Tuesday 15 September 2015

ကုဋေ ရှစ်ဆယ် သူဌေးသားများ နိုင်ငံ

ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်းကို ကျွန်တော်တို့  တွေ ငယ်ငယ်လေး ထဲက သင်ခဲ့ ကြဖူးတယ် ။ ငယ်စဉ်က ပညာ မသင်ခဲ့လို့  မိဘတွေ ဆုံးသွားတော့ သူများတွေ လိမ်ညာတာ ခံရပြီး ဆင်းရဲသွားတဲ့ သူဌေးသား လေးအကြောင်း ကျွန်တော်တို့  တွေအားလုံး ကြားဖူးခဲ့ ကြတယ် ။ တသက်လုံး သုံးမကုန် အောင် စည်းစိမ်တွေ ရှိရဲ့ နဲ့  ခွက်လက်ဆွဲပြီး တောင်းစားရတဲ့ ဘဝကို ရောက်ခဲ့ ရတဲ့ သူဌေးသားလေး အကြောင်းဟာ ကျွန်တော်တို့  တွေ အတွက် ပညာတတ် ဖြစ်အောင် ကြိုးစားဖို့  သင်ခန်းစာ ယူစရာ နမူနာ တစ်ခု ဖြစ်ခဲ့တယ် ။

ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်း နဲ့  ပတ်သက်ပြီး ကျွန်တော့် ဘဝမှာ အမှတ်တရ အဖြစ် ၂ ခု ရှိခဲ့တယ် ။ ဒီ post ရေး ဖြစ်တာ ကတော့ လွန်ခဲ့တဲ့ ၁၇ နှစ် ကျော် လောက်က ပထမ အမှတ်တရ အဖြစ် လေးကြောင့် ရေးဖြစ်တာပါ ။ ကျွန်တော့် အတွက် အဲဒီ အမှတ်တရ အဖြစ်အပျက် လေးကတော့ တာရာမင်းဝေ ရဲ့  လုံးချင်း ဝတ္ထု တစ်အုပ်ဖတ်မိ တာကနေ စခဲ့ တာပါ ။ လုံးချင်း ဝတ္ထုရဲ့  နာမည်ကို ကျွန်တော်မမှတ် မိတော့သလို ၊ ဖတ်မိတဲ့ စာသား အတိအကျ ကိုလဲ ကျွန်တော် မမှတ်မိတော့ ပါဘူး ။

ကျွန်တော် မှတ်မိတာကတော့ အဲဒီ စာအုပ် ဖတ်ပြီးတော့ ကျွန်တော် ငယ်ငယ် လေးထဲက အကြိမ်ပေါင်း များစွာ ကြားဖူးခဲ့တဲ့ ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်းကနေပြီး ပညာတတ် ဖြစ်အောင် ကြိုးစားဖို့  အပြင် အရင်တုန်းက သတိမပြု မိခဲ့တဲ့ အခြား သင်ခန်းစာ ယူစရာ တွေ အများကြီး ရှိနေတယ် ဆိုတာကို တွေ့ ခဲ့ရတယ် ။

ဝတ္ထု ထဲမှာတော့ ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်း ထဲကနေပြီး ကျွန်တော် အရင်က တစ်ခါမှ သတိမထားမိ ခဲ့တဲ့ အချက် ၂ ချက်ကို ခပ်တိုတို လေးပဲ ရေးထားတာ ဖြစ်ပေမဲ့ အဲဒီ စာကြောင်း တိုတို လေးတွေက ကျွန်တော့်ကို တွေးစရာတွေ ၊ သင်ခန်းစာ ယူစရာတွေ အများကြီး ပေးခဲ့တယ် ။

ပထမ အချက်က ကုဋေ ရှစ်ဆယ် သူဌေးသားဟာ ပညာကို မသင်ချင်ခဲ့ဘူး ဆိုပေမဲ့ သူ ပညာမသင် ဖြစ်ခဲ့တာ သူတစ်ယောက် ထဲရဲ့  အပြစ်လား ။ အခြား သူတွေမှာ လုံးဝ တာဝန် မရှိတော့ဘူးလား ။ သူ့ ရဲ့  အုပ်ထိန်းသူတွေ ကရော တာဝန် ကျေခဲ့ ကြရဲ့  လား ။

ဒုတိယ အချက်က သူပိုင်ဆိုင် သမျှ အားလုံး လူလိမ် ခံရပြီး ဆင်းရဲ သွားပေမဲ့ ဘာမှ လုပ်မစား တတ်တဲ့ သူဌေးသားဟောင်းက ခိုးမစားဘူး ၊ လုမစားဘူး ။ ရိုးရိုးသားသား ခွက်လက် စွဲပြီး တောင်းစားတယ် ။ အဲဒါကို နင်သာ လူမိုက် ဒုစရိုက် ဆိုပြီး ဝိုင်းဝန်း ရိုက်နှက် လှောင်ပြောင် ကြတယ် ။ တကယ့် ဒုစရိုက် သမား အစစ်တွေက ဘယ်သူတွေလဲ ။ သူညံ့လို့  သူခံရတယ် ဆိုပေမဲ့ သူ့ ကို လိမ်ညာစားခဲ့ ကြတဲ့ သူတွေ မှာအပြစ် လုံးဝ မရှိတော့ ဘူးလား ။

လက်ရှိ ကျွန်တော်တို့  နိုင်ငံဟာ ကုဋေ ရှစ်ဆယ် သူဌေးသားတွေ နေတဲ့ နိုင်ငံပါ ။ အပေါ်က အချက် ၂ ချက်မှာ ပါတဲ့ မေးခွန်း ထုတ်စရာ လက်တဆုပ်စာ လူနည်းစု ကလွဲပြီး မြန်မာနိုင်ငံက ပြည်သူတွေ အားလုံးဟာ တကယ့် ကုဋေ ရှစ်ဆယ် သူဌေးသားတွေပါ ။ ကျွန်တော် တို့ တွေဟာ ပညာ မတတ် သူတွေနဲ့  ၊ ပညာ မရှိ သူတွေပါ ။ အလွတ်ကျက် စနစ်နဲ့ သင်ခဲ့ရတဲ့ ပညာ တော်တော် များများက ဘယ်နေရာမှာမှ သုံးလို့  မရဘူး ။ လက်တွေ့ မှာ တကယ် အသုံးပြုလို့  ရတဲ့ ဘာသာရပ်ကို လက်ချိုး ရီရင် လက် တစ်ဖက်မှာ ရှိတဲ့ လက်ချောင်းတွေ မပြည့်ဘူး ။ ရထားတဲ့ ဘွဲ့ လက်မှတ်ကို ဘယ်သူမှ အသိအမှတ် မပြုတော့ ပညာတွေ သင်ပြီး ပညာမရှိ သူတွေ ဖြစ်နေ ကြရတယ် ။ သင်ထားတဲ့ ပညာတွေ သုံးမရတာ ၊ ရထားတဲ့ ဘွဲ့  လက်မှတ်တွေ အသိအမှတ် အပြုမခံ ရတာတွေကြောင့် ပညာတွေ သင်ခဲ့ပေမဲ့ ပညာမရှိ သူတွေဖြစ်ပြီး ပြည်တွင်း ပြည်ပမှာ ရရာအလုပ်နဲ့  ကျွန်သာသာ ရုန်းကန် နေကြရတယ် ။

အခုလက်ရှိ မျိုးဆက် အခြေအနေ ကတော့ အဲဒီလို ပညာရေး ကိုတောင် မသင်နိုင်တဲ့ သူတွေ များများလာတယ် ။ အခြေအနေ အမျိုးမျိုးကြောင့် ပညာမသင်နိုင်ပဲ ကြုံရာ ကျပန်း အလုပ် လုပ်နေကြရတဲ့ မျိုးဆက်သစ် ကလေးငယ် တွေများများ လာတယ် ။ ကျွန်တော်တို့  နိုင်ငံမှာ မျိုးဆက်ပေါင်းများစွာ ပညာမသင် နိုင်တာ ၊ ပညာတွေ သင်ပြီး ပညာမရှိ သူတွေ ဖြစ်နေရ တာတွေနဲ့  ပတ်သက်ပြီး ဘယ်တာဝန် ရှိသူကမှ ၊ ဘယ်တုန်းကမှ တာဝန်ခံ ခဲ့တာမရှိဘူး ။ အပြစ်တွေ အားလုံး အတွက် ကျွန်တော်တို့  ပဲ ပြန် လက်ညှိုးအထိုး ခံရတယ် ။

ကျွန်တော်တို့  တွေ အားလုံးဟာ နောင်မျိုးဆက် များစွာထိ စားမကုန်အောင် ချမ်းသာ ကြတယ် ။ ကျွန်တော်တို့  နိုင်ငံမှာ မြေပေါ် မြေအောက် သဘာဝ သယံဇာတတွေ အများကြီး ရှိတယ် ။ ရေထွက် ကုန် ပစ္စည်း ၊ စိုက်ပျိုး ရေးထွက် ကုန် ပစ္စည်း တွေကလဲ ပြည်ပ ကို တင်ပို့  နိုင်လောက်တဲ့ အထိ ပေါများတယ် ။ ဒါပေမဲ့ ကျွန်တော်တို့  တွေရဲ့  ပိုင်ဆိုင်မှုတွေကို လူတစ်စုက လက်ဝါးကြီး အုပ်ပြီး နည်းမျိုးစုံ နဲ့  သူတို့  ပိုင်ဖြစ်အောင် လုပ်နေကြတယ် ။ သူတို့  တတွေ တစ်နေ့  ထက် တစ်နေ့  ပိုပို ချမ်းသာနေ ကြပေမဲ့ ကျွန်တော်တို့ တွေ ကတော့ တစ်နေ့  ထက် တစ်နေ့  ပိုပို ဆင်းရဲလာတယ် ။ ရိုးရိုး သားသား ၊ ကြိုးကြိုး စားစား ရုန်းကန် ရင်းနဲ့  တစ်နေ့ စာ ဝမ်းစာအတွက် အဆင်ပြေတဲ့ လုပ်အားခ နှုန်း တွေရဖို့  အတွက်တောင် တောင်းပန် နေကြရတဲ့ အခြေအနေ မှာ ကျွန်တော်တို့  တတွေသာ လူမိုက်တွေ ၊ ဒုစရိုက် သမားတွေလို့  အပြစ်ပြော ခံ နေ ကြရတယ် ။

မကြာတော့တဲ့ အချိန်မှာ ကျွန်တော်တို့  ပြတ်ပြတ် သားသား ဆုံးဖြတ်ရမှာ ရှိတယ် ။ တာဝန် မခံရဲတဲ့ ၊ တာဝန် ကျေပွန်အောင် မလုပ်နိုင်တဲ့ တာဝန်ရှိ သူတွေက အပြစ်ရှိ သမျှ ကျွန်တော် တို့ ကို လက်ညှိုးထိုး ပြီး အ ပြစ် ပုံချနေတာကို ဆက်ခံနေ မှာလား ၊ အဲဒီ သူတွေကို တာဝန်ခံ ရဲတဲ့ ၊ တာဝန် ကျေပွန်အောင် လုပ်နိုင်တဲ့ သူတွေနဲ့  အစားထိုး မှာလား ? လူလိမ်တွေက ချမ်းသာပြီး ၊ ကျွန်တော်တို့  ကုဋေ ရှစ်ဆယ် သူဌေးသား တွေက ဝမ်းစာအတွက် တောင်းရမ်း စားသောက် နေရတဲ့ ဒီ အခြေအနေ အတိုင်း ဆက်သွားမှာလား ၊ ဒီ စနစ် ကြီးကို ပြောင်းလဲ ဖို့  ကြိုးစားမှာလား ?

မကြာခင် ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ကိုယ့် ဆုံးဖြတ်ချက် ကို အကောင် အထည် ဖော်ပေး နိုင်တဲ့ ပါတီကို ရွေးချယ် ပါ ။ မဲ ပေး ကြ ပါ ။ ။

No comments:

Post a Comment