Saturday 21 October 2017

OCD

မြန်မာနိုင်ငံမှာ OCD (Obsessive compulsive disorder) ကို ရောဂါ တစ်ခုအနေနဲ့  သီးခြား ခွဲခြားပြီး မြင်တဲ့သူ ရှားနေသေးတယ် ။ OCD လက္ခဏာ ရှိနေတဲ့ သူကို ဒီကောင် ဂေါက် နေတာပါကွာ ဆိုပြီး ခပ်လွယ်လွယ်ပဲ ကျပ်မပြည့်တဲ့ သူတွေနဲ့  အတူတူလို့  သတ်မှတ်လိုက် ကြတယ် ။ OCD ဆိုတာ စိတ်ဝေဒနာ တစ်မျိုး ဆိုပေမဲ့ OCD ရှိတဲ့သူ တွေဟာ ကျပ်မပြည့်တဲ့ သူတွေလို ဘာပဲတွေးတွေး ဘာပဲလုပ်လုပ် အရူးတစ်ယောက် လိုပဲ အမြဲတမ်း တွေးနေ လုပ်နေတဲ့ သူတွေ မဟုတ် ပါဘူး ။ OCD ရှိတဲ့ သူတွေဟာ ပုံမှန်မဟုတ်တဲ့ အတွေးတချို့ ကို ယုံကြည်နေ တတ်တာ ၊ ပုံမှန် မဟုတ်တဲ့ အပြုအမူ တချို့ ကို ပုံမှန် လုပ်ရမဲ့ အလုပ်တစ်ခုလို လုပ်နေ တတ်တာက လွဲရင် သာမန် ပုံမှန် လူကောင်း တစ်ယောက်ပါ ။

OCD ရှိ သူတွေရဲ့  လက္ခဏာ အချို့ က ကိုယ့်ရှေ့မှာ ရှိနေတဲ့ ပစ္စည်းတွေ အစီအစဉ် တကျ ညီညီညာညာ ဖြစ်မနေရင် မနေတတ် တာမျိုး ၊ ညစ်ပတ်နေတဲ့ ပစ္စည်း တစ်ခုခု မြင်ရင် သန့် ရှင်းရေး မလုပ်လိုက် ရပဲ မနေနိုင် တာမျိုး ၊ အခြားသူ တစ်ယောက်ယောက် နဲ့  အသားချင်း ထိ မိရင် ဖြစ်ဖြစ် ၊ ပိုက်ဆံ လိုမျိုး အများသုံး ပစ္စည်း တစ်ခုခုကို လက်အိပ် မပါပဲ ကိုင်မိတဲ့ အခါမျိုးမှာ ဖြစ်ဖြစ် ချက်ချင်း ရေမဆေး ရရင် ရောဂါပိုးတွေ ကူးဆက်ခံ ရတော့ မယ်လို့ ယုံကြည် နေတာမျိုး ၊ အိမ်ကို သူခိုး ၀င်မှာကို စိတ်ပူပြီး တံခါးတွေ သော့ခတ်ထား ရဲ့ လား ဆိုပြီး အကြိမ်ကြိမ် စစ်ပြီးသား ကိုပဲ ခဏခဏ ထပ်ပြီး ထထ စစ်နေတတ်တာမျိုး ၊ မီးမလင်းနေတဲ့ မီးလုံးကို မြင်နေရ ပေမဲ့လဲ ငါမီးခလုပ်များ ပိတ်မိရဲ့  လားမသိ ဆိုပြီး မီးခလုပ်ကို အကြိမ်ပေါင်း များစွာ အပိတ်အဖွင့် လုပ်ကြည့်လိုက် ရပြီးမှ စိတ်ကျေနပ်မှု ရတတ်တာမျိုးတွေပါ ။

OCD ရှိသူတွေရဲ့  လက္ခဏာတွေဟာ အမျိုးမျိုး ကွဲနေတတ် ပေမဲ့ အခြေခံ ကတော့ စိတ်ထဲ ဖြစ်လာတဲ့ ပုံမှန် မဟုတ်တဲ့ အတွေး တွေကို ယုံကြည်နေတတ်တယ် ။ ပုံမှန်မဟုတ်တဲ့ အပြုအမူ တစ်ချို့ ကို ပုံမှန်အလုပ် တစ်ခုလို မလုပ်လိုက် ရရင် စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတတ်တယ် ။ အဲဒီကနေ တဆင့် ဒေါသ ထွက်တာတွေ ၊ စိတ်ဓာတ် ကျတာတွေ ၊ ရန်လို တတ်တာတွေ ဖြစ်လာပြီး နေ့စဉ် နေထိုင်မှု ဘ၀ အပေါ် မှာပါ အကျိုးသက်ရောက် မှုတွေ ရှိလာ တတ်တယ် ။ ကိုယ့် အသိုင်းအ၀ိုင်းနဲ့  အံဝင်ဂွင်ကျ မဖြစ်တော့ တာမျိုးတွေ ဖြစ်လာတယ် ။ ကိုယ့် ကိုယ်ကို သေကြောင်းကြံတဲ့ အခြေအနေထိ ရောက်သွားတာမျိုး တွေလဲ ရှိခဲ့ဖူးတယ် ။

OCD ကို အသက်အရွယ် မျိုးစုံမှာ တွေ့  ရနိုင်တယ် ။ တချို့ တွေက ငယ်ငယ်လေး ထဲက OCD ရှိခဲ့ပေမဲ့ ၊ ငယ်ငယ် တုန်းက မဖြစ်ပဲ အသက်ကြီး လာမှ OCD ရှိလာတဲ့ သူတွေ လဲ ရှိတယ် ။ ကလေး အရွယ်ကို ကျော်ပြီး လူလတ်ပိုင်း စတဲ့ အရွယ်တွေမှာ စဖြစ်တာ များတယ် ။ OCD ဝေဒနာရှင် တစ်ယောက်မှာ OCD လက္ခဏာ တစ်ခုထက် မကလဲ ရှိနေနိုင်တယ် ။

OCD ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ ပြောဖို့  ခက်တယ် ။ မျိုးရိုး ကြောင့်လဲ ဖြစ်နိုင်တယ် ၊ ဦးနှောက် ထဲမှာ ပုံမှန် မဟုတ် လို့ လဲ ဖြစ်နိုင်တယ် ၊ ဘ၀မှာ အနိုင်ကျင့်ခံ အဖိအနှိပ်ခံ ခဲ့ရတဲ့ အတွေ့ အကြုံ တွေ ကြောင့်လဲ ဖြစ်နိုင်တယ် ၊ စည်းကမ်း အရမ်း တင်းကျပ်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ ရတဲ့ အကျိုး သက်ရောက်မှုတွေ ကြောင့်လဲ ဖြစ်နိုင်တယ် ။ ဖြစ်နိုင်တဲ့ အကြောင်း အမျိုးမျိုး ရှိပေမဲ့ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာတော့ အတိအကျ ဘယ်သူမှ မပြောနိုင် သေးပါဘူး ။

ကိုယ့်မှာ OCD ရှိနေပြီး ၊ ကိုယ့်ရဲ့  နေ့ စဉ် နေထိုင်မှု အပေါ်မှာ ဆိုးကျိုး သက်ရောက် မှုတွေ ရှိနေရင် စိတ်ပညာရှင်တွေ ၊ ဆရာဝန်တွေနဲ့  တိုင်ပင်ပါ ။ OCD သမား တစ်ယောက် အတွက် အမူအကျင့်တွေကို ချက်ချင်း ပြောင်းဖို့  ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ ။ OCD ဆိုတာ ရေရှည် အချိန်ယူပြီး ကုသရမဲ့ ရောဂါ တစ်မျိုးပါ ။ ။

No comments:

Post a Comment