Sunday 20 November 2016

ယုံကြည်မှု ၂

ကျွန်တော် ၁၀ တန်း နှစ် တုန်းက တက်ခဲ့ ဖူးတဲ့ ရူပဗေဒ ကျူရှင် တစ်ခုက ဆူးလေ ဘုရား နားကပါ ။ ဘုရားတွေ နဲ့  ပတ်သက်ပြီး ဆရာ ပြောဖူးတဲ့ ဟာသ တစ်ခုကို “ငုတ်တုတ် ဗုဒ္ဓ“  ဆိုပြီး ကျွန်တော် post တစ်ခု ရေးဖူး ပါတယ် ။ ဆရာ က ဘိုးတော် မယ်တော် ကိုးကွယ် မှုတွေကို ပြင်းပြင်း ထန်ထန် ဝေဖန် တတ်တယ် ။ ဆရာ ပြောတာက ဘိုးတော် မယ်တော် ဆိုပြီး ကြည့်လိုက်ရင် အရက် ကြိုက်တဲ့ သူနဲ့  ၊ လောင်းကစား သမားနဲ့  ၊ ကြက်တိုက်တဲ့ သူနဲ့  ၊ သူတို့ ကို ကိုးကွယ်တဲ့ သူတွေက သူတို့ ကို ဆေးလိပ်တို့  ၊ အရက်တို့  ဆက်ရ တယ်တဲ့ ။ လေးစား  ကြည်ညို စရာတွေ တစ်ခုမှ မရှိ ဘူးတဲ့ ၊ ကိုးကွယ်ဖို့  မသင့်တဲ့ သူတွေတဲ့ ။

ယုံယုံ ကြည်ကြည်နဲ့  ကိုးကွယ်နေ ကြတဲ့ သူတွေကို မှားတယ် မှန်တယ်လို့  ကျွန်တော် ငြင်းခုန်မှာ မဟုတ် ပေမဲ့ ၊ ဆရာ ရည်ရွယ်ပြီး ပြောတဲ့ ဘိုးတော် မယ်တော် အချို့  အပေါ် ဆရာ့ရဲ့  အမြင်ကိုတော့ ကျွန်တော် ထောက်ခံတယ် ။ ကျွန်တော် ဘိုးတော်တွေ ၊ မယ်တော်တွေ တန်ခိုးရှင်တွေ ရှိတာကို ယုံကြည် ပါတယ် ။ ကြုံလို့  ဘိုးဘိုးကြီး နတ်နန်းတို့  ဘာတို့  မှာ ဦးချပြီး ဆုတောင်း လိုက်တာက လွဲရင် သီးသီး ခြားခြား တော့ ဘိုးတော် ၊ မယ်တော် တွေကို ထူးထူးထွေထွေ ကိုးကွယ် မှု မရှိပါဘူး ။  ဒါပေမဲ့လဲ မှတ်မှတ် ရရ အဖြစ် နှစ်ခု ကျွန်တော့်မှာ ရှိခဲ့ ဖူးတယ် ။

မြန်မာ ပြည်မှာ အခေါက်ရေ အများဆုံး ကျွန်တော် သွားခဲ့ ဖူးတဲ့ ခရီးက ကျိုက်ထီးရိုး ဘုရား ဖူးပါ ။ ကျိုက်ထီး ရိုး ဒေသဟာ တန်ခိုးကြီး ဘုရားတည်ရှိရာ ဒေသ ဖြစ်သလို ၊ နတ်ရိုးရာ ကိုးကွယ်မှု အားကောင်းတဲ့ ဒေသ တစ်ခု လဲ ဖြစ်ပါတယ် ။ မှတ်မှတ် ရရ အဖြစ် တစ်ခု ကတော့ သူငယ်ချင်း တစ်စုနဲ့  သွားဖြစ်ခဲ့တဲ့ ကျိုက်ထီးရိုး ခရီးတစ်ခု မှာပါ ။ ကျွန်တော်တို့  သူငယ်ချင်း တစ်စု ရသေ့တောင် ကို သွားမယ်ဆိုပြီး တည်းနေတဲ့ ထမင်းဆိုင် ကနေ ထွက်လာခဲ့ ကြတယ် ။ ဘုရား ရင်ပြင်တော် အကျော်လေး ရောက်တော့ တောလမ်းကနေ တက်လာတဲ့ ဘုန်းကြီး တစ်ပါးကို တွေ့  တယ် ။ ဒီတောလမ်းက ဘယ်ကို သွားတာလဲ ဘုန်းဘုန်း ဆိုပြီး မေးကြည့်တော့ ဘုန်းဘုန်း ကျောင်းက အဲဒီ အောက်နားလေးမှာတဲ့ ၊ ကျွန်တော်တို့ က ရသေ့တောင်ကို သွားမလို့  ဆိုတော့  ဒီလမ်းကနေ ရသေ့တောင်ကို သွားချင်လဲ ရတယ်  ပိုနီးတယ်တဲ့ ။ အဲဒါနဲ့ ပဲ ကျွန်တော်တို့  သူငယ်ချင်း တစ်စု ရသေ့တောင်ကို တောလမ်းက သွားဖို့  ဆုံးဖြတ်လိုက် ကြတယ် ။

မသွားခင်မှာ သူငယ်ချင်း တစ်ယောက်က ရွှေနန်းကျင် နတ်နန်းကို သွားချင်တယ် ၊ သူ့ အိမ်က မှာလိုက်တာလေး အရင် သွားလုပ်ချင်တယ် ဆိုတော့ ကျန်တဲ့ သူငယ်ချင်း တွေက တောလမ်းကို ဆင်းတဲ့ နေရာ နားမှာ စောင့်ကျန် ခဲ့ပြီး ကျွန်တော်ရယ် သူရယ် ရွှေနန်းကျင် နတ်နန်းကို ထွက်လာခဲ့တယ် ။ ကျွန်တော် မြင်သလောက် ကတော့ ရွှေနန်းကျင် နတ်နန်းကို လာတဲ့ သူအများစုက ကျန်းမာရေး အတွက် ဆုလာတောင်း ကြတာပါ ။ ခေါင်းကိုက် နေတဲ့ လူနာ အတွက် ရုပ်တုခေါင်းကို ကိုင်ပြီး ရောဂါ ပျောက်ကင်း အောင်  ဆုတောင်း ကြတယ် ။ ခြေလက် ဝေဒနာ တွေ အတွက် ခြေလက် တွေကို ကိုင်ပြီး ဆုတောင်း တတ်ကြတယ် ။ ကျွန်တော့် သူငယ်ချင်း ကလဲ သူ့ အိမ်ကမှာ လိုက်တဲ့ အတိုင်း  လှူစရာ ရှိတာလှူပြီး သူ့  အဖိုးရဲ့  ကျန်းမာရေးအတွက် ဆုလာတောင်း တာပါ ။ ကျွန်တော်လဲ သူနဲ့  အတူတူ လိုက်လာပြီးမှ ဘာဆုတောင်းရမှန်း မသိတာနဲ့  အခု တောလမ်းကနေ သွားမဲ့ ခရီးလမ်းမှာ ကျွန်တော်တို့  သူငယ်ချင်းတွေ အန္တရာယ် ကင်းပါစေ လို့  ပဲ ဆုတောင်း လိုက်တယ် ။

ကျွန်တော်တို့  အုပ်စု တောလမ်းထဲ စဆင်းပြီး ဘုန်းဘုန်းရဲ့  ကျောင်းကို ကျော်ပြီး မကြာခင်မှာပဲ မှားပြီး ဆိုတာ အားလုံး သိလိုက် ကြတယ် ။ လမ်းက လူအများ သွားလာ နေတဲ့ လမ်းမဟုတ် တဲ့ အတွက် တော်တော်လေး ကြမ်းပါတယ် ။ လမ်း ညွှန်တွေလဲ မရှိ သလို ၊ ကိုယ် သွားနေတဲ့ လမ်း နဲ့  ရောက်ချင်တဲ့ နေရာ မှန်နေ လား ၊ မှားနေလား ဆိုတာလဲ မသိနိုင် ပါဘူး ။ အချို့ နေရာ တွေက သွားသာ သွားနေကြတယ် လူသွား လမ်း ဟုတ်မဟုတ် တောင် မသေချာ ပါဘူး ။ တောင်ပေါ်ကို မော့ကြည့်လိုက် မှန်တယ်လို့  ထင်တဲ့ ဖက်ကို ရမ်းသန်းပြီး သွားလိုက်နဲ့  တောင်အောက်ကို မှန်းပြီး ဆင်းခဲ့ကြတယ် ။ တောင်အဆင်း လမ်းတွေက တော်တော်လေး မတ်တယ် ။ အဆင်းတုန်း ကတော့ သိပ် မပင်ပန်းပဲ ဆင်းနိုင် ခဲ့ကြပေမဲ့ နောက်ပြန်လှည့် ဖို့  ကြိုးစားတဲ့ အခါမှာတော့ ငါတို့  တော့ ကိုယ့် ဒုက္ခ ကိုယ်ရှာ မိပြီး ဆိုတာ သိလိုက် ကြတယ် ။ လာလမ်းအတိုင်း ပြန်တက်ဖို့  မလွယ် မှန်းသိလိုက် ကြတော့  ရှေ့ကိုသာ ဆက်ပြီး ဆင်းခဲ့ကြတယ် ။

တောင်အောက်ခြေကို အပေါ်က လှမ်းကြည့်တုန်း ကတော့ နီးနီးလေး လို့  ထင်ခဲ့ပေမဲ့ တကယ် တမ်း ဆင်းတော့ တောင်အောက်ခြေကို ရောက်နေပြီးလား ၊ အဆင်းလမ်းမှာ ပဲရှိနေသေးလား ၊ အခြားတောင် တစ်ခုကို ပြန်တက် နေပြီးလား မသေချာပဲ အတက်အဆင်း လမ်းတွေနဲ့ ပဲ တောထဲမှာ တော်တော် ကြာသွား ကြတယ် ။ ကိုယ်မှန်တယ် ထင်တဲ့ လမ်းဖက်ကို ရမ်းပြီး သွားနေ ကြရင်းနဲ့  ၂ နာရီလောက် သာကြာသွားတယ် ရသေ့တောင်နဲ့  ပိုပို ပြီးဝေးသွား သလို ဖြစ်နေတယ် ။ ကိုယ်ဘယ်နေရာ ရောက်နေမှန်း လဲ ဘယ်သူမှ မသိကြ သလို ၊ ကိုယ်သွားနေတဲ့ လမ်းက မှန်နေလား မှားနေလား ဆိုတာကိုလဲ ဘယ်သူမှ မသေချာ ကြဘူး ။ ကျိုက်ထီးရိုး တ၀ိုက်က တောင်တိုင်း လိုလိုမှာ ဘုရားတွေ ရှိတယ် ၊ ရသေ့တောင် နဲ့  လမ်းလွဲ နေရင်တောင် လမ်းဆုံးရင်တော့ ဘုရား တစ်ဆူဆူ ဒါမှမဟုတ် ဘုန်းကြီးကျောင်း တစ်ခုခုကိုတော့ ကျိန်းသေ တွေ့  လိမ့်မယ် ။ အဲဒီတော့မှ လမ်းမေးပြီး ပြန်မယ် ဆိုပြီး ရှေ့ဆက် ခဲ့ ကြတယ် ။

တောထဲမှာ လူတစ်ယောက်မှ မတွေ့ ခဲ့ ပေမဲ့ စမ်းချောင်း တစ်ခုနဲ့  ဆောက်လက်စ ဇရပ် သေးသေးလေး တစ်ခု ကိုတော့ တွေ့ ခဲ့တယ် ။ တော်တော်လေး ပင်ပန်း နေပြီး ဖြစ်တဲ့ ကျွန်တော်တို့  သူငယ်ချင်း တစ်စု တောထဲမှာ လမ်းမြင်တိုင်း လျှောက်သွားနေရင်းနဲ့  လမ်းဆုံ တစ်ခုကို ရောက်လာတယ် ။ အရင်လမ်းဆုံ တွေတုန်းက တောင်ပေါ်ကို မော့ကြည့်လိုက် ၊ လမ်းမှန် တယ်လို့  ထင်တဲ့ ဖက်ကို လွယ်လွယ်လေး ရွေးလိုက် လုပ်ခဲ့ ကြပေမဲ့ ဒီတစ်ခါတော့ အားလုံးလဲ ပင်ပန်းနေ ကြပြီးဖြစ်လို့  လမ်းမှား ရွေးမိ မှာကို ကြောက်နေ ကြတယ် ။ ကျွန်တော်က အကြွေစေ့ နဲ့  ပန်းခေါင်း လှန်ပြီး ရွေးမယ် ဆိုတော့ အားလုံး သဘောတူ ကြတယ် ။ အကြွေစေ့ မမြောက်ခင် ရွှေနန်းကျင် နတ်နန်းမှာ ဒီခရီး လမ်းအတွက် အန္တရယ် ကင်းဖို့  ဆုတောင်း ခဲ့တာကို သတိရ မိလို့  စိတ်ထဲကနေ ဒီတစ်ခါတော့ အနီးဆုံး လမ်းအမှန်ကို ရွေးမိပါစေ လို့  ဆုတောင်း ဖြစ်လိုက်တယ် ။

ကျွန်တော်တို့  ရွေးလိုက်တဲ့ လမ်းအတိုင်း သွားပြီး မကြာခင်မှာပဲ သစ်ခုတ်နေတဲ့ သူ ၂ ယောက်နဲ့  တွေ့  တယ် ။ လူအသွား အလာ မရှိသလောက် နည်းတဲ့ တောလမ်း အတိုင်း ထွက်လာတဲ့ ကျွန်တော်တို့  အုပ်စုကို ကြည့်ပြီး အံ့သြ နေကြတယ် ။ သူတို့  ကို မေးကြည့်တော့ ဒီလမ်း အတိုင်း ဆက်သွား ရင် ရသေ့တောင်ခြေ စခန်းကို ရောက်တယ် လို့  လမ်းညွှန် ပေးလိုက်တယ် ။ အဲဒီလို နဲ့ ပဲ  ပုံမှန် လမ်းအတိုင်း သွားရင် နာရီပိုင်း တောင် မကြာတဲ့ ရသေ့တောင်ခြေ စခန်းကို သွားတဲ့ ခရီးက ၊  နီးချင်လို့  လျှာရှည်ပြီး တောလမ်းက ဆင်းလာမိတဲ့ ကျွန်တော်တို့  သူငယ်ချင်းတွေ အတွက်တော့ တောထဲမှာ ၄ နာရီလောက် ကြာခဲ့တယ် ။

ညဖက် ရင်ပြင် ပေါ်မှာ ထိုင်နေကြရင်း နေ့ ခင်းက လမ်းမှားတဲ့ အကြောင်းတွေ ပြန်ပြော နေကြတာကို ကြားတော့ ကျွန်တော်တို့  ဘေးနားမှာ ထိုင်နေတဲ့ ဘုရားပေါ်က ၀န်ထမ်း ဖြစ်ပုံ ရတဲ့ လူကြီး တစ်ယောက်က မင်းတို့  ကံကောင်းတယ် ၊ လမ်းမှားပြီး အခန့်  မသင့်ရင် ဒီတောထဲမှာ ဖြတ်သွားတတ်တဲ့ လက်နက်ကိုင် အဖွဲ့ နဲ့  တွေ့ နိုင် တယ်တဲ့ ။ အဲဒီ အချိန်တုန်းက အစိုးရ နဲ့  ဘယ်လက်နက် ကိုင်အဖွဲ့ မှ ငြိမ်းချမ်းရေး ယူထားတာ မရှိ သေးတဲ့ ကာလပါ ။ သူပြော သလို အဖွဲ့  နဲ့  တောထဲမှာ ဆုံမိခဲ့ ရင် ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင် သလို ၊ ပန်းခေါင်း မြှောက် တုန်းကသာ အခြား လမ်း တစ်ဖက်ကို ရွေးမိခဲ့ ရင်လဲ ကျွန်တော်တို့ တွေ တောထဲမှာ ဘယ်လောက် ထပ် ကြာပြီး ဘယ်နေရာကို ရောက်သွားမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါ ။

ကျွန်တော်တို့  အဲဒီနေ့ က ကံကောင်းခဲ့ ကြတယ် ။ လိုရာ အရပ်ကို အန္တရာယ် ကင်းကင်းနဲ့  ရောက်ခဲ့ ကြတယ် ။ တွေ့ ကရာ စမ်းချောင်းထဲ က ရေတွေ အလွယ် တကူ ခပ်သောက်ခဲ့ ကြပေမဲ့လဲ ရောဂါ ကင်းခဲ့ ကြတယ် ။ ပန်းခေါင်း လှန်ပြီး ရွေးချယ် ခဲ့တဲ့ လမ်းကလဲ လမ်းအမှန် ဖြစ်ခဲ့တယ် ။ အဖြစ် အပျက် အားလုံးက တိုက်ဆိုင် မှု သက်သက် တွေပဲ ဖြစ် ချင်လဲ ဖြစ်မယ် ၊ ကျွန်တော် ဆုတောင်း မိတဲ့ နတ်တွေပဲ ဖြစ်ဖြစ် ၊ အခြား သူတော်စင် တွေကပဲ ဖြစ်ဖြစ် ကျွန်တော် တို့ ကို အန္တရယ် ကင်းအောင် ကြည့်ရှု ပေးခဲ့ တာလဲ ဖြစ်ချင် ဖြစ်မယ် ၊ ဘယ်ကြောင့် ဆိုတာ ဘယ်သူမှ သေချာ မပြော နိုင်ပေမဲ့ အဲဒီ နေ့ က နတ်ရိုးရာ တွေကို ကိုးကွယ်မှု မရှိတဲ့ ကျွန်တော် တောင်းခဲ့တဲ့ ဆု ၂ ခုနဲ့  တိုက်တိုက် ဆိုင်ဆိုင်ပဲ ကျွန်တော်တို့  သူငယ်ချင်းတစ်စု အန္တရာယ် ကင်း ခဲ့ ကြတယ် ။ ပန်းခေါင်း လှန်ပြီး ရွေးချယ်ခဲ့ တဲ့ လမ်းကလဲ ရသေ့ တောင်ခြေကို သွားတဲ့  လမ်းအမှန် ဖြစ်နေ ခဲ့တယ် ။ ။

နောက်ထပ် မှတ်မှတ်ရရ အဖြစ် တစ်ခုကတော့ ကျွန်တော် ၁၀ တန်းဖြေပြီး ခါစ အချိန် တုန်းကပါ ။ ကျွန်တော် ၁၀ တန်း စာမေးပွဲ ဖြေတုန်းက နေ့ တိုင်း လိုလို သေချာ မဖြေနိုင်ခဲ့ဘူး ။ နောက်ဆုံး ရက်ဖြေပြီး စာမေးပွဲ ခန်းထဲက ပြန်ထွက်လာတဲ့ ကျွန်တော့် မျက်နှာက မငိုရုံ တမယ်ဖြစ်နေတယ် လို့ တောင် သူငယ်ချင်း အချို့  ကပြောပြတယ် ။ မဖြေနိုင်တာမှ တရက်ထဲ မကတော့ အောင်မှာလား ၊ ကျမှာလား ဆိုတာတောင် ကိုယ့်ဘာသာ ကိုယ် မသေချာ ဖြစ်နေတဲ့ အချိန်ပါ ။

စာမေးပွဲ ပြီးကာစ ရက်ပိုင်း အလွန်ပဲ ရှိအုံးမယ် စာမေးပွဲ အတွက် စိတ်ညစ်နေလို့  သူငယ်ချင်း တစ်ယောက်နဲ့  ဘုရားသွားဖို့  အိမ်ရှေ့  နားမှာ သူငယ်ချင်းကို ရပ်စောင့်နေတုန်း ယောဂီ ၀တ်စုံနဲ့  ပိုက်ဆံ လိုက် တောင်းတတ်တဲ့ အသက် ခပ်ကြီးကြီး အဒေါ်ကြီး တစ်ယောက် ကျွန်တော် ရပ်နေတဲ့ ဖက်ကို ပလက်ဖောင်း အတိုင်း လျှောက်လာ နေတာ သတိထား လိုက်မိတယ် ။ ကျွန်တော်တို့  လမ်းထဲ ကနေ သူ ဖြတ်သွားတာ ခဏခဏ ကျွန်တော် မြင်ဖူးပါတယ် ။ လက်ဖက်ရည် ဆိုင်ထိုင်နေ ရင်းလဲ သူပိုက်ဆံ လိုက်တောင်း နေတာ ခဏခဏ ကျွန်တော် တွေ့ ဖူးတယ် ။ လက်ဖက်ဆိုင် ထိုင်နေတုန်း သူလာတောင်းရင် အမြဲ တမ်း မဟုတ် ပေမဲ့ ကျွန်တော် ပေးဖူးတဲ့ အခါတွေ ရှိပါတယ် ။ လူတွေက ပိုက်ဆံ ပေးပေး မပေးပေး သူကတော့ တောင်းပြီးတိုင်း ဆုပေးတတ်တယ် ။ သူကျွန်တော့်နား ရောက်လာတော့ အိပ်ကပ်ထဲက ပိုက်ဆံ အချို့ ကို နှိုက်ပြီး လှမ်းပေးမိတယ် ။ ဒီနေ့ တော့ ထူးထူးခြားခြား အရင်တုန်း ကလို ဆုတောင်းမပေးပဲ ကျွန်တော့် မျက်နှာ ကို ကြည့်ပြီး သား စားမေးပွဲ မဖြေနိုင်လို့  စိတ်ညစ်နေ တာလား လို့  ကျွန်တော့်ကို မေးတယ် ။

သူ့  အမေးကို အံ့သြ နေတဲ့ ကျွန်တော် ဘာမှ ပြန်မဖြေ ခင်မှာပဲ သူက ဆက်ပြောတယ် ၊ သူရဿတီ မယ်တော် ကို သိလားတဲ့  ။ ကျွန်တော်က မသိဘူး ဆိုတော့ သူရဿတီ မယ်တော်ရဲ့  နတ်နန်း ဗိုလ်တစ်ထောင် ဘုရားမှာ ရှိတယ်တဲ့ ။ သားသွားပြီး စာမေးပွဲ အတွက် ဆုတောင်းလိုက် ဆုတောင်း ပြည့်လိမ့် မယ် စိတ်ညစ်မနေ နဲ့ တဲ့ ။ အံ့သြနေတဲ့ ကျွန်တော် ဘာမှ ပြန်မပြော ရသေး ခင်မှာပဲ ကျွန်တော့် နားကနေ သူ ဆက်လျှောက် သွားတယ် ။

၁၀ တန်း စာမေးပွဲ တွေ ပြီးကာစ အချိန်မှာ မျက်နှာ ပျက်နေတဲ့ ၁၀ တန်းကျောင်းသား အရွယ် ကျွန်တော်ကို စာမေးပွဲ မဖြေနိုင် လို့  စိတ်ညစ်နေတာ ဖြစ်မယ်လို့  ခန့် မှန်းပြီး သူ ပြော ခဲ့ တာ ဖြစ်နိုင် ပေမဲ့ ကျွန်တော်ကို အံ့သြ စေခဲ့တာက ၁၀ တန်း စာမေးပွဲ ဖြေရတဲ့ အချိန်က အခြား အတန်း စာမေးပွဲတွေ ထက် နောက်ကျတယ် ။ ကျွန်တော့် အရွယ်က အထက်တန်း ကျောင်းသား အရွယ် ဆိုပေမဲ့ ၁၀တန်း ကျောင်းသား မဟုတ်ပဲ အခြား အတန်း တွေကလဲ ဖြစ်နိုင်တယ် ။ အဲဒီ အချိန်မှာ ကျွန်တော် မျက်နှာ မကောင်းဖြစ် နေရတဲ့ အကြောင်းရင်းကလဲ စာမေးပွဲ ကြောင့်မဟုတ်ပဲ အခြားအကြောင်း အများကြီးကြောင့် ဖြစ်နိုင်တယ် ။ ဒါပေမဲ့ သူပြောတာတွေ အားလုံး ထူးထူးခြားခြား တိုက်ဆိုင် နေခဲ့တယ် ။

စာမေးပွဲ မဖြေနိုင်လို့  စိတ်မကောင်း ဖြစ်နေတာလား ဆိုတဲ့ သူ့ အမေးကို ဟုတ်တယ် မဟုတ်ဘူး ကျွန်တော် ပြန် မဖြေခဲ့ ပေမဲ့ သူရဿတီ မယ်တော် အကြောင်းနဲ့  စာမေးပွဲ အတွက် သွားပြီး ဆုတောင်း လိုက်ဖို့  သူဆက်ပြောခဲ့တယ် ။ အဆင်ပြေ သွားမှာ ဖြစ်တဲ့ အတွက် ဆက်ပြီး စိတ်ညစ် မနေဖို့  လဲ သူပြော ခဲ့တယ် ။ ဗိုလ်တစ်ထောင် ဘုရားကို အကြိမ်ကြိမ် ကျွန်တော် သွားဖူး ခဲ့ပေမဲ့ သူရဿတီ မယ်တော် နတ်နန်းကို အရင်က တစ်ခါမှ ကျွန်တော် မသွားခဲ့ ဖူးဘူး ။ အဲဒီ တိုက်ဆိုင်မှု ဖြစ်ပြီးတော့ စာမေးပွဲ အတွက် တစ်ကြိမ်ထက် မက ကျွန်တော် သွား ဆုတောင်း ဖြစ်ခဲ့တယ် ။

အောင်စာရင်း တွေထွက်လာတော့ ကျွန်တော် အောင်ပါတယ် ။ နောက်ဆုံးနေ့ မှာ ကျွန်တော် ငိုမလို ဖြစ်နေတယ် လို့  ပြောတဲ့ သူငယ်ချင်း ကတောင် ဖြေနိုင်ရဲ့ နဲ့ ငိုမလို လုပ် နေရသေးတယ် လို့ နောက် နေသေးတယ် ။ အမှတ် စာရင်းတွေ ရတော့ ဘာသာ တော်တော် များများ က ၄၀ ကျော် ရုံလေးတွေနဲ့  ကျွန်တော် အမှတ် မမှားရင် ၄၀ နဲ့ တောင် တစ်ဘာသာ ပါမယ် ထင်တယ် ။ ကျွန်တော် ရတဲ့ အမှတ် စာရင်းကို ကြည့်ပြီး သူရဿတီ မယ်တော် အကြောင်း ပြောခဲ့တဲ့ အဒေါ်ကြီးနဲ့  တိုက်ဆိုင်မှုကို အမှတ်ရခဲ့ဖူးတယ် ။ ။       

No comments:

Post a Comment