ကျွန်တော် အထက်တန်းကျောင်းသား အရွယ်ထဲက ဝဋ်လည်တယ် ဆိုတာကို ယုံကြည်ခဲ့တယ် ။ အဲဒီယုံကြည်မှု နဲ့ အတူ ကိုယ်သူများကို ပြုမိသမျှ ကိုယ်ပြန်ခံ ရတယ် ဆိုတဲ့အစွဲ ရှိခဲ့တယ် ။ အဲဒီအစွဲက စိတ္တဇလား ၊ ကောင်းတဲ့အကျင့် တစ်ခုလား ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ သေချာ မသိဘူး ။ ယုံကြည်မှု ၊ စွဲလမ်းမှု တစ်ခုဟာ အတိုင်းအတာ တစ်ခုထက် ပိုနေရင် မကောင်းဘူး ဆိုတာတော့ သိပါတယ် ။ ဒါပေမဲ့ အဲဒီအချိန်ကစ ကိုယ် ကိုယ်တိုင်ရဲ့  အပြုအမူတွေ အပြင် ကိုယ့်ပတ်ဝန်းကျင်က သူတွေရဲ့  အပြုအမူတွေကို သတိထား ကြည့်ခဲ့မိတယ် ။
တိုက်ဆိုင်တာလား ကိုယ်ကပဲ အယုံအကြည်လွန်ပြီး ကိုယ်လိုချင်တဲ့ ဖက်ကိုရောက်အောင် စွဲတွေးနေလို့  လားတော့ မသိဘူး အရာရာဟာ အမြဲတမ်း အသွားအပြန် ရှိခဲ့တယ် ။ လူတစ်ယောက် ချော်လဲကျတာကို ရယ်မိခဲ့ရင် ၊ ကိုယ်ကိုယ်တိုင် လူတွေရှေ့  မှာ ချော်လဲပြီး အရယ် ပြန်ခံ ခဲ့ရတယ် ။ အဲဒီလို အသေးအဖွဲ ကိစ္စတွေက အစ သတိထားကြည့် တတ်တဲ့အကျင့် ကျွန်တော့်မှာ ရှိ ခဲ့တယ် ။
အဲဒီအကျင့်ကြောင့် မကောင်းတဲ့ အချက်က ဆုံးဖြတ်ချက်တွေ ချဖို့ နှောင့်နှေး ခဲ့တယ် ။ တံခါးပေါက်အချို့  က မျက်နှာဖုံးရှိမှ ဝင်ခွင့်ရှိတတ်တယ် ။ အချို့  သူတွေအတွက် ဘာမှမခက် ပေမဲ့ ကျွန်တော့် အတွက်တော့ မျက်နှာဖုံး တပ်မလား ၊ ဝင်ပေါက်က လှည့်ပြန်မလား ဆုံးဖြတ်ဖို့  အချိန်အတော်ယူ ရတယ် ။ အဲဒီလိုနဲ့  ပဲ အမြဲတမ်း နောက်ကျကျန် နေခဲ့တယ် ။
ကောင်းတဲ့အချက်က အခြားသူ တစ်ယောက်ကို တစ်ခုခု လုပ်တော့မယ် ၊ ပြောတော့မယ်ဆိုရင် တော်တော်လေး ဆင်ခြင်ဖြစ်တယ် ။ သူများ အကျိုးထိခိုက် စရာတွေဆို ငါလုပ်ပြီးရင် ငါပြောပြီးရင် ၊ ငါပြန်ခံ ရမယ်ဆိုတဲ့ အတွေးနဲ့  ဆင်ခြင် ဖြစ်ခဲ့တယ် ။ ဒါပေမဲ့ ကျွန်တော်လဲ သာမန်လူပဲလေ ။ လောဘရှိတယ် ။ ဒေါသရှိ တယ် ။ မလုပ်သင့် ဘူးဆိုတာ သိလဲ အားလုံးတော့ ဘယ်ရှောင်နိုင်မလဲ ။ လောဘတက် နေတဲ့အချိန်တွေ ၊ ဒေါသထွက်နေတဲ့ အချိန်တွေဆို ပြောခဲ့ လုပ်ခဲ့မိတာပါပဲ ။ ကိုယ့်မှာ အဆင်မပြေတာ တစ်ခုခု ဖြစ်တိုင်း ငါ ဘယ်တုန်းက ဘယ်သူ့  ကို ဘာလုပ်မိခဲ့လို့  ခုငါပြန်ခံရတာ ဆိုတဲ့ အတွေး ပြန်ဝင် လာတယ် ။ ငါသူများကို လုပ်ခဲ့မိလို့  ငါပြန်ခံရတာပဲလေ ဆိုပြီး စိတ်ဖြေ စရာတွေ ရခဲ့တယ် ။
လွန်ခဲ့တဲ့ ( ၇ ) လ လောက်က ကျွန်တော့်အသိရဲ့  သူငယ်ချင်းက ယာဉ်တိုက်မှု ဖြစ်တယ် ။ ယာဉ်တိုက်မှု ဖြစ်တဲ့ အချိန်မှာ ကျွန်တော့်ရဲ့  အသိက တစ်ခြားတစ်နေရာမှာပါ ။ ဒါပေမဲ့ insurance company ကို လျှော်ကြေး တောင်းတော့ သူ့  သူငယ်ချင်းနဲ့  တိုင်ပင်ပြီး သူက ကားပေါ်မှာ ပါလာတယ် ။ ယာဉ်တိုက်မှု အရှိန်ကြောင့် ခါးနာ သွားပါတယ် ဆိုပြီး လျှော်ကြေးတောင်းတာ ပေါင် ၂၀၀၀ ရ လိုက်တယ် ။ သူတို့  နှစ်ယောက် ခွဲယူ ခဲ့ကြတယ် ။ သူလိမ် ယူတယ်ဆိုတာ သိပေမဲ့ ဟုတ်လှချီလား ၊ အချောင်ထော သွားတာပေါ့လို့  လွယ်လွယ်ပဲ မှတ်ချက်ချ ခဲ့တယ် ။ ဘာမှ ထပ်မစဉ်းစား မိခဲ့ဘူး ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုယ် ကိုယ်တိုင် ပုံစံတူ အလိမ်ခံလိုက် ရမှ အလိမ်ခံ ရတဲ့သူရဲ့  ခံစားချက်ကို ကိုယ်ချင်းစာ တတ်ခဲ့တယ် ။ အလိမ်ခံ လိုက်ရတဲ့သူကို ကိုယ်ချင်း မစာပဲ ၊ မှားတဲ့ဖက်က အားကျခဲ့ မိလို့  ခုတော့ ကိုယ်ချင်းစာ တတ်အောင် ကျွန်တော်ကို သင်ခန်းစာ ပေးတာဖြစ်မယ် ။
မကောင်းတာ တစ်ခုထဲ အသွားအပြန် ရှိတာ မဟုတ်ပါဘူး ။ ကောင်းတာ လုပ်တဲ့ အပြုအမူ တွေမှာလဲ အသွားအပြန် ရှိပါတယ် ။ သူများကို ကူညီခဲ့ဖူးရင် ၊ ကိုယ် အခက်အခဲ ရှိလာတဲ့ အခါမှာလဲ ကူညီတဲ့သူ ပေါ်လာ တာပဲ ။ ကျွန်တော့်ရဲ့  ယုံကြည်မှု နဲ့  အစွဲအလမ်းက အရမ်းအစွန်း ရောက်ချင်ရောက် နေမယ် ။ ဒါပေမဲ့ ဝဋ်ဆိုတာ တကယ်လည် တတ်တယ် ။ အရာရာမှာ အသွားရှိရင် အပြန်ရှိတယ် ။ မယုံရင် ကိုယ် ကိုယ်တိုင်နဲ့  ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်ပါ ။ ။
No comments:
Post a Comment