Sunday, 27 August 2017

ဆေးမီးတို

ဆေးမီးတို လို့  ဆိုပေမဲ့ အခုပြောချင်တာ ဆေးကုသ တဲ့ အကြောင်းနဲ့  ဘာမှ မဆိုင်ပါဘူး ။ ကျွန်တော့်ရဲ့  ထော်လော်ကန့် လန့်  နိုင်တဲ့ အကျင့် တစ်ခု အကြောင်းပါ ။ Boiler Room ဆိုတဲ့ ရုပ်ရှင်ကားဟာ ကျွန်တော့် အကြိုက်ဆုံး ရုပ်ရှင်ကားတွေထဲက တစ်ကားပါ ။ ကြည့်ဖြစ်ခဲ့တာ ၁၆ နှစ် ကျော်လောက် ရှိပြီး ထင်တယ် ။ အခု လက်ရှိ နာမည်ကြီး မင်းသားတွေ ဖြစ်တဲ့ Vin Diesel နဲ့  Ben Affleck ပါပေမဲ့ အဲဒီကား မှာတော့ သူတို့ က အဓိက သရုပ်ဆောင်တွေ မဟုတ်ကြဘူး ။

အဓိက ဇာတ်လမ်းကတော့ Boiler Room လို့  လူတွေ သိကြတဲ့ တယ်လီဖုန်းနဲ့  အစုရှယ်ရာတွေ လိမ်ရောင်းပြီး ငွေတွေလိမ် နေကြတဲ့ ကုမ္ပဏီတွေ အကြောင်းပါ ။ ဒါပေမဲ့ ဇာတ်လမ်းထဲက မင်းသား (အဓိက သရုပ်ဆောင် Giovanni Ribisi) နဲ့  သူ့ အဖေ ရဲ့  စိတ်ဝင် စား စရာ အမှတ်တရ အဖြစ်တခုက ဒီကားကို ကျွန်တော့် အကြိုက်ဆုံး ရုပ်ရှင် တကား ဖြစ်စေခဲ့တာပါ ။

ဇာတ်လမ်း အလယ်လောက်မှာ မင်းသားက မင်းသမီးကို သူ့ အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရ တွေထဲက တစ်ခု အကြောင်း ပြောပြတယ် ။ သူ ၁၀ နှစ်သား အရွယ်မှာ သူ့  အဖေက သူ့ ကို စက်ဘီး အသစ်တစ်စီး ၀ယ်ပေးတယ် ။ တနေ့  အဲဒီ စက်ဘီးလေးနဲ့  လမ်းပေါ်မှာ သူဆော့နေရင်း ခြေချော်ပြီး ခြေနင်းတန်နဲ့  ရိုက်မိပြီး သူ့  ခြေထောက် ကျိုးသွားတယ် ။ ဒါပေမဲ့ စက်ဘီးက ချက်ချင်း မှောက်မသွားပဲ ကုန်းဆင်းလေး အတိုင်း ဆက်လိမ့် သွားနေတယ် ။ သူလဲ ကြောက်လန့် ပြီး စက်ဘီးပေါ်က ခုန်ဆင်းလိုက်တော့ ရပ်ထားတဲ့ ကားတစ်စီးရဲ့  နောက်နားမှာ လဲကျသွားတယ် ။ အဲဒီနေရာမှာ ပြန်မထ နိုင်ပဲ လဲကျနေတာ နာရီ ၀က်လောက်ကြာ သွားတယ် ။

လမ်းထိပ် ဖက်ကနေ သူ့ နာမည်ကို အော်ခေါ်နေတဲ့ သူ့  အဖေရဲ့  အသံကို သူကြားရတယ် ။ သူ့ အဖေ လာခေါ်တော့မယ် ဆိုတာ သိတော့ သူတော်တော်လေး ပျော်သွားတယ် ။ ကားနားကို ရောက်လာတဲ့ သူ့  အဖေကို သူမော့်ကြည့်လိုက်တယ် ။ သွေးအိုင်ထဲ လဲနေတဲ့ သူ့ ကို ကြည့်ပြီး ပြောမပြ တတ်အောင် နာကျင် ကြေကွဲ နေတဲ့ သူ့ အဖေရဲ့  မျက်နှာကို မြင်တော့ ၊ သူ့ အဖေ သူ့ ကို ဘယ်လောက် အထိ ချစ်သလဲဆိုတာကို ပထမဆုံး အကြိမ် သူ သတိပြုမိ ခဲ့တယ် ။

အဲဒီအချိန်မှာပဲ သူ့ အဖေက မတ်တပ် ရပ်နေတဲ့ အနေထေားကနေ သူ့ အနားကို ကုန်းချ လိုက်ပြီး သူ့  မျက်နှာကို ရုတ်တရက် ဖြတ်ရိုက်လိုက်တယ် ။ ပြောပြ နေတာကို နားထောင် နေတဲ့ မင်းသမီးက ဘာလို့  လဲလို့  မေးတော့ ၊ မင်းသားက သူလဲ မပြော တတ်ဘူးတဲ့ ။ သူ့  အဖေ သူ့ ကို စိတ်ဆိုး လို့ လဲ ဖြစ်ချင် ဖြစ်မယ် ၊ ဘာလုပ်ရမှန်း မသိလို့  လဲ ဖြစ်ချင် ဖြစ်မယ် ၊ သူ့ ကို အား မရလို့ လဲ ဖြစ်ချင်ဖြစ်မယ် ၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် အဲဒီ အကြောင်းကို သူ ဂရုမစိုက် တော့ဘူးတဲ့ ။ သူအခု အချိန်ထိ အမှတ်တရ နဲ့  သတိရနေ သေးတာက အဲဒီနေ့ က သွေးအိုင်ထဲ လဲနေတဲ့ သူ့ ကို ကြည့်နေတဲ့ သူ့ အဖေရဲ့  အကြည့်တဲ့ ။

အဲဒီ အပိုင်းလဲ ပြီးရော သူ့ အဖေ သူ့ ကို ဘာလို့  ရိုက်ရတာလဲ ဆိုတဲ့ အကြောင်းက ကျွန်တော့် အတွက် စိတ်ဝင်စား စရာ ဖြစ်ခဲ့တယ် ။ ဇာတ်လမ်း အဆုံးနားမှာ မင်းသားက သူ့ အဖေ ရုံးခန်းက စားပွဲပေါ်မှာ ထောင်ထားတဲ့ သူနဲ့ သူ့ အဖေ စက်ဘီးနားမှာ ရပ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို ကိုင်ပြီး ၊ သူ ၁၀ နှစ်သား တုန်းက အဲဒီနေ့  ကို မှတ်မိ သေးလား? သူခြေထောက် ကျိုး တဲ့ အဖြစ်ကိုရော မှတ်မိသေးလား? ဆိုပြီး သူ့  အဖေ ဖြစ်စေချင်တဲ့ ပုံစံနဲ့  သားတစ်ယောက် ဖြစ်လာအောင် မလုပ်နိုင်ခဲ့တဲ့ အတွက် တောင်းပန် ရင်းနဲ့  ငိုတယ် ။ အဖေ ဖြစ်သူက အဲဒီ နေ့  က အဖြစ် အကြောင်းဘာမှ ဆက်မပြောပဲ စကားလမ်း ကြောင်းက တခြား အကြောင်းတွေ ဖက်ရောက်သွားတယ် ။ အဲဒါနဲ့ ပဲ သူ့ အဖေ သူ့  ကို အဲဒီနေ့ က ရိုက်လိုက်တာ သူ့ ကို အားမရတဲ့ စိတ်ကြောင့် ဖြစ်မယ်လို့  ပဲ နားလည် ထားလိုက်တယ် ။

ကျွန်တော့်မှာ ရှိတဲ့ ထော်လော်ကန့် လန့်  နိုင်တဲ့ အကျင့်တစ်ခု အကြောင်း ကို ကြားဖြတ်ပြီး ပြော လိုက်ဦးမယ် ။ ကျွန်တော့်ကို အခြားသူတွေက သူတို့ ကြုံတွေ့  နေရတဲ့ စိတ်ညစ်စရာတွေ ၊ အခက်အခဲတွေကို ပြောပြလာတဲ့ အခါမှာ ကျွန်တော် လုပ်တတ်တဲ့ ဘုကျကျ အကျင့် တစ်ခုက ၊ အဲဒီ သူတွေကို ပိုပြီး ဆိုးရွားတဲ့ အခြေအနေ တွေကိုပြောပြ ပြီး တုန့် ပြန် တတ်တယ် ။ အဲဒီ အကျင့် ကြောင့်လဲ အကြိမ်ကြိမ် လူမုန်းခံခဲ့ရတယ် ။

အလုပ်ရှင်က ဆူလိုက်လို့  မကျေမနပ် ဖြစ်နေတဲ့ သူငယ်ချင်းကို နင့်ကို ဆူပဲဆူလိုက်တာ ကံကောင်းတယ် အလုပ်ထုတ် လိုက်ရင် ပိုဆိုးမယ် ဆိုတာမျိုး ၊ ချော်လဲလို့  ဒူးကွဲပြီး နာကျင်နေတဲ့ သူငယ်ချင်းကို ဒူးကွဲတာ လောက်ပဲ ဖြစ်တာ ကံကောင်းတယ် ဒီထက်ဆိုးတာတွေ အများကြီး ငါမြင်ဖူးတယ် ဆိုတာမျိုး ကျွန်တော် တုန့် ပြန်တတ်တယ် ။ အဲဒီလို တုန့်  ပြန်တာကို တော်တော်များများက ကြားချင်မှာ မဟုတ်ဘူး ဆိုတာ သိတယ် ။ သူတို့  မမှား ဘူးလို့  ပြောတာမျိုး ၊ သူတို့  နဲ့  အတူ ခံစားရ ပါတယ် ဆိုတာမျိုး ပြန်ပြောတာကိုပဲ အားလုံး လိုလိုက ကြားချင် ကြတယ် ဆိုတာလဲ သိပါတယ် ။ ဒါပေမဲ့ တခါတခါ အကောင်းဖက်က လှည့်ပြီး ပြောပေးဖို့  မဖြစ်နိုင်တဲ့ အခါတွေ ရှိတယ် ။ တခါတခါ ပြောချင် ပေမဲ့ ပြောစရာ စကား ရှာမရတဲ့ အခါတွေ ရှိတယ် ။ ကျွန်တော့်ရဲ့  ရည်ရွယ်ချက်က သူတို့  လက်ရှိ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ထိုင်တွေးပြီး စိတ်ညစ် နေမဲ့ အစား ၊ ခဏလောက် လေးပဲ ဖြစ်ဖြစ် ငါ ဒီလောက်ပဲ ဖြစ်တာ ကံကောင်းတယ်ကွာလို့  သူတို့ ရဲ့  အမြင်တွေကို ပြောင်းပေးလိုက် စေချင်တယ် ။

အပေါ်က ရုပ်ရှင် အကြောင်း ပြန်ဆက်ရရင် ဇာတ်လမ်းဆုံး ခါနီးမှာ မင်းသားကြောင့် သူ့ အဖေ အဖမ်းခံ ရတယ် ။ သားဖြစ်တဲ့ သူက သူ့ အဖေနဲ့  ဘာမှမဆိုင်ကြောင်း ရဲတွေကို ငြင်းတယ် ။ ငိုပြီး တောင်းပန်နေတဲ့ သား နားမှာ ထိုင်ပြီး အဖေဖြစ်သူက ပြောတယ် ။ အဲဒီနေ့ က ကားနားမှာ မင်းကိုတွေ့ တဲ့ အချိန်ဟာ ငါ့ ဘ၀မှာ စိတ်မကောင်း အဖြစ်ရဆုံး အချိန်ပါတဲ့ ။ အဲဒီအချိန်မှာ ငါလုပ်ချင်တာ တစ်ခုပဲ ရှိတယ် ။ မင်းကို နာကျင်နေတာတွေ အားလုံး မေ့သွားအောင် လုပ်ပေး စေချင်တယ်တဲ့ ။ အဲဒီတော့မှ သူဘာလို့  သူ့ သားကို ရုတ်တရက် ရိုက်လိုက် တာလဲ ဆိုတဲ့ အကြောင်းမှန်ကို နားလည် လိုက်တယ် ။

အဲဒီလို တုန့် ပြန်တဲ့ ပုံက ရောဂါ တစ်ခုကို ဆေးမီးတိုနဲ့  ကုသ သလိုပါပဲ ၊ အချိန်တိုတိုနဲ့  ထိရောက်မှု ရှိသွားတဲ့ အခါလဲ ရှိတယ် ။ ခဏတာ အတွက်ပဲ အဆင်ပြေ သွားတဲ့ အခါတွေလဲ ရှိတယ် ။ ဘာပဲဖြစ်ဖြစ်ပါ သေချာတာ တစ်ခုက လက်ရှိ ခံစားနေရတာတွေကို သက်သာ သွားစေမယ် ၊ ခဏတာ မေ့သွား စေမယ် ဆိုတာတော့ သေချာတယ် ။ အဲဒါကြောင့် ကျွန်တော့်ရဲ့  ဘုကျကျနဲ့  တုန့်  ပြန် တတ်တဲ့ အဲဒီ အကျင့်ကိုလဲ ကိုယ့်ဘာသာ ကိုယ် “ဆေးမီးတို” လို့  နာမည် ပေးထားတယ် ။ ။

No comments:

Post a Comment