Monday, 4 October 2010

အမှတ်တရ နောင်တ

သူနဲ့ ကျွန်တော် အသက် ၆နှစ်လောက် ကွာတယ် ။ ကျွန်တော်တို့  နှစ်ယောက် သူငယ်ချင်းတွေလိုတော့ မတွဲခဲ့ ကြပါဘူး ။ ဒါပေမဲ့ ကျွန်တော်တို့  နှစ်ယောက် ကြားမှာ အခြားလူတွေနဲ့  မတူတဲ့ နားလည်မှုတွေ ရှိခဲ့တယ် ။ ကျွန်တော် တို့  နှစ်ယောက်လုံးက စနေသားတွေ ။ ကိုယ်လုပ် ချင်တာဆို မကောင်းဘူး ဆိုတာသိနေလဲ ဘယ်သူ ဘယ်လောက် တားတား လုပ်လိုက်ရမှ ။ မိဘတွေ မျက်ရည်ကျအောင် သူအကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ သူ့ ကိုလူဆိုး တစ်ယောက်လို့  ကျွန်တော် မြင်လို့ မရဘူး ။ သူလုပ်ခဲ့တာတွေ မှားတယ်ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမဲ့ သူ့ ဖက်က ခံစားမှုတွေကိုလဲ ကျွန်တော် နားလည်ပေးလို့  ရတယ် ။ ကျွန်တော် လုပ်တာတွေ ကိုလဲ မှားတယ် မှန်တယ် လို့  ဘယ်တော့မှ သူ မပြောခဲ့ဘူး ။ အခုမင်းငယ် သေးလို့ ပါကြီးလာရင်မင်းရှက်တတ် လာလိမ့်မယ်လို့  တော့ ကျွန်တော့်ကို တစ်ခါ သူပြောဖူးတယ် ။

မိသားစုနဲ့  ဝေးရာကို အရင်ကလဲ သူထွက်သွား ဖူးပါတယ် ။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြာကြာ အန္တရာယ် ကင်းကင်းနဲ့  သူပြန်ရောက်လာမယ် ဆိုတာ ကျွန်တော် အမြဲ သိနေတယ် ။ ဘယ်တုန်းကမှ သူ့ ကိုကျွန်တော် မမျှော်ခဲ့ဖူးဘူး ။ ဒါပေမဲ့ ဒီတစ်ခါတော့ ဘာကြောင့်မှန်း မသိဘူး သူပြန်ရောက် မလာတာ နည်းနည်း ကြာလာတော့ ထူးထူးခြားခြား ကျွန်တော် သူ့ ကို စိုးရိမ်မိ နေတယ် ။ သူအန္တရာယ် ကင်းပါစေလို့  ဆုတောင်းနေမိတယ် ။ သူ ပြန်လာမှာကို မျှော်နေမိတယ် ။ အဲဒီအချိန်မှာ သူလဲ အိမ်ကိုအရမ်း သတိရနေ ခဲ့တယ် ဆိုတာ နောက်ပိုင်းမှာ ကျွန်တော်သိခဲ့ ရတယ် ။

ညဖက် သူငယ်ချင်းတွေနဲ့  လက်ဖက်ရည်ဆိုင် ထွက်ထိုင်ရင်း လမ်းမှာ ဝင်ငှားလာတဲ့ လက်ထဲက မဂ္ဂဇင်း ကို ဟိုလှန်ဒီလှန် လုပ်နေရင်းနဲ့  နာမည်ကြီး ဗေဒင် ဆရာတစ်ယောက်ရဲ့  လစဉ် ဟောစာတမ်း စာမျက်နှာ ဆီ ရောက်သွားတယ် ။ ဒီလ ကျွန်တော့် မွေးလအတွက် ဟောစာတမ်းမှာ ရပ်ဝေးရောက်နေ သူ တစ်ယောက် ပြန်လာမယ်တဲ့ ။ ကျွန်တော် အဲဒါဖတ်မိပြီး ဘယ်လိုပျော်မှန်း မသိဘူး ။ ဒီလထဲမှာ သူပြန်ကို ပြန်လာမယ်လို့  ကျွန်တော် တစ်ကယ် ယုံကြည်ခဲ့ တယ် ။ နောက် ၂ ရက် အကြာ လက်ဖက်ရည်ဆိုင် သွားနေတုန်း သူငယ်ချင်း တစ်ယောက်က နောက်ကနေ ပြေးလိုက်လာတယ် ။ သူပြန်ရောက် နေတယ်တဲ့ မင်းကို တွေ့ ရင် လွှတ်လိုက်ဖို့  မှာလိုက်တယ် လို့  ပြောတယ် ။

အဲဒီနေ့ က သူ့ ရဲ့ ပုံစံကို ကျွန်တော် မှတ်မိနေသေးတယ် ။ မညီမညာ ရှည်နေတဲ့ ဆံပင်တွေက ချေးတွေနဲ့  မာတောင့်နေပြီး သူ့ ရဲ့  ခေါင်းပေါ်မှာ ဘော်လုံး တစ်လုံးလို ဖြစ်နေတယ် ။ သူ့ ရဲ့  မျက်လုံး ၂လုံးက ရှိသင့်တဲ့ နေရာထက် တော်တော်လေး အထဲကို ရောက်နေတယ် ။ အခုမှ ယူလဲထားပုံ ရတဲ့ အင်္ကျီနဲ့  လုံချည် ကတော့ အရင်ကထက် ၃ ပုံ ၁ ပုံ လောက်ပဲ ကျန်တော့တဲ့ သူ့  ခန္ဓာကိုယ်နဲ့  ချောင်နေတယ် ။ ဘာပဲ ပြောပြော သူ ပြန်ရောက်လာတဲ့ အတွက် ကျွန်တော် ပျော်တယ် ။

သူ့ နဲ့ ပြန်ပါလာတဲ့ တောကြမ်းစီး ဖိနပ်တစ်စုံရယ် ၊ အပေါက်အပြဲ တွေနဲ့  စစ်ရောင် ဘောင်းဘီ တစ်ထည်ရယ် ၊ ဟောင်းနွမ်း နေပြီး ဖြစ်တဲ့ အင်္ကျီ အချို့ ကို လွှင့်ပစ်ဖို့  သူ နှမြောနေတယ် ။ အမှတ်တရ တွေ မို့ တဲ့ ။ သူ တွေ့ ကြုံ ခဲ့ရတဲ့ အတွေ့  အကြုံ အချို့ ကို ကျွန်တော် သိခွင့်ရခဲ့ ပေမဲ့ အစအဆုံး အသေးစိတ် ကိုတော့ ကျွန်တော် မမေးခဲ့ဘူး ။ သူကလဲ ပြောပြချင် ပုံမရဘူး ။

မြန်မြန်ပြန် ကျန်းမာလာအောင် သူ ညနေပိုင်း လမ်းလျှောက်ချင်တယ် အဖော်လိုက် ပေးပါလားဆိုလို့  သူနဲ့  ကျွန်တော် ညနေအချို့  လမ်းအတူတူ လျှောက်ဖြစ်တယ် ။ မင်းတစ်ယောက်ပဲ ငါ့ကို အမြဲတမ်းနားလည် ပေးတယ် ငါနေပြန်ကောင်း လာရင် လိမ်လိမ်မာမာ နေမယ် ၊ ကြိုးစားမယ် ၊ မင်းနဲ့  အသက်ကြီး လာတဲ့ အထိ အတူတူ နေချင်တယ်လို့  သူပြောဖူးတယ် ။ အဲဒီညနေက ကျွန်တော် သူ့  ကို ပြန်ပြုံးပြ ခဲ့ရုံက လွဲပြီး ဘာမှပြန် မပြောခဲ့ဘူး ။

သူ့ ဘဝရဲ့  ဖြစ်စဉ်တွေ အတိုင်း သူကြိုတွေး ထားတာတွေ ဘာမှ ဖြစ်မလာဘူး ။ ဒီတစ်ခေါက် အိမ်ကို သူ အန္တရာယ် ကင်းကင်းနဲ့  ပြန်ရောက် လာပေမဲ့ သူ့ ရဲ့  ဆေးစစ်ချက် နဲ့  ဆရာဝန်ရဲ့  အနှေးနဲ့  အမြန်ပဲ ကွာမယ် ဆိုတဲ့ စကားအရ သူ့  အတွက် မနက်ဖြန်တွေ အများကြီး သူနဲ့ အတူ ပြန်ပါမလာခဲ့ဘူး ဆိုတာသိခဲ့ ရတယ် ။

စကားအစမရှိ အဆုံးမရှိနဲ့  မင်းမှာ ရည်းစားရှိလားလို့  သူ ကျွန်တော့်ကို မေးဖူးတယ် ။ ဘာဖြစ်လို့ လဲ လို့  ပြန်မေးတော့ ငါသေပြီးလို့  လူ ပြန် ဖြစ်မယ်ဆိုရင် မင်းရဲ့  သားသမီး အဖြစ်နဲ့  ငါပြန်လာ ချင်တယ် မင်းရဲ့  ရည်းစားကို ငါမြင်ဖူး ထားချင်တယ်တဲ့ ၊ မရှိဘူး ဆိုတော့ သူဘာမှ ဆက်မပြောတော့ဘူး ။ ကျွန်တော်လဲ သူ့  ကို ဘာမှ ထပ်မပြော ခဲ့ဘူး ။

ဒီမွေးနေ့ က ငါ့ရဲ့  နောက်ဆုံး မွေးနေ့ ပါ ၊ ငါ ဘုရားသွား ချင်တယ်ကွာ ဆိုလို့  သူနဲ့  ကျွန်တော် သူ့ မွေးနေ့  မှာ ရွှေတိဂုံ ဘုရားကို ရောက်ခဲ့တယ် ။ ဘုရားပေါ်က ပြန်ဆင်းခါနီးမှာ အမှတ်တရ ဓာတ်ပုံ ရိုက်ရအောင် ကွာတဲ့ ၊ နောက်တစ်ခါ ဆိုတာ ရှိမှာမဟုတ် တော့ဘူးတဲ့ ။ ကျွန်တော် ၂ခါ လောက်ငြင်း လိုက်တော့ သူထပ် မပြောတော့ဘူး ။ သူစိတ်မကောင်း ဖြစ်သွားတယ် ဆိုတာ ကျွန်တော်သိတယ် ဒါပေမဲ့ အဲဒီနေ့ က ဓါတ်ပုံ မရိုက်ဖြစ်ပဲ ပြန်ခဲ့ကြတယ် ။

ကျွန်တော်ဆေးရုံရောက် သွားတော့ သူ အိပ်ပျော်နေတယ် ။ ဆုံးသွားတာ ကြာပြီးဖြစ်တဲ့ သူ့ ရဲ့  သူငယ်ချင်းက လာခေါ်နေတယ် ဆိုပြီး မနက်က ပြောနေတယ်လို့  အမေ ပြောပြတယ် ။ သူနာပြု ဆရာမ တစ်ယောက်က အနားက ဖြတ်လျှောက် သွားရင်းနဲ့  သူ့ ရဲ့  အခြေအနေက မကောင်းဘူး မနက်ဖြန်ကို မကျော်ဘူးလို့  ပြောသွားတယ် ။

ကျွန်တော့်မှာ ရက်ပိုင်းအတွင်း ဖြေရမဲ့ စာမေးပွဲ ရှိနေတဲ့ အတွက် အိမ်ပြန် စာကြည့်ပြီး သူပြန်နိုးချိန် လောက်မှန်းပြီး ညနေမှ ပြန်လာဖို့  အဖေ ကျွန်တော့်ကို ပြောတယ် ။ ထပြန်ဖို့  လုပ်နေတုန်း သူလှုပ်လာလို့  ကျွန်တော် ရောက်နေ တယ်လို့  သူ့ နားကပ်ပြီး အမေပြော လိုက်တော့ သူ့ မျက်လုံး ချက်ချင်း ပွင့်လာတယ် ။ ကျွန်တော့်ကို ကြိုးစားပြီး သူ ပြုံးပြတယ် ။ နှုတ်ခမ်းလေး တွန့် ဖို့  အတွက်တောင် သူ အတော် ကြိုးစား နေရတယ် ။

သူ့ ဘေးမှာ ကျွန်တော် သွားရပ်တော့ အခြေအနေက မင်း မြင်တဲ့ အတိုင်းပဲကွာလို့  အားယူပြီး သူပြောတယ် ။ ပြောပြီးတော့ တော်တော်လေး မောသွားပုံရတယ် ။ ခဏနားပြီး မနက်က သူနာပြု ဆရာမက အခန်းထဲမှာ လူနာ အရေအတွက် လာရေတော့ သူ့ ကို ရေဖို့  ကျန်ခဲ့တယ် လို့  ပြုံးပြီး သူ ထပ်ပြောတယ် ။ သူ့  စကားသံက မသဲကွဲပဲ လေသံတွေ လုံးနေတယ် ။ အဖေက ကျွန်တော့် အနားကပ်လာပြီး သူ မနက်ထဲက ကယောင်ကတမ်းတွေ ပြောနေတယ်လို့  ကျွန်တော့်ကို ပြောတယ် ။ သူကြားသွား ပုံရတယ် ။ ဇဝေဇဝါ့ ဖြစ်သွားတဲ့ မျက်နှာနဲ့  ကျွန်တော့်ကို ကြည့်တယ် ။ သူတစ်ခုခု ပြောဖို့  ကြိုးစားတယ် ။ ဒါပေမဲ့ သူတော်တော် မောနေတယ် စကားပြောလို့  မရဖြစ် နေတယ် ။ အမေက သူ့ အနားကပ် သွားပြီး အရမ်းမော နေရင် စကားဆက် မပြောတော့ ဖို့ နဲ့  ဘုရားစာ ဆိုနေဖို့  သူ့  ကိုပြောတယ် ။ သူဘာမှ ထပ်မပြောတော့ပေမဲ့ ကျွန်တော် ဘာပြော မလဲလို့  စောင့်နေ တယ် ။ တော်တော်လေး ကြာတဲ့ထိ ကျွန်တော့် ဆီက ဘာစကားမှ ပြန်မရတော့ မျက်စိမှိတ်ပြီး သူ ပြန်မှိန်း နေလိုက်တယ် ။ ကျွန်တော်လဲ အိမ်ပြန်ခဲ့တယ် ။ အိမ်ရောက်ပြီး နာရီပိုင်း အတွင်းမှာ အဖေ ရောက်လာတယ် ။ သူ အခုပဲဆုံးသွား တယ်တဲ့ ။

ဆေးရုံမှာ ဗလုံးဗထွေးနဲ့  သူ ပြောတဲ့ စကားတွေ အပြင် ဇဝေဇဝါ ဖြစ်နေတဲ့ သူ့  အကြည့်ရဲ့  အဓိပ္ပာယ်ကိုလဲ ကျွန်တော် နားလည်ခဲ့တယ် ။ မင်းကငါ့ကို အမြဲတမ်း နားလည်ပေးတယ် အသက်ကြီးတဲ့အထိ မင်းနဲ့  အတူတူ နေချင်တယ် လို့  သူပြော ခဲ့တုန်းကလဲ ကျွန်တော် ဘာမှ ပြန်မပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ တော်တော် ပျော်ခဲ့တယ် ။ သံသရာမှာ သူ လူပြန်ဖြစ် ခဲ့မယ်ဆိုရင် သူ့  လိုပဲ ကျွန်တော်လဲ သူ နဲ့  ပြန်ဆုံချင်တယ် ။ သူ့ ရဲ့  နောက်ဆုံးမွေးနေ့  တုန်းက ဘုရားပေါ်မှာ ဓါတ်ပုံ မရိုက် ဖြစ်ခဲ့ပေမဲ့ အဲဒီနေ့ ကို ကျွန်တော် အသေးစိတ် မှတ်မိနေ သေးတယ် ။ အဲဒီအကြောင်းတွေ အားလုံးကို သူ သိချင်မှ သိသွားမယ် ။

သူ့ ကိုသတိ ရတဲ့အခါတိုင်း ငါ ကယောင်ကတမ်း တွေပြောနေတာ မဟုတ်ဘူးဆိုတာ သိရဲ့ လားလို့  ဇဝေဇဝါ ဖြစ်နေတဲ့ သူ့ ရဲ့  နောက်ဆုံး အကြည့်က ကျွန်တော့်ကို မျက်ရည် ဝဲစေတယ် ။ သေသောသူ ကြာရင်မေ့ ဆိုပေမဲ့ သူ့ ကိုတော့ ကျွန်တော်မေ့ မှာမဟုတ် ဘူးထင်တယ် ။ ငါသေရင် ငါ့ကို မမေ့လိုက် ပါနဲ့  ကွာလို့  သူ ကျွန်တော့်ကို ပြောခဲ့ဖူးတယ်…

If you love someone, you say it, right then, out loud. Otherwise, the moment just passes you by.
Julia Roberts

Do not save your loving speeches for your friends till they are dead; Do not write them on their tombstones, Speak them rather now instead.
Anna Cummins

1 comment:

  1. မလွန်ဆန်နိုင်တဲ အရာပါ ဒါပေမဲ့  စောလွန်းတယ်နော်။
    သံသရာ ဆိုတာ တကယ်ရှိတယ်။ နောင်ဘဝ ဆိုတာလဲ တကယ်ရှိပါတယ်။ ယုံပါ။ ဒါ မြတ်စွာဘုရား ဟောထားတာ။ ငြိမ်းချမ်းစွာ ပြန်ဆုံ နိုင်ကြပါစေ။

    ReplyDelete