Saturday 19 March 2011

Fukushima သူရဲကောင်းများ

ဂျပန်နိုင်ငံမှာ ကျွန်တော့် ညီမ ရှိနေတာနဲ့  လက်ရှိ နောက်ဆုံး အခြေအနေတွေကို သိနိုင်ဖို့  online မှာ အင်္ဂလိပ်လို လွှင့်နေတဲ့ NHK ဂျပန်သတင်း channel ကို အချိန်အားတိုင်း ကြည့်ဖြစ်တယ် ။ ကျွန်တော့်ညီမ နေတဲ့ မြို့ က ငလျှင်ဒဏ် ၂ ခါ ခံလိုက်ရပေမဲ့ ပြင်းပြင်းထန်ထန် ပျက်ဆီးမှု မရှိပဲ ပုံမှန်ပဲ လည်ပတ်နေတုန်းပါ ။ ဒါပေမဲ့ ဆန်လို မရှိမဖြစ် လိုအပ်တဲ့ စားကုန်တွေနဲ့  ဓာတ်မီးတို့  ဓာတ်ခဲ တို့ လို အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေ ကို ဝယ်ဖို့  တော်တော်ကို ခက်ခဲနေတယ် လို့ ပြောပါတယ် ။ သတင်းတွေကလဲ ဂျပန်လို လွှင့်နေတာမို့  အားလုံးကို နားလည်ဖို့  ခက်တယ်လို့  ပြောပါတယ် ။





ကိုယ် ကိုယ်တိုင် သိချင်လို့ ပဲ ဖြစ်ဖြစ် ၊ အခြားသူတွေ အတွက်ပဲ ဖြစ်ဖြစ် အောက်က Link တွေမှာ နောက်ဆုံး အခြေအနေတွေကို 24/7 အင်္ဂလိပ်လို လွှင့်နေတာကို ကြည့်လို့ ရပါတယ် ။ Link ၃ ခု လုံးမှာ လွှင့်နေတဲ့ သတင်းတွေက အတူတူပါပဲ ။ အဆင်ပြေတဲ့ Link မှာ ကြည့်ပါ ။

http://www3.nhk.or.jp/nhkworld/
http://www.ustream.tv/channel/nhk-world-tv
http://live.nicovideo.jp/watch/lv43681193

ဂျပန်နိုင်ငံဟာ ကမ္ဘာ့  နိုင်ငံတွေထဲမှာ သဘာဝ ဘေးအန္တရာယ်တွေ အတွက် ကြိုတင် အပြင်ဆင်ထားဆုံး နိုင်ငံပါ ။ ဂျပန်နိုင်ငံရဲ့  တည်နေရာ မြေအနေအထားအရ ငလျှင် မကြာခဏ လှုပ်တတ်တာကြောင့် အဆောက်အဦး တွေကအစ ငလျှင်ဒဏ် ကို ခံနိုင်အောင် ဆောက်လုပ်ထားတဲ့ နိုင်ငံပါ ။ ဆူနာမီ အန္တရာယ် က ကာကွယ်ဖို့  အတွက်လဲ ဂျပန်ကမ်းရိုးတန်း တလျှောက်မှာ ဆူနာမီ သတိပေး ကိရိယာတွေ ရာနဲ့  ချီပြီး တပ်ဆင်ထားတယ် ။ အချို့  ကမ်းရိုးတန်း မြို့ တွေမှာ ဆူနာမီ လှိုင်းဒဏ်တွေကို ကာကွယ်ဖို့  တံတိုင်းတွေကို ဆောက်ထားတယ် ။

ဒါပေမဲ့ ဒီတစ်ခါလှုပ်တဲ့ ငလျှင်ဟာ ပညာရှင်တွေ ခန့် မှန်းထားတာထက် အင်အားအများ ကြီး ပြင်းခဲ့တယ် ။ ဒီတစ်ခါ လှုပ်တဲ့ ငလျှင်ဟာ ဂျပန်နိုင်ငံမှာ လှုပ်ဖူးခဲ့တဲ့ ငလျှင်တွေထဲမှာ အင်အားအပြင်းဆုံး ငလျှင် ဖြစ်တယ် ။ ငလျှင်လှုပ်အပြီးမှာ ဝင်လာတဲ့ အင်အားပြင်းလွန်းတဲ့ ဆူနာမီ လှိုင်းတွေဟာ သူတို့ ကို ကာကွယ်ဖို့  အတွက် ဆောက်ထားတဲ့ အကာအကွယ် တံတိုင်းတွေကို ဘာမှအတားအဆီး မရှိ သလို အလွယ်တကူ ဖြတ်ကျော်ခဲ့တယ် ။





အခုအချိန်မှာ ငလျှင်တွေ ငြိမ်ပြီး ဆူနာမီလှိုင်းတွေ မရှိတော့ ပေမဲ့လဲ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေ ၊ အခြေခံ လိုအပ်တဲ့ ပစ္စည်း မလုံလောက်မှုတွေ ၊ စားစရာ နည်းပါးမှုတွေ ၊ ရေ ပြတ်လပ်မှုတွေ နဲ့  ရင်ဆိုင်နေရတယ် ။ ဆေးရုံတွေမှာ လူနာ အရေအတွက်ဟာ ပုံမှန်ထက် အများကြီး များနေပေမဲ့  ဆေးတွေ နဲ့  အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေ မကြာခင်မှာ ပြတ်လပ်တော့မဲ့ အခြေအနေတွေ နဲ့  ကြုံနေရတယ် ။









မနေ့ က သတင်းမှာ တွေ့ လိုက်တဲ့ လေးစား အတုယူ စရာ ကောင်းတာက ကျောင်းတွေ ၊ မိုးလုံလေလုံ အားကစားကွင်း တွေမှာ ဖွင့်ထားတဲ့ ထောင်နဲ့ ချီတဲ့ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ အခင်းတစ်ခု ၊ စောင်တစ်ထည် စီနဲ့  လူတွေ ဘေးချင်း ယှဉ်ပြီး ဖြစ်သလို အိပ်နေကြ ရပေမဲ့ ကယ်ဆယ်ရေး စခန်းတွေဟာ သန့် ရှင်းနေပါတယ် ။ လူတိုင်း ကိုယ့်အမှိုက် ကိုယ်သိမ်းပြီး တတ်နိုင်တဲ့ ဖက်က တစ်ဦးကို တစ်ဦး ကူညီကြတယ် ။ စားစရာတွေ ရောက်လာချိန်မှာ လူ ၂ ယောက် ခွဲစားဖို့  လက်တစ်စုပ်စာ ထမင်းထုပ် အတွက် အကြာကြီး တန်းစီပြီး ယူရပေမဲ့ ဘယ်သူမှ ဘာမှ မပြောကြဘူး ။ နိုင်ငံတကာက ကယ်ဆယ်ရေး အကူအညီတွေ ရောက်လာပေမဲ့လဲ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေကြောင့် လိုအပ်တဲ့ နေရာဆီကို ရောက်အောင်ပို့  ပေးနိုင်ဖို့  ခက်ခဲနေတုန်းပါ ။














လက်ရှိအကြီးဆုံး ရင်ဆိုင်နေရတာ ကတော့ နျူကလီးယား ဓာတ်ရောင်ခြည် အန္တရာယ်ပါ ။ Fukushima နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ပျက်ဆီးသွားတဲ့ နျူကလီးယား လောင်စာ ချောင်းတွေအတွက် အအေးခံတဲ့ စနစ်တွေကို အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်ဖို့  အတွက် နျူကလီးယား ပညာရှင်တွေ ၊ မီးသတ်တွေ နဲ့  ရဲတွေ ပါဝင်တဲ့ ကယ်ဆယ်ရေး အဖွဲ့ ဟာ နေ့ ညမပြတ် ကြိုးစားနေ ကြတယ် ။ အဲဒီအဖွဲ့  ထဲမှာ မိန်းကလေး ပညာရှင် တွေလဲပါ ပါတယ် ။







အဲဒီ အဖွဲ့ ဝင် ၂၀၀ ကျော်ဟာ ဧည့်ခန်းအရွယ် သီခြား စီစဉ်ထားတဲ့ အခန်းထဲမှာ အလှည့်ကျ အိပ်ပြီး နေ့  ည မပြတ်ကြိုးစား နေကြတာပါ ။ သူတို့ တွေအတွက် အသက် အန္တရာယ်ဟာ အချိန်မရွေး ကျရောက်နိုင် တယ်ဆိုတာကို အားလုံး သိထားကြတယ် ။ အသက် အန္တရာယ် မရှိခဲ့ ရင်တောင် နာတာရှည် ဝေဒနာတွေ ခံစားရဖို့  ရာခိုင်နှုန်း တော်တော်များများ ရှိတယ်ဆိုတာကို အားလုံး နားလည်ထား ကြတယ် ။

ဂျပန် ပြည်သူအများ စု အတွက် ဘေး အန္တရာယ်နဲ့  နိုင်ငံရဲ့  စီပွားရေး အခြေအနေတွေဟာ သူတို့ ရဲ့  အပေါ်မှာ မူတည်နေ တယ်ဆိုတာကို သူတို့ နားလည်ထား ကြတယ် ။ အပြင်မှာ ရှိနေတဲ့ မိသားစုတွေကို ပြန်ဆုံဖို့  အခွင့်အရေး ရှိချင်မှ ရှိမယ်လို့  အကြောင်းကြားပြီး တာဝန်ထမ်းဆောင် နေကြတာဖြစ်တယ် ။ အဲဒီအဖွဲ့ ထဲမှာ အခုအချိန်ထိ မိသားစုတွေနဲ့  အဆက်အသွယ် မရသေးတဲ့ သူတွေတောင် ရှိတယ် ။







ဒီနေ့  မီးသတ် တပ်ဖွဲ့ က အရာရှိ ၃ ယောက်နဲ့  သတင်းစာ ရှင်းလင်းပွဲ လုပ်တာကို ကြည့် လိုက်ရတယ် ။ အရာရှိ တစ်ယောက်က သူ့ ရဲ့  မီးသတ် အဖွဲ့ ဝင်တွေဟာ မိသားစုတွေနဲ့  ခွဲပြီး အတတ်နိုင်ဆုံး တာဝန် ကျေပွန်အောင် ထမ်းဆောင် နေကြပါတယ်တဲ့ ၊ ကျန်ခဲ့တဲ့ မိသားစုတွေ အားလုံး အတွက် သူ စိတ်မကောင်းပါဘူး မိသားစုတွေ အားလုံးကို သူ တောင်းပန် ပါတယ်လို့  မျက်ရည်ဝဲပြီး ပြောခဲ့တယ် ။ အခြား တစ်ယောက်ကတော့ နျူကလီးယား ဆိုက်ထဲကို သူသွားတော့မယ်လို့  သူ့  မိန်းမ ဆီကို text message ပို့ လိုက်တယ် ၊ သူ့ မိန်းမက ဂျပန်နိုင်ငံကို အခက်အခဲတွေ ကြားက ကယ်တင်တဲ့ သူဖြစ်အောင် လုပ်ပါ ဆိုပြီး text message ပြန်ပို့ တယ်လို့  မျက်ရည်ဝဲပြီး ပြောခဲ့တယ် ။

ငလျှင်ဒဏ်နဲ့  ဆူနာမီ ဒဏ်ကြောင့် ပျက်ဆီးသွားတဲ့ Fukushima နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ဖြစ်နေတဲ့ ရေဒီယို သတ္တိ ယိုစိပ်မှုကို ထိန်းနိုင်ဖို့  နေ့ ညမပြတ် တာဝန်ထမ်းနေကြတဲ့ အဲဒီအဖွဲ့ ဝင်တွေဟာ ကြုံတွေ့ ရမဲ့အန္တရာယ် တွေကို သိပေမဲ့ နိုင်ငံအတွက် မိမိ အသက် နဲ့  မိသားစု တွေကို စွန့် ပြီး တာဝန်ထမ်းဆောင် နေကြတဲ့ သူရဲကောင်းတွေပါ ။ သူတို့ တွေဟာ လက်နက်ကိုင် တိုက်ပွဲဝင် နေကြတာ မဟုတ်ကြပေမဲ့ နိုင်ငံအတွက် ရှေ့ တန်းရောက် အသေခံ သူရဲကောင်း တပ်သားတွေပါ ။ သူတို့ ရဲ့  ကြိုးစားမှုတွေ အမြန်ဆုံး အောင်မြင်ပြီး မိသားစုတွေနဲ့  ပျော်ပျော် ရွှင်ရွှင် အမြန်ဆုံး ပြန်ဆုံစည်းနိုင် ကြပါစေ ။ ။

ဓာတ်ပုံတွေကို www.japanearthquakepictures.com ကနေ ယူထားတာပါ ။

Friday 11 March 2011

ကျွန်တော်နဲ့  A-levels မေးခွန်း ၄ ခု



ဒီမေးခွန်း ၄ခုကို website တစ်ခုမှာ မြင်ဖူးတာ တော်တော်ကြာပြီး ။ A-levels ကို ကျွန်တော် မဖြေဖူးတော့ အဲဒါ တစ်ကယ့် မေးခွန်းပုံစံလား ၊ ဒီလိုမေးခွန်းတွေ တကယ်မေး တတ်လား ဆိုတာတော့ ကျွန်တော် မသိဘူး ။ ခွင့်ပြုချိန်က ၁ မိနစ် ဆိုတော့ မဖြစ်နိုင် ဘူးလို့  ထင်တာပဲ ။ တကယ့် မေးခွန်းသာဆို တော်တော် မလွယ်တာပဲ ။

ဒီမေးခွန်း ၄ ခု ကို သတ်မှတ်ထားတဲ့ အချိန် ၁ မိနစ်ထက် အများကြီး ကျော်ပြီး ကျွန်တော် စဉ်းစားခဲ့ ပေမဲ့ စိတ်တိုင်းကျတဲ့ အဖြေ တစ်ခုမှ မရခဲ့ဘူး ။ အဖြေတွေ ကလဲ မပါတော့ ကိုယ့်ဘာသာ ကိုယ် ခန့် မှန်း ထားတဲ့ အဖြေတွေက မှန်လားမသိ ၊ မှားလားမသိနဲ့  တော်တော် ခေါင်းစားခဲ့တယ် ။

ပြီးခဲ့တဲ့ တစ်ပတ် လောက်က website တစ်ခုမှာ ဒီမေးခွန်းတွေကို အဖြေတွေနဲ့  တွေ့ လိုက်လို့  အဖြေတွေကို အောက်မှာ တင်ထားတယ် ။ မေးခွန်းတွေကို ကိုယ့်ဘာသာ ကိုယ် အရင် ဖြေကြည့် ကြပြီးမှ အောက်က အဖြေကို ကြည့်ကြပါ ။

မေးခွန်း နံပတ် ၁ အတွက် ကျွန်တော့် အဖြေက...


ကျွန်တော်ရဲ့  စဉ်းစားပုံက...

မေခွန်း နံပတ် ၁ ကို မြင်တာနဲ့  ၆ ခုမြောက် ကွက်လပ်က T ဖြစ်ရမယ် လို့  ကျွန်တော် တန်းတွေး လိုက်တယ် ။ ဘာလို့  အဲဒီလို တွေးမိ လိုက်တာလဲ ဆိုတော့ မေးခွန်းမှာ logical way လို့  ပြောထားတယ်လေ ။ T က ကွက်လပ် တစ်ခုကျော်စီမှာ ရှိနေတော့ ၆ ခုမြောက်က T ဖြစ်ရမှာပေါ့ ။ ကျန်တဲ့ ကွက်လပ် ၂ ခုကိုတော့ တော်တော်နဲ့  စဉ်းစားလို့  မရဘူး ။ M နဲ့  W ကြားမှာ စာလုံး ၉ လုံးခြားပြီး W နောက်မှာက စာလုံး ၃ လုံးပဲ ကျန်နေတော့ စာလုံး အရေအတွက်နဲ့  ခြားထားတာလဲ မဖြစ်နိုင်ဘူး ။ နောက်ဆုံး စဉ်းစားမိ တာက M ကို ပြောင်းပြန် လုပ်လိုက်ရင် W ရတယ်လေ ။ M နဲ့  W ကို ပြောင်းပြန် လုပ်ပြီး T နဲ့  ခြားပြီး တစ်ခုကျော် စီ ထည့်ထားတာ ဖြစ်မယ်လို့  တွေးပြီး အပေါ်က အဖြေကို စဉ်းစား မိတယ် ။ တခြား ဖြစ်နိုင်တဲ့ အဖြေတွေကိုလဲ စဉ်းစားလို့  မရတာနဲ့  အဲဒါကိုပဲ အဖြစ် နိုင်ဆုံးလို့  သတ်မှတ် လိုက်တယ် ။

မေးခွန်း နံပတ် ၂ အတွက် ကျွန်တော့် အဖြေက...


ကျွန်တော်ရဲ့  စဉ်းစားပုံက...

စိတ်နဲ့  ဟိုနေရာမှာ မျဉ်းကြောင်းလေး ခြစ်ကြည့်လိုက် ၊ ဒီနေရာမှာ ခြစ်ကြည့် လိုက်နဲ့  ကျွန်တော် အချိန်တော်တော် ကြာအောင် စဉ်းစားပါတယ် ။ ညီမျှခြင်းရဲ့  ဟိုဖက်နဲ့  ဒီဖက်ကို ညီအောင်ညှိုဖို့  ဘယ်လိုမှ စဉ်းစားလို့  မရတဲ့ အဆုံး ၊ အပေါ်က အဖြေကို အဖြစ်နိုင်ဆုံး အဖြေလို့  ကျွန်တော် သတ်မှတ်လိုက်တယ် ။

မေးခွန်း နံပတ် ၃ အတွက် ကျွန်တော့် အဖြေက...


ကျွန်တော်ရဲ့  စဉ်းစားပုံက...

မေးခွန်းမှာ Write anything ဆိုပေမဲ့ အပေါ်က မေးခွန်းတွေ ပုံစံအရ ကိုယ်ကြိုက်တာ တစ်ခုခုကို ရေးလို့  ပြောတာတော့ မဖြစ်နိုင်ဘူး ။ Anything ဆိုတဲ့ စာလုံးကို ရေးခိုင်းတာ ဖြစ်မယ် ။ အဲဒီလိုမှ မဟုတ်ပဲ ကိုယ်ကြိုက်တာ ကိုယ်ရေး ဆိုရင်လဲ anything ဆိုတဲ့ စာလုံးကို ရေးလိုက်တာ မမှားဘူးလေ ။ အဲဒါနဲ့  အပေါ်ကအဖြေကို အဖြစ်နိုင်ဆုံး အဖြေလို့  သတ်မှတ်လိုက်တယ် ။

မေးခွန်း နံပတ် ၄ အတွက် ကျွန်တော့် အဖြေက...


ကျွန်တော်ရဲ့  စဉ်းစားပုံက...

လိုင်း ၃ လိုင်းနဲ့  လေးထောင့်ပုံ ရအောင်ဆွဲဖို့  ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ လေးထောင့်ပုံ ရဖို့  က လိုင်း ၄ လိုင်း ရှိမှ ရမှာလေ ။ အဲဒီတော့ မေးခွန်း အောက်မှာ ဘောင်ခတ်ထားတဲ့ လိုင်းကို အောက်ခံထားပြီး ဆွဲလိုက်တယ် ။ အပေါ်က အဖြေမှာတော့ ကျွန်တော် ဆွဲတဲ့ လိုင်း ၃ လိုင်းကို မြင်သာအောင် အရောင် မတူတာနဲ့  ဆွဲထားလို့  လေးထောင့်ပုံ မဟုတ်သလို ဖြစ်နေတာ ၊ အောက်ကလိုင်းနဲ့  အရောင်တူအောင်ဆွဲလိုက်ရင် လေးထောင့်တုံး ပုံရတယ်လေ ။

အဲဒါတွေကတော့ ကျွန်တော် စဉ်းစားမိတဲ့ အဖြေတွေပဲ ၊ ကျွန်တော် ဘယ် နှစ်ခု မှန်မယ် ထင်သလဲ ။ အောက်က အဖြေမှန် တွေနဲ့  တိုက်ကြည့်ပါ ။




ကျွန်တော် ဘယ်နှစ်ခု မှန်တယ် ဆိုတာ မြင်ကြတဲ့ အတိုင်းပဲ ။ ကျွန်တော်ကပဲ ညံ့တာလား ၊ မေးခွန်းတွေ ကပဲ ခက်တာလား တော့မသိဘူး ။ ဒီမေးခွန်း တွေရဲ့  အဖြေတွေကို သိနေတဲ့ သူဆိုရင်တော့ ကျွန်တော် စဉ်းစားတဲ့ ပုံကို ကြည့်ပြီး ရယ်လွန်းလို့  သေနိုင်တယ် ။ ခင်ဗျားတို့ ရော ဘယ်နှစ်ခု မှန်လဲ ?

Make You Feel My Love

ဒီသီချင်းကို အရင်က ကြားဖူးပေမဲ့ သေချာ နားမထောင် ဖြစ်ခဲ့ဘူး ။ ညကတော့ radio မှာလာနေတာကို သေချာ နားထောင် ဖြစ်လိုက်တယ် ။ ကျွန်တော် တော်တော် ကြိုက်သွားတယ် ။

I'd go hungry i'd go black and blue
I'd go crawling down the avenue
No there's nothing that i wouldn't do
To make you feel my love

အဲဒီ အပိုဒ်ကို ကျွန်တော် အကြိုက်ဆုံးပဲ ။

ရတာမလို ၊ လိုတာ ကို မရ တတ်တဲ့ လောက ကြီးမှာ တစ်ခါတစ်လေ ကျရင် ကိုယ်က ပေးနေပေမဲ့ မယူကြဘူး ။ တစ်ခါတစ်လေ ကျရင် လိုချင်တဲ့သူ ရှိပေမဲ့ ကိုယ်က မပေးချင်ဘူး ။ တစ်ခါတစ်လေ ကျရင် ပေးနေတဲ့ သူရှိပေမဲ့ ကိုယ်က မလိုချင်ဘူး ။ တစ်ခါတစ်လေ ကျရင် ကိုယ်က လိုချင် နေပေမဲ့ မပေးကြဘူး ။



Make You Feel My Love
by adele

When the rain is blowing in your face
And the whole world is on your case
I could offer you a warm embrace
To make you feel my love

When the evening shadows and the stars appear
And there is no one there to dry your tears
I could hold you for a million years
To make you feel my love

I know you haven't made your mind up yet
But i would never do you wrong
I've known it from the moment that we met
No doubt in my mind where you belong

I'd go hungry i'd go black and blue
I'd go crawling down the avenue
No there's nothing that i wouldn't do
To make you feel my love

The storms are raging on the rolling sea
And on the highway of regret
Though winds of change are blowing wild and free
You ain't seen nothing like me yet

I could make you happy make your dreams come true
Nothing that i wouldn't do
Go to the ends of the earth for you
To make you feel my love

To make you feel my love

Thursday 13 January 2011

နေတတ်ရင် ကျေနပ်စရာပါ

ကျွန်တော့်ရဲ့  ကောင်းမှန်းမသိ ဆိုးမှန်းမသိတဲ့ အကျင့် တစ်ခုက ကိုယ်လုပ်ချင် တာဆို ဖြစ်နိုင် မဖြစ်နိုင် အသာထား လုပ်နိုင် သလောက် လုပ်ကြည့် လိုက်ရမှ ။ လုပ်ပြီးတော့မှ ကိုယ်ရည်မှန်း ထားသလို ဖြစ်မလာ ရင်တော့ တစ်ခါတစ်လေ စိတ်မကောင်း ဖြစ်မိတယ် ။ တစ်ခါတစ်လေလဲ ဒေါသ ထွက်မိတယ် ။ ဒါပေမဲ့ ကျွန်တော်လုပ်ချင် တာတွေကို လုပ်ဖို့  ပေးဆပ်လိုက် ရတာတွေအတွက် ကျွန်တော် ဘယ်တော့မှ နောင်တရ မနေဘူး ။

ကုန်သွားတဲ့ အချိန်တွေ ကိုလဲ ကျွန်တော် ပြန်ပြီး နှမြော မနေဘူး ။ ကျွန်တော် လုပ်ချင်တဲ့ အရာတွေကို လုပ်လို့  ကုန်ဆုံးသွားတဲ့ အချိန်တွေဟာ အလကား ဖြုန်းတီးလိုက်တဲ့ အချိန်တွေ မဟုတ်ဘူး ။ ကြိုးစားကြည့်လို့  ဘာမှဖြစ်မလာ တာဟာ အရှုံးမဟုတ်ဘူး ။ အချိန်တွေ လွန်သွားပြီးမှ ငါကြိုးစား ကြည့်ခဲ့မိရင် အကောင်းသား ဆိုတဲ့ နောင်တ ရနေခြင်း ကသာ တကယ့် ရှုံးနိမ့်ခြင်း ဖြစ်တယ် ။


ကြိုးစား အားထုတ်မှု တစ်ခုရဲ့  အောင်မြင်မှု ဆိုတာက ကိုယ့်ရဲ့  ရည်မှန်းချက် ပေါ်မှာသာ မူတည် တာပါ ။ အပြေးပြိုင်ပွဲ တစ်ခုကို အတွေ့ အကြုံရှိ ရုံဆိုတဲ့ ရည်ရွယ်ချက်နဲ့  ဝင်ပြိုင်တဲ့ သူတစ်ယောက် အတွက် တာက စထွက်တာနဲ့  သူ့ ရဲ့  ရည်မှန်းချက် ပြည့်နေပါပြီး ။ ပန်းတိုင်ကို ရောက်တဲ့ အထိ မပြေးနိုင် ရင်တောင် သူရဲ့  ကြိုးစားမှုဟာ အောင်မြင် နေပါပြီး ။ ပန်းတိုင်ကို ရောက်တဲ့ အထိ ပြေးနိုင်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ပြေးတဲ့ သူအတွက်က နောက်ဆုံး ကနေ ပန်းဝင်လဲ သူဟာ အောင်နိုင် သူပါပဲ ။ လူအချို့  ကို ကျော်ပြီး ပန်းဝင် နိုင်ခဲ့ရင်တော့ စာမေးပွဲမှာ ဂုဏ်ထူး ထွက်သလိုပေါ့ ။

ရှေ့ ဆုံးကို ရောက်မှ ၊ အရင်ဦးဆုံး လုပ်နိုင်မှ အောင်နိုင်သူ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့  ကြိုးစား အားထုတ်မှု တစ်ခုဟာ လူအများက အောင်နိုင် သူလို့  သတ်မှတ်ထားတဲ့ စံတွေ ပြည့်မှ အောင်မြင်တာ မဟုတ်ပါဘူး ။ ကိုယ့်လုပ်ရပ် အောင်မြင်တာလား ၊ ရှုံးနိမ့်တာလား ဆိုတာ ကိုယ့်ရဲ့  ရည်မှန်းချက် အတိုင်းအတာနဲ့ ပဲ ဆုံးဖြတ်ရမှာပါ ။ နောက်ဆုံးက ဖြစ်နေပါစေ ကိုယ့်ရဲ့  ရည်မှန်းချက် ပြည့်ရင် ကိုယ်ဟာ အောင်နိုင်သူ ပါပဲ ။

“လောကကြီးက နေတတ်ရင် ကျေနပ်စရာ ကြီးပါ”

ကြည့်တာချင်း တူပေမဲ့ ၊ မြင်တာချင်း တူချင်မှတူမယ်

ဒီနှစ် နှစ်သစ်ကူး ညတုန်းက သူငယ်ချင်းတွေနဲ့  ရုပ်ရှင်ထိုင် ကြည့်ဖြစ်တယ် ။ သူငယ်ချင်းတွေက ဟာသကား ကြည့်ချင် ကြတာပါ ။ ဒါပေမဲ့ သိမ်းထားတဲ့ ဟာသကား တွေက အားလုံးနီးပါး သူတို့  ကြည့်ပြီး သားတွေ ဖြစ်နေလို့  ဒီကားလေး ကောင်းတယ် ကြည့်ကြည့် ဆိုပြီး Hachiko ( A Dog’s Story ) ဆိုတဲ့ ကားကို ကြည့်ဖို့  တိုက်တွန်းလိုက်တယ် ။ အဲဒီကားက Hachi ဆိုတဲ့ခွေးလေး တစ်ကောင်နဲ့  သူရဲ့  သခင်တို့  ရဲ့ ကြားက သံယောဇဉ် အကြောင်းကို ရိုက်ထားတဲ့ ရုပ်ရှင်လေးပါ ။

ပြန်လာနိုင် တော့မှာ မဟုတ်တော့တဲ့ သခင်ကို သစ္စာ ရှိရှိနဲ့  ၉ နှစ် ကျော် ကြာအောင် သခင် အလုပ်က ပြန်လာတတ်တဲ့ အချိန် ရောက်တိုင်း ဘူတာရုံ ရှေ့  မှာ လာလာထိုင်စောင့်နေ တတ်တဲ့ Hachi ဆိုတဲ့ ခွေးလေးရဲ့  တကယ့် အဖြစ်အပျက်ကို ပြန်ရိုက် ထားတာပါ ။ Hachi နဲ့  သူ့  သခင်တို့ ရဲ့  တစ်ဦး အပေါ် တစ်ဦး နောက်ဆုံး အချိန်တွေထိ ထားခဲ့ကြတဲ့ သံယောဇဉ် နဲ့  မေတ္တာ အကြောင်းကို ပေါ်လွင်အောင် ရိုက်ထားတဲ့ ကားမို့  တိရစ္ဆာန် ချစ်တဲ့ သူတိုင်း ကြိုက်ကြမဲ့ ကားတစ်ကားပါ ။ အဲဒီညက ကျွန်တော့်ရဲ့  ကောင်းမှုကြောင့် သူများတွေ ပျော်ပျော်ရွှင်ရွှင်နဲ့  နှစ်သစ်ကူး နေကြတဲ့ အချိန်မှာ ကျွန်တော့် သူငယ်ချင်း တွေကတော့ မျက်ရည် လေးတွေ ဝဲသဲဝဲသဲ နဲ့  နှစ်သစ်ကို ကြိုခဲ့ကြတယ် ။

နှစ်သစ် ကူးတဲ့ နေ့ မှာ ဖြစ်ပျက်သမျှ ၊ ကိုယ်လုပ်လိုက် သမျှ တွေဟာ တနှစ်ပတ်လုံး အပေါ်မှာ လွှမ်းမိုးမှု ရှိတယ်လို့  လူတော်တော် များများက ယုံကြည်ကြတော့ ဒီနှစ်ထဲမှာ မျက်ရည်ဝဲ စရာ တွေနဲ့  ကြုံတိုင်း ဒီကောင့်ကြောင့် ဆိုပြီး ကျွန်တော့်ကို သူတို့  ကျိန်ဆဲ နေကြမယ် ထင်တယ် ။ ဒီနှစ်ထဲမှာ သူတို့ ကို ချစ်ခင်သူတွေ ပိုပြီး တိုးလာမယ် ။ သူတို့ ကို ချစ်ခင်တဲ့ သူတွေနဲ့  အပြန် အလှန် နားလည်မှုတွေ ပိုရလာပြီး တစ်ဦးအပေါ် တစ်ဦး မေတ္တာတွေ ပိုထားလာနိုင် ကြမယ် ဆိုရင်တော့ သစ္စာတရား ၊ မေတ္တာတရား နဲ့  သံယောဇဉ် အကြောင်းတွေကို ခံစားပြီး နှစ်သစ်ကို ကူးခဲ့ကြလို့  ဒီလိုဖြစ်တာလို့  သူတို့  တွေးကြချင်မှ တွေးကြ မှာပါ ။ ကျွန်တော်တို့  တွေ့ ကြုံခဲ့ကြတာတွေ တူခဲ့ကြပေမဲ့လဲ တစ်ယောက်နဲ့  တစ်ယောက် ယုံကြည်ချက်တွေ ၊ ခံစားချက်တွေ ကွဲကြလိမ့်မယ် ။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် လောက်က ကျွန်တော့် အစ်မ မင်္ဂလာဆောင်မှာ စားပွဲတင် နာရီ တစ်လုံး ဝယ်ပြီး ကျွန်တော် လက်ဖွဲ့ ဖူးတယ် ။ အဲဒီ အချိန်တုန်းက Titanic ရုပ်ရှင်က နာမည်ကြီး နေတဲ့ အချိန် ဆိုတော့ နာရီရဲ့  နောက်ခံက ရုပ်ရှင်ထဲက မင်းသား ၊ မင်းသမီး ရုပ်ပုံနဲ့ ပါ ။ နာရီက ဈေးကြီးတဲ့ အမျိုးအစား မဟုတ်ပေမဲ့ လှတော့လှတယ် ။ မင်္ဂလာပွဲ ပြီးတော့ သူတို့  ခုတင်ခေါင်းရင်းမှာ အဲဒီနာရီလေး တင်ထားတာ ကျွန်တော် သတိထားမိတယ် ။ ဒါပေမဲ့ နောက် ၁ ပတ် ၊ ၂ ပတ် လောက်ပဲ ရှိမယ်ထင်တယ် အဲဒီနာရီလေးကို မတွေ့ တော့ဘူး ။ တခြား တစ်နေရာရာ မှာများ ထားထားလား ဆိုပြီး ရှာကြည့်မိ ပေမဲ့ မတွေ့  တော့ဘူး ။

နောက်မှ သိရတာက Titanic ရုပ်ရှင်ထဲမှာ မင်းသားနဲ့  မင်းသမီးက ကွဲခဲ့ကြတာမို့  အဲဒီနာရီလေးက နမိတ် မကောင်းဘူး ဆိုပြီး မထားတော့ တာပါတဲ့ ။ ဘယ်ရောက်သွားလဲ ဆိုတာတော့ ကျွန်တော် မေးမနေ တော့ဘူး ။ သိလဲ မသိချင်တော့ဘူး ။ နာရီလေးက ငွေတန်ဖိုး အနေနဲ့  ဘာမှမရှိ ပေမဲ့ ကျွန်တော် စိတ်မကောင်း ဖြစ်ခဲ့မိတယ် ။ အဲဒီနာရီလေးကို ကျွန်တော်ဝယ်တုန်းက ရုပ်ရှင်ထဲက အချစ်ဇာတ်လမ်း လေးကို ကြိုက်လို့  ဝယ်ဖြစ်ခဲ့တာ ။ ရုပ်ရှင်ထဲမှာ မင်းသားနဲ့  မင်းသမီးက အချစ်အတွက် ဘာမဆို ပေးဆပ်ဖို့  မတွန့် ဆုတ် ခဲ့ကြဘူး ။ ဘာအန္တရာယ် ကိုမှ ရင်ဆိုင်ဖို့  နောက်မတွန့်  ခဲ့ကြဘူး ။ တစ်ဦးပျော်ရွှင် မှု အတွက် တစ်ဦးက ဘာမဆို လုပ်ပေးဖို့  ဝန်မလေး ခဲ့ကြဘူး ။ လိုအပ်ရင် တစ်ဦးအတွက် တစ်ဦးက အသက်စွန့် ပြီး ကြိုးစားပေးဖို့  တွေဝေမနေ ခဲ့ကြဘူး ။ သူတို့  နှစ်ဦး တွေ့ ဆုံခဲ့ ကြတဲ့ အချိန်က တိုပေမဲ့ နောက်ဆုံး ထွက်သက်တွေ အထိ တစ်ဦးရဲ့  ချစ်ခြင်း မေတ္တာကို တစ်ဦးက တန်ဖိုးထား သတိရနေ ခဲ့ကြ တယ်လေ ။

ကျွန်တော့်အတွက် ကတော့ နှစ် ၅၀ တွေ ၊ နှစ် ၁၀၀ တွေကြာအောင် အတူရှိ နေဖို့ က အဓိက မဟုတ်ဘူး ။ ရွှေရတု ၊ စိန်ရတု ဆိုတာတွေလဲ အရေး မကြီးဘူး ။ ကျွန်တော့်ရဲ့  မေတ္တာ နဲ့  စေတနာ တွေကို နားလည်ပြီး နောက်ဆုံး အချိန်ထိ တန်ဖိုးထား လေးစား နေမဲ့ သူနဲ့ ဆိုရင် အချိန် ခဏလေးပဲ ဆုံရပါစေ ကျွန်တော် ကျေနပ်တယ် ။ ကျွန်တော်တို့  ကြည့်ခဲ့ကြတာတွေ တူခဲ့ပေမဲ့လဲ တစ်ယောက်နဲ့  တစ်ယောက် မြင်ခဲ့ကြတဲ့ အရာတွေ ကွဲခဲ့ကြတယ် ။

ယုံကြည်ချက်တွေ ၊ ခံစားချက်တွေ ၊ နားလည်မှုတွေ ဆိုတာက ကိုယ့်ရဲ့  အမြင်ပေါ်မှာပဲ မူတည်ပါတယ် ။ အရာရာ တိုင်းမှာ မတူညီတဲ့ ဖက်က ကြည့်လို့ ရတဲ့ အမြင်တွေ ရှိတယ် ။ လူတိုင်းမှာ ယုံကြည်ချက် ၊ ခံယူချက်တွေ ကွဲလွဲခွင့် ရှိတယ်ဆိုပေမဲ့ ဘယ်အရာ ကိုမှ ရှုထောင့် တစ်ခုထဲက ကြည့်ပြီး အမြင် တစ်မျိုးထဲနဲ့  ဆုံးဖြတ်ချက် မချကြပါနဲ့  ။ အခြား ရှုထောင့်က ကြည့်ဖို့ လဲ ဝန်မလေး ကြပါနဲ့  ။ ။