Thursday 9 December 2010

ဓာတ်ပုံထဲက ဇာတ်လမ်းများ (၂)

Second Indochina War (သို့ မဟုတ်) Vietnam Conflict လို့ လဲ ခေါ်ကြတဲ့ ဗီယက်နမ် စစ်ပွဲဟာ တရုတ် ၊ မြောက်ကိုးရီးယား ၊ ဆိုဗီယက် ပြည်ထောင်စု စတဲ့ ကွန်မြူနစ် အင်အားကြီး နိုင်ငံများ နောက်ခံပြု ထားတဲ့ မြောက်ဗီယက်နမ် နဲ့  အမေရိကန် ၊ တောင်ကိုးရီးယား ၊ သြစတေးလျား စတဲ့ ကွန်မြူနစ် စနစ်ကို မလိုလားတဲ့ အင်အားကြီး နိုင်ငံများ နောက်ခံပြု ထားတဲ့ တောင်ဗီယက်နမ် တို့ ကြား ဖြစ်ခဲ့တဲ့ စစ်ပွဲပါ ။

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကွန်မြူနစ် နိုင်ငံများနဲ့  အနောက်အုပ်စု နိုင်ငံတွေကြား အားပြိုင်မှု တစ်ခုဖြစ်တဲ့ အဲဒီ စစ်ပွဲဟာ ဗီယက်နမ် ရဲ့  အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား နဲ့  လာအို နိုင်ငံတွေထိ ပျံ့ နှံ့ ခဲ့တယ် ။ ဗီယက်နမ် စစ်ပွဲဟာ အမေရိကန် နဲ့  တောင်ဗီယက်နမ် အတွက် ကွန်မြူနစ် စနစ်မပြန့်  ပွားရအောင် တားဆီးတဲ့ စစ်ပွဲတစ်ခု ဖြစ်ပြီး ၊ မြောက်ဗီယက်နမ် အတွက် ကတော့ နယ်ချဲ့ တွေကို တွန်းလှန်တဲ့ တော်လှန်ရေး စစ်ပွဲ တစ်ခု ဖြစ်တယ် ။

၁၉၇၅ မှာ ဗီယက်နမ် စစ်ပွဲ အဆုံးသတ် ခဲ့ပြီး ကွန်မြူနစ် စနစ်ကို လိုလားတဲ့ မြောက်ဗီယက်နမ် ဖက်က အောင်ပွဲခံ ခဲ့တယ် ။ ဗီယက်နမ် စစ်ပွဲဟာ အမေရိကန်တို့  ပထမဆုံး ရှုံးနိမ့် ခဲ့တဲ့ စစ်ပွဲ ဖြစ်တယ် ။ စစ်ပွဲ ကာလ အတွင်းမှာ တောင်ဖက်ကရော ၊ မြောက်ဖက်ကရော နှစ်ဖက်စလုံး စစ်ရာဇဝတ်မှု အများအပြားကို ကျူးလွန်ခဲ့ ကြပြီး အပြစ်မဲ့ အရပ်သား အများအပြား သေခဲ့ရတယ် ။

တောင်ဗီယက်နမ်ဖက်က အမေရိကန် စစ်သား ၅၈၁၅၉ နဲ့  တောင်ကိုးရီးယား စစ်သား ၅၀၉၉ အပါအဝင် စစ်သား ၃သိန်းကျော် သေပြီး ၁ သန်းခွဲ နီးပါး ဒဏ်ရာရခဲ့တယ် ။ မြောက်ဗီယက်နမ် ဖက်က စစ်သား ၁ သန်းကျော် သေပြီး ၆ သိန်းကျော် ဒဏ်ရာရ ခဲ့တယ် ။ စစ်ပွဲကာလ အတွင်း ဗီယက်နမ်မှာ အရပ်သား ၂ သိန်း နဲ့  ၂ သန်းကြား ၊ ကမ္ဘောဒီယားမှာ အရပ်သား ၂ သိန်းနဲ့  ၃ သိန်းကြား ၊ လာအိုမှာ အရပ်သား ၂ သောင်း နဲ့  ၂ သိန်းကြား သေခဲ့ရတယ် ။


အောက်ကဓာတ်ပုံ ၂ ပုံက ဗီယက်နမ် စစ်ပွဲ ကာလ အတွင်း ဂျပန် ဓာတ်ပုံဆရာ Kyoichi Sawada ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ထဲက ဓာတ်ပုံ ၂ပုံပါ ။




အမေရိကန် တို့ ရဲ့  ဗုံးကြဲမှုက လွတ်အောင် ချောင်းကို ဖြတ်ပြီး ပြေးလာတဲ့ ဗီယက်နမ် မိသားစု ပုံက ၁၉၆၅ မှာ World Press Photos of the Year အဖြစ် အရွေးခံရပြီး ၊ Vietcong စစ်သား တစ်ယောက်ရဲ့  အလောင်းကို အမေရိကန် စစ်သားတွေက ကားနောက်မှာ ကြိုးနဲ့  ချီပြီး ဆွဲလာတဲ့ ပုံက ၁၉၆၆ မှာ World Press Photos of the Year အဖြစ် အရွေး ခံခဲ့ရတယ် ။ သူ့ ရဲ့  Vietnam စစ်ပွဲ ဓာတ်ပုံ တွေကြောင့် Kyoichi Sawada ဟာ ၁၉၆၆ မှာ Pulitzer Prize for Photography ဆုကို ရခဲ့တယ် ။

အောက်ကပုံ ကတော့ အမေရိကန် ဓာတ်ပုံဆရာ Eddie Adams ရိုက်ခဲ့တဲ့ တောင်ဗီယက်နမ် ဖက်က General Nguyen Ngoc Loan က Saigon မြို့ လယ် လမ်းမပေါ်မှာ လက်နောက်ပြန် ကြိုးတုပ် ထားတဲ့ အရပ်ဝတ်နဲ့  လူတစ်ယောက်ရဲ့  ခေါင်းကို သေနတ်နဲ့  တေ့ပြီး ပစ်နေတဲ့ ပုံပါ ။


အဲဒီ ဓာတ်ပုံကြောင့် ၁၉၆၉ မှာ Pulitzer Prize for Spot News Photography နဲ့  World Press Photo ဆုကို Eddie Adams ရခဲ့တယ် ။ သေနတ်နဲ့ ပစ်ပြီးတော့ General က သူ့ နားကို လျှောက်လာပြီး “ငါ့လူတွေ နဲ့  မင်းတို့  လူတွေ အများကြီးကို သူတို့  သတ်ခဲ့တယ်” ဆိုပြီး ပြောတယ်လို့  Adams က ပြန်ပြော ပြတယ် ။

ဓာတ်ပုံဆရာ Adams ကိုယ်တိုင် General Nguyen ဘာကြောင့် အဲဒီလူကို ပစ်သတ်တာလဲ ဆိုတဲ့ အကြောင်းကို မသိရသေးခင် အခြားဓာတ်ပုံ တွေနဲ့  အတူ သတင်းစာ တွေမှာ အဲဒီဓာတ်ပုံကို ဖော်ပြခဲ့ ကြတယ် ။ အဲဒီဓာတ်ပုံဟာ ဗီယက်နမ် စစ်ပွဲရဲ့  အကျဉ်းတန် မြင်ကွင်း တစ်ခု အဖြစ် တကမ္ဘာလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တယ် ။ အထူးသဖြင့် ဗီယက်နမ် စစ်ပွဲကို ဆန့် ကျင် လှုပ်ရှား သူတွေဟာ ယူနီဖောင်းဝတ် အရာရှိ တစ်ယောက် အနေနဲ့  အရပ်ဝတ်နဲ့  လူတစ်ယောက်ကို မြို့ လယ်ကောင်မှာ ပစ်သတ်တာဟာ မင်းမဲ့ စရိုက်ဆန်ဆန် သွေးအေး လူသတ်မှုတစ်ခုသာ ဖြစ်တယ်လို့  Grneral Nguyen ကို ရှုံ့ ချခဲ့ ကြတယ် ။

ဓာတ်ပုံထဲမှာ အသတ်ခံ ရတဲ့သူဟာ Vietcong Captain Nguyen Van Lem ဆိုသူ ဖြစ်ပြီး သူဟာ သူလျှို လုပ်နေသူ တစ်ယောက်လဲ ဖြစ်တယ် ။ သူ့ ကို ဖမ်းမမိခင်မှာ သူဟာ တောင်ဗီယက်နမ် ရဲအရာရှိတွေ ၊ အစိုးရ ဝန်ထမ်းတွေ နဲ့  မိသားစုဝင် အများအပြားကို ပစ်သတ်ခဲ့တယ် ။ အသတ်ခံရတဲ့ သူတွေထဲမှာ အမေရိကန် နိုင်ငံသားတွေလဲ ပါသလို ၊ ရဲချုပ်တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နေတဲ့ General Nguyen နဲ့  ရင်းနှီးသူတွေ လဲပါတယ် ။

အကြောင်းရင်း မှန် ထွက်ပေါ်လာပြီး နောက်မှာလဲ ဖမ်းမိပြီးသား လူတစ်ယောက်ကို ဒီလိုသတ်တာဟာ မင်းမဲ့စရိုက်သာ ဖြစ်တယ်ဆိုပြီး General Nguyen ကို စစ်ရာဇဝတ်မှု ကျူးလွန်သူ လူသတ်သမား အဖြစ် ရှုံ့  ချ နေကြတဲ့ သူတွေ ဒီနေ့  အထိ ရှိသလို ၊ General Nguyen နေရာမှာဆို မိမိရဲ့  မိတ်ဆွေတွေ နဲ့  ရဲဖော်ရဲဖက်တွေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့သူကို သွေးပူနေတဲ့ အချိန်မှာ ဖမ်းမိရင် လူတိုင်း ဒီလိုလုပ် မိမှာပဲ ၊ ဒါဟာ ရာဇဝတ်ကောင် သူလျှိုတစ်ယောက်ကို ထိုက်သင့်တဲ့ အပြစ်ပေးတာပဲ ဖြစ်တယ်လို့  မြင်ကြတဲ့ သူတွေလဲ ရှိတယ် ။

နောက်ပိုင်းမှာ ဓာတ်ပုံဆရာ Adams က သူ့ ရဲ့  ဓာတ်ပုံကြောင့် General Nguyen ကို သူ့ ရဲ့  စစ်ပွဲ အတွင်း စွမ်းဆောင်မှုတွေ အတွက် သူရဲကောင်း တစ်ယောက် အနေနဲ့  လူတွေ မမြင်ကြတော့ တာကို နောင်တ ရမိတယ်လို့  ပြောခဲ့တယ် ။ သူဓာတ်ပုံ ဆရာလုပ်တာဟာ အခြားသူ တစ်ယောက်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့  လုပ်တာ မဟုတ်တဲ့ အတွက် သူ့ ဓာတ်ပုံကြောင့် လူတစ်ဦး ထိခိုက်ခဲ့ ရတာကို စိတ်မကောင်းတဲ့ အကြောင်းပြော ခဲ့တယ် ။

Time မဂ္ဂဇင်းမှာ Adams က “The general killed the Viet Cong; I killed the general with my camera. Still photographs are the most powerful weapon in the world. People believe them; but photographs do lie, even without manipulation. They are only half-truths. What the photograph didn't say was, 'What would you do if you were the general at that time and place on that hot day, and you caught the so-called bad guy after he blew away one, two or three American people?” လို့ ရေးခဲ့တယ် ။

General Nguyen ဟာတိုက်ပွဲ တစ်ခုမှာ ခြေထောက်ကို ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ အတွက် သူ့ ကို အမေရိကန် ကို ပို့ ပြီး ကုသခဲ့တယ် ။ တောင်ဗီယက်နမ် တွေ စစ်ရှုံးပြီး နောက်မှာ General ဟာ အမေရိကန်မှာပဲ သေတဲ့ထိ အခြေချ နေထိုင်ခဲ့တယ် ။ သူမသေခင်မှာ ဓာတ်ပုံဆရာ Adams ဟာ General နဲ့  သူ့  မိသားစုကို ကိုယ်တိုင် သွားတွေ့ ပြီး တောင်းပန် ခဲ့တယ် ။ အောက်က video က သူရိုက်ခဲ့တဲ့ အဲဒီ ဓာတ်ပုံ နဲ့ ပတ်သက်ပြီး သူ့ ရဲ့  ခံစားချက်ကို Adams ပြန်ပြောပြ တာပါ ။




အောက်က ပုံကတော့ ဓာတ်ပုံဆရာ Huynh Cong Ut ၁၉၇၃ မှာ Pulitzer Prize ရခဲ့တဲ့ ဓာတ်ပုံပါ ။ ဗီယက်နမ် စစ်ပွဲ ဓာတ်ပုံတွေထဲက လူသိအများဆုံး ဓာတ်ပုံတစ်ပုံပါ ။ ဒီဓာတ်ပုံကြောင့် ဗီယက်နမ် စစ်ပွဲ ဆန့် ကျင်ရေး လှုပ်ရှားမှုတွေ ပိုအားကောင်း ခဲ့တယ် ။


အမေရိကန် နဲ့  တောင်ဗီယက်နမ် တပ်က မြောက်ဗီယက်နမ် တပ်တွေရှိနေတဲ့ ရွာလို့  သံသရ ရှိတဲ့ ရွာတစ်ရွာ ပေါ်ကို Napalm ဗုံးကြဲ ချပြီးနောက် ရွာထဲမှာ ရှိနေတဲ့ ကလေးတွေ ဘေးလွတ်ရာ ကိုပြေးလာတဲ့ ပုံပါ ။ Napalm ဗုံးဟာ သာမန် ဗုံး အမျိုးအစား မဟုတ်ပဲ လောင်စာဆီ တစ်မျိုးကို ဂျယ်လီလို ပြစ်နေအောင် လုပ်ထားတဲ့ လောင်စာဗုံး တစ်မျိုးပါ ။ ရန်သူ့  စခန်းတွေ ၊ မြို့ ရွာတွေကို မီးရှို့ ပြီး ရန်သူတွေကို ခြောက်လှန့်  ထုတ်ဖို့  အတွက် အဓိက သုံးတယ် ။ Napalm ဗုံးဟာ ပေါက်ပြီးရင် carbon monoxide တွေထုတ်တဲ့ အတွက် လူတွေ အသက်ရှူကျပ် မူးမေ့လဲပြီး မီးလောင်ခံ ကြရတယ် ။ ဗုံးမှာပါတဲ့ လောင်စာတွေ လူကိုထိရင် အသားမှာ ကပ်နေပြီး မီးလောင် ဒဏ်ရာကို ပြင်းစွာခံစားရတယ် ။

ဓာတ်ပုံထဲက အဝတ်အစား မပါပဲ ပြေးလာတဲ့ ကောင်မလေးက ၉နှစ်သမီး Kim Phuc ပါ ။ သူ့ ရဲ့  ကျောကုန်းနဲ့  လက်မှာ ဆိုးဆိုးရွားရွား မီးလောင်ခံ ထားရတယ် ။ မီးလောင်နေတဲ့ သူ့ အဝတ်အစား တွေကို ချွတ်ပြီး ပြေးလာတာပါ ။ အရှေ့ ဆုံးက ကောင်လေး ကတော့ ၁၂ နှစ်သား Kim ရဲ့  အစ်ကို Phan Thanh Tam ပါ ။ အနောက်ကို လှည့်ကြည့်နေတဲ့ ကောင်လေးက Kim ရဲ့  မောင်လေး ၅နှစ်သား Phan Thanh Phuoc ပါ ။ ကျန်တဲ့ ကလေး နှစ်ယောက်က Kim ရဲ့  ဝမ်းကွဲ မောင်နှစ်မ Ho Van Bo နဲ့  Ho Thi Ting ပါ ။

အောက်ကဓာတ်ပုံကတော့ ၁၉၇၃ မှာ ဓာတ်ပုံဆရာ Chick Harrity ရိုက်ခဲ့တဲ့ Saigon မြို့ ရဲ့ လမ်းပေါ်မှာ ရောဂါသည် ညီမလေးကို စက္ကူပုံး ထဲထည့်ပြီး တောင်းရမ်းနေတဲ့ ကောင်လေး တစ်ယောက်ပုံပါ ။


အဲဒီ ဓာတ်ပုံက အမေရိကန်တွေကို ရံပုံငွေတွေ စုထည့်ကြပြီး ရောဂါသည် ကောင်မလေးကို အမေရိကန် နိုင်ငံကို ခေါ်ယူ နှလုံးခွဲစိပ် ကုသပေးကြတဲ့ အထိ ဆွဲဆောင်နိုင်ခဲ့တယ် ။ နှလုံးခွဲစိပ် ကုသပေးပြီး နောက်မှာ အမေရိကန် မိသားစု တစ်စုက အဲဒီ ကောင်မလေးကို မွေးစားခဲ့ ကြတယ် ။ လူတစ်ယောက်ရဲ့  ဘဝကို ပြောင်းလဲတဲ့ အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ အဲဒီ ဓာတ်ပုံကို ရိုက်ခဲ့တဲ့ Chick Harrity ကို White House News Photographers’ Association (WHNPA) က ၂၀၀၅ ခုနှစ်မှာ Lifetime Achievement Award ကို ပေးခဲ့တယ် ။ အဲဒီနေ့  က Chick Harrity ကို သူ့ှဓာတ်ပုံမှာ ပါတဲ့ စက္ကူပုံးထဲက ကောင်မလေး Tran Thie Het Nhanny ကိုယ်တိုင် ဆုတက် ပေးခဲ့တယ် ။


Baby in the box လို့  နာမည်ပေး ထားတဲ့ အဲဒီ ဓာတ်ပုံထဲက ကောင်မလေး နဲ့  ဓာတ်ပုံဆရာ အကြောင်းကို လူတွေသိ ကြပေမဲ့ ဓာတ်ပုံထဲက ကောင်လေး အကြောင်းကိုတော့ ဘယ်မှာမှ ရေးထားတာ မတွေ့ ရဘူး ။ ဘယ်သူမှ သိကြပုံ မရဘူး ။ ဓာတ်ပုံထဲက ကောင်လေး ကတော့ သူ့  ညီမလေးလို ကံကောင်းခဲ့ပုံ မရဘူး ။ ။

No comments:

Post a Comment