Sunday 17 October 2010

မီးကို ငြိမ်းတဲ့ မီး

ကျွန်တော့်အထက်က အစ်ကိုနဲ့  ကျွန်တော် ၂ နှစ်လောက်ကွာတယ် ။ အထက်အောက် ကလဲဖြစ် အရွယ်ကလဲ သိပ်မကွာတော့ ငယ်ငယ်က ကျွန်တော်တို့  ၂ ယောက် ရပ်ကွက်ထဲမှာ ဆော့တဲ့အခါအတူတူပဲ ဆော့ကြတယ် ။ သူ့  သူငယ်ချင်းလဲ ကျွန်တော့် သူငယ်ချင်း ၊ ကျွန်တော့် သူငယ်ချင်းလဲ သူ့  သူငယ်ချင်း ပါပဲ ။

တစ်နေ့ ရပ်ကွက်ထဲက အခြားကလေးတွေနဲ့  ကစားနေရင်း ကျွန်တော့် ရွယ်တူ ကောင်လေး တစ်ယောက်နဲ့  ကျွန်တော် ငြင်းကြပါလေရော ။ ပြသနာက ငြင်းရုံနဲ့  ပြီးမသွားပဲ တစ်ယောက်နဲ့  တစ်ယောက် မခံချင်အောင် ပြောကြရင်းကနေ မင်းသတ္တိ ရှိရင် မင်းနဲ့  ငါနဲ့  တစ်ယောက်ချင်း ချမယ် ဆိုပြီး ဟိုကောင်က ကျွန်တော်ကို စိန်ခေါ်ပါလေရော ။

အပြိုင် ငြင်းတုန်းကတော့ ငြင်းခဲ့ပေမဲ့ သူ အဲဒီလို စိန်ခေါ် လာလိမ့် မယ်လို့  ကျွန်တော် ထင်မထားခဲ့ဘူး ။ ကျွန်တော်တို့  ၂ယောက်ရဲ့  ပြသနာကြောင့် ကစားပွဲကို ရပ်ထားရတယ် ။ သူက စိန်ခေါ်လိုက်တော့ ကစားနေတဲ့ အခြားကလေးတွေ အားလုံးရဲ့  အကြည့်က ကျွန်တော့်ဆီ ရောက်လာတယ် ။ ကျွန်တော် ဘာပြန်ပြော မလဲဆိုတာကို သိချင်နေကြတယ် ။

အဲဒီအရွယ်အထိ ကျွန်တော် အခြားသူတွေနဲ့  ကိုယ်ထိလက်ရောက် ဖြစ်တဲ့အထိ တစ်ခါမှ ရန်မဖြစ် ဖူးသေးဘူး ။ ကျွန်တော့်ကို စိန်ခေါ်တဲ့ ကောင်ကတော့ ရပ်ကွက်ထဲက ရွယ်တူတွေထဲမှာ ပွဲတိုင်းကျော်လို ဖြစ်နေ တဲ့သူ ။ ကျွန်တော် သူ့  ကိုကြောက်လားဆိုတော့ မကြောက်ပါဘူး ။ ဒါပေမဲ့ ကိုယ်ထိ လက်ရောက် ဖြစ်တဲ့အထိ ရန် တစ်ခါမှ မဖြစ်ဖူးတော့ ကိုယ့်လက်ရည် ဘယ်လိုရှိမှန်း ကိုယ်လဲမသိဘူး ။ ကျွန်တော့်မှာ သူ့  ကို ချက်ချင်း ပြန်ပြောစရာ စကား မရှိဘူး ။

ကျွန်တော်ဘာမှ ပြန်မပြောပဲ နဲနဲကြာကြာ ငြိမ်နေတော့ သူကပို အတင့်ရဲ လာတယ် ။ မင်းကြောက်နေ တာလား ၊ မင်းအခြောက်လား ၊ မင်း သတ္တိ မရှိ ဘူးလားကွ ဆိုပြီး ဆက်တိုက် စိန်ခေါ်တော့တယ် ။ အတူတူ ကစားနေတဲ့ အချို့  ကလေးတွေက သူ့ ကို အေးအေးဆေးဆေး ဆက်ဆော့ဖို့  ဝိုင်းပြောကြပေမဲ့ သူကတော့ ကျွန်တော့်ကိုပဲ ဆက်စိန်ခေါ် နေတယ် ။ ကျန်တဲ့ ကလေးတွေ က ကျွန်တော့်ကို ဝိုင်းကြည့် နေကြတယ် ။ ကျွန်တော့် အဖြေကို ပိုပြီး စိတ်ဝင်စား နေကြတယ် ။ ကျွန်တော် သူ့ ကို တစ်ခုခုတော့ ပြန်ပြော ရတော့မယ် ။

ဒီအတိုင်း ငကြောက်ကြီး ပါကွာဆိုပြီး အရှက်ကွဲခံပြီး အလျှော့ပေးလိုက် မလား ၊ ဒါမှမဟုတ် ထချပြီး အဖြေ ရှာမလား ။ ကျွန်တော် စဉ်းစားရပြီး ။ ကျွန်တော် ဒီအတိုင်း ကတော့ အလျှော့ မပေးချင်ဘူး ၊ ထချရင်ရော ငါသူ့ ကို နိုင်ပါ့မလား ဆိုတဲ့ သံသယ ကလဲ စိတ်ထဲမှာ ရှိနေတယ် ။ ဒါပေမဲ့ ကျွန်တော်တစ်ခုခုကို ရွေး ရတော့မယ် ။ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တယ်။

ဒါပေမဲ့ ကျွန်တော် ဘာမှလုပ်စရာ မလိုလိုက်ဘူး ။ ကျွန်တော့် နောက်ဖက်ကနေ သူ့ နာမည်ကို လှမ်းခေါ်သံ ကြားလိုက်တယ် ။ သူ့ နာမည်ကို ခေါ်လိုက်တာ ကျွန်တော့် အစ်ကို ဆိုတာ ကျွန်တော် လှည့်မကြည့်ပဲ သိလိုက်တယ် ။ ကျွန်တော့် အစ်ကိုက သူ့ ကို “ငါ့ညီက အေးအေးဆေးဆေး ပြောနေတာကို မင်းက စိန်ခေါ်နေရအောင် မင်းကလူမိုက်လား ၊ မင်းမိုက်ရင် ငါ့ နဲ့  ချမယ်လို့ ” ဆက်ပြောလိုက်တယ် ။ ကျွန်တော့် အစ်ကိုက သူ့ ထက် အသက်လဲ ကြီးတယ် ၊ လူကောင်လဲ ကြီးတယ် ။

သူကျွန်တော့် အစ်ကို ကိုကြည့်ပြီး မင်းနဲ့  ငါကရွယ်တူမှ မဟုတ်တာ ၊ မင်းနဲ့ တော့ မချဘူးလို့  ပြန်ပြောတယ် ။ ကျွန်တော့် အစ်ကိုက မင်းမိုက်တယ် ချချင်တယ် ဆိုရင် ငါနဲ့ ချ ၊ ငါနဲ့ မချဘူး ဆိုရင်တော့ အခြားသူတွေကိုလဲ စိန်လိုက်ခေါ် မနေနဲ့  အေးအေးဆေးဆေး ဆက်ကစားဆိုပြီး ရန်ပွဲကို အဆုံးသတ် လိုက်တယ် ။ အဲဒီနေ့ က ရန်စတဲ့သူကို ကျွန်တော့်အစ်ကိုက ရန်ပြန်စပြီး ရန်ပွဲကို အဆုံးသတ် ခဲ့တယ် ။

အဲဒီအဖြစ်အပျက်ကို ကျွန်တော့်အစ်ကို ကတော့ မှတ်မိချင်မှ မှတ်မိမယ် ။ ကျွန်တော်ကတော့ ကျွန်တော့်ရှေ့ က ရပ်ပေးခဲ့တဲ့ သူ့ ကို အမြဲတမ်း ကျေးဇူးတင်နေတယ် ။ မှတ်သားစရာလဲ ရလိုက်တယ် ။ တစ်ချို့  အခြေအနေ တွေမှာ ရန်ကိုငြိမ်းဖို့  အတွက် ရန်လိုတယ် ။ Fight fire with fire ဆိုသလိုပဲ အချို့ အရာတွေကို တားဆီးဖို့  ၊ ရပ်တန့် အောင် လုပ်ဖို့  အတွက်က တူညီတဲ့ နည်းလမ်းနဲ့  ပြန်ပြီး တုန့် ပြန်မှုကသာ အမှန်ကန်ဆုံး ရွေးစရာ နည်းလမ်း ဖြစ်တယ် ။ ။

Defeat is not the worst of failures. Not to have tried is the true failure.
George Edward Woodberry

The war that will end war.
H. G. Wells

2 comments:

  1. ရိုးရိုး17 October 2010 at 15:49

    ရန်ပြို ဖို့ ရန်လို သင့်ရင် လို ရတယ်။ ဒါမှန်တယ်။

    ReplyDelete
  2. ဒီပို.ဖတ်ပြီး မှတ်သားစရာ ရလိုက်တယ် :)

    ReplyDelete