Wednesday 1 December 2010

ယမ်းငွေ့ တွေနဲ့  မြန်မာပြည်

လွန်ခဲ့တဲ့ ၁၀နှစ် ကျော်ကာလက စပြီး တိုင်းရင်းသား အဖွဲ့ တော်တော်များများဟာ တစ်ဖွဲ့ ပြီး တစ်ဖွဲ့  လက်နက်နဲ့  ငြိမ်းချမ်းရေး လဲခဲ့ကြတယ် ။ အချို့ ကလဲ မိမိ အဖွဲ့  အစည်းကို ပိုပြီး အင်အား တောင့်တင်းလာအောင် လုပ်ဖို့ အတွက် ၊ အချို့ ကလဲ လူထုနဲ့  ထိတွေ့  ဆက်ဆံ ခွင့် ရဖို့  အတွက် ၊ အချို့  ကလဲ ရာစုနှစ် တဝက်ကျော်ထိ လက်နက်သုံးပြီး ကြိုစားခဲ့ ပေမဲ့ မအောင်မြင် သေးတဲ့ မိမိတို့ ရဲ့  ရည်မှန်းချက် တွေကို နိုင်ငံရေး နည်းလမ်းနဲ့  ကြိုးစား ကြည့်ဖို့  အတွက် စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့  ငြိမ်းချမ်းရေးယူ ခဲ့ကြတယ် ။

ငြိမ်းချမ်းရေးယူပြီးတဲ့ နောက်ပိုင်းမှာ ဘယ်အဖွဲ့ အစည်းမှ မိမိတို့  အဖွဲ့ ရဲ့  မူလ ရည်ရွယ်ချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ကြပေမဲ့ ငြိမ်းချမ်းရေး ယူခဲ့ကြတဲ့ ရည်ရွယ်ချက် အချို့ ကိုတော့ အကောင်အထည် ဖော်နိုင်ခဲ့ ကြတယ် ။ အချို့ အဖွဲ့ တွေဟာ အရင်ကထက် အင်အားပိုမို တောင့်တင်းလာ ကြတယ် ။ အချို့ အဖွဲ့  တွေကလဲ လူထုနဲ့  ပိုမိုထိတွေ့  ခွင့်တွေ ရလာပြီး အဖွဲ့ နဲ့  လူထုကြားမှာ နားလည်မှုတွေ ၊ ထောက်ခံမှုတွေ ပိုရလာကြတယ် ။

အချို့ အဖွဲ့ တွေက ပခုံးပုတ် ၊ ခေါင်းပုတ် အလုပ်ခံပြီး မိမိတို့  အလံကို ရောင်းစားခဲ့ ကြတယ် ။ အချို့  ကလဲ သေရင်ယူသွားလို့  ရမှာ မဟုတ်တာတွေကို မက်ပြီး မိမိတို့ နဲ့  တစ်ချိန်က သေဖော်သေဖက် ရဲဖော်ရဲဖက် တွေကို ပြန်တိုက်နေ ကြတယ် ။ အချို့ ကလဲ အမြဲတမ်းမြဲမှာ မဟုတ်တဲ့ ခဏတာပဲ ခံစားခွင့် ရမဲ့ အာဏာတွေ ၊ စည်းစိမ်တွေကို မက်ပြီး မိမိတို့ ရဲ့  မူလ ရပ်တည်ချက် ၊ ရည်မှန်းချက်တွေကို မေ့နေကြတယ် ။

ဒီနေ့  မီဒီယာခေတ်မှာ မိမိရဲ့  စကား တစ်ခွန်း ၊ လုပ်ရပ် တစ်ခုဟာ အချိန်ပိုင်း အတွင်းမှာ တကမ္ဘာလုံးကို ချက်ချင်း ပျံ့ နှံ့ သွားနိုင်တယ် ။ နေ့ ချင်း ညချင်း zero ကနေ hero ဖြစ်နိုင် သလို ၊ hero ကနေလဲ zero ဖြစ်သွားနိုင်တယ် ။ ဒီလထဲမှာ zero ကနေ hero ဖြစ်လာတဲ့ သူတွေကတော့ နယ်ခြားစောင့်တပ် ဖွဲ့ ဖို့  လက်မခံ ခဲ့တဲ့ လက်ကျန် DKBA တပ်ပါ ။ DKBA အဖွဲ့ ဟာ ငြိမ်းချမ်းရေး ယူပြီးတဲ့ နောက်ပိုင်းမှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်း တစ်ခုအနေထက် စီးပွားရေး အဖွဲ့ အစည်း တစ်ခုအနေနဲ့  လူတွေပိုမြင် လာတဲ့အဖွဲ့ အစည်း တစ်ခုပါ ။ ရွေးကောက်ပွဲ နေ့ က စခဲ့တဲ့ သူ့ တို့ ရဲ့  တပ်ဖွဲ့ နဲ့  အစိုးရတပ်ကြားက တိုက်ပွဲကတော့ လူအများရဲ့  သူ့ တို့ အပေါ် အမြင်တွေကို ပြောင်းစေခဲ့တယ် ။

ဗိုလ်မှူးကြီး စောလားပွယ် ရဲ့ တပ်နဲ့  အစိုးရတပ်တွေ ကြားက တိုက်ပွဲဟာ စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေရာက တစ်ဖက်နဲ့  တစ်ဖက် တင်းမာမှုတွေ ပိုလာပြီး စခဲ့ကြတာပါ ။ ဒါပေမဲ့ လွယ်လွယ်ကူကူ ရနိုင်တဲ့ စီးပွားရေး လုပ်ခွင့်တွေအတွက် မိမိအဖွဲ့ ရဲ့  နာမည်နဲ့  အလံကို မစွန့် ခဲ့တဲ့ သူ့ ရဲ့  စိတ်ဓာတ် ကိုတော့ လေးစားတယ် ။ သူ့ တို့ ရဲ့  ရဲရဲရင့်ရင့် ရပ်တည်မှုက လက်ရှိ လက်ကျန် DKBA မှာ တော်လှန်ရေး စိတ်ဓာတ်ရှိတဲ့ ရဲဘော်တွေ ရှိနေသေးတယ် ဆိုတာကို သက်သေပြခဲ့တယ် ။

အဖွဲ့ အစည်း တစ်ခု အကောင်းဖက်ကို ရွေ့ သွားတာလား ၊ အဆိုးဖက်ကို ရွေ့  သွားတာလား ဆိုတာကတော့ မိမိရပ်နေတဲ့ ဖက်ပေါ် မူတည်ပြီး အမြင်တွေတော့ တူကြမှာ မဟုတ်ဘူး ။ တိုင်းရင်သား အဖွဲ့ တွေ တော်လှန်ရေး စခဲ့ကြတာ ကလဲ မိမိတို့  လူမျိုးစုတွေ လွတ်လပ်ဖို့  ၊ သီးခြားခွဲ ထွက်ဖို့  ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ပါ ။ ခုနောက်ပိုင်း မှာတော့ အဖွဲ့ တော်တော် များများက တိုင်းရင်သားတွေ ညီညီညွတ်ညွတ် တန်းတူညီမျှ နေနိုင်တဲ့ Federal ပြည်ထောင်စု ပေါ်ပေါက်ရေး ဖက်ကို ဦးတည်ပြီး ကြိုးစားလာကြတာ ဝမ်းသာစရာ တွေ့ ရတယ် ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက် လာတာကို ကြိုဆိုခဲ့ကြတာ ၊ အမျိုးသား ရင်ကြားစေ့ရေး နဲ့  ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက် လာရေးတို့ ကို ဝိုင်းဝန်း ထောက်ခံ ကြတာ တွေဟာ တိုင်းရင်းသား အချင်းချင်းကြားမှာ အရင်ကထက် နားလည်မှုတွေ ၊ စည်းလုံးမှုတွေ ပိုရှိလာတဲ့ သက်သေတွေပါ ။

တိုင်းရင်းသား အဖွဲ့ တွေဟာ လက်ရှိ အခြေအနေတွေနဲ့  မိမိတို့ ရဲ့  တော်လှန်ရေး စိတ်ဓာတ်တွေကို လဲမှာ မဟုတ်သလို ၊ လက်နက်လဲ စွန့် မှာ မဟုတ်ပါဘူး ။ အစိုးရ အဖွဲ့ အစည်းကလဲ တိုင်းရင်းသား အဖွဲ့ တွေရဲ့  တောင်းဆိုမှုတွေကို လိုက်လျှောမှာ မဟုတ်ပါဘူး ။ အစိုးရ အနေနဲ့  တိုင်းရင်းသား အဖွဲ့ တွေကို လက်ရှိအတိုင်း ထားဖို့ ဆိုတာ ကလဲ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စမို့  တိုင်းရင်းသား အဖွဲ့ အားလုံးကို အနှေးနဲ့  အမြန် ထိုးစစ်တွေ ဆင်လာ တော့မှာပါ ။ တိုင်းရင်းသား အဖွဲ့ တော်တော် များများက တိုက်ပွဲတွေ မဖြစ်ရအောင် အတတ်နိုင်ဆုံး ရှောင် နေကြပေမဲ့ မိမိကို စတိုက်လာ ရင်တော့ ဘယ်အဖွဲ့ မှ ငြိမ်ခံနေကြမှာ မဟုတ်ပါဘူး ။

နောက်လဲ ဖြစ်လာတော့မှာပဲ ဘာလို့ စောင့် နေတာလဲ ၊ တိုက်တဲ့ အဖွဲ့ က တိုက်နေကြပြီး ကျန်တဲ့ အဖွဲ့  တွေက ဘာလို့  ကြည့်နေတာလဲလို့  တစ်ချို့ ကလဲ ပြောကြတယ် ။ ဘယ်အဖွဲ့ မှ ငြိမ်းချမ်းနေတဲ့ မိမိဒေသကို စစ်မြေပြင် မဖြစ်စေချင် ကြဘူး ။ တိုက်ပွဲ မရှိတဲ့ မြို့ ရွာတွေ ၊ နိုင်ငံခြား တိုင်းပြည်တွေ ကနေ ပါးစပ်နဲ့  စစ်တိုက်ရတာ လွယ်ပါတယ် ။ ဒါပေမဲ့ ပြည်တွင်းစစ် ရဲ့  တကယ့်ဒုက္ခကို စစ်ဖြစ်နေတဲ့ ဒေသက သူတွေပဲ သိတယ် ။

တိုက်ပွဲတွေ ပြန်စဖို့ က လွယ်ပါတယ် ။ အာလုံး သေနတ်ကိုင် ထားကြတဲ့ အဖွဲ့ တွေပဲ လက်ညှိုးကွေး လိုက်တာနဲ့  ဖြစ်တယ် ။ ဒါပေမဲ့ စပြီးတဲ့ စစ်ကို အဆုံးသတ် ဖို့ ဆိုတာကတော့ လွယ်တဲ့ ကိစ္စမဟုတ်ဘူး ။ တိုင်းရင်းသား အဖွဲ့ တော်တော် များများရဲ့  အင်အားဟာ အစိုးရတပ်ရဲ့  ထိုးစစ်ကို ခံစစ် အနေအထားနဲ့  တောင် ရေရှည် တောင့်ခံနိုင်တဲ့ အင်အား မရှိပေမဲ့ လွယ်လွယ် ကူကူနဲ့ တော့ လက်နက် ချကြမှာ မဟုတ်ပါဘူး ။ မိမိတို့  စခန်းတွေ ကျသွားလဲ ပြောက်ကျားနည်းနဲ့  ဆက်တိုက်ပွဲ ဝင်နေကြဦး မှာပါပဲ ။ အစိုးရတပ်က လူအင်အား လက်နက်အင်အား သာတယ် ဆိုပေမဲ့ ပြောက်ကျား စနစ်နဲ့  တိုက်နေတဲ့ အဖွဲ့  တွေကို အပြတ်တိုက်ဖို့  ဆိုတာ အချိန်တိုလေးနဲ့  မဖြစ်နိုင်သလို လွယ်ကူတဲ့ အလုပ်လဲ မဟုတ်ပါဘူး ။

ကျွန်တော်တို့  နိုင်ငံရဲ့  ပြည်တွင်း စစ်ဟာ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ်ပါ ။ ရာစုနှစ် တဝက်ကျော် တိုက်ပွဲတွေနဲ့  နေခဲ့ရတဲ့ ဒေသတွေဟာ ငြိမ်းချမ်းခဲ့တာ ဆယ်စုနှစ် တစ်ခု သာသာပဲ ရှိပါသေးတယ် ။ ဒီတစ်ခါ ပြန်စမဲ့ တိုက်ပွဲတွေဟာ ဆယ်နှစ်ကျော်ကြာ ငြိမ်းချမ်းရေး ယူပြီး အမြင်မတူ တာတွေ အတွက် အဖြေရှာတာ မအောင်မြင်လို့  ပြန်စကြမှာ ဆိုတော့ နောက်တစ်ခါ ငြိမ်းချမ်းရေး လမ်းပေါ် ပြန်ရောက် ဖို့ ဆိုတာ လွယ်လွယ် နဲ့  မဖြစ်နိုင်တော့ သလို လူတွေမပြောင်း မူတွေမပြောင်း သရွေ့ တော့ ကျွန်တော်တို့  နိုင်ငံမှာ ယမ်းငွေ့ တွေ ဝေနေဦး မှာပါ ။ ။

No comments:

Post a Comment