မော်လမြိုင်မြို့  က အထက်တန်းကျောင်း တစ်ခု မှာ ကျွန်တော် ၆ တန်း အထိ ပညာသင်ခဲ့တယ် ။ ကျွန်တော် ၄ တန်း နှစ်မှာ ကျတဲ့ အင်္ဂလိပ်စာ ဆရာမ က အရမ်း စည်းကမ်း ကြီးတယ် ။ စာသင်တဲ့ အခါ တာဝန် တစ်ခုကို လုပ်နေရသလို မဟုတ်ပဲ ကျောင်းသားတွေ အပေါ်မှာ တကယ် တတ် စေချင်တဲ့ စေတနာ နဲ့  သင်တယ် ။ ဆရာမက အတန်းထဲမှာ စာ ခဏခဏ မေးတတ် သလို အပြစ်ပေး တာလဲ ကြမ်းတယ် ။ စာမေးလို့  စာမရခဲ့ရင် ယောက်ျားလေးပဲ ဖြစ်ဖြစ် ၊ မိန်းကလေးပဲ ဖြစ်ဖြစ် အတန်းရှေ့  ကိုထွက်ရပ် ခိုင်းပြီး ခြေတလုံး ၊ လက်ဝါး ၊ တင်ပါး စတဲ့ နေရာတွေကို ကြိမ်လုံး နဲ့  ရိုက်ပြီး အပြစ်ပေး တတ်တယ် ။
အပြစ်ပေးတာ ကြမ်းပေမဲ့ ဆရာမက စာမမေးခင်တော့ ကျောင်းသားတွေကို စာကြည့်ဖို့  အချိန် လုံလုံ လောက်လောက် ပေးပါတယ် ။ ဘယ်နေ့ မှာ ဘယ်စာကို မေးမယ် ၊ မရတဲ့သူ ကို ဘယ်လို အပြစ်ပေးမယ်လို့  အမြဲတမ်း ကြိုပြောတတ်တယ် ။ တစ်ခါတစ်လေ မေးခွန်း ဘယ်နှစ်ခုမေးမယ် ဘယ်နှစ်ခုနဲ့  အထက် မှားတဲ့ သူကို အတန်းရှေ့ မှာ ဘောင်းဘီချွတ်ပြီး ရိုက်မယ် ဆိုတာမျိုးလဲ ပြောတတ်တယ် ။ ဆရာမက ပြောတဲ့အတိုင်းလဲ တကယ်လုပ်တတ် တာကြောင့် အဲဒီလိုများ ပြောထားတဲ့ နေ့ ဆို အဲဒီ ဆရာမ အချိန်လွန်တဲ့ အထိ ကျောင်းသားအားလုံး လိုလိုက အချိန်အားရတိုင်း ဆရာမ မေးမယ် ဆိုတဲ့စာကို အခါခါ ပြန်ကြည့် နေတတ်တယ် ။
တစ်နေ့ မှာ ဆရာမက အင်္ဂလိပ်စာ အမေးအဖြေ မေးခွန်း အချို့  ကို ဒါတွေက စာမေးပွဲ အတွက် အရေးကြီးတယ် စနေ ၊ တနင်္ဂနွေ ကျောင်းပိတ်ပြီးလို့  နောက်တစ်ပတ် ကျောင်းပြန် ဖွင့်ရင် မေးမယ် ။ သေချာကြည့်လာ ခဲ့ကြ ။ အမှတ် အနည်းဆုံး ရတဲ့သူကို ဘောင်းဘီချွတ်ပြီး ရိုက်ရုံတင် မဟုတ်ပဲ အတန်းတစ်ပတ်လဲ ပတ်ခိုင်းမယ်လို့  ပြောတယ် ။ ကျောင်းသားတွေကို စာမေးပွဲ အတွက် တစ်ကယ့် အရေးကြီးတဲ့ စာကို သေချာ ကျက်စေ ချင်လို့  ဖြစ်မှာပါ အဲဒီလို အပြစ်ပေး နည်းမျိုး အရင်က တစ်ခါမှ ဆရာမ မပေးဖူးပါဘူး ။ ဒါ ပထမ ဆုံး အကြိမ်ပါ ။ အမှတ် အနည်းဆုံး ကျောင်းသားက လုပ်ရမှာ ဆိုတော့ တစ်တန်းလုံး အားလုံး မှန်အောင် ဖြေနိုင်ရင်ဖြေ ၊ မဖြေနိုင်ရင်တော့ တစ်ခုမှား ဖြေမိတဲ့ သူလဲ အပြစ်ပေးခံ ရမဲ့သူ ဖြစ်နိုင်တယ် ။ ဆရာမက ပြောတဲ့ အတိုင်း တစ်ကယ် လုပ်မှာကို သိနေကြတော့ အတန်းရှေ့  မှာ ဘောင်းဘီ ချွတ်ပြီး အရိုက်ခံ ရမှာကိုတောင် အားလပ်ချိန်မှာ ကစားဖို့  မေ့အောင် ကြောက်တတ်ကြတဲ့ ကျောင်းသားတွေ အတွက် ဘယ်လိုနေမလဲ ဆိုတာတွေး ကြည့်ပေါ့ ။
ကျွန်တော့်အတန်းထဲမှာ ဆရာမ အပြစ်ပေးတိုင်း အမြဲတမ်း လိုလို အပြစ်ပေးခံရတဲ့ ကျောင်းသား တစ်ယောက်ရှိတယ် ။ ဆရာမက စာကြည့်ဖို့  အချိန် ဘယ်နှစ်ရက်ပဲ ပေးပေး စာကြည့် ဖို့  သူမေ့လာ တတ်တယ် ။ သူ့ ရဲ့  အဖြေစာရွက်မှာ အမြဲတမ်းလိုလို ကွက်လပ်တွေ နဲ့  အဖြေမှားတွေ ပဲပါနေ တတ်တယ် ။ ဆရာမက အပြစ်ပေးဖို့  နာမည်ခေါ်လိုက် တိုင်း သူ့ နာမည်က မပါ မဖြစ်လို ဖြစ်နေတယ် ။ သူ အတန်းရှေ့  မှာရပ်ပြီး ဘောင်းဘီချွတ် အရိုက်ခံရတဲ့ အဖြစ်မျိုးကလဲ အတန်းထဲက ကျောင်းသားတိုင်း အတွက် ရိုးနေပြီး ။ ဆရာမက စာမေးမယ်လို့  ကြိုပြောထားတိုင်း အဲဒီအချိန် ရောက်ရင် သူ အပြစ်ပေး ခံရ တော့မယ်ဆိုတာ ကျောင်းသားအားလုံး အလွတ်ရ နေတဲ့ ပုံသေနည်း တစ်ခုလိုပဲ သိပ်မထူး ဆန်းတော့ဘူး ။
သူ့ ကို အတန်းထဲမှာ စာအညံ့ဆုံး ကျောင်းသား အဖြစ် အားလုံးက သတ်မှတ်ထား ကြပေမဲ့ ၊ သူဟာ ခပ်ဆိုးဆိုး ၊ ဂျစ်ကန်ကန် ကျောင်းသား တစ်ယောက် မဟုတ်ဘူး ။ စာသင်နေတဲ့ ဆရာမ တွေကိုရော ၊ အခြား ကျောင်းသား တွေကိုရော ဘယ်တော့မှ အနှောက်အယှက် မပေးတတ်ဘူး ။ သူအပြစ် ပေးခံရရင်လဲ အတန်းရှေ့  ကို ထွက်ရပ်တယ် ၊ အပြစ်ပေးခံ ရပြီးရင် ခေါင်းငုံ့ ပြီး သူ့  နေရာ သူ အေးဆေး ပြန်လာ ထိုင်တယ် ။ သူ အပြစ်ပေးခံ ရတာကို ကြည့်ပြီး ရယ်နေကြတဲ့ ကျောင်းသား တွေကိုလဲ ဘယ်တုန်းကမှ ဘာမှ သူ ပြန်မပြော တတ်ဘူး ။ စာသင်ခန်း ထဲမှာရော ၊ စာသင်ခန်း အပြင်မှာပါ သူ့  ဘာသာသူ အေးအေးပဲ နေတတ်တယ် ။
ဆရာမက သူ့ ကို လှည့်ကြည့်ပြီး ဒီ အမေး အဖြေ မေးခွန်း တွေက စာမေးပွဲ အတွက် တစ်ကယ် အရေးကြီးတယ် ။ ဒီတစ်ခါတော့ သေချာ စာကြည့်လာခဲ့ ၊ ဆရာမ ဘယ်သူ့ ကိုမှ ဘောင်းဘီချွတ်ပြီး အတန်းတစ်ပတ် မပတ်ခိုင်း ချင်ဘူး ။ စာမကြည့် လာရင်တော့ တစ်ကယ် လုပ်ရလိမ့်မယ်လို့  ပြောတော့ သူ့  မျက်နှာ ဘာမှ ပြောင်းလဲ မသွားဘူး ။ ဆရာမ ပြောတာကို ကြောက်သွားတဲ့ အမူအရာ မရှိ သလို ၊ လေးလေးနက်နက် ဖြစ်သွားတဲ့ အမူအရာလဲ မရှိဘူး ။ ပုံမှန် အတိုင်းပဲ “ဟုတ်ကဲ့” လို့  ဆရာမကို အသံ အေးအေးလေးနဲ့  ခပ်တိုတိုပဲ သူပြန်ဖြေတယ် ။
ကျွန်တော်တို့  စာသင်ခန်းရဲ့  ပုံစံက စားပွဲပုလေး တွေကို နံရံနဲ့  ကပ်မထားပဲ အတန်းအလယ်မှာ လူသွားလမ်း ချန်ပြီး စီထားတာပါ ။ အတန်းရဲ့  ထောင့်တစ်ခုမှာ အတန်းထဲက လူအရေအတွက်နဲ့  အကွက်လေးတွေ ဆွဲထားတဲ့ ဖိနပ်ချွတ်ဖို့  နေရာရှိပါတယ် ။ အတန်းထဲ ဝင်တာနဲ့  အတန်းရဲ့  ထောင့်မှာ ဖိနပ်တွေကို ချွတ်ထားခဲ့ ရပြီး ကျောင်းသားတွေ က ကြမ်းပေါ်မှာထိုင် ရတာပါ ။ အတန်းဘေး ပတ်ပတ်လည်မှာ လူသွားလမ်း နေရာရှိ ပါတယ် ။
အဲဒီ စနေ ၊ တနင်္ဂနွေ နှစ်ရက်လုံး ကျွန်တော်အဆော့လွန်ပြီး စာမကျက်ဖြစ်ဘူး ။ ဒီအမေးအဖြေ လေးတွေကို အလွတ်ကျက် လိုက်ရင် ခဏလေးနဲ့  ရပါတယ် ဆိုပြီး တွေးခဲ့ တာလဲပါတယ် ။ ကျောင်းသွား ရမဲ့ မနက်ရောက်မှ ဆရာမ မေးမယ်ဆိုတဲ့ စာကို ကြည့်ဖြစ်တယ် ။ ကျွန်တော်ထင်ထားသလိုအလွယ်လေးနဲ့  အလွတ်ကျက် လို့ ရတဲ့ မေးခွန်း မျိုးတွေ မဟုတ်ပဲ grammar တွေ နားလည်မှ ဖြေနိုင်မှာ ဖြစ်သလို ၊ V1, V2, V3 တွေကို အလွတ်ရဖို့  လဲ လိုအပ် နေတယ် ။ မေးခွန်း အားလုံး နားလည် အောင် နဲ့  Verb အမျိုးအစား အားလုံးကို အလွတ်ရအောင် ကျက်ဖို့  အချိန်ကလဲ မရှိတော့ဘူး ။ ဒီနေ့  ဆရာမ စာမေးရင်တော့ မေးခွန်း အားလုံးကို မှန်အောင် ဖြေနိုင်မှာ မဟုတ်ဘူး ဆိုတာ သိပေမဲ့ ၊ အမြဲတမ်း စာကျက်မလာ တတ်တဲ့သူ ဒီတစ်ခါလဲ စာကျက် လာမှာမဟုတ် ပါဘူးလေ ၊ သူက ငါ့ထက်တော့ ဆိုးမှာပါ ဆိုတဲ့ စိတ်နဲ့  ကျောင်းကို လာခဲ့တယ် ။
ကျောင်းရောက်တော့ သူ့ ကိုတွေ့ တာနဲ့  ဘယ်လိုလဲ ဒီနေ့  မေးမဲ့ စာတွေ ကြည့်ဖြစ် ခဲ့လား ဆိုတော့ ကြည့် ခဲ့တယ်လို့  ပြုံးပြီး သူပြန်ဖြေတယ် ။ ခါတိုင်း သူပြန်ဖြေ နေကြ အတိုင်း ကြည့်ဖို့  မေ့ခဲ့တယ်တို့  ၊ သေချာ မကြည့်ဖြစ် ခဲ့ဘူးတို့  လိုမျိုး အဖြေတွေကို ကျွန်တော် မျှော်လင့် ခဲ့တာ ၊ ခုတော့ ကျွန်တော့်ခေါင်း မိုးကြိုးပစ် ခံရပြီး ။ ငါ့လို အဆော့မက်ပြီး စာ သေချာ မကြည့်ခဲ့တဲ့ သူများ ရှိမလားလို့  လိုက်မေးကြည့် တော့လဲ ကျွန်တော် လိုချင်တဲ့ အဖြေ မရခဲ့ဘူး ။ အဲဒီနေ့ မှာ အချိန်အားရတိုင်း ကျောင်းသား အားလုံးက ကျက်မှတ်ခဲ့ ပြီးသား စာကို ပြန်နွှေးနေ ကြတဲ့ အချိန်မှာ ကျွန်တော် ကတော့ နားမလည်သေးတဲ့ စာတွေကို ချွေးတပျံပျံ နဲ့  နားလည်အောင် ကြိုးစားရင်း ဆရာမ ဒီနေ့  ကျောင်းမလာ ပါစေနဲ့  လို့  စိတ်ထဲက အကြိမ်ကြိမ် ဆုတောင်းနေမိတယ် ။ အဲဒီနေ့  က ကျွန်တော် ဆုတောင်း မပြည့်ခဲ့ သလို အဲဒီ ဆရာမ အချိန်ရောက်တဲ့ အထိ မေးခွန်းအားလုံး မှန်အောင် ဖြေနိုင်တဲ့ အထိ စာတွေကို ကျွန်တော် မကြည့်နိုင် ခဲ့ဘူး ။ ဒီနေ့  တော့ ကျွန်တော် ကံဆိုးပြီး ။
ကျောက်သင်ပုန်းပေါ်က မေးခွန်း တွေကို ဖြေနေရင်းနဲ့  သူ့ ကို ကျွန်တော် လှမ်းကြည့်ဖြစ်တယ် ။ ဒီနေ့ မှာ မေးမဲ့ စာကို သူသေချာ ကျက်ခဲ့ပုံ ရတယ် ။ ခါတိုင်းဆို သူများတွေ ဖြေနေချိန်မှာ ဒီအတိုင်း သူထိုင်နေတတ် ပေမဲ့ ဒီတစ်ခါတော့ မေးခွန်းတွေကို ဂရုစိုက်ပြီး သေချာ သူဖြေနေတယ် ။ ဖြေထားတဲ့ စာရွက်ကို ဆရာမဆီ သွားမပေးခင် အချိန်ထိ အကြိမ်ကြိမ် သူပြန် စစ်နေတာကို ကျွန်တော် တွေ့ တယ် ။ စာရွက် ပေးပြီး ပြန်လှည့်လာတဲ့ သူ့ ကိုဖြေနိုင်လားလို့  ကျွန်တော်မေးတော့ သူခေါင်းညိတ် ပြတယ် ။ သူ့  မျက်နှာမှာလဲ ယုံကြည်မှု အပြည့်နဲ့  ။
အရင် အခါတွေ တုန်းက ဆရာမ အပြစ်ပေးတာကို ခံရတဲ့ သူတွေထဲမှာ ကျွန်တော် ပါခဲ ပါတယ် ။ အဖြေ တစ်ခုမှား နှစ်ခုမှား တွေ အတွက် အရိုက်ခံခဲ့ ရဖူးပေမဲ့ ၊ ဘောင်းဘီ ချွတ်ပြီး အရိုက်ခံ ရတဲ့အထိ အခြေအနေ တခါမှ မဆိုး ခဲ့ဖူးဘူး ။ ခုတော့ ဘောင်းဘီ ချွတ်ပြီး အတန်း တစ်ပတ်ပါ ပတ်ရမယ် ဆိုတော့ ကျွန်တော် ငိုချင်နေပြီး ။ ဆရာမက တစ်ယောက်ချင်း နာမည်ကို ခေါ်ပြီး အဖြေလွှာတွေ ပြန်ပေးချိန်မှာတော့ ဘယ်နှစ်ခု မှားလဲ ၊ အမှတ်ဘယ် လောက်ရလဲ ဆိုတဲ့ ကျောင်းသား တစ်ယောက်နဲ့  တစ်ယောက် အပြန်အလှန် မေးတဲ့ အသံတွေနဲ့  တစ်ခန်းလုံး ရုပ်ရုပ်သဲသဲ ဖြစ်နေတယ် ။ ကျွန်တော့် အဖြေလွှာ ရတော့ ကျွန်တော် ၆ ခု မှားတယ် ။ ကျွန်တော့်ထက် ပိုမှားတဲ့ သူများရှိမလားလို့  အဖြေလွှာ ရပြီးသား သူတွေထဲမှာ လိုက်ရှာပေမဲ့ တစ်ခုမှား ၊ နှစ်ခုမှား ထက်ပို မရှိဘူး ။ ကိုယ်က အမှား အများဆုံး ဖြစ်နေတော့ ကိုယ့် အဖြေလွှာ ကို သူများကိုလဲ မပြရဲဘူး ။ အတန်းထဲမှာ ဟိုဖက်ထိပ်က လူနဲ့  စကားသွား ပြောလိုက် ၊ ဒီဖက်က လူနဲ့  စကားလာပြော လိုက်နဲ့  သူများမေး မခံ ရအောင် ပတ်ပြေးရင်း ကိုယ့်ထက် ပိုမှားတဲ့ သူကို ရှာနေ မိတယ် ။
ကိုယ့်ရဲ့  ရမှတ် သူများမေး မခံရအောင် ပတ်ရှောင် နေရင်းနဲ့  သူ့ ကို ကျွန်တော် လှမ်းကြည့် ဖြစ်တယ် ။ သူ့  အဖြေလွှာ ကို သူပြန် မရသေးဘူး ။ အရင်တုန်း ကဆို သူများတွေ အမှတ် ဘယ်လောက် ရသလဲ ဆိုတာ သူ စိတ်မဝင်စား သလို ၊ သူ ရဲ့  အဖြေလွှာ ကိုလဲ စိတ်ဝင်တစား သူ စောင့်မနေ တတ်ဘူး ။ ဒီနေ့  တော့ အခြားသူတွေ ရဲ့  ရမှတ်တွေကို သူစိတ်ဝင်စား ပုံမရ ပေမဲ့ သူ့ ရဲ့  အဖြေလွှာ ပေါ်က ရမှတ်ကိုတော့ သူတော်တော် သိချင်နေပုံ ရတယ် ။ ဆရာမ ဆီကနေ အကြည့်မလွှဲပဲ သူ့  နာမည် ခေါ်မဲ့ အလှည့်ကို သူ စိတ်ဝင်တစားနဲ့  ထိုင်စောင့်နေတယ် ။
ဆရာမလက်ထဲမှာ သူ့ အဖြေလွှာ တစ်ခုပဲကျန် တော့တယ် ။ ခုချိန်ထိ အတန်းထဲမှာ အမှား အများဆုံးဟာ ကျွန်တော် ဆိုတာ ကျွန်တော် တစ်ယောက်ထဲ သိသေးတယ် ။ သူ့ နာမည် လှမ်းခေါ်တော့ ဆရာမ ဆီ မပြေးယုံ တမယ် သူရောက်သွားတယ် ။ ကျောင်းသားအားလုံး ကိုယ့်အဖြေလွှာ ကိုယ်ပြန်ရပြီးသား ဆိုတော့ အကြည့် အားလုံး က သူနဲ့  ဆရာမဆီ ရောက်နေတယ် ။ သူ့ အဖြေလွှာ လှမ်းပေးရင်းနဲ့  ဆရာမက သူ့  ကိုပြောတယ် မင်းဖြေ ထားတာ အားလုံးမှားတယ်တဲ့ ။ အတန်းထဲက ကျောင်းသားတွေ သူ့ ကို ဝိုင်းရယ် ကြတယ် ။ အမှား ဖြေထားမိတဲ့ သူတွေ သက်ပြင်း ချကြတယ် ။ သူကတော့ ခေါင်းငုံ့ ပြီး သူ့ နေရာကို ပြန်လျှောက် လာရင်းနဲ့  ဆရာမ ပြောတာကို မယုံသလို သူ့ အဖြေလွှာကို တစ်ရွက်ချင်း တအံ့တသြ ပြန်လှန် ကြည့်နေတယ် ။
ဆရာမပေးမဲ့ အပြစ်က လွတ်သွားတဲ့ အတွက် ကျွန်တော် တော်တော် ပျော်သွားတယ် ။ တစ်ချိန်လုံး ငိုမဲ့မဲ့ ဖြစ်နေမဲ့ ကျွန်တော့် မျက်နှာလဲ ခုမှပဲ ပြန်ပြုံး နိုင်တယ် ။ ဒါပေမဲ့ သူ့ ရဲ့  ရမှတ်ကို သူ့ လိုပဲ ကျွန်တော်လဲ အံ့သြတယ် ။ အားလုံး မှားတယ် ? တစ်ကယ်ပဲလား ? ဘယ်လို ဖြစ်တာလဲ ? မနက်က ကျွန်တော် မေးတော့ သူစာ ကြည့်ခဲ့တယ် လို့ ပြောတယ် ။ သူ ပြောတာကို ကျွန်တော်ယုံတယ် ။ သူလိမ်ပြောစရာ အကြောင်းလဲမရှိ ဘူးလေ ။ မေးခွန်းတွေကို သူ သေချာ ဂရုစိုက်ပြီး ဖြေနေတာကိုလဲ ကျွန်တော် တွေ့ တယ် ။ ဖြေနိုင်လားလို့  ကျွန်တော်မေး တုန်းကလဲ ယုံကြည်မှု အပြည့်နဲ့  သူ ခေါင်းညိတ် ပြခဲ့တယ် ။ သူတစ်ကယ်ပဲ တစ်ခုမှ မှန်အောင် မဖြေနိုင်ခဲ့ ဘူးလား ? သူ့ အနားကို သွားပြီး သူ့  အဖြေလွှာကို ကျွန်တော် တောင်းကြည့် မိတယ် ။ ကျွန်တော် ဘာပြော ရမှန်း မသိ ဖြစ်သွား ခဲ့ရတယ် ။ သူ့ ရဲ့  အဖြေလွှာမှာ စာလုံးပေါင်း တွေရော ၊ grammar တွေရော သူဖြေထားတဲ့ အဖြေတွေရော အားလုံးကမှန် နေတယ် ။ ဒါပေမဲ့ သူ ရမှတ် သုံညပဲ ရခဲ့တယ် ။
အဲဒီနေ့  က မေးခွန်းတိုင်းမှာ ပါတဲ့ နာမည်တွေကို ဆရာမက Maung Maung ၊ Ko Ko စတဲ့ ၂လုံး ဆင့် နာမည်တွေ နဲ့  သုံးခဲ့တယ် ။ သူပြန် ဖြေတော့ အဖြေတွေမှာ နာမည်တွေကို Maung2 ၊ Ko2 ဆိုပြီး ပြန်ရေးခဲ့တယ် ။ သူ့  အဖြေတွေ အားလုံးမှန် နေပေမဲ့ ဆရာမက သူ့  အဖြေနေရာက နာမည် အားလုံးကို မှင်နီနဲ့  ဝိုင်းပြီး သူ့ ရဲ့  အဖြေ အားလုံးကို အမှားပေးခဲ့တယ် ။ အဲဒီနေ့  က အတန်းထဲမှာ အဖြေအားလုံး မှန်အောင် ဖြေနိုင်တဲ့ သူ နည်းနည်း လေးထဲမှာ အံ့သြ စရာ ကောင်းလောက်အောင် စာအညံ့ဆုံး ဆိုတဲ့သူ ပါခဲ့ ပေမဲ့  သူ ရမှတ် သုံည ပဲရခဲ့တယ် ။ အဲဒီနေ့ က စာလုံးပေါင်း တွေရော ၊ grammar တွေရော အများဆုံး မှားဖြေခဲ့ တဲ့ သူဟာ ကျွန်တော် ဖြစ်ပေမဲ့ အပြစ်ပေး ခံရတဲ့ သူဟာ သူဖြစ် ခဲ့တယ် ။
ခါတိုင်းအပြစ်ပေးခံရရင် အတန်းရှေ့ ကို ထွက်ရပ် ၊ ပေးတဲ့ အပြစ်ကို ခံပြီး ဘာမှ မထူးသလို သူ့  နေရာ သူပြန်လာထိုင် တတ်ပေမဲ့ ဒီနေ့  အပြစ်ပေးခံ ရချိန်မှာတော့ သူမျက်ရည် ဝဲနေခဲ့တယ် ။ ဆရာမ ကလဲ စိတ်မကောင်းဖြစ် သွားပုံရတယ် ။ အတန်းကို တစ်ပတ် ပတ်ပြီး သူ့ နေရာသူ ပြန်လာထိုင်တော့ ဆရာမ သူ့  အနားကို လျှောက်လာပြီး အင်္ဂလိပ်စာမှာ နာမည်တွေကို စာလုံးတူ နေရင်လဲ နှစ်လုံးကို ပေါင်းပြီး ရေးလို့  မရ ကြောင်း ၊ နောက်တစ်ခါ သတိထားပြီး ရေးဖို့  ရှင်းပြခဲ့တယ် ။ သူ ဆရာမကို မော့ မကြည့် ခဲ့ဘူး ။ ဘာမှလဲ ပြန်မဖြေ ခဲ့ဘူး ။ သူ့ ရှေ့  က စာပွဲကိုသာ ခေါင်းငုံ့ ပြီး စိုက်ကြည့် နေတယ် ။ ကျွန်တော် မမြင်ရပေမဲ့ သူ့ မျက်လုံးမှာ မျက်ရည်တွေ ဝဲနေဦးမယ် ဆိုတာ သေချာတယ် ။
အဲဒီနေ့ က တစ်ကယ် စာမကျက်ခဲ့ တဲ့ ကျွန်တော်ကသာ အပြစ်ပေးခံ ရမဲ့သူ ဖြစ်သင့်ပေမဲ့ သူ ကံဆိုး ခဲ့တယ် ။ ကျွန်တော် သူ့ အတွက် တစ်ကယ် စိတ်မကောင်း ဖြစ်ခဲ့ပါတယ် ။ ကိုယ်တိုင်လဲ ကိုယ်သာ အပြစ်ပေးခံ ထိသင့်တဲ့သူ ဆိုတာကို သူ အပါအဝင် ဘယ်သူ့  ကိုမှ မပြောပဲ လျှို့ ဝှက်ထား ခဲ့တဲ့အတွက် ကလိမ်ကကျစ် ကျခဲ့သူ တစ်ယောက်လို လိပ်ပြာ မလုံဖြစ်ခဲ့ ရတယ် ။
ခါတိုင်းနဲ့  မတူ ဒီနေ့ မှာမှ သူဘာလို့  ကြိုးစားပြီး စာတွေ ကြည့်ခဲ့တာလဲ ? ဒီတစ်ခါ ဆရာမ ပေးမယ်ဆိုတဲ့ အရင် အခါတွေထက် ပိုပြင်းတဲ့ အပြစ်ဒဏ်ကို ခံရမှာ သူ တစ်ကယ် ကြောက်လို့  ကြိုးစားခဲ့ တာလား ? အတန်းထဲမှာ စာ အညံ့ဆုံး ကျောင်းသားလို့  သတ်မှတ်ခံ ထားရတာကို ပြောင်းပစ်ချင်လို့  သူကြိုးစားခဲ့ တာလား ? သူ့ ရဲ့  အရည်အချင်း အမှန်ကို တစ်စုံ တစ်ယောက် ဒါမှမဟုတ် အတန်းသား အားလုံးကို ပြချင်လို့  သူကြိုးစားခဲ့ တာလား ? စိတ်အသစ် ၊ အတွေးအခေါ် အသစ် တွေနဲ့  အနာဂတ် အသစ်စဖို့  ခြေလှမ်းအသစ် အနေနဲ့  သူကြိုးစားခဲ့ တာလား ? ကျွန်တော် သေချာမသိဘူး ။ ကျွန်တော် သေချာ သိတာကတော့ အဲဒီနေ့  အတွက် သူကြိုးစား ခဲ့သမျှ အားလုံး အလကား ဖြစ်ခဲ့ ရတယ် ။
သူ့ ရဲ့  ပေါ့ဆမှုကြောင့် သူ သုံည မှတ်ပဲ ရခဲ့ ပေမဲ့ အဲဒီနေ့ မှာ သူဟာ ခပ်ညံ့ညံ့ ကျောင်းသား တစ်ယောက် မဟုတ်ဘူး ဆိုတာ သက်သေပြ ခဲ့တယ် ။ စိတ်မကောင်း စရာ ကောင်းတာက အဲဒီနေ့  နောက်ပိုင်းမှာ အရင်လိုပဲ သူပြန်ဖြစ် သွားတယ် ။ စာမေးမယ် ဆိုတဲ့ အခါတိုင်း စာ ကြည့်ဖို့  အမြဲတမ်း သူ မေ့လာ တတ်တယ် ။ အဖြေလွှာတွေ ပြန်ဝေ နေချိန်တိုင်း ဘာစိတ်လှုပ်ရှားမှုမှ မပြပဲ သူနေရာမှာ သူခေါင်းငုံ့  ထိုင်ပြီး ဆရာမ ပေမဲ့ အပြစ်ကို ခံဖို့  စောင့်နေ တတ်တယ် ။
ဆယ်စုနှစ်တွေ ကြာခဲ့ပြီး ဖြစ်ပေမဲ့ သူ့  အကြောင်းကို ပြန်စဉ်းစားတိုင်း အဲဒီနေ့  က အဖြစ်အပျက်မှာ တစ်ခုခုလိုအပ် နေသလို ကျွန်တော် ခံစားရတယ် ။ တစ်ယောက်ယောက်မှာ အပြစ်ရှိ နေသလို ခံစားရတယ် ။ ဘယ်နေရာမှာ ဘာတွေလိုအပ် ခဲ့တာလဲ ? ဘယ်သူတွေ ဘယ်နေရာမှာ မှားခဲ့ကြတာလဲ ?
အဲဒီနေ့ က ဆရာမ မှားခဲ့ သလား ? ကျောင်းသားတွေကို စာကြည့်ဖို့  အချိန်လုံလုံ လောက်လောက် ဆရာမ ပေးခဲ့တယ် ။ ပေးမဲ့ အပြစ်ဒဏ် ကိုလဲ ကြိုပြောခဲ့တယ် ။ ပြောထား တဲ့အတိုင်း အမှတ် အနည်းဆုံး ရတဲ့ သူကို အပြစ်ပေးခဲ့တယ် ။ ဆရာမ လုပ်ခဲ့တဲ့ ထဲမှာ မှားတယ်လို့  ပြောလို့ ရတာ တစ်ခုမှ မပါဘူး ။
ကျွန်တော်ရော မှားခဲ့ သလား ? ကျွန်တော် ဘယ်နှစ်မှတ် ရလဲဆိုတာ အခြား ကျောင်းသားတွေကို မပြောပြခဲ့ ပေမဲ့ ဘယ်ကျောင်းသားက ဘယ်မေးခွန်းကို ဘယ်လို ဖြေခဲ့တယ် ၊ ဘယ်သူက ဘယ်မေးခွန်းမှာ ဘယ်လိုမှားတယ် ဆိုတာ ဆရာမ သိနေတာပဲ ။ ဆရာမ ကိုယ်တိုင် အပြစ်ပေး သင့်တဲ့ သူကို ရွေးပြီး အပြစ်ပေးခဲ့တာလေ ။ ကျွန်တော် လုပ်ခဲ့ တဲ့ထဲမှာ မှားတယ် လို့  ပြောလို့ ရတာ ဘာမှ မရှိဘူး ။
အဲဒီနေ့ က သူ တစ်ကယ် ကြိုးစားပြီး စာကြည့်ခဲ့တယ် ဆိုပေမဲ့ သူအပြစ်ပေး ခံခဲ့ရတာ သူ့ ရဲ့  ပေါ့ဆစွာ ဖြေဆိုခဲ့မှု ကြောင့်သာ ဖြစ်တယ် ။ သူ့  အပြစ်နဲ့  သူခံရတာပဲ ။ ဘယ်နေရာမှာမှ ဘာမှ မမှားခဲ့ဘူး ။ ဘယ်သူကမှ မှားတယ်လို့  ပြောလို့  ရတဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့ဘူး ။ ဒါပေမဲ့ ဆယ်စုနှစ်တွေ ကြာအောင် တစ်ခုခု မှားနေခဲ့ တယ်လို့  ကျွန်တော် ဘာလို့  စွဲလမ်း နေရတာလဲ...
သူ အပြစ်ပေး ခံခဲ့ရပေမဲ့ ခါတိုင်းနေ့  တွေနဲ့  မတူတဲ့ သူ့ ရဲ့  ကြိုးစား အားထုတ် ခဲ့မှုကို အဲဒီနေ့ က ဆရာမ (သို့ မဟုတ်) တစ်ယောက်ယောက် ကသာ အသိအမှတ်ပြု ချီးမွမ်း ခဲ့ရင်...
ဒါမှမဟုတ်...
အဲဒီနေ့  မှာ တကယ်တော့ အညံ့ဆုံး ကျောင်းသားဟာ ကျွန်တော်သာ ဖြစ်ပြီး သူကတော့ ကံဆိုးခဲ့ သူသာ ဖြစ်တယ်လို့  ကျွန်တော် သူ့ ကို ရှင်းပြပြီး အားပေး ဖြစ်ခဲ့ရင်...
သူ အရင်လို ပြန်မဖြစ်ပဲ တစ်ခုခု ပြောင်းလဲခဲ့မှာလား... ကျွန်တော်ကရော ဘယ်သူမှ မှားတယ်လို့  ပြောလို့  ရတဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့ ကြတဲ့ အဲဒီနေ့  က အဖြစ်အပျက်မှာ ၊ အပြစ်ရှိ သူတစ်ယောက်လို ဒီနေ့ ထိ ခံစားမိ နေဦး မှာလား...
အပြစ်ပေးကြမ်းတဲ့ ဆရာမကို မုန်းတယ်။
ReplyDeletevery good post...
ReplyDelete