Sunday 30 May 2010

ဘာကြောင့် Federal မူလိုရတာလဲ

“ ဒီမိုကရေစီ စနစ်က တရားမျှတတဲ့ စနစ်မဟုတ် ဘူးလား ၊ မင်းတို့ က ဘာလို့  Federal မူပါ ရှိမှ ရမယ်လို့  ပြောနေရတာလဲ ? ” “ တန်းတူ အခွင့်အရေး ရှိရမယ် ဆိုတာကို မကျေနပ်ပဲ ဘာလို့  ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ တောင်းနေရတာလဲ ? ” အဲဒီ မေးခွန်းတွေက Federal မူအကြောင်း စပြောတာနဲ့  အမေးခံ ရမဲ့ မေးခွန်းတွေပဲ ။

Federal မူဆိုတာ ဘာလဲ ? Federal မူဆိုတာ နိုင်ငံတစ်ခုအတွင်းမှာ အစိုးရအဖွဲ့  ငယ်တွေ အာဏာခွဲဝေ အုပ်ချုပ်တဲ့ စနစ်ပါ ။ နိုင်ငံအမည် တစ်ခုထဲအောက် ၊ အလံတော် တစ်ခုထဲ အောက်မှာ အာဏာခွဲဝေ အုပ်ချုပ်ကြတာပါ ။ နိုင်ငံတစ်ခုထဲ ကိုပဲ ကိုယ်စားပြု ကြရင် ဘာကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုရတာလဲ ?

ကျွန်တော်တို့  နိုင်ငံဟာ အိမ်တစ်အိမ် ဆိုပါစို့  ။ အဲဒီ အိမ်ထဲမှာ မိသားစု တစ်စုနေတယ် ။ အိမ်သားတွေ လေးစားယုံကြည် ရတဲ့ သူက အိမ်သား အားလုံး လိုက်နာရမဲ့ စည်းကမ်းတွေ ထုတ်တယ် ။ သူ့ ရဲ့  စည်းကမ်း ချက်တွေဟာ အိမ်သားတိုင်း အတွက် မျှတနေမယ် ၊ အိမ်သား အများစု သဘောတူ လက်ခံကြတယ် ဆိုရင် အိမ်သားတိုင်း လိုက်နာကြ ရလိမ့်မယ် ။ မမျှတမှုတွေ ရှိ နေရင်တော့ ပြင်ဆင်ပေးဖို့  သူ့  ကို ဝိုင်းပြောကြ လိမ့်မယ် ။ ဒါဟာ ဒီမိုကရေစီ စနစ် ဆိုပါစို့  ။

အကယ်၍ မိသားစု တစ်စုထဲ နေတဲ့ အိမ်မဟုတ်ပဲ မိသားစု မတူသူတွေ (သူငယ်ချင်းတွေ) စုနေတဲ့ အိမ်ဆိုရင် ဒီစနစ်တစ်ခု ထဲနဲ့  အဆင်ပြေ ပါ့မလား ? အကယ်၍ စည်းကမ်း ချက်တွေထဲမှာ အိမ်သားတွေ အားလုံး ရိုးရာ အစဉ်အလာ တစ်ခုထဲကိုသာ လိုက်နာကြ ရမယ် ၊ ဘာသာ စကားတစ်ခုထဲ ကိုသာ ပြောဆိုကြရမယ် ဆိုတာမျိုးတွေ ပါနေမယ် ဆိုရင် မျိုးရိုးတစ်ခု ထဲက ဆင်းသက်လာတဲ့ အိမ်သားတွေ အတွက် ပြသနာမရှိ ပေမဲ့ ၊ အခြားသော မျိုးရိုး တွေက ဆင်းသက်လာတဲ့ အိမ်သားတွေ အတွက် အဆင်မပြေ နိုင်ပါဘူး ။ အိမ်သား အများစု လက်ခံတဲ့ စည်းကမ်းမို့  ရှောင်လွှဲလို့ မရ လိုက်နာရမယ် ဆိုရင်တောင် ခင်မင်မှုတွေ လေးစားမှုတွေ လျှော့နည်းပြီး ရေရှည်မှာ တစ်ဦးနဲ့  တစ်ဦး ကြား ရန်စောင် မှုတွေ ၊ အားပြိုင်မှုတွေ နဲ့  အိမ်တွင်း ပြသနာတွေ ဖြစ်လာမှာပါ ။

မိသားစု မတူသူတွေ စုနေတဲ့ အိမ်မှာ အိမ်တွင်းပြသနာတွေ မဖြစ်ရအောင် ၊ တစ်ဦးနဲ့  တစ်ဦးကြား လေးစား ခင်မင် မှုတွေ မလျှော့ရအောင် အိမ်သားတိုင်းမှာ အခြားသူတွေကို မထိခိုက်တဲ့ ကိုယ်ပိုင် လွတ်လပ် ခွင့်တွေ ရှိဖို့  လိုအပ်ပါတယ် ။ တန်းတူ အခွင့်အရေး ဆိုတဲ့ စနစ် တစ်ခု ထဲနဲ့  စည်းကမ်းချက်တွေ ထုတ်လို့  မရ တော့ပါဘူး ။ တန်းတူ အခွင့်အရေးဆိုတဲ့ စနစ်အပြင် အိမ်သားတိုင်းရဲ့  ကိုယ်ပိုင် လွတ်လပ် ခွင့်တွေ အတွက်ပါ စဉ်းစားရမယ် ဆိုတဲ့ မူဝါဒ မျိုးတွေ လိုအပ် လာပါတယ် ။

အိမ်သားတိုင်း မိမိတို့  ရဲ့  အခန်းတွင်းမှာ လွတ်လပ်စွာ နေထိုင်ခွင့် ရှိတယ် ။ ဒီအိမ်ကြီး ရဲ့  သန့် ရှင်းလှပရေး ၊ ရေရှည် ခိုင်ခန့်  အောင် ထိန်းသိမ်းရေး စတာတွေက အားလုံးမှာ တာဝန်ရှိတယ် ။ ပြင်ပရန်တွေကို စုပေါင်း ကာကွယ် ကြမယ် ။ ဒီအိမ်ကြီး ပေါ် ကျရောက်လာတဲ့ ကောင်းကြိုး ဆိုးကြိုးတွေကို အားလုံး မျှဝေခံစား ကြမယ် ။ အဲဒီလို တန်းတူ အခွင့်အရေး နဲ့  ကိုယ်ပိုင်လွတ်လပ် ခွင့် နှစ်ခု စလုံး အပေါ် အခြေခံထားတဲ့ စည်းကမ်းတွေ ကသာ မိသားစု မတူသူတွေ အတွက် တစ်ယောက်နဲ့  တစ်ယောက် ချစ်ခင် လေးစားစွာ ရေရှည် လက်တွဲ နေထိုင်ဖို့  ဖြစ်နိုင်မှာပါ ။

ကျွန်တော်တို့  မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်း နေထိုင်တဲ့ နိုင်ငံပါ ။ တိုင်းရင်းသား တွေဟာ မိမိတို့  စာပေ ယဉ်ကျေးမှု တွေ တိုးတက် မြင့်မားလာဖို့  အခြားလူမျိုး စုတွေ ရဲ့  စာပေ ယဉ်ကျေးမှုတွေ အပေါ်မှာ မှီဌာန်းတာတွေ ရှိရင်ရှိ မယ် ။ ဘယ်တိုင်းရင်းသား လူမျိုးစုကမှ မိမိတို့ ရဲ့  စာပေ ယဉ်ကျေးမှုတွေကို လုံးဝ ပြစ်ပယ်ပြီး အခြားလူမျိုးစု ရဲ့ စာပေ ယဉ်ကျေးမှုနဲ့  အစားထိုးမှာ မဟုတ်ပါဘူး ။

ဒီမိုကရေစီကို အရင်ရအောင် ပူးပေါင်းယူကြ ပြီးမှ Federal အကြောင်း ဆွေးနွေးလို့  မရ ဘူးလားလို့  အချို့  သူတွေက ပြောကြတယ် ။ ဒီစကားဟာ Federal အကြောင်း ငါတို့  စိတ်မဝင်စား ဘူးလို့  ယဉ်ယဉ် ကျေးကျေး ပြောလိုက်တာနဲ့  အတူတူပါပဲ ။ တိုင်းရင်းသား တွေမှာ ပင်လုံစာချုပ်လို အတွေ့  အကြုံမျိုးတွေ ရှိခဲ့ပြီးပြီး ။ ကြိုတင် သဘောတူညီခဲ့ ကြတာတောင် ဘယ်ဟာမှ အာမခံ ချက် မရှိခဲ့ဘူး ။ ပြည်တွင်း စစ်တွေသာ ဖြစ်ခဲ့ရတယ် ။ အဲဒီတော့ နောင်မှ ဆွေးနွေး ကြတာပေါ့ ဆိုတာကို ဘယ်လို လက်ခံကြ ရမလဲ ။

နယ်ချဲ့  ကျွန်ဘဝက လွတ်မြောက်ဖို့  တိုင်းရင်းသား အားလုံးဟာ တန်းတူ ရင်ဘောင် တန်းပြီး ကြိုးစားခဲ့ ကြတာပါ ။ ဒီမြေဟာ တိုင်းရင်းသားတွေ အားလုံးပိုင်တယ် ။ ဒီနိုင်ငံရဲ့  ကောင်းကြိုး ဆိုးကြိုး အားလုံးဟာ တိုင်းရင်းသားတွေ အားလုံးနဲ့  သက်ဆိုင်တယ် ။ တိုင်းရင်းသားတွေ အားလုံး ဒီမြေပေါ်မှာ ငြိမ်းချမ်းစွာ စုပေါင်း နေထိုင်နိုင်ကြဖို့  အတွက် တန်းတူ အခွင့်အရေး နဲ့  ကိုယ်ပိုင် လွတ်လပ်ခွင့် နှစ်ခု စလုံး အပေါ် အခြေခံထားတဲ့ စနစ်ရှိဖို့  လိုအပ်တယ် ။ ။

No comments:

Post a Comment