒါပေမဲ့ ဒီတိတ်ဆိတ် နေမှုက ကြာရှည်ခံမှာ မဟုတ် သလို ၊ ပြသနာတွေကိုလဲ ပြေလည်စေမှာ မဟုတ်ဘူးဆိုတာ လူတိုင်း သိနေကြတယ် ။ ဘယ်သူတွေက မှားတယ် ၊ ဘယ်သူတွေက မှန်တယ်ဆိုတာ ကတော့ သမိုင်း က အဖြေ ပေးလိမ့်မယ် ။ ။

History teaches that war begins when governments believe the price of aggression is cheap.
Ronald Reagan

All war represents a failure of diplomacy.
Tony Benn

A people free to choose will always choose peace.
Ronald Reagan

Older men declare war. But it is the youth that must fight and die.
Herbert Hoover

Saturday, 5 June 2010

အမျိုးသမီးများနဲ့  အခွင့်အရေး



အပေါ်က ပုံတွေက နိုင်ငံတကာက အမျိုးသမီး စစ်သည် ပုံတွေပါ ။ အသက် ၂၀ ဝန်းကျင် အရွယ် အမျိုးသမီး တွေက အမျိုးသား တွေနဲ့  ရင်ဘောင်တန်းပြီး ရှေ့  တန်းမှာ တာဝန်ထမ်း နေကြတယ် ။ တိုက်လေယာဉ် တွေ ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေ မောင်းနေကြတယ် ။ စစ်မြေပြင်မှာ အင်ဂျင်နီယာ တာဝန်တွေ ယူနေကြတယ် ။

အနောက်နိုင်ငံ အားလုံး လိုလိုမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့  တန်းတူ အခွင့်အရေး ရကြတယ် ။ အခွင့်အရေး ရကြသလို ခန္ဓာကိုယ် ဖွဲ့ စည်းပုံ မတူတာကြောင့် လုပ်လို့  မဖြစ်နိုင်တဲ့ နေရာတွေက လွဲရင် အမျိုးသားတွေနဲ့  တန်းတူ တာဝန်ယူ ကြတယ် ။

ကျွန်တော် အထက်တန်း ကျောင်းသား အရွယ်တုန်းက အဖြစ်အပျက် တစ်ခုပါ ။ တစ်နေ့  ကျွန်တော် အပြင်က ပြန်လာတော့ ကျွန်တော်ရဲ့  ညီမအငယ်က စားပွဲတင် နာရီတစ်လုံးကို ဖွင့်ပြီး ကလိနေတယ် ။ ဘာလုပ် နေတာလဲ လို့  ဆရာကြီးလေသံနဲ့  မေးလိုက်တော့ alarm မမြည် တော့လို့  တဲ့ ။ အကူအညီ တောင်းမယ်ထင်ပြီး ဘာထပ်ပြော မလဲလို့  ဆက်နားထောင် နေပေမဲ့ ဘာမှထပ် မပြောဘဲ သူဘာသာသူ အေးအေး ဆေးဆေးပဲ ဆက်ကလိ နေတယ် ။

စိတ်ထဲမှာ ဒီကောင်မလေး လုပ်တတ်တာလဲ မဟုတ်ဘဲနဲ့  လျှာရှည်ပြီး လျှောက်ကလိ တာနဲ့  ပိုပျက်တော့ မယ် ၊ မိန်းကလေးက မိန်းကလေး အလုပ် မလုပ်ဘူး လို့  ဖြစ်သွားတယ် ။ အဲဒါနဲ့  နင်ပြင် တတ်တာလဲ မဟုတ်ဘဲ ကလိ မနေနဲ့  ငါ့ကိုပေး ငါကြည့် ပေးမယ်ဆိုတော့ မပေးချင် ပေးချင်နဲ့  လှမ်းပေးတယ် ။ ပုံစံကတော့ သူ့ ဘာသာ သူပဲ ဆက်လုပ်ချင် နေတဲ့ပုံပါ ။

ပြန်စဉ်းစားကြည့်ရင် ရယ်စရာ ကောင်းတယ် ။ တကယ်တော့ ကျွန်တော်လဲ နာရီ အကြောင်း ဘာမှသိတာ မဟုတ်ပါဘူး ။ နာရီကလဲ ပျက်ပြီးသား ကြီးပါ ။ နာရီအကြောင်း ဘာမှ မသိတဲ့ ကျွန်တော့ လက်ထဲမှာလဲ နာရီက ပြန်ကောင်း မလာပဲ ပစ်လိုက် ရတာပါပဲ ။ နာရီပြင်တဲ့ အလုပ်ကိုလဲ မိန်းကလေး အလုပ်မဟုတ် ဘူးလို့  ဘယ်သူမှ သတ်မှတ်မထား ပါဘူး ။ ကျွန်တော့် စိတ်ထဲမှာ စက်ကရိယာ တွေနဲ့  ပတ်သက်တာဟာ မိန်းကလေး အလုပ်မဟုတ်ဘူး လို့  အလိုလို ဖြစ်လာတာပါ ။

ကျွန်တော်တို့  နိုင်ငံမှာ မိရိုးဖလာ အစဉ်အလာ တွေကြောင့် အမျိုးသမီးတွေကို ခွဲခြားမြင် တတ်တဲ့ အစွဲတွေ ရှိခဲ့တယ် ။ ဒီနေ့  ခေတ်မှာတော့ အဲဒီလို ခွဲခြားမြင်တဲ့ အယူအဆတွေ မရှိသင့်တော့ ပါဘူး ။ ခုနောက်ပိုင်း မှာတော့ တိုးတက်လာတဲ့ ခေတ်နဲ့ အညီ အမြင်ကျယ် လာကြပြီး အမျိုးသမီး အဖွဲ့  အစည်းတွေ ပေါ်လာတယ် ။ အမျိုးသားတွေနဲ့  တန်းတူ အခွင့်အရေး ရရှိရေးတွေ တောင်းလာကြတယ် ။ ဒါဟာ ဖြစ်သင့်တဲ့ အရာ တစ်ခုပါ ။ လူတိုင်း တန်းတူ အခွင့်အရေး ရှိသင့်ပါတယ် ။

ဒါပေမဲ့ အမျိုးသမီးတွေ အနေနဲ့  အခွင့်အရေး အကြောင်းသာပြော နေပြီး တာဝန်ယူ ရမဲ့ အကြောင်းပြောရင် ရိုးရာ အစဉ် အလာတွေ နဲ့  ကာပြီး ရူး ချင်ယောင် ဆောင်နေလို့  မရ ပါဘူး ။ အခွင့်အရေးတွေ ပိုလာရင် တာဝန်တွေလဲ ပိုလာတာကို မသိချင် ယောင်ဆောင် နေကြလို့  မရပါဘူး ။

အမျိုးသမီးတွေ တောင်းဆိုနေတဲ့ တန်းတူ အခွင့်အရေး ရှိရမယ် ၊ အချို့  နေရာတွေမှာ အမျိုးသမီးတွေ အတွက် စည်းမျည်း စည်းကမ်းတွေ လျှော့ပြီး စဉ်းစား ပေးသင့်တယ် ဆိုတာ တွေကို ကျွန်တော် လက်ခံတယ် ။ ဒါပေမဲ့ အဖွဲ့  အစည်း တစ်ခုမှာ အမျိုးသမီး ရာခိုင်နှုန်း အနည်းဆုံး ဘယ်လောက် ရှိရမယ် ဆိုပြီး တောင်းဆိုနေ ကြတာတွေ ကိုတော့ ကျွန်တော် နားမလည်ဘူး ။

အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့  ဘယ်ရာထူး ဘယ်အဆင့် မှာမဆို တန်းတူ အရွေးခံ ခွင့်ရှိမယ် ။ အချို့  နေရာတွေမှာ အမျိုးသမီးတွေ အတွက် အထူး လျှော့ပေါ့ထားတဲ့ စည်းမျည်းတွေ ရှိမယ် ဆိုရင် ဒါဟာ တန်းတူ အခွင့်အရေး မဟုတ်ဘူးလား ? အဖွဲ့ အစည်း တစ်ခုမှာ အမျိုးသမီး အရေအတွက် အနည်းဆုံး ဘယ်လောက်ရှိ ရမယ်လို့  သတ်မှတ် ထားရမယ် ဆိုရင် အရေအတွက် ပြည့်အောင် အရည်အချင်း မှီတဲ့ သူတွေမရှိခဲ့ရင် ၊ အရေအတွက် ပြည့်ဖို့  အတွက် အရည်အချင်း မပြည့်ဝတဲ့ သူတွေနဲ့  ဖြည့်ရတော့ မှာလား ?

ကျွန်တော်ကပဲ အမြင်ကျဉ်း နေတာလား ၊ အတွေး အခေါ် အယူအဆ ဟောင်းတွေကို မပြင်နိုင် သေးတာလားတော့ မသိဘူး အဖွဲ့ အစည်း တစ်ခုမှာ အနည်းဆုံး အမျိုးသမီး ရာခိုင်နှုန်း ဘယ်လောက် ရှိရမယ် ဆိုပြီး တောင်းဆို နေကြတာကိုတော့ ကျွန်တော် နားမလည်ဘူး ။ ။

Sunday, 30 May 2010

ဘာကြောင့် Federal မူလိုရတာလဲ

“ ဒီမိုကရေစီ စနစ်က တရားမျှတတဲ့ စနစ်မဟုတ် ဘူးလား ၊ မင်းတို့ က ဘာလို့  Federal မူပါ ရှိမှ ရမယ်လို့  ပြောနေရတာလဲ ? ” “ တန်းတူ အခွင့်အရေး ရှိရမယ် ဆိုတာကို မကျေနပ်ပဲ ဘာလို့  ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ တောင်းနေရတာလဲ ? ” အဲဒီ မေးခွန်းတွေက Federal မူအကြောင်း စပြောတာနဲ့  အမေးခံ ရမဲ့ မေးခွန်းတွေပဲ ။

Federal မူဆိုတာ ဘာလဲ ? Federal မူဆိုတာ နိုင်ငံတစ်ခုအတွင်းမှာ အစိုးရအဖွဲ့  ငယ်တွေ အာဏာခွဲဝေ အုပ်ချုပ်တဲ့ စနစ်ပါ ။ နိုင်ငံအမည် တစ်ခုထဲအောက် ၊ အလံတော် တစ်ခုထဲ အောက်မှာ အာဏာခွဲဝေ အုပ်ချုပ်ကြတာပါ ။ နိုင်ငံတစ်ခုထဲ ကိုပဲ ကိုယ်စားပြု ကြရင် ဘာကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုရတာလဲ ?

ကျွန်တော်တို့  နိုင်ငံဟာ အိမ်တစ်အိမ် ဆိုပါစို့  ။ အဲဒီ အိမ်ထဲမှာ မိသားစု တစ်စုနေတယ် ။ အိမ်သားတွေ လေးစားယုံကြည် ရတဲ့ သူက အိမ်သား အားလုံး လိုက်နာရမဲ့ စည်းကမ်းတွေ ထုတ်တယ် ။ သူ့ ရဲ့  စည်းကမ်း ချက်တွေဟာ အိမ်သားတိုင်း အတွက် မျှတနေမယ် ၊ အိမ်သား အများစု သဘောတူ လက်ခံကြတယ် ဆိုရင် အိမ်သားတိုင်း လိုက်နာကြ ရလိမ့်မယ် ။ မမျှတမှုတွေ ရှိ နေရင်တော့ ပြင်ဆင်ပေးဖို့  သူ့  ကို ဝိုင်းပြောကြ လိမ့်မယ် ။ ဒါဟာ ဒီမိုကရေစီ စနစ် ဆိုပါစို့  ။

အကယ်၍ မိသားစု တစ်စုထဲ နေတဲ့ အိမ်မဟုတ်ပဲ မိသားစု မတူသူတွေ (သူငယ်ချင်းတွေ) စုနေတဲ့ အိမ်ဆိုရင် ဒီစနစ်တစ်ခု ထဲနဲ့  အဆင်ပြေ ပါ့မလား ? အကယ်၍ စည်းကမ်း ချက်တွေထဲမှာ အိမ်သားတွေ အားလုံး ရိုးရာ အစဉ်အလာ တစ်ခုထဲကိုသာ လိုက်နာကြ ရမယ် ၊ ဘာသာ စကားတစ်ခုထဲ ကိုသာ ပြောဆိုကြရမယ် ဆိုတာမျိုးတွေ ပါနေမယ် ဆိုရင် မျိုးရိုးတစ်ခု ထဲက ဆင်းသက်လာတဲ့ အိမ်သားတွေ အတွက် ပြသနာမရှိ ပေမဲ့ ၊ အခြားသော မျိုးရိုး တွေက ဆင်းသက်လာတဲ့ အိမ်သားတွေ အတွက် အဆင်မပြေ နိုင်ပါဘူး ။ အိမ်သား အများစု လက်ခံတဲ့ စည်းကမ်းမို့  ရှောင်လွှဲလို့ မရ လိုက်နာရမယ် ဆိုရင်တောင် ခင်မင်မှုတွေ လေးစားမှုတွေ လျှော့နည်းပြီး ရေရှည်မှာ တစ်ဦးနဲ့  တစ်ဦး ကြား ရန်စောင် မှုတွေ ၊ အားပြိုင်မှုတွေ နဲ့  အိမ်တွင်း ပြသနာတွေ ဖြစ်လာမှာပါ ။

မိသားစု မတူသူတွေ စုနေတဲ့ အိမ်မှာ အိမ်တွင်းပြသနာတွေ မဖြစ်ရအောင် ၊ တစ်ဦးနဲ့  တစ်ဦးကြား လေးစား ခင်မင် မှုတွေ မလျှော့ရအောင် အိမ်သားတိုင်းမှာ အခြားသူတွေကို မထိခိုက်တဲ့ ကိုယ်ပိုင် လွတ်လပ် ခွင့်တွေ ရှိဖို့  လိုအပ်ပါတယ် ။ တန်းတူ အခွင့်အရေး ဆိုတဲ့ စနစ် တစ်ခု ထဲနဲ့  စည်းကမ်းချက်တွေ ထုတ်လို့  မရ တော့ပါဘူး ။ တန်းတူ အခွင့်အရေးဆိုတဲ့ စနစ်အပြင် အိမ်သားတိုင်းရဲ့  ကိုယ်ပိုင် လွတ်လပ် ခွင့်တွေ အတွက်ပါ စဉ်းစားရမယ် ဆိုတဲ့ မူဝါဒ မျိုးတွေ လိုအပ် လာပါတယ် ။

အိမ်သားတိုင်း မိမိတို့  ရဲ့  အခန်းတွင်းမှာ လွတ်လပ်စွာ နေထိုင်ခွင့် ရှိတယ် ။ ဒီအိမ်ကြီး ရဲ့  သန့် ရှင်းလှပရေး ၊ ရေရှည် ခိုင်ခန့်  အောင် ထိန်းသိမ်းရေး စတာတွေက အားလုံးမှာ တာဝန်ရှိတယ် ။ ပြင်ပရန်တွေကို စုပေါင်း ကာကွယ် ကြမယ် ။ ဒီအိမ်ကြီး ပေါ် ကျရောက်လာတဲ့ ကောင်းကြိုး ဆိုးကြိုးတွေကို အားလုံး မျှဝေခံစား ကြမယ် ။ အဲဒီလို တန်းတူ အခွင့်အရေး နဲ့  ကိုယ်ပိုင်လွတ်လပ် ခွင့် နှစ်ခု စလုံး အပေါ် အခြေခံထားတဲ့ စည်းကမ်းတွေ ကသာ မိသားစု မတူသူတွေ အတွက် တစ်ယောက်နဲ့  တစ်ယောက် ချစ်ခင် လေးစားစွာ ရေရှည် လက်တွဲ နေထိုင်ဖို့  ဖြစ်နိုင်မှာပါ ။

ကျွန်တော်တို့  မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်း နေထိုင်တဲ့ နိုင်ငံပါ ။ တိုင်းရင်းသား တွေဟာ မိမိတို့  စာပေ ယဉ်ကျေးမှု တွေ တိုးတက် မြင့်မားလာဖို့  အခြားလူမျိုး စုတွေ ရဲ့  စာပေ ယဉ်ကျေးမှုတွေ အပေါ်မှာ မှီဌာန်းတာတွေ ရှိရင်ရှိ မယ် ။ ဘယ်တိုင်းရင်းသား လူမျိုးစုကမှ မိမိတို့ ရဲ့  စာပေ ယဉ်ကျေးမှုတွေကို လုံးဝ ပြစ်ပယ်ပြီး အခြားလူမျိုးစု ရဲ့ စာပေ ယဉ်ကျေးမှုနဲ့  အစားထိုးမှာ မဟုတ်ပါဘူး ။

ဒီမိုကရေစီကို အရင်ရအောင် ပူးပေါင်းယူကြ ပြီးမှ Federal အကြောင်း ဆွေးနွေးလို့  မရ ဘူးလားလို့  အချို့  သူတွေက ပြောကြတယ် ။ ဒီစကားဟာ Federal အကြောင်း ငါတို့  စိတ်မဝင်စား ဘူးလို့  ယဉ်ယဉ် ကျေးကျေး ပြောလိုက်တာနဲ့  အတူတူပါပဲ ။ တိုင်းရင်းသား တွေမှာ ပင်လုံစာချုပ်လို အတွေ့  အကြုံမျိုးတွေ ရှိခဲ့ပြီးပြီး ။ ကြိုတင် သဘောတူညီခဲ့ ကြတာတောင် ဘယ်ဟာမှ အာမခံ ချက် မရှိခဲ့ဘူး ။ ပြည်တွင်း စစ်တွေသာ ဖြစ်ခဲ့ရတယ် ။ အဲဒီတော့ နောင်မှ ဆွေးနွေး ကြတာပေါ့ ဆိုတာကို ဘယ်လို လက်ခံကြ ရမလဲ ။

နယ်ချဲ့  ကျွန်ဘဝက လွတ်မြောက်ဖို့  တိုင်းရင်းသား အားလုံးဟာ တန်းတူ ရင်ဘောင် တန်းပြီး ကြိုးစားခဲ့ ကြတာပါ ။ ဒီမြေဟာ တိုင်းရင်းသားတွေ အားလုံးပိုင်တယ် ။ ဒီနိုင်ငံရဲ့  ကောင်းကြိုး ဆိုးကြိုး အားလုံးဟာ တိုင်းရင်းသားတွေ အားလုံးနဲ့  သက်ဆိုင်တယ် ။ တိုင်းရင်းသားတွေ အားလုံး ဒီမြေပေါ်မှာ ငြိမ်းချမ်းစွာ စုပေါင်း နေထိုင်နိုင်ကြဖို့  အတွက် တန်းတူ အခွင့်အရေး နဲ့  ကိုယ်ပိုင် လွတ်လပ်ခွင့် နှစ်ခု စလုံး အပေါ် အခြေခံထားတဲ့ စနစ်ရှိဖို့  လိုအပ်တယ် ။ ။

Saturday, 29 May 2010

မြန်မာပြည် နဲ့  ပြည်တွင်းစစ် ပြသနာ

မြန်မာပြည်သူ တော်တော် များများဟာ ပြည်တွင်းမှာ ဖြစ်နေတဲ့ လက်ရှိ ပြသနာတွေ အတွက် အာဏာရှင် စနစ်ကို ဖျက်သိမ်းနိုင်ရင် ၊ လူတိုင်း တန်းတူ အခွင့်အရေးတွေ ရကြရင် ပြသနာ အားလုံး ပြေလည်ပြီးလို့  ထင်နေကြတယ် ။ တကယ်တန်းမှာ အဲဒါတွေက ပြသနာ တော်တော်များများကို ပြေလည်စေမှာ ဖြစ်ပေမဲ့ ပြည်တွင်းစစ်လို ပြသနာတွေ အတွက် အဖြေမဟုတ်ပါဘူး ။

လူအများစုဟာ ပြည်တွင်းစစ် ပြသနာကို သီးခြားပြသနာ အနေနဲ့  မမြင်ကြဘူး ။ ပြည်တွင်းစစ် ဘာကြောင့်စဖြစ် လာရတာလဲ မလေ့လာကြဘူး ။ တိုင်းရင်သား အဖွဲ့ တွေရဲ့  ရည်ရွယ်ချက်တွေကို မသိကြဘူး ။ ဒီမိုကရေစီ လမ်းပေါ်မှာ လျှောက်နေကြတဲ့ သူအားလုံးရဲ့  ရည်ရွယ်ချက် ပန်းတိုင်တွေဟာ အတူတူပဲလို့  ထင်နေကြတယ် ။

တိုင်းရင်းသားအဖွဲ့ တွေရဲ့  အဓိက ရည်ရွယ်ချက်ဟာ လူမျိုးစုများ အားလုံးတန်းတူ အခွင့်အရေး ရရှိရေး နဲ့  မိမိတို့ ရဲ့  စာပေ ၊ ယဉ်ကျေးမှုတွေ အတွက် ခိုင်လုံတဲ့ အာမခံချက် ရပ်တည်မှုတွေ ရှိဖို့ အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ ပေါ်ပေါက်လာဖို့  ဖြစ်တယ် ။

ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိ သင့်တယ်လို့  ပြောလိုက်တာနဲ့  လူတော်တော် များက ဒီလူတွေဟာ ပြည်ထောင်စုကြီးကို အစိတ်စိတ် အမွှာမွှာ ကွဲအောင် လုပ်နေကြ သူတွေ ၊ အခွင့်ထူး လိုချင် သူတွေလို့  တန်းမြင်ကြ တော့တာပဲ ။ အဲဒါဟာ အင်မတန် မှားယွင်းပါတယ် ။

ဘယ်တိုင်းရင်းသား အဖွဲ့ အစည်း ကမှ မိမိလူမျိုးစုများ အခွင့်ထူး ရရှိရေး ၊ အခြားလူမျိုးစု တစ်စုအား အမြစ်ပြုတ် တိုက်ဖျက်ရေး ဆိုပြီး တိုက်ခိုက်နေ ကြတာမဟုတ်ပါဘူး ။ ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စနစ်နဲ့  သီခြားနိုင်ငံ ခွဲထွက်တာဟာလဲ တခြားစီပါ ။ ကျေးဇူးပြု၍ Federal ပြည်ထောင်စု အကြောင်းကို လေ့လာကြပါ ။

ပြည်တွင်းစစ်တွေ အဆုံးမသတ် နိုင်သေးသရွေ့  ဘယ်လိုစနစ်ပဲ ပြောင်းပြောင်း နိုင်ငံ ဖွံ့ ဖြိုး တိုးတက် ရေးတွေမှာ နှောင့်နှေးနေဦး မှာပါ ။ အစိုးရတပ်က တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို အမြစ်ပြုတ်တိုက်ပြီး ပြည်တွင်းစစ် တွေကို အချိန်မရွေး အဆုံးသတ်လို့  ရတယ်လို့  ပြောနေကြတဲ့ သူတွေလဲရှိ ပါတယ် ။

အမာခံ တပ်စခန်းတွေ ကျဆုံးသွားလဲ တိုင်းရင်းသားတွေရဲ့  စိတ်ဓာတ်တွေ ၊ ခံယူချက်တွေဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ။ တော်လှန်ရေး သမားတွေက တောထဲကနေ မြို့ ရွာတွေထဲ ကိုရောက်လာလိမ့်မယ် ။ တော်လှန်ရေး တိုက်ပွဲတွေက အမာခံ ခံစစ်အသွင် တွေကနေ ပြောက်ကြား တိုက်စစ်အသွင်တွေ ပြောင်းသွားလိမ့်မယ် ။ မြန်မာပြည်ဟာ Iraq နိုင်ငံလို ဖြစ်လာလိမ့်မယ် ။ အမြင်မတူ တာတွေအတွက် တွေ့ ဆုံ ဆွေးနွေးပြီး အဖြေမရှာပဲ အင်အားသုံး ဖြေ ရှင်းတာဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး ။ မလိုလားအပ်တဲ့ ပြသနာတွေသာ ပိုတိုးလာစေမှာဖြစ်တယ် ။

မြန်မာပြည်ကြီးကို တကယ်ငြိမ်းချမ်း စေချင်ရင် ပြည်တွင်းစစ်တွေ ဘာကြောင့် ဖြစ်နေရတာလဲ သိအောင် ကြိုးစားကြပါ ။ တိုင်းရင်းသား တွေရဲ့  ခံစားချက်တွေကို နားထောင်ကြပါ ။ အမြင်မတူ တာတွေ အတွက် တွေ့ ဆုံ ဆွေးနွေးပြီး အဖြေရှာကြပါ ။ Federal မူအကြောင်းကို လေ့လာကြပါ ။ ။

Wednesday, 28 April 2010

မွန်စာ နှင့် မြန်မာစာ

မွန်စာ နဲ့  မြန်မာစာ ဟာ စာဖတ်တဲ့ အသံထွက် ချင်းမတူ ၊ စာလုံး ပေါင်းပုံခြင်း မတူကြပေမဲ့ ၊ စာအရေးအသားမှာ အသုံးပြုတဲ့ ဗျည်း များ အားလုံး နီးပါး တူညီ နေကြတဲ့ အတွက် အမြင်မှာတော့ အတော်လေး ဆင်တူကြတယ် ။ မွန်စာမှာ ဗျည်း (၃၅) လုံး ရှိပြီး မြန်မာစာမှာ ဗျည်း (၃၃) လုံး ရှိပါတယ် ။




တိုင်းရင်းသား ပေါင်းစုံစုပေါင်း နေထိုင်ကြတဲ့ မြန်မာပြည် လို့ လက်ရှိ ခေါ်ဆို နေ ကြတဲ့ နယ်မြေအတွင်းကို မွန်လူမျိုးများဟာ အခြားသော လူမျိုးစု တွေထက် နှစ်ပေါင်းများစွာ စောပြီး ရောက်ရှိ အခြေချ နေထိုင်ခဲ့ ကြတာပါ ။ မွန်လူမျိုး များဟာ ပင်လယ်ပြင်ကို ဖြတ်သန်း ကုန်ကူးရင်း အိန္ဒိယ လူမျိုးများ ထံမှ ဗုဒ္ဓဘာသာ ကိုးကွယ်မှု ၊ စာပေ အရေးအသား ပညာရပ်များ နှင့် ယဉ်ကျေးမှု များ ကို ရရှိပြီး မိမိတို့  ကိုယ်ပိုင် ယဉ်ကျေးမှု များနှင့် သင့်တော်သလို ပြင်ဆင်၍ ကိုယ်ပိုင် ယဉ်ကျေးမှုများ အဖြစ်ပြောင်းလဲ ခဲ့ကြတယ် ။

မွန်လူမျိုးများဟာ အခြားသောတိုင်းရင်းသား တွေထက် ဗုဒ္ဓဘာသာ ကို နှစ်ပေါင်းများစွာ စောပြီး ကိုးကွယ်ခဲ့ ကြသလို ၊ မွန်စာပေ ဟာလဲ အခြားသော တိုင်းရင်းသား စာပေတွေ ထက်နှစ်ပေါင်း များစွာ စောပြီး ပေါ်ပေါက်ခဲ့တဲ့ စာပေ ဖြစ်တယ် ။

ဗမာဘုရင် အနော်ရထာ ဟာ မွန်ဘုရင် မနူဟာမင်း လက်ထက်မှာ မွန်တို့  တိုင်းပြည် သုဝဏ္ဏဘူမိ ကိုစစ်နိုင်ပြီး မွန်ဘာသာနှင့် ရေးသားထားသော ထေရ၀ါဒ ဗုဒ္ဓဘာသာ စာပေများ ၊ မွန်ရဟန်းတော်များ ၊ မွန်ရိုးရာ ယဉ်ကျေးမှု ဗိသုကာ ပညာရှင်များ ၊ မွန်စာပေ ပုရပိုဒ် များကို ဖမ်းဆီး သယ်ဆောင်သွားခဲ့တယ် ။

မွန်တို့ ရဲ့  ဗုဒ္ဓဘာသာ ကိုးကွယ်မှုကို ကူးယူပြီး ဗမာနိုင်ငံဟာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံ ဖြစ်လာတယ် ။ မွန်ဗိသုကာ ပညာရှင်များ ဆောက်လုပ် ပေးခဲ့တဲ့ စေတီ များ အဆောက်အဦး များဟာ မြန်မာပြည် အနှံ့ အပြားမှာ ယနေ့  တိုင် ရှိနေသေးတယ် ။ ပုဂံမှာ ရှိတဲ့ ရှေးဟောင်း ဘုရားများဟာ ထင်ရှားတဲ့ သက်သေတွေ ဖြစ်တယ် ။ မွန်စာပေ ဟာလဲ ဗမာစာ တိုးတက်ပြောင်းလဲ ရေးမှာ အဓိက အထောက်အကူ ပြုခဲ့တယ် ။ ဗမာစာပေ အရေးအသား ကို မွန်စာပေ အရေးအသားအပေါ် မှီငြမ်းပြီး ပြုပြင်ပြောင်းလဲ ခဲ့ကြတယ် ။ ဗမာစာပေ အရေးအသားမှာ အသုံးပြုတဲ့ ဗျည်းများနဲ့ နှစ်ပေါင်းများစွာ စောပြီး ရှိခဲ့တဲ့ မွန်စာပေ အရေးအသားမှာ အသုံးပြုတဲ့ ဗျည်းများ အားလုံး နီးပါး တူညီနေတာဟာ ထင်ရှားတဲ့ သက်သေတွေ ဖြစ်တယ် ။

သူငယ်ချင်း အချို့ က မွန်စာကို မြင်ရင် မင်းတို့ မွန်စာက မြန်မာစာ နဲ့  တော်တော်တူတာပဲ ၊ မြန်မာစာကို မှီငြမ်းပြီး လုပ်ထား တာလားလို့  မေးတတ်ကြတယ် ။ မြန်မာစာ ဘယ်က စခဲ့တယ် ဆိုတာ သမိုင်း အထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရှိပေမဲ့ ကျောင်းသုံးစာအုပ် တွေထဲမှာ မတွေ့  ရတော့ သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာသူတွေ ကလွဲလို့  ကျန်တဲ့သူတွေ မသိတာ အံ့သြ စရာတော့ မဟုတ်ပါဘူး ။

မွန်စာ ဟာ မြန်မာစာ ကိုမှီငြမ်းပြီး လုပ်ထားတာလား ဆိုရင် လုံးဝ မဟုတ်ပါဘူး ။ မွန်စာ ဟာ မြန်မာစာထက် နှစ်ပေါင်းများစွာ စောပြီးရှိခဲ့တာပါ ။ မွန်စာ ဟာ မြန်မာစာ အပေါ်မှာ မှီငြမ်းမှု တွေ ရှိလားဆိုရင်တော့ ရှိပါတယ် ။ ဗမာစာပေ စတင်တိုးတက် ပြောင်းလဲမှုမှာ မွန်စာပေ ကိုမှီငြမ်းခဲ့ ကြတယ်ဆိုပေမဲ့ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဝေါဟာရ အခေါ်အဝေါ် အသစ်တွေ ၊ စကားလုံး အသစ်တွေ အတွက် မွန်စာ ဟာ မြန်မာစာ အပေါ်မှာ မှီငြမ်းမှုတွေ ရှိပါတယ် ။ မကြာသေးခင်က မွန်စာပေနဲ့  စာတမ်းဖတ်ပွဲ အကြောင်း သတင်းတစ်ပုဒ် ကျွန်တော်ဖတ် လိုက်ရတယ် ။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ အခမ်းအနား မှာ “စာတမ်း” ဆိုတဲ့ စကားလုံး မွန်စာမှာ မရှိတဲ့ အတွက် ၀ိုင်းဝန်း ညှိနှိုင်းပြီး စကားလုံး တစ်ခုအား ယာယီ သက်မှတ်ခဲ့ ကြတယ်ဆိုတဲ့ အကြောင်းပါ ။ ဒါဟာ မွန်စာပေ ဟာ မြန်မာစာ အပေါ်မှာ ပြန်လည်မှီငြမ်း မှုတွေရှိ တယ်ဆိုတဲ့ သာဓက တစ်ခုပါ ။

ကျွန်တော်တို့  တိုင်းရင်းသားတွေဟာ တစ်မြေထဲပေါ်မှာ တစ်ရေထဲ သောက်ပြီး နှစ်ပေါင်းများစွာ ကိုင်းကျွန်းမှီ ၊ ကျွန်းကိုင်းမှီ အတူတကွ နေထိုင်ခဲ့ ကြတဲ့သူတွေပါ ။ သမိုင်းစဉ် တလျှောက်မှာ တစ်ဦးကို တစ်ဦး စစ်မက်ပြုခဲ့ ကြသလို ၊ တစ်ဦးရဲ့  ရန်ကိုလဲ တစ်ဦးက ၀ိုင်းဝန်းရင်ဆိုင် ဖြေရှင်းပေးခဲ့ ကြဖူးပါတယ် ။ တစ်ဦးနဲ့  တစ်ဦး အားပြိုင်မှုတွေ ရှိခဲ့သလို တစ်ဦး ကို တစ်ဦး ၀ိုင်းဝန်း ကူညီဖေးမ ခဲ့ကြ ဖူးပါတယ် ။

လူမျိုးကို ချစ်သောသူတိုင်း ၊ မိမိလူမျိုး၏ သမိုင်း ၊ စာပေ နှင့် ရိုးရာ ယဉ်ကျေးမှု များ အကြောင်း ကိုသိထား သင့်တယ် ။ မိမိလူမျိုး၏ စာပေ ကို အထင်ကြီး ဂုဏ်ယူ သလို ၊ အခြားလူမျိုးစု များရဲ့  စာပေ ကိုလဲ လေးစားပါ ။ မိမိလူမျိုးရဲ့  သမိုင်းကို မပျောက် ကွယ်စေချင် သလို အခြားမျိုးနွယ်စုများရဲ့  သမိုင်း ကိုလဲ မဖျက်စီးသင့်ပါ ။ ။

If we have no peace, it is because we have forgotten that we belong to each other.
Mother Teresa

Sunday, 18 April 2010

တလိုင်း သည် မွန်မဟုတ်

“ တလိုင်း ”ဟူသော စကာလုံးကို ဗမာ့ သမိုင်း ရာဇ၀င် ကျမ်းများတွင် မွန်လူမျိုး တို့ အား ရည်ညွှန်း၍ သုံးဆွဲထားကြသည် ။ ထိုကျမ်းများအား ကိုးကား၍ အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထုတ်ဝေသော ရာဇ၀င် ကျမ်းများ ၊ စာအုပ်များ နှင့် အဘိဓာန်များ တွင်လည်း အလားတူ သုံးဆွဲ ကြခြင်းများ တွေ့ နိုင်သည် ။ အချို့ သော သူများသည် စကားပြောရာ၌ မွန်လူမျိုး များအား တလိုင်း လူမျိုးများဟု သုံးနှုံးပြောဆို တတ်ကြသည် ။ သုံးနှုံး ပြောဆို နေကြ သော်လည်း တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို မည်သူမှ သေချာ မသိကြ ။ တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်သည် မွန်လူမျိုး များဟု ဆိုလိုခြင်း မဟုတ် ။

တလိုင်းဟူသော စကားလုံးသည် မွန်စကားတွင် မရှိသလို ၊ မူရင်း ဗမာစကား တွင်လဲ မရှိပါ ။ ထို့ ကြောင့် မူရင်း အဓိပ္ပါယ် အသိအကျကို သိရှိနိုင်ရန် မလွယ်ကူပေ ။ အဓိပ္ပါယ် အမှန်ကို မသိကြသော်လည်း တလိုင်းဟု ဆိုလျှင် မွန်လူမျိုး များအားရည်ရွယ်သည် ၊ အခေါ်ခံ ရသော မွန်လူမျိုးများသည် တလိုင်းဟု အခေါ်ခံရခြင်းကို မနှစ်သက်ကြ ဟု အားလုံး နားလည်ထား ကြသည် ။

နိုင်ဖေသိန်းဇြာ ( ဖက်ဒရယ်တက္ကသိုလ် ) ၏ တလိုင်း ဝေါဟာရ သုတေသန စာတမ်း အရ တလိုင်းဟူသော စကားသည် တ’လုင် ( Tai Long ) မှဆင်းသက် လာသည်ဟု ဆိုသည် ။ တ’လုင် ( Tai Long ) ဆိုသည်မှာ ယိုးဒယား ရှမ်းလူမျိုး များအား ခေါ် ခြင်း ဖြစ်သည် ။ တ’လုင် အား ဗမာစကား အသံထွက်ဖြင့် ခေါ်ဆိုရာမှ တလိုင်း ဟူသော စကားဖြစ်လာ သည်ဟုဆိုသည် ။ ယိုးဒယားရှမ်း လူမျိုး များအား ခေါ်ဝေါ်သော တလိုင်း ဟူသော စကား သည် မွန်လူမျိုးများ နှင့် ပတ်သက်လာ ရပုံမှာ -

မြန်မာပြည် အညာဒေသ သို့  တ’လုင် (ယိုးဒယား ရှမ်း) လူမျိုးတို့ ထက် စောစွာ ရောက်ရှိ အခြေချ ခဲ့ကြသော ဗမာလူမျိုးများသည် တရုတ်ပြည် တောင်ပိုင်းမှ ရွှေ့ ပြောင်းဝင်ရောက် အခြေချ လာသော တ’လုင် (ယိုးဒယား ရှမ်း) လူမျိုးများ နှင့် တိုက်ပွဲများ ဖြစ်ပြီး နယ်မြေများ ဆုံးရှုံးခဲ့ ရသည်ကို ဗမာလူမျိုးတို့  မြို့ ရွာ တည်ထောင်ခဲ့ သော ဒေသများနှင့် ဒေသ အတွင်းသို့  နောက်မှ ၀င်ရောက် အခြေချ ခဲ့ကြသော တ’လုင် လူမျိုးများ မြို့ ရွာ စတင် တည်ထောင်သော ဒေသများ သမိုင်းမှတ်တမ်းများ အရ တူညီနေသည် ကို ကြည့်ခြင်း အားဖြင့် သိနိုင်သည် ။

ဗမာလူမျိုးတို့ အတွက် တ’လုင် တို့ သည် နယ်ချဲ့ ကျူးကျော် ၀င်ရောက် စော်ကား သူများ ၊ အရိုင်းအစိုင်းများ ဟုမြင်ခဲ့ကြသည် ။ နာကြည်းခဲ့ ကြသည် ။ တ’လုင် အား တလိုင်းဟု ဗမာမှုပြု သုံးစွဲခဲ့၍ ခေတ်ကာလ ကြာလာသောအခါ တလိုင်း သည် တ’လုင် မှ ဆင်းသက်လာ သည်ကို သိသူနည်းပါး လာသည် ။ မူရင်း အဓိပ္ပါယ် ကိုလဲ သိသူ ရှားပါး လာသည် ။ တလိုင်းအား မူရင်း ဗမာစကား ဟုယူဆလာကြသည် ။ ဗမာလူမျိုး တို့ ၏ စိတ်တွင် တလိုင်း ဟုဆိုလိုက်လျှင် မုန်းတီးစရာ အရိုင်းအစိုင်း လူမျိုးများ ၊ ကျူးကျော် ၀င်ရောက်သူများ ဟု စွဲခဲ့ကြသည် ။

( ၁၇၄၀ ) ယိုးဒယား ရှမ်းလူမျိုးများ၏ တော်လှန် ပုန်ကန်မှု ကာလတွင် ဟံသာဝတီ မွန်များ သည်ရှမ်းတို့ နှင့် ပူးပေါင်း၍ အင်းဝမင်းကို တော်လှန် ခဲ့ကြသော ကြောင့် အင်းဝမင်း များသည် ဟံသာဝသီ တပ်များအား ဟံသာဝသီ တလိုင်း တပ်များဟု ခေါ်ဝေါ် ခဲ့ ကြသည် ။ တော်လှန် ပုန်ကန်သူ ရှမ်း ၊ မွန် လူမျိုး နှစ်စု လုံး အားပေါင်း၍ တလိုင်း များဟု ခေါ်ဝေါ် သုံးစွဲ ခဲ့ကြသည် ။

မွန်ဘုရင် ဗညားဒလ လက်ထက် အင်းဝမင်းနှင့် စစ်ခင်းစဉ် ကာလတွင် ဗမာများ က မွန်တပ်များအား တလိုင်းတပ်များဟု ခေါ်ဝေါ်ခဲ့ ကြသလို ၊ မွန်များကလဲ ဗမာတပ်များအား အရည်းကြီးတပ်များ ဟု ခေါ်ဝေါ် ခဲ့ကြသည် ။ ( ၁၇၅၃) နောက်ပိုင်း ရှမ်းများနှင့် မွန်လူမျိုးတို့  အဆင်မပြေ ဖြစ်ပြီး ရှမ်းလူမျိုးတို့ သည် ဦးအောင်ဇေယျ (ဗမာ) တို့ နှင့် သွားရောက် ပူးပေါင်းလိုက် သောအခါ ဗမာလူမျိုးတို့ သည် တလိုင်းဟူသော စကားအား မွန်လူမျိုး တစ်စုထဲ ကိုသာ ရည်ရွယ်ပြီး ခေါ်ဝေါ် သုံးစွဲ လာကြသည် ။ ထိုအချိန်မှ စ၍ ဗမာလူမျိုး များသည် မွန်မင်း များအား တလိုင်းမင်း ၊ မွန်လူမျိုး များအား တလိုင်းလူမျိုးများ ဟု သမိုင်း မှတ်တမ်း များတွင် မှတ်တမ်းတင်ခဲ့ ကြသည် ။ မှန်နန်း ရာဇ၀င် နှင့် ကုန်းဘောင်ခေတ် မဟာရာဇ၀င် ကြီးတို့ တွင် မွန်လူမျိုးတို့  အား တလိုင်းဟု မှားယွင်းစွာ မှတ်တမ်းတင် ခဲ့ကြသည် ။

အလောင်းမင်းတရား (ဦးအောင်ဇေယျ) လက်ထက်မှ စတင်၍ တလိုင်း ဟူသော စကားသည် မွန်လူမျိုးတို့ အား သီးခြား ရည်ညွှန်း ခေါ်ဆိုသော စကား ဖြစ်လာသည် ။ ဒုတိယကမ္ဘာ စစ်ကာလတွင် အင်္ဂလိပ်လူမျိုး ၊ ဂျပန်လူမျိုးတို့ အား နာကြည်းမုန်းတီး စရာ ကျူးကျော်သူ နယ်ချဲ့ များဟု မြင်သာအောင် နယ်ချဲ့  မိစ္ဆာများ ဟု နှိမ်ချ ခေါ်ဝေါ် သုံးစွဲ ခဲ့ကြ သကဲ့သို့ ဦးအောင်ဇေယျသည် စစ်ပွဲ ဖြစ်နေစဉ်ကာလတွင် မွန်လူမျိုးတို့ အား နှိမ့်ချစွာ ခေါ်ဆို သုံးစွဲ ခဲ့သော စကားဖြစ်သည် ။ ထို့ ကြောင့် တလိုင်းဟူသော စကားသည် မွန်လူမျိုးဟု အဓိပ္ပါယ် ရသော စကားလုံး မဟုတ်ပဲ ၊ မွန်လူမျိုးတို့  အား နှိမ့်ချစွာ ခိုင်းနှိုင်းထားသော စကားလုံးသာ ဖြစ်သည် ။

ဦးအောင်ဇေယျ သည် မွန်နိုင်ငံတော်အား တိုက်ခိုက် သိမ်းပိုက်ပြီးနောက်ပိုင်းတွင် စစ်ရှုံးသူ မွန်လူမျိုးတို့ အား နှိမ့်ချစွာ ရည်ရွယ်၍ သုံးနှုံး ခေါ်ဆို ခဲ့သော စကား အသုံးအနှုံး ဖြစ်၍ တလိုင်း ဟူသော စကားကို “အဖမဲ့သား” ၊ “ အရိုင်း အစိုင်းများ” ၊ “မျိုးမစစ်များ” ဟု အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ခဲ့ကြသည် ။

မွန်လူမျိုးများသည် တလိုင်းဟု အခေါ်ခံရလျှင် ထီးနန်း ပျောက်ပြီး တိုင်းပြည်မဲ့ ၊ မင်းမဲ့ ဖြစ်နေသော အခြေအနေတွင် နှိမ့်ချ၍ ခိုင်းနှိုင်း ခေါ်ဆိုခံခဲ့ ရသော အခေါ်အဝေါ် ဖြစ်၍ အခြားသော စကားလုံးများ ထက်ပို၍ ခံပြင်းဒေါသ ထွက်ကြသည် ။ တလိုင်းဟူသော စကားသည် တစ်ဦး တစ်ယောက် ထဲအား ရည်ရွယ်သော စကားလုံး မဟုတ် ၊ မွန်လူမျိုးစု တစ်စုလုံးအား နှိမ့်ချ ရည် ရွယ်သော စကားဖြစ်သည် ။ သေချာစွာ စဉ်းစား ဆင်ခြင် ခြင်း မပြုပဲ သုံးနှုံး ပြောဆိုမိ၍ မိတ်ဆွေမှ ရန်သူဖြစ်သွားကြသူများ ၊ စိတ်မကောင်းစရာ ရလဒ်များနဲ့  အဆုံးသတ်ခဲ့ ရသော အဖြစ်အပျက်များ ၊ မလိုလားအပ်ပဲ သွေးမြေ ကျခဲ့ရမှုများ များစွာ ရှိခဲ့သည် ။

အချို့ သောသူများသည် တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို မသိပဲ စာအုပ် အချို့ တွင် မှတ်တမ်းတင် ရေးသားထား သည့်အတိုင်း မှာယွင်းစွာ မှတ်သား သုံးဆွဲ နေကြသည် ။ အဓိပ္ပါယ် အမှန်ကို သိသော်လည်း မွန်လူမျိုး တစ်ဦး တစ်ယောက် အား နောက်ပြောင် လို၍ သော်၎င်း ၊ အခြားသော အကြောင်းများ ကြောင့်သော်၎င်း တလိုင်းဟူ သော စကားကို တမင်ပင် သုံးဆွဲ နေကြသူများလဲရှိသည် ။

အဓိပ္ပါယ်ကို သိလျှက်နဲ့ တလိုင်းဟူသော စကားကို မွန်လူမျိုး တို့ အား ရည်ရွယ်၍ တမင် ဆက်လက် သုံးဆွဲ နေသူများ သေချာစွာ စဉ်းစားရန်လို သည်မှာ - စစ်မှန်သော သာသနာမရှိ ၊ ဘာသာတရား မရှိပဲ မှားယွင်းသော အယူအဆ တွေနဲ့  အရည်းကြီးတို့  အား နှစ်ပေါင်းများစွာ ယုံကြည် ကိုးကွယ်ခဲ့ ကြ သူများသည် မည်သူတွေနည်း ? အခြား လူမျိုးစုအား အရိုင်းအစိုင်းမျိုး ဟု မခေါ်မှီ မိမိ လူမျိုးစု အကြောင်းအား သေချာ သိအောင် အရင် လုပ်သင့်သည် ။

အရည်းကြီးကိုးကွယ်မှု နဲ့ ပတ်သက်၍ လူသိအများဆုံး အစဉ်အလာ တစ်ခုမှာ ပန်းဦးလွှတ်ခြင်း အစဉ်အလာဖြစ်သည် ။ မင်္ဂလာဦးတွင် မိမိ၏ ဇနီးလောင်းအား ပန်းဦးဆက်ရသော အစဉ်အလာ နှင့် နှစ်ပေါင်း များစွာ နေထိုင်ခဲ့ကြသော သူများသည် မည်သူတွေနည်း ? အခြား လူမျိုးစုအား မျိုးမစစ် ဟု မခေါ်မှီ မိမိ လူမျိုးစု အကြောင်းအား သေချာ သိအောင် အရင် လုပ်သင့်သည် ။

မွန်များက ဗမာလူမျိုး များအား အရည်းကြီးမျိုး များဟု ခေါ်ဆို သုံးဆွဲ ကြလျှင် လည်း ဗမာလူမျိုးများ သဘောကျ ကြလိမ့်မည်မထင်ပါ ။

လူမျိုးစုကြား သွေးခွဲလို၍ ဤ Post အား ရေးသား ခြင်းမဟုတ်ပါ ။ ဤ Post ၏ ရည်ရွယ် ချက်သည် မွန်လူမျိုးတို့ အား တလိုင်းများဟု ရေးသား ပြောဆိုနေမှုများအား ရပ်တန့်  ၊ ပြင်ဆင် ကြရန် ဖြစ်သည် ။ နောက်ပိုင်း၌ ပြန်လည် ပုံနှိပ် ထုတ်ဝေသော သမိုင်း မှတ်တမ်း ဟောင်း များတွင် မွန်လူမျိုး များအား တလိုင်းများဟု အစားထိုး ပြောင်းလဲ ပုံနှိပ် ခဲ့ကြ ခြင်းကြောင့် ခေတ်ကာလ ကြာလာလျှင် မွန်လူမျိုး ဟူသော အမည်ပျောက်ဆုံး၍ တလိုင်း ဟုသာ တစ်ကမ္ဘာ လုံးမှ သိရှိတော့မည့် အခြေအနေ မရောက်မှီ - တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို မသိသူများအား ရှင်းပြရန် ၊ မွန်များအား တလိုင်း များဟု ခေါ်ဆို ၊ ရေးသား နေမှုများအား ရပ်တန့် ရန် ၊ မှားယွင်းစွာ မှတ်တမ်းတင် ထားမှုများ အား ပြင်ဆင် နိုင်ရန် ကြိုးစားရမည်မှာ မွန်တစ်မျိုးသား လုံး၏ တာဝန်ဖြစ်သည် ။ ။

“မွန်လူမျိုးများ သည် တလိုင်း မဟုတ်...

တလိုင်း သည် မွန်လူမျိုးများ မဟုတ်”


နိုင်ဖေသိန်းဇြာ ၏ တလိုင်း ဝေါဟာရ သုတေသန စာတမ်း

နိုင်ဖေသိန်းဇြာ ( ဖက်ဒရယ်တက္ကသိုလ် ) ၏ တလိုင်း ဝေါဟာရ သုတေသန စာတမ်း အား မှီငြမ်း ရေးသားပါသည်။ ။

Thursday, 15 April 2010

မြန်မာပြည် ဒုတိယ Iraq ဖြစ်တော့မှာလား ?

သင်္ကြန်ပွဲ တော်မှာ ဗုံးပေါက် တယ်တဲ့ ၊ အရမ်းကို စိတ်မကောင်း ဖြစ်စရာ သတင်း တစ်ခုပါ ။ အဲဒီ သတင်းကို တင်ထားတဲ့ Blog တွေ Site တွေမှာ သတင်းဖတ်ပြီးတဲ့ သူတွေက ဒေါသနဲ့  ဆဲဆိုထားတာတွေ ၊ ၀မ်းနည်းကြောင်း ရေးထားတာတွေ ၊ ဒဏ်ရာရသူတွေကို သွေးလှူတာမျိုးတွေ ၀ိုင်းဝန်းကူညီ ကြဖို့  တိုက်တွန်းထားတာတွေ စတဲ့ ကိုယ့်ခံစား ချက်တွေကို comment ထားခဲ့ ကြတာကို ဖတ်ရတာ စိတ်မကောင်းလဲ ဖြစ်ရ ၊ ဒေါသလဲ ထွက်ခဲ့ရပါတယ် ။

မြန်မာပြည်မှာ အရင်ကလဲပေါက်ကွဲမှုတွေ ဖြစ်ခဲ့ဖူးပါတယ် ။ ပေါက်ကွဲမှု တော်တော်များကို ဘယ်အဖွဲ့  အစည်းကမှ တာဝန်ယူ ၀န်ခံလေ့ မရှိပါဘူး ။ ပြဿနာ တစ်ခု ကိုအဖြေရှာတဲ့ အခါ ဘယ်သူလုပ် တာလဲ ဆိုတာ အရေးကြီးသလို ၊ ဘယ်ကြောင့် ဒီလို လုပ်ရတာလဲ ဆိုတဲ့ အကြောင်းကလဲ ပြဿနာ တစ်ခုကို ဖြေရှင်းနိုင်တဲ့ အရေးကြီးတဲ့အချက်ပါ ။

ဒီပေါက်ကွဲမှုနဲ့  ပတ်သက်ပြီး ဒါဘယ်သူတွေ လုပ်တာဖြစ် နိုင်လဲ ၊ ဘာကြောင့် ဒီလို လုပ်ကြတာလဲ ကျွန်တော် စဉ်းစားကြည့်တယ် ။ တစ်စုံတစ်ဦးကို ရည်ရွယ် တာလား ? အဖွဲ့  အစည်း တစ်ခုခုကို ရည်ရွယ်တာလား ? နိုင်ငံရေး အကြောင်းတွေများ ပါနေ သလား ?

အဖွဲ့ အစည်းတစ်ခုအတွင်းဖြစ်တဲ့ ပြဿနာ ၊ လူတစ်ဦးတစ်ယောက်ကို ရည်ရွယ် တဲ့ ပြဿနာဆိုရင် ဒီလို ပွဲတော် ရက် ၊ ဒီလို နေရာမှာ လုပ်တာဟာ တော်တော်လေးကို လက်မခံ နိုင်စရာ ကိစ္စ ပါ ။

နောက်ဆုံး ကျွန်တော် စဉ်းစား မိတဲ့ အချက်က ကျွန်တော် အဆိုးရိမ်ဆုံးဘဲ ။ ဒီပေါက်ကွဲမှုနဲ့ အတူ နိုင်ငံရေးတွေ ဆက်နွယ်နေသလား ? နိုင်ငံရေးတွေ ဆက်နွယ် နေပြီးဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေဟာ ဒီလို လုပ်ရလောက်တဲ့ အခြေအနေ အထိ ရောက်နေပြီးလား ? မြန်မာပြည်ဟာ ဒုတိယ Iraq နိုင်ငံ ဖြစ်လာတော့မှာလား ?

ဘာအကြောင်း ကြောင့်ဘဲ ဖြစ်ဖြစ် သေချာ တာကတော့ ဒီလိုမျိုး အဖြစ်တွေ ဘယ်သူမှ ထပ်ဖြစ် စေချင်ကြမှာမဟုတ်ဘူး ။ ဒီလို အဖြစ်မျိုးတွေ နောက်ထပ် မဖြစ်ပါစေနဲ့ လို့  သေဆုံးသွားသူများ၏ မိသားစုများနဲ့ ထပ်တူထပ်မျှ ၀မ်းနည်း ရင်း ဆုတောင်းလိုက်ပါတယ် ။

သေဆုံးသွားသူများ ကောင်းရာမွန်ရာ ဘုံဘ၀ ကိုရောက်ရှိကြပါစေ ။ ဒဏ်ရာရရှိ ထားသူများလဲ အမြန် သက်သာပျောက်ကင်းပါစေ ။ ။

Tuesday, 13 April 2010

Federal ပြည်ထောင်စု

Federal Government ဆိုတာ အစိုးရ အဖွဲ့ ငယ် များ
ပေါင်းစပ် ဖွဲ့ စည်းထားတဲ့ အစိုးရအဖွဲ့ ကြီးပါ ။ Federal
Government မှာ ဗဟို အစိုးရ ၊ ပြည်နယ်အစိုးရ နဲ့ 
အခြားသော အစိုးရအဖွဲ့ ငယ်တွေ ပါဝင်ပါတယ် ။ ဖွဲ့ စည်း
ပုံ ဟာ နိုင်ငံအလိုက် တစ်နိုင်ငံ နဲ့  တစ်နိုင်ငံ မတူကြဘူး ။
အခြေခံ တူညီတဲ့ Federal Government ဖွဲ့ စည်းပုံ
တွေကတော့ ၊ နိုင်ငံ အတွင်းမှာ အစိုးရအဖွဲ့  အဆင့်ဆင့်
ရှိပြီး ၊ အဲဒီအစိုးရ အဖွဲ့ တွေဟာ အတူတကွ သော်၎င်း ၊
အာဏာခွဲဝေ၍ သော်၎င်း အုပ်ချုပ်ကြတယ် ။

ဗဟိုအစိုးရ မှာ တစ်နိုင်ငံ လုံး နှင့်ဆိုင်သော ဥပဒေ များ
ထုတ်ပြန် ခွင့်ရှိတယ် ။ ဥပမာ - တစ်နိုင်ငံလုံး ကို ကိုယ်စား
ပြုပြီး နိုင်ငံတကာနဲ့ ဆက်ဆံ ရသော စစ်ရေး ၊
ကုန်သွယ်ရေး ၊ မဟာမိတ် နိုင်ငံဖွဲ့ ရေး ၊ နိုင်ငံတော်
ကာကွယ်ရေး အစရှိတဲ့ တစ်နိုင်ငံလုံး ကို ကိုယ်စားပြု တဲ့
အချုပ်အခြာ အာဏာဟာ ဗဟို အစိုးရမှာပဲ ရှိတယ် ။

ပြည်နယ် အစိုးရ အဖွဲ့ တွေမှာ တစ်နိုင်ငံလုံးနဲ့  သက်ဆိုင်
တဲ့ ဥပဒေ ထုတ်ပြန်ခွင့် မရှိပေမဲ့ ၊ လွှတ်တော်မှာ တင်ပြ
ပိုင်ခွင့် ၊ ဆွေးနွေးခွင့် တွေရှိတယ် ။ အုပ်ချုပ်ရာ နယ်မြေ
တွင်းမှာ သူ့ ရဲ့ အချုပ်အခြာ အာဏာ ဟာ နိုင်ငံတစ်နိုင်ငံ
၏ အချုပ်အခြာ အာဏာ ကဲ့သို့  တည်မြဲ ပြီး ၊ အခြားသော
အစိုးရ အဖွဲ့ တွေက ၀င်ရောက် စွက်ဖက် ပိုင်ခွင့်မရှိဘူး ။
ဗဟိုအစိုးရ ကထုတ်ပြန်တာမဟုတ်ပဲ ပြည်နယ်အစိုးရ
တစ်ခုကထုတ်ပြန်တဲ့ ဥပဒေ ဟာ တစ်ခြား ပြည်နယ်တစ်ခု
မှာ သက်ရောက် မှုမရှိဘူး ။

ဥပမာအနေနဲ့  -

• ပညာရေးပိုင်းမှာ - ပြည်နယ်တစ်ခုမှာ အထက်တန်း ကျောင်းသား များကို သိပ္ပံ / ၀ိဇ္ဇာ ကျောင်းသား လို့  ခွဲခြား သတ်မှတ်ပြီး ၊ သိပ္ပံကျောင်းသားက ဘယ် ဘာသာရပ်တွေ ၊ ၀ိဇ္ဇာ ကျောင်းသား က ဘယ် ဘာသာ ရပ် တွေ ကိုသင်ကြား ရမယ်လို့  ပုံသေ သတ်မှတ် ထားပေမဲ့ ၊ အခြား ပြည်နယ် တစ်ခုမှာ မြန်မာစာ ၊ အင်္ဂလိပ်စာ နဲ့  သချာင်္ ဘာသာရပ်များ ကသာ မသင်မနေရ ဘာသာရပ်တွေ ဖြစ်ပြီး အောင်မြင် ရမဲ့  ဘာသာရပ် အရည်အတွက် ပြည့်အောင် ကျန်ရှိတဲ့ ဘာသာရပ်တွေထဲက မိမိ စိတ်ကြိုက်ဘာသာရပ် တွေကို ရွေးချယ် သင်ယူ ပိုင်ခွင့်ရှိတာမျိုး

• ပြည်နယ်တွင်းဥပဒေပိုင်းမှာ - ပြည်နယ် တစ်ခုမှာ ယာဉ်စည်းကမ်း ဖောက်ဖျက်ရင် ဒဏ်ငွေ ဘယ်လောက် ပေးဆောင်ရ မယ် လို့  သတ်မှတ် ထားပေမဲ့ ၊ အခြားပြည်နယ် တစ်ခုမှာ ဒဏ်ငွေ အပြင် ထောင်ဒဏ်ကိုပါ ပူးတွဲ ကျခံ ရမယ်လို့  သတ်မှတ် ထားတာမျိုး

• ပြည်နယ် တစ်ခုမှာ ရဲဝန်ထမ်း ၀တ်စုံကို အသား ရောင် လို့  သတ်မှတ်ထား ပေမဲ့ ၊ အခြားပြည်နယ် တစ်ခုမှာ အပြာရောင် လို့  သတ်မှတ်ထား တာမျိုး

• ပြည်နယ်တစ်ခုမှာ ကုန်ပစ္စည်းအချို့ ကို ( ဥပမာ-အချိုမှုန့်  ၊ ကျွဲရိုင်း ) တရားဝင် ရောင်းချခွင့် မရှိလို့  သတ်မှတ်ထား ပေမဲ့ ၊ အခြား ပြည်နယ် တစ်ခုမှာ တရားဝင် ရောင်းချခွင့် ပြုထား တာမျိုး

ပြည်နယ် (သီးခြားအုပ်ချုပ်ခွင့်ရနယ်မြေ) တစ်ခု နဲ့  တစ်ခု
ပြဋ္ဌာန်း ထားတဲ့ ဥပဒေ တွေကွဲ ပြားနိုင်တယ် ။ ပြည်နယ်
အတွင်း နေထိုင် ကြတဲ့ ပြည်သူ တွေဟာ ကိုယ့်ပြည်နယ်
အစိုးရကို ကိုယ့်စိတ်ကြိုက် ရွေးချယ် တင်မြှောက်ခွင့်
ရှိတယ် ။ ပြည်နယ်အစိုးရ လက်အောက်မှာ အခြား အစိုးရ
အဖွဲ့ ငယ်တွေရှိတယ် ။ မြို့ တော်ဝန်တို့  ၊ ကျေးရွာ သူကြီး
တို့ ဟာ ပြည်နယ် အစိုးရ လက်အောက်က အစိုးရအဖွဲ့ 
ငယ်တွေ ဖြစ်တယ် ။

ပြည်နယ်အစိုးရရဲ့  အချုပ်အခြာအာဏာဟာ အုပ်ချုပ်ရာ
နယ်မြေ အတွင်းမှာ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ
ကဲ့သို့  တည်မြဲ တယ်ဆို ပေမဲ့ ၊ ပြည်နယ် အစိုးရတွေဟာ
စစ်တပ်ဖွဲ့ စည်းပိုင်ခွင့် ၊ အခြားသော နိုင်ငံ များကို စစ်
ကြေညာခွင့် ၊ အခြားသော နိုင်ငံများနဲ့  မဟာမိတ်ဖွဲ့ ခွင့် ၊
ကုန်သွယ်ခွင့် စာချုပ် ချုပ်ဆို ခွင့် လိုမျိုး အချုပ်အခြာ
အာဏာ တွေမှာ အကန့် အသတ် တွေရှိပါတယ် ။ ပြည်နယ်
အစိုးရရဲ့  လုပ်ပိုင်ခွင့် တွေဟာ နိုင်ငံရဲ့ အခြေခံ ဥပဒေ ပေါ်
မူတည်ပြီး တစ်နိုင်ငံ နဲ့  တစ်နိုင်ငံ မတူကြပါဘူး ။ အချို့ သော
နိုင်ငံတွေမှာ ပြည်နယ် အစိုးရက ပြည်နယ်အတွင်း အခွန်
အတိုး အလျှော့ လုပ်ပိုင်ခွင့်ရှိ ပေမဲ့ ၊ အချို့ သော နိုင်ငံတွေမှာ
လုပ်ပိုင် ခွင့် မရှိပါဘူး ။

အမေရိကန် နိုင်ငံဟာ ပထမဆုံး Federal Government
စနစ်ကို စတင် ကျင့်သုံး ခဲ့ တဲ့ နိုင်ငံ ဖြစ်ပြီး ၊ အင်္ဂလိပ်
လက်အောက်ကလွတ်လပ်ရေး ရပြီးနောက်ပိုင်း ( ၁၇၈၁ )
က စပြီး Federalism ကို စတင်ကျင့် သုံးခဲ့တယ် ။
Wikipedia အရ လက်ရှိ Federal Government စနစ်ဖြင့်
အုပ်ချုပ်နေတဲ့ နိုင်ငံတွေကတော့ -

• Argentina (23 provinces and 1 autonomous city)
• Australia (6 states and 3 territories)
• Austria (9 states)
• Belgium (3 regions and 3 linguistic communities)
• Bosnia and Herzegovina (Federation of Bosnia and Herzegovina, Republika Srpska and Brčko District)
• Brazil (26 states and 1 federal district)
• Canada (10 provinces and 3 territories)
• Comoros (Anjouan, Grande Comore, Mohéli)
• Ethiopia (9 regions and 3 chartered cities)
• Germany (16 states)
• India (28 states and 7 union territories)
• Iraq (Currently 18 governates and 1 region)
• Malaysia (13 states and 3 federal territories)
• Mexico (31 states and 1 federal district)
• Micronesia (Chuuk, Kosrae, Pohnpei and Yap)
• Nigeria (36 states and 1 federal capital territory)
• Palau (16 states)
• Russia (46 oblasts, 21 republics, 9 krais, 4 autonomous okrugs, 2 federal cities, 1 autonomous oblast)
• Switzerland (26 cantons)
• United Arab Emirates (7 emirates)
• United States (50 states and 1 federal district)
• Venezuela (23 states, 1 capital district and 1 federal dependency)

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာလဲ
တိုင်းရင်သားခေါင်းဆောင်များနဲ့  ပင်လုံစာချုပ် ချုပ်ဆိုပြီး ၊
မြန်မာ နိုင်ငံမှာ Federal Government စနစ် တည်ထောင်
နိုင်ရန် ကြိုးစားခဲ့သူ ဖြစ်တယ် ။

တိုင်းရင်းသား ခေါင်းဆောင် တွေက ပြည်နယ် အတွင်း
ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရှိရမယ်လို့ပြောရင် ၊ ပြည်ထောင်စု
ကြီး မှ သီခြားနိုင်ငံ အဖြစ် ခွဲထွက်လိုသူဟုတလွဲ နားလည်
သဘောပေါက် နေသူများ လည်းရှိတယ် ။ ပြည်နယ်
များမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိရေး နဲ့  သီခြား နိုင်ငံ အဖြစ်
ခွဲထွက် တည်ထောင် ခြင်းဟာ အဓိပ္ပါယ် ချင်း လုံးဝ ကွဲလွဲ
ပါတယ် ။

တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုပေါင်း နေထိုင် ကြတဲ့
ကျွန်တော် တို့ ရဲ့မြန်မာနိုင်ငံမှာ တိုင်းရင်းသားများ
အတူတကွ ချစ်ခင် ရင်းနှီး စွာနေထိုင် နိုင်ဖို့ နဲ့  သက်တမ်း
ကြာရှည်စွာ အဆုံးမသတ် နိုင်သေးတဲ့ ပြည်တွင်းစစ် တွေ
ရပ်တန့် နိုင်ဖို့ အတွက် Federal ပြည်ထောင်စု စနစ်ဟာ
တစ်ခုတည်း သော နည်းလမ်းသာ ဖြစ်တယ် ။ ။

ကျွန်တော်သည် နိုင်ငံရေး သမားတစ်ဦး မဟုတ်သလို
ဥပဒေ ရေးရာ များကို နားလည်သူလဲ မဟုတ်ပါ ။
ကျွန်တော် ဖတ်မိသော စာများအား နားလည်သမျှ နဲ့ 
ဆက်စပ်တွေးမိသမျှ များကို ရေးသားထားခြင်းသာ
ဖြစ်သည် ။


Sunday, 11 April 2010

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ကျွန်တော်တို့ ရဲ့ မြန်မာနိုင်ငံတော်ကြီးဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်း
နေထိုင်ကြတဲ့ နိုင်ငံတော်ကြီးပါ ။ တိုင်းရင်းသားတွေထဲမှာ ကိုယ့်ထီးကိုယ့်နန်း
နဲ့  သီးခြား ရပ်တည် နေထိုင်ခဲ့တဲ့ လူမျိုးစု တွေလဲ ရှိပါတယ် ။ တိုင်းရင်းသား
လူမျိုးစု တိုင်းမှာ သီးခြား ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင်စာပေ ၊ ကိုယ်ပိုင်
ရိုးရာ အစဉ်အလာတွေ ရှိ ကြပါတယ် ။

လူမျိုးစုတိုင်းရဲ့ မျိုးဆက်သစ်တွေ မွေးဖွားလာတာနဲ့ အတူ သူတို့ ရဲ့ 
သွေးထဲမှာ ကိုယ်လူမျိုးကို ချစ်တဲ့စိတ် ၊ ကိုယ့်စာပေ ကို မပျောက်ကွယ်
သွားအောင် ကာကွယ်လိုတဲ့စိတ် ၊ ကိုယ့်ယဉ်ကျေးမှု ကို ထိမ်းသိမ်းလိုတဲ့
စိတ်တွေဟာ မွေးထဲက အနည်း နဲ့ အများတော့ ပါလာပြီးသားပါ ။ လူမျိုးစု
တစ်စုရဲ့  ယဉ်ကျေးမှု အစဉ်အလာတွေ ၊ စာပေတွေ ၊ သမိုင်းကြောင်းတွေ
ဟာ ကျောင်းသုံး ဖတ်စာအုပ်တွေ ၊ သမိုင်း မှတ်တမ်း စာမျက်နှာ တွေပေါ်မှာ
မပါ ယုံနဲ့  ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး ။ ဆက်လက် သယ်ဆောင်
သွားမဲ့ မျိုးဆက်တွေဟာ လူမျိုးစုတိုင်းမှာ ရှိနေဦးမှာပါ ။

ပဒေသရာဇ်ခေတ်မှာ တိုင်းရင်းသား အိမ်နီးချင်း နိုင်ငံ အချင်းချင်း နယ်မြေနဲ့  ၊
သြဇာ အာဏာချဲ့ ထွင်ဖို့  အတွက်စစ်ခင်းခဲ့ ကြတယ် ။ ကုန်းဘောင်ခေတ်မှာ
ဗမာလူမျိုးစုဟာ အခြားသော တိုင်းရင်းသား လူမျိုးစု နိုင်ငံ တွေကို စစ်နိုင်ပြီး
ဗမာနိုင်ငံတော်ဆိုပြီး ရပ်တည်ခဲ့တယ် ။ စစ်ရှုံး တိုင်းရင်းသားလူမျိုးစု တွေဟာ
ကိုယ့်နိုင်ငံတော် ပြန်လည် တည်ထောင် နိုင်ရေး အတွက် မျိုးချစ်သူရဲကောင်း
တွေ စုပြီး ဗမာဘုရင် ကို တော်လှန် ပုန်ကန် ခဲ့ကြတယ် ။

( ၁၈၈၅ ) ခုနှစ်နောက်ပိုင်း ဗမာတစ်နိုင်ငံလုံး အင်္ဂလိပ် လက်အောက်ကို
ကျရောက်ပြီး နောက်မှာ လူမျိုးစုတိုင်းရဲ့ ဘုံရန်သူဟာ အင်္ဂလိပ်နယ်ချဲ့ 
တွေဖြစ်လာခဲ့တယ် ။ တိုင်းရင်းသား လူမျိုးစု တွေဟာ အင်္ဂလိပ်အစိုးရရဲ့ 
လက်အောက်က လွတ်မြောက်ဖို့  အတွက် အတူတကွ လက်တွဲပြီး
တိုက်ပွဲဝင် ကြိုးစားခဲ့ ကြတယ် ။ မြန်မာနိုင်ငံရဲ့  လွတ်လပ်ရေး သမိုင်း
မှတ်တမ်းမှာ ထင်ရှားခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ရှိသလို ၊
မထင်မရှားနဲ့  အခြား တိုင်းရင်းသား လူမျိုးစုတွေနဲ့ ရင်ဘောင်တန်း
တိုက်ပွဲဝင်ပြီး အသက် ပေးသွား ခဲ့တဲ့ တိုင်းရင်းသားတွေလဲ အများအပြား
ရှိခဲ့တယ် ။

( ၁၉၄၇ ) ခုနှစ် ၊ ဖေဖော်ဝါရီ ( ၁၂ ) ရက်နေ့  မှာ -

• “ တိုင်းရင်းသား ပြည်နယ်များတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိရေး ”
• “လူနည်းစု တိုင်းရင်းသားများအတွက် ခိုင်လုံသော ကာကွယ်မှု ဥပဒေ များ
ပါဝင်ရေး ”

အစရှိတဲ့ အချက်များ ၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေတွင်
ပါဝင်ရမည်ဆိုတဲ့ သဘောတူညီချက်များ ပါဝင်တဲ့သမိုင်းဝင် “ပင်လုံစာချုပ်”
ကို ဗိုလ်ချုပ်အောင်ဆန်း နဲ့  တိုင်းရင်းသား ခေါင်းဆောင်တွေ လက်မှတ်
ရေးထိုးပြီး အင်္ဂလိပ် အစိုးဆီက လွတ်လပ်ရေး ကို အတူတကွ ရယူဖို့ 
သဘောတူခဲ့ ကြတယ် ။

နိုင်ငံရေးအမြင် မတူတဲ့ အဖွဲ့ အစည်းတွေ ၊ အခွင့်အရေး မတူညီတဲ့
တိုင်းရင်းသား အဖွဲ့ အစည်းတွေ ကြားက မပြေလည်မှုတွေကို ဖြေရှင်းဖို့ 
ကြိုးစား နေစဉ်ကာလမှာပဲ ( ၁၉၄၇ ) ခုနှစ် ၊ ဇူလိုင် ( ၁၉ ) ရက်နေ့ မှာ
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတယ် ။ ( ၁၉၄၈ ) ခုနှစ်မှာ မြန်မာပြည်
လွတ်လပ်ရေး ရခဲ့တယ် ။

လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးစု အားလုံး အတွက်
ခိုင်လုံသော အခြေခံ ဥပဒေ ပေါ်ပေါက် မလာပဲ ၊ အဖွဲ့ အစည်း တွေကြား
မပြေလည်မှုတွေ ပိုမိုကြီးထွားလာပြီး ၊ ပြည်တွင်းစစ်တွေ ဖြစ်လာခဲ့တယ် ။
ဒီနေ့ အထိ မပြီး ဆုံးသေးသောပြည်တွင်းစစ် တွေကြောင့် ကျွန်တော်တို့ 
နိုင်ငံဟာ ကမ္ဘာ ပေါ်မှာပြည်တွင်းစစ်သက်တမ်း အကြာရှည်ဆုံး နိုင်ငံ
တစ်နိုင်ငံ ဖြစ်ခဲ့ရတယ် ။

ကျွန်တော်တို့  နိုင်ငံတွင်းမှာ ရှိတဲ့ တိုင်းရင်းသားတွေ အတူတကွ အေးချမ်းစွာ
လက်တွဲ နေထိုင်ဖို့ အတွက် ဘယ်အဖွဲ့ အစည်း ၊ ဘယ်အသင်းအဖွဲ့  က
အုပ်ချုပ် နေတယ် ဆိုတာထက် ၊ လူမျိုးစုတိုင်းအတွက် အခွင့်အရေး တွေကို
အာမခံချက်ရှိတဲ့ ခိုင်လုံတဲ့ အခြေခံ ဥပဒေ ရှိဖို့ နဲ့  တိုင်းပြည်အုပ်ချုပ်တဲ့ အဖွဲ့ 
အစည်းဟာ အဲဒီ အခြေခံ ဥပဒေကို လိုက်နာဖို့ ကသာ ပိုအရေးကြီးတဲ့
အချက်ဖြစ်ပါတယ် ။ ။

It is an unfortunate fact that we can secure peace only by preparing for war.
John F. Kennedy

If we are to live together in peace, we must come to know each other better.
Lyndon B. Johnson