Thursday 12 February 2015

ဖြစ်တော့ ဖြစ်မယ် ကြာဦးမယ်

Blog မှာလဲ post အသစ် မတင်ဖြစ်တာ ၃ နှစ် လောက်ရှိသွားပြီး ။ ရေးချင် တာတွေတော့ အများကြီး ရှိပါတယ် ၊ စာရေးချင်စိတ် မရှိလို့  မရေးဖြစ်တာပါ ။ ဒီကြားထဲ ရန်ကုန် တစ်ခေါက် ပြန်ဖြစ်သေးတယ် ။

မြန်မာပြည် ကို ပထမ တစ်ခေါက် ပြန်တုန်းက အဓိက သတိထား မိတာ တစ်ခုက လူတွေ အားလုံး လိုလိုဟာ ခြောက်ကပ်ကပ်နဲ့  အသက်မပါတဲ့ စက်ရုပ်တွေလို လှုပ်ရှုားနေကြတယ် ။ အတွင်းစိတ်တွေရဲ့  ခံစားမှုတွေကို လှမ်းမြင်နိုင်တဲ့ မျက်နှာတွေကို အထူးတလည် အားစိုက် စရာမလိုပဲ ကျင့်သားရနေ ကြပြီး ဖြစ်တဲ့ ဟန်ဆောင် အပြုံး ၊ တာဝန်ကြေ အပြုံး တွေနဲ့  ကာထားကြတယ် ။ ဖုံးကွယ် ထားလို့  မရတဲ့ မျက်လုံးတွေ ကတော့ အရာရာကို ယုံကြည်မှုတွေ ကင်းမဲ့ပြီး သံသယ တွေနဲ့  ပြည့်လို့ နေတယ် ။ ရွေးချယ်မှုကြောင့် မဟုတ်ပဲ ငြင်းပယ် ရှောင်လွှဲလို့  မရတဲ့ တာဝန်တွေကြောင့် အားလုံးလိုလိုရဲ့  ပုခုံးတွေ ပေါ်မှာ ကိုယ်ထမ်းနိုင်တဲ့ အလေးချိန်ထက် ပိုတဲ့ ဝန်ထုပ် ဝန်ပိုး ကိုယ်စီတွေနဲ့  ။

၉၉% လို့  ခေါ်တဲ့ လူတန်းစားမှာ ဘဝအတွက် အနာဂတ် ဆိုတာ မရှိဘူး ၊ ဒီနေ့ နဲ့  မနက်ဖြန်ပဲ ရှိတယ် ။ ဒီနေ့  ဘယ်လို ကုန်ဆုံးမှာလဲ ဆိုတဲ့  အပေါ်မှာ မူတည်ပြီး မနက်ဖြန်ကို ဘယ်လို ဖြတ်သန်း ရမလဲ ဆိုတာကို ပြင်ဆင်ကြ ရတယ် ။ ဦးနှောက်ဆေး ခံထားရတာလား ၊ အရာ အားလုံးကို လက်လျှော့ ထားလိုက် ကြတာလားတော့ မသိဘူး ၊ ကြည့်နေတဲ့ ကိုးရီးယား ဇာတ်လမ်း တွဲလေး အဆက်မပြတ် သွားဖို့  ၊ ဘော်လုံးပွဲတွေမှာ ဘယ်အသင်းက နိုင်မလဲ ဆိုတာ ခန့် မှန်း နိုင်ဖို့  နဲ့  ဘီယာ မှန်မှန် ဝယ်သောက် နိုင်ဖို့  က သူတို့  အတွက် အားလုံးထက် အရေးကြီးတယ် ။

နိုင်ငံမှာ ပြောင်းလဲမှုတွေ စနေပြီး ဆိုပေမဲ့လဲ ကိုယ်တိုင် ဆုံးဖြတ်ချက် ချဖို့  ထက် အသားကျ နေပြီးဖြစ်တဲ့ ခိုင်းလာမှ လုပ်တတ်တဲ့ အကျင့်တွေနဲ့  အထက် အဆင့်ဆင့်က ခိုင်းလာမှာကို ထိုင်စောင့်နေ ကြတယ် ။ ကိုယ်တိုင် ဦးဆောင်သူ ဖြစ်အောင် ကြိုးစားဖို့ ထက် ဦးဆောင်ပေးမဲ့သူ ပေါ်လာမဲ့ အချိန်ကို ထိုင်စောင့် နေကြတယ် ။ လူတိုင်းမှာ နေရာတိုင်းမှာ သံသယ တွေနဲ့  ။ ဒါတွေက ပထမ တစ်ခေါက်ပြန် တုန်းက အတွေ့ အကြုံတွေပါ ။

၂ နှစ်ကြာပြီး ဒုတိယ အခေါက်ပြန်တော့ လူငယ်ပိုင်း အတွင်းက ထူးထူး ခြားခြား အပြောင်းအလဲ တစ်ခုကို အဓိက သတိထား မိတယ် ။ လူငယ် တော်တော် များများရဲ့  မျက်နှာတွေ ပေါ်မှာ အပြုံး ကိုယ်စီနဲ့  ။ ဒါပေမဲ့ သူတို့  ကိုယ်တိုင် က လွဲပြီး ဘယ်သူမှ နားမလည် တဲ့အပြုံး ၊ အိပ်မက်အပြုံး ၊ အိပ်ပျော်နေတဲ့ သူတွေ ပြုံး တတ်တဲ့ အပြုံးမျိုး ကိုယ်စီနဲ့  ။ ဘယ်နေရာ သွားသွား Virtual world တွေထဲမှာ အိပ်ပျော် နေကြတဲ့ လူငယ်တွေကို တွေ့ ရ လိမ့်မယ် ။ သူတို့  အတွက်က ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာ တွေထက် မျက်နှာနဲ့  မခွာဘဲ အမြဲတမ်း ကပ်ထားတဲ့ mobile phone တွေ ဘက်ထရီ ကုန်မသွားဖို့  က ပိုပြီးအရေး ကြီးတယ် ။ သူတို့ တွေ အတွက် mobile signal/WiFi signal ဟာ oxygen ထက် ပိုပြီး တန်ဖိုး ရှိတယ် ။ Internet ကိုသာ အသက်မရှုဘဲနဲ့  နေတဲ့ မိနစ်အတိုင်း အလကား ပေးသုံးမယ် ဆိုရင် အသက်ရှုတာကို အတတ်နိုင်ဆုံး လျှော့ချကြမှာ သေချာတယ် ။

ကိုးရီးယား ဇာတ်လမ်းတွဲ ၊ ဘော်လုံးပွဲ နဲ့  ဘီယာတွေ ကလဲ အရင်အတိုင်းပဲ ပေါ်ပြူလာ ဖြစ်နေဆဲ ပါပဲ ။ အခြေခံ လူတန်းစား တွေရဲ့ ဘဝတွေ ကတော့ အရင်အခြေအနေ အတိုင်း မနက်ဖြန်ကို ဘယ်လို ဖြတ်သန်း ရမလဲ ဆိုတာ ဒီနေ့ အပေါ်မှာ မူတည်နေတုန်း ပါပဲ ။ လူလတ်တန်းစားတွေ ကြားထဲမှာတော့ နိုင်ငံခြားကို အလည်သွား မယ်ဆိုတာမျိုးတွေ ကြားလာရတယ် ။

ရေပန်း အစားဆုံး စကားက “ခေတ်ပြောင်းသွားပြီး” ဆိုတာ ဖြစ်မယ် ။ နေရာတိုင်းမှာ ကြားရလိမ့်မယ် ။ ပြောင်းသွားပြီးလို့  ပြောနေကြ ပေမဲ့ ဘယ်လိုပြောင်း ရမှန်း မသိတာတွေ နေရာတိုင်းမှာ တွေ့ နေရတယ် ။ ကိုယ်တိုင် ပြောင်းလဲမှုနဲ့  အတူ လိုက်ပြောင်းဖို့  တွန့် ဆုတ် နေကြတာတွေကို နေရာတိုင်းမှာ တွေ့ နေရတယ် ။ ကိုယ်တိုင် ဆုံးဖြတ်နိုင် ပြီးဆိုပေမဲ့ ဘယ်လိုဆုံးဖြတ် ရမှန်းမသိ တွေဝေ နေကြတယ် ။ ခိုင်းမှ လုပ်ရမဲ့ အခြေအနေ မဟုတ်တော့ဘူး ဆိုတာ သိပေမဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ် ။ အတွေး အခေါ် ဟောင်းတွေ အမြင်ဟောင်းတွေကို ဆုပ်ကိုင် ထားကြ ဆဲဆိုတာ ကိုလဲ နေရာတော်တော် များများမှာ တွေ့ နေရတယ် ။ အမှန် တရားထက် ငါ့လူထိ ဓားကြည့် ဆိုတဲ့ စနစ်ကလဲ လွှမ်းမိုးနေ တုန်းပဲ ။

ပြောင်းလဲဖို့  လိုတယ်ဆိုတာကို သဘောတူကြ ပေမဲ့ မှားခဲ့တယ် ဆိုတာကို လက်မခံ နိုင်ဖြစ်နေ ကြတယ် ။ ငါအယူအဆနဲ့  မတူသူ ၊ ငါ့ဖက် မပါ သူဟာ ငါ့ရန်သူ ဆိုပြီး ညီညွတ်ကြ ရမဲ့ အခြေအနေမှာ သွေးကွဲနေကြတယ် ။ တန်းတူညီမျှတဲ့ အခွင့်အရေး နဲ့  လွတ်လပ်မှု ဆိုတာကို ကိုယ်လိုသလို အဓိပ္ပါယ် ဖွင့်နေကြတယ် ။ ရှေ့ က ခေါင်းဆောင်ပြီး အော်ပေးမဲ့သူ ရှိရင် မှန်တာလဲမသိ ၊ မှားတာလဲ မသိ ထလုပ်ကြတယ် ။ လက်ညှိုးထိုး စရာ ရှိရင် အရင်တုန်းကတော့ တဖက်ထဲကို ဝိုင်းထိုး ကြပေမဲ့  အခုတော့ ကိုယ့်ဖက် မပါတဲ့ လူတိုင်းကို လှည့်ထိုးတယ် ။ ဘာသာရေးနဲ့  နိုင်ငံရေး ရောထွေးနေ ကြတယ် ။

လူတော်တော် များများက ပြောင်းလဲမှု ကြီးဖြစ်လာမှာကို ထိုင်စောင့် နေကြတယ် ။ စနစ်ပြောင်း သွားရင် အားလုံးပြောင်း သွားလိမ့် မယ်လို့ ထင်နေကြတယ် ။ မိမိတို့ ရဲ့  စိတ်ဓာတ်ဟောင်းတွေ ၊ အတွေးအခေါ်ဟောင်းတွေ ၊ အမြင်ဟောင်းတွေကို မပြောင်းလဲပဲ စနစ်တခုထဲကို ပြောင်းလဲဖို့  ကြိုးစားနေကြတယ် ။

ပြောင်းလဲမှုတွေ ကတော့ အနှေးနဲ့  အမြန်ပဲ ကွာမယ် ဖြစ်လာမှာတော့ သေချာတယ် ။ ဒါပေမဲ့ လက်ရှိ အခြေအနေက ပြောင်းလဲဖို့  ကြိုးစားနေဆဲပဲ ရှိပါသေးတယ် ။ ဦးတည်ရမဲ့ လမ်းကို သဘောတူဖို့  အတွက် အခုမှ ညှို့ နှိုင်းနေ ကြဆဲပဲ ရှိပါသေးတယ် ။ အခုမှ လမ်းရှာ တုန်း အခြေအနေပါ ။ ပန်းတိုင်ရောက်ဖို့  ဆိုတာ ကြာဦးမှာပါ ။ ။

No comments:

Post a Comment