Saturday, 26 June 2010

အခုချိန်ထိတော့ တိတ်ဆိတ်နေဆဲ...

လွန်ခဲ့တဲ့ ၂ လလောက်က သတင်း တစ်ပုဒ်ထဲက အမေးအဖြေ တစ်ခုမှာ “ ကျွန်တော့် သူငယ်ချင်း မွန်ပြည်သစ် ပါတီ တပ်သားတစ်ဦးက သူတောထဲ ပြန်သွားရတော့ မှာမို့  သူ့  ရဲ့  ဇနီးနဲ့  ကလေး တွေကို စောင့်ရှောက် ပေးဖို့  ကျွန်တော်ကို မှာခဲ့တယ် ” ဆိုတဲ့ စာတစ်ကြောင်းကို ဖတ်လိုက် မိတယ် ။

မွန်ပြည်သစ် ပါတီဟာ ၁၉၉၅ ခုနှစ်မှာ အစိုးရနဲ့  အပစ်အခတ် ရပ်စဲခဲ့တယ် ။ ကျွန်တော်သိတဲ့ အစ်ကိုကြီး တစ်ယောက်က သူနဲ့ သူ့  သူငယ်ချင်း အချို့  ကျောင်းပြီးတာနဲ့  မွန်ပြည်သစ် ပါတီ ဝင်ဖို့  စီစဉ်ထား ပေမဲ့ ၊ သူတို့  နောက်ဆုံးနှစ်မှာ မွန်ပြည်သစ် ပါတီက ငြိမ်းချမ်းရေး ယူခဲ့တာကြောင့် အဲဒီနေ့ မှာ မျက်ရည်ကျတဲ့ အထိ ဝမ်းနည်းခဲ့ ရကြောင်း ပြောပြဖူးတယ် ။

မွန်ပြည်သစ် ပါတီဟာ အပစ်အခတ် ရပ်စဲစဉ် တုန်းက မွန်ကျေးရွာတွေ ၊ မွန်ဆရာတော်တွေ ဆီကို သွားပြီး ယခု ငြိမ်းချမ်းရေး ယူတာဟာ တော်လှန်ရေးကို စွန့် လွှတ်လိုက်တာ မဟုတ်ကြောင်း ၊ လက်နက်ချ အညံ့ခံ လိုက်တာ မဟုတ်ပဲ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့  အဖြေရှာဖို့  ကြိုးစားခြင်းသာ ဖြစ်ကြောင်း လိုက်လံ ရှင်းပြခဲ့တယ် ။ ငြိမ်းချမ်းရေး ယူပြီး နောက်ပိုင်းမှာ နိုင်ငံရေး ပြသနာတွေ အတွက် တွေ့ ဆုံ ဆွေးနွေးပြီး အဖြေရှာ ဖို့  အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး ။

နယ်ခြားစောင့်တပ် ဖွဲ့ ဖို့ တောင်းဆိုလာတဲ့ အခါမှာလဲ မွန်ဆရာတော်တွေ ၊ အခြားသော မွန်အဖွဲ့  အစည်းတွေ ၊ မွန်ပြည်သူတွေ ဆီက သဘောထားတွေကို တောင်းခံခဲ့တယ် ။ အားလုံးရဲ့  သဘောတူညီမှု ၊ ထောက်ခံ အားပေးမှုနဲ့  မွန်လူမျိုး တွေအတွက် အာမခံချက် ရှိတဲ့ ဥပဒေ မရှိသရွေ့  လက်နက်စွန့် မှာ မဟုတ်သလို ၊ တပ်ကိုလဲ ဖျက်သိမ်းမှာ မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ ကြတယ် ။

နယ်ခြား စောင့်တပ် ဖွဲ့ ဖို့  နောက်ဆုံးရက် သတ်မှတ်ပြီး ဖိအားပေးမှု အထိ ဖြစ်လာတာကြောင့် မွန်ပြည်သစ် ပါတီက တပ်စခန်း အချို့  ကို တောထဲ ပြန်လည် ပြောင်းရွေ့  ခဲ့ပေမဲ့လဲ ၊ အစိုးရတပ်တွေက စတင် မတိုက်ခိုက်လာ သရွေ့  ရရှိ ထားတဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းသွား မယ်လို့  ဆုံးဖြတ်ခဲ့ကြတယ် ။

မြို့ ရွာတွေပေါ်မှာ ၁၅ နှစ်ကျော် နေထိုင်လာ ကြပြီးမှ မိသားစုနဲ့  သားသမီးတွေကို စွန့် ပြီး တောထဲ တောင်ထဲကို ဘယ်သူမှတော်ရုံ စိတ်ဓာတ်နဲ့  ပြန်မဝင်ကြပါဘူး ။ ပုံမှန်လစာ မရှိ ၊ မိသားစု တွေနဲ့  ဘယ်တော့ ပြန်တွေ့  ရမှန်း မသိပဲ ၊ ဘယ်တော့ ပြီးမယ်ဆိုတာ ဘယ်သူမှ မသိတဲ့ တော်လှန်ရေးမှာ တော်ရုံ ခံယူချက်တွေနဲ့  ဘယ်သူကမှ ပါဝင်တာဝန် မယူ ကြပါဘူး ။

မြန်မာပြည်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့  သတင်းကြားရင် ဘယ်သူ့  ကိုမှ မနိုင် စေချင်သလို ဘယ်သူ့  ကိုမှလဲ မရှုံးစေ ချင်ဘူး ။ တိုက်ပွဲတွေ ကိုသာ အမြန် အဆုံးသတ် စေချင်တယ် ။ တိုက်ပွဲဆိုတာ လူကြီးတွေက ပါးစပ်နဲ့  စစ်ကြေငြာပြီး လူငယ်တွေက အသေခံ တိုက်ရတာပါ ။ ဘယ်တပ်က စစ်သားဘဲ ဖြစ်ဖြစ် သူတို့  မှာ သူတို့  အိမ်ပြန်လာချိန်ကို စောင့်နေမဲ့ မိသားစုတွေ ၊ သူတို့ ကို ချစ်တဲ့ သူတွေ ရှိကြမှာပါ ။ တိုက်ခိုက်နေ ကြမဲ့ အစား တစ်ဦးကို တစ်ဦး အပြန်အလှန် နားလည်မှု ၊ လေးစားမှု တွေနဲ့  ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့  ဖြေရှင်းနိုင် ကြရင် ကောင်းမယ် ။

ကျွန်တော် မူလတန်းကျောင်းသား အရွယ်မှာ ရွာကို အလည် ပြန်တုန်းက ကျွန်တော့်ရဲ့  ဝမ်းကွဲအစ်ကို တစ်ယောက်က ရွာထဲ လိုက်ပြတယ် ။ အိမ် တစ်အိမ် ရှေ့  အရောက်မှာ လူ ၅ ယောက်လောက် ဝိုင်းဖွဲ့ ပြီး ရယ်ရယ် မောမော စကား ပြောနေကြတယ် ။ နှစ်ယောက်က အခြားသူတွေနဲ့  မတူ ထူးခြားနေတယ် ။ ပုဆိုး နဲ့  သာမန် ရှပ်အင်္ကျီ ကို ဝတ်ထားပေမဲ့ ပခုံး ကြိုးသိုင်းနဲ့  စစ်ခါးပတ်တွေ ပတ်ထားကြတယ် ။ ပခုံး ကြိုးသိုင်းမှာ လက်ပစ်ဗုံးတွေ ချိတ်ထားတယ် ။ သူတို့ ရဲ့  ခြေရင်းနားမှာ သေနတ်တွေ ထောင်ထား ကြတယ် ။ ကျွန်တော်က စိတ်ဝင်စားပြီး သူတို့ က စစ်သားတွေ လားလို့  ကျွန်တော့် အစ်ကို ကိုမေးတော့ ဟုတ်တယ်လို့  ပြန်ဖြေတယ် ။ စစ်သားဆို ဘာလို့  စစ်ဝတ်စုံ မဝတ်ထားတာလဲ ဆိုတော့ သူတို့  က မွန်စစ်သားတွေ လို့ ပြန်ပြောတယ် ။ ကျွန်တော့် အစ်ကို ပြောတဲ့ မွန်စစ်သား ဆိုတာကို ကျွန်တော် နားမလည်ဘူး ။ ကျွန်တော် သိတာက စစ်သား နဲ့  သူပုန် နှစ်မျိုးပဲ သိတယ် ။ စိတ်ထဲကတော့ အလွယ်ပဲ မွန်ရွာမှာ တာဝန်ကျတဲ့ စစ်သားမို့  လို့  မွန်စစ်သားလို့  ခေါ်တာ ဖြစ်မယ်လို့  အလွယ်ပဲ နားလည် ထားလိုက်တယ် ။

နောက် ၁၅ မိနစ်လောက် လမ်းထပ် လျှောက်တော့ ရွာမှာရှိတဲ့ ဆေးရုံကို ရောက်တယ် ။ ဆေးရုံ အဆောက်အအုံရဲ့  အဝင်ဝမှာ စစ်ဝတ်စုံနဲ့  စစ်သားတစ်ယောက် စောင့်နေတယ် ။ အခြားတစ်ဖက်မှာ နောက်ထပ် တစ်ယောက် စောင့်နေတယ် ။ စစ်မေးတာတွေ ဘာတွေ မလုပ်ပါဘူး ။ ဒီတိုင်းရပ်ပြီး လုံခြုံရေး တာဝန်နဲ့  စောင့်နေ ကြတာပါ ။ ဝတ်စုံအပြည့်နဲ့  စစ်သားကို မြင်တော့ ဟို မွန်စစ်သားတွေ ကျတော့ ဝတ်စုံမဝတ်ရဘဲ ၊ ဒီ မွန်စစ်သားတွေ ကျတော့ ဘာလို့  ဝတ်စုံ ပြည့် ဝတ်ထား ရတာလဲ ၊ ဆေးရုံမှာ စောင့်ရလို့ လား ဆိုတော့ အစ်ကိုက ဒါက ဗမာစစ်သား ၊ ခုနက စစ်သားတွေက မွန်စစ်သားတွေ လို့  ပြန်ပြောတယ် ။ ဘာကွာလို့ လဲ ပြန်မေးတော့ အစ်ကိုက မွန်စစ်သား ဆိုတာ တောထဲမှာ နေတဲ့ မွန်အဖွဲ့  တွေဆီက စစ်သား ဖြစ်ကြောင်း ပြန်ရှင်းပြတယ် ။ ဒါဆို ခုနက တွေ့ ခဲ့တာ သူပုန်တွေ လားဆိုတော့ တောထဲက မွန်စစ်သား တွေလို့  ပြန်ပြောတယ် ။ အဲဒီနောက်ပိုင်းမှာ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့  တွေကို တိုင်းရင်းသားတွေက သူပုန်တွေလို့  မခေါ်ကြ တာကို သတိထား မိခဲ့တယ် ။

အဲဒီအချိန်တုန်းကဘယ်တိုင်းရင်းသား အဖွဲ့ ကမှ ငြိမ်းချမ်းရေး မယူရသေးပါဘူး ။ ကျွန်တော်တို့  ရွာကလဲ အမဲရောင် နယ်မြေထဲမှာပါ ။ ရွာသားတွေနဲ့  စကားဝိုင်းဖွဲ့  ပြောနေကြတဲ့ မွန်စစ်သားတွေကို ဘယ်သူမှ လာမတိုက် သလို ၊ ၁၅ မိနစ်လောက် လမ်းလျှောက်ရင် ရောက်တဲ့ ဆေးရုံမှာ တာဝန်ကျနေတဲ့ စစ်သားတွေ ကိုလဲ ဘယ်သူမှ လာမတိုက် ကြဘူး ။ မသိလို့  များလားလို့  တွေးရအောင်ကလဲ မွန်စစ်သားတွေ ရွာထဲမှာ ရှိနေတာကို မသိတာ ဖြစ်နိုင်ပေမဲ့ ဆေးရုံမှာ နေ့ တိုင်း တာဝန်ကျတဲ့ စစ်သား ရှိတာကိုတော့ မသိပဲ နေမှာ မဟုတ်ပါဘူး ။ မွန်စစ်သားနဲ့  ဗမာစစ်သားတွေက တစ်ဦးကို တစ်ဦး နားလည်မှုနဲ့  တစ်ဖွဲ့ က ရွာထဲဝင်လာရင် အခြားတစ်ဖွဲ့ က ထွက်သွားတတ်ကြောင်း ၊ တစ် ဖွဲ့ က ဒီလမ်းကြောင်းက သွားနေရင် အခြားအဖွဲ့ က တစ်ခြား လမ်းကနေ ရှောင်ပြီး သွားတတ် ကြောင်း ၊ မလွှဲ မရှောင်သာမှ တိုက်ပွဲတွေ ဖြစ်တတ်ကြောင်း ကျွန်တော့် အဖေ ပြောတာ ကြားဖူးတယ် ။

စစ်ပွဲတွေကြောင့် မိသားစုတွေ ခွဲခွာနေ ကြရတယ် ။ အချို့  သူတွေလဲ သူတို့  ချစ်တဲ့ သူတွေကို အပြီးအပိုင် ခွဲခွာသွားခဲ့ ကြတယ် ။ ဘယ်တုန်းကမှ တိုက်ပွဲတွေနဲ့  မကင်းခဲ့တဲ့ ကျွန်တော်တို့  နိုင်ငံမှာလဲ သူတို့ ချစ်တဲ့ သူတွေ အတွက် မျက်ရည်ကျ ခဲ့ရတဲ့ မိသားစုတွေ ဘယ်လောက် တောင်များ ရှိခဲ့ပြီးလဲ ? သေချာတာ ကတော့ နိုင်ငံ မငြိမ်းချမ်း သရွေ့  ၊ စစ်ပွဲတွေ မရပ်နိုင် သေး သရွေ့  ဒီလို စိတ်မကောင်း စရာတွေ ဆက်ရှိနေ ဦးမှာပါ ။

နယ်ခြားစောင့်တပ်ဖွဲ့ ဖို့  သတ်မှတ်ထားတဲ့ နောက်ဆုံး ရက်တွေ ကျော်သွား ပေမဲ့လဲ တိုင်းရင်းသား အဖွဲ့  တွေက မိမိတို့ ရဲ့  ခံယူချက်တွေကို ခိုင်မာစွာ စွဲကိုင်ထား ကြတုန်းပဲ ။ နယ်စပ်တွေမှာလဲ အခုအချိန်ထိ သေနတ်သံတွေ တိတ်ဆိတ် နေတုန်းပဲ ။ ဒါပေမဲ့ ဒီတိတ်ဆိတ် နေမှုက ကြာရှည်ခံမှာ မဟုတ် သလို ၊ ပြသနာတွေကိုလဲ ပြေလည်စေမှာ မဟုတ်ဘူးဆိုတာ လူတိုင်း သိနေကြတယ် ။ ဘယ်သူတွေက မှားတယ် ၊ ဘယ်သူတွေက မှန်တယ်ဆိုတာ ကတော့ သမိုင်း က အဖြေ ပေးလိမ့်မယ် ။ ။

History teaches that war begins when governments believe the price of aggression is cheap.
Ronald Reagan

All war represents a failure of diplomacy.
Tony Benn

A people free to choose will always choose peace.
Ronald Reagan

Older men declare war. But it is the youth that must fight and die.
Herbert Hoover

1 comment:

  1. ကြိုက်လို့ ကူးယူသွားလိုက်ပြီ။ ကျေးဇူး

    ReplyDelete