Einsatzgruppen ဆိုတာ ဒုတိယ ကမ္ဘာစစ် မတိုင်မှီက ဖွဲ့ စည်းခဲ့တဲ့ ဂျာမန် အထူးလက်ရွေးစင် တပ်ဖွဲ့  တစ်ခုပါ ။ Einsatzgruppen တပ်သားတွေရဲ့  အဓိကတာဝန်က ဂျာမန်တပ်မကြီးတွေ နောက်ကလိုက်ပြီး ဂျာမန်တွေ သိမ်းပိုက်ပြီးတဲ့ မြို့  ရွာတွေက လူတွေကို ရက်ပိုင်းအတွင်း အစုလိုက် အပြုံလိုက် သတ်ဖို့  ဖြစ်တယ် ။
Einsatzgruppen တပ်သားတွေဟာ ၂ ရက်အတွင်း လူပေါင်း ၃၃၄၇၁ ယောက် အသတ်ခံခဲ့ ရတဲ့ Babi Yar massacre နဲ့  ၂ ရက်အတွင်း လူပေါင်း ၂၅၀၀၀ အသတ်ခံခဲ့ ရတဲ့ Rumbula massacre အပါအဝင် Poland, Netherlands, Belgium, France နဲ့  Soviet Union စတဲ့ နိုင်ငံတွေမှာ လူတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့ကြတယ် ။
ဒုတိယ ကမ္ဘာစစ် ကာလ အတွင်းမှာ Einsatzgruppen တပ်သားတွေဟာ စစ်သုံ့  ပန်းတွေ ၊ သူလျှိုတွေ ၊ အပြစ်မဲ့ ပြည်သူတွေ ၊ သက်ကြီး ရွယ်အိုတွေ နဲ့  ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁ သန်းကျော်ကို ပစ်သတ်ခဲ့ကြတယ် ။ အသတ်ခံခဲ့ ရတဲ့ လူအများစု ကတော့ ဂျူး လူမျိုးတွေ ဖြစ်တယ် ။
ဝမ်းနည်း ကြေကွဲစရာ ကောင်းတဲ့ မှတ်တမ်း ဓာတ်ပုံတွေထဲက အောက်က ဓာတ်ပုံကတော့ လူသိ အများဆုံးနဲ့  အကြော်ကြားဆုံး ဓာတ်ပုံပါ ။ အဲဒီဓာတ်ပုံကို Einsatzgruppen တပ်သား တစ်ယောက် သိမ်းထားတဲ့ ဓာတ်ပုံတွေထဲက ရခဲ့တာဖြစ်ပြီး ဓာတ်ပုံရဲ့  နောက်ကျောဖုံးမှာ “The last Jew of Vinnitsa” (Vinnitsa မြို့ မှ နောက်ဆုံး ဂျုး) လို့  ရေးထားတယ် ။ အဲဒီ အချိန်တုန်းက Vinnitsa မြို့ မှာ နေထိုင်နေတဲ့ ဂျုးလူမျိုး ၂၈၀၀၀ လုံး အသတ်ခံခဲ့ရတယ် ။
Monday, 18 October 2010
Sunday, 17 October 2010
ငုတ်တုတ် ဗုဒ္ဓ
ကျွန်တော် ၁၀ တန်း နှစ်က တက်တဲ့ ရူပဗေဒ ကျူရှင်က ဆူးလေဘုရားနဲ့  တော်တော်လေး နီးတယ် ။ ကျူရှင်ရဲ့  ဘေးနားမှာလဲ ဗလီတစ်ခု ရှိတယ် ။ အချို့  စာသင်ချိန်တွေက ဗလီမှာ ဘုရား ဝတ်ပြုကြတဲ့ အချိန်နဲ့  တိုက်နေတယ် ။ ဗလီမှာ ဘုရား ဝတ်စပြု ကြပြီးဆို လော်စပီကာနဲ့  အသံ အကျယ်ကြီး အော်တတ်တဲ့ အတွက် အဲဒီအချိန်ဆို ဆရာ့  အသံကို ဘယ်သူမှ မကြားရတော့ စာသင်တာကို ခဏရပ်ပြီး အသံရပ်သွားတဲ့ အထိ စောင့်နေ ရတတ်တယ် ။
တစ်နေ့  အဲဒီလို လော်စပီကာနဲ့  အော်တာကို စောင့်ပြီး အသံရပ်သွားတော့ ဆရာက စာဆက် မသင်သေးပဲ ကျောင်းသားတွေဖက် လှည့်ပြီး မွတ်စလင် ဘာသာဝင် ကျောင်းသား တစ်ယောက်ကို မင်းတို့  ဝတ်ပြုရင် အမြဲတမ်း ဘာလို့  အကျယ်ကြီး အော်ရတာလဲ ၊ တိုးတိုး ဝတ်ပြုလို့  မရဘူးလားလို့  ဆရာ မေးဖူးတယ် ၊ အဲဒီ ကျောင်းသားက အဲဒါ ကျွန်တော်တို့  ဝတ်ပြုတာကို ဘုရားသိအောင် ဝတ်မပြုခင် ဘုရားကို ခေါ်တာလို့  ပြန်ဖြေတယ် လို့ ပြောတယ် ။ ဘုရား ပင့်တယ် ဆိုတာမျိုးကို ပြောချင်တာ ဖြစ်လိမ့်မယ် ၊ ဒါပေမဲ့ အဲဒီ ကျောင်းသားက ဆရာ့ကို အဲဒါ ဘုရားကို ခေါ်တာလို့  လွယ်လွယ်ပဲ ပြန်ဖြေခဲ့တယ် ။
ဟိုတစ်နေ့ ကလဲ ရှေ့ နားမှာ အမြဲတမ်း ထိုင်တတ်တဲ့ တရုတ်မလေး ၂ ယောက် ကျုရှင် မလာလို့  ဆရာမေးတော့ ကမ်းနားလမ်းက ဘုံကျောင်း တစ်ခုကို ဗေဒင် မေးဖို့  ဆိုလား ၊ စာချ ဖို့  ဆိုလား မသိဘူး လုပ်ဖို့  သွားလို့  မလာဖြစ်တာလို့  ပြန်ပြော တယ်တဲ့ ။ နင်တို့  စာချတာက ကျုရှင်ကို လာပြီးမှ သွားရင် မရဘူးလား ဆိုတော့ အဲဒီ သူတို့  သွားမေးတဲ့ မယ်တော်လား ကိုယ်တော်လား မသိဘူး အဲဒီ ပုဂ္ဂိုလ်က ညနေဆို မရှိဘူး ၊ မနက်ပိုင်း သွားမှ မေးတာ မှန်တယ်လို့  ပြန်ပြော တယ်တဲ့ ။
ဆရာက ဆက်ပြီး မွတ်စလင် ဘာသာဝင် တွေက ဘုရားဝတ်ပြု တော့မယ်ဆို ဝတ်မပြုခင် ဘုရားကို အရင် အော်ခေါ်ရတယ် ။ တရုတ် ဘာသာဝင်တွေ ကျတော့ ဘုံကျောင်းကို စောစော သွားရတယ် ။ နောက်ကျမှ သွားရင် မတွေ့ ရ တော့ဘူး ။ ငါတို့  ဗုဒ္ဓဘာသာ ဘုရားပဲ ကောင်းတယ် ငါတို့  ဘယ်အချိန်ပဲ ဘုရားပေါ် တက်သွားသွား ငုတ်တုတ် ထိုင်နေတယ်တဲ့ ။ ။

မီးကို ငြိမ်းတဲ့ မီး
ကျွန်တော့်အထက်က အစ်ကိုနဲ့  ကျွန်တော် ၂ နှစ်လောက်ကွာတယ် ။ အထက်အောက် ကလဲဖြစ် အရွယ်ကလဲ သိပ်မကွာတော့ ငယ်ငယ်က ကျွန်တော်တို့  ၂ ယောက် ရပ်ကွက်ထဲမှာ ဆော့တဲ့အခါအတူတူပဲ ဆော့ကြတယ် ။ သူ့  သူငယ်ချင်းလဲ ကျွန်တော့် သူငယ်ချင်း ၊ ကျွန်တော့် သူငယ်ချင်းလဲ သူ့  သူငယ်ချင်း ပါပဲ ။
တစ်နေ့ ရပ်ကွက်ထဲက အခြားကလေးတွေနဲ့  ကစားနေရင်း ကျွန်တော့် ရွယ်တူ ကောင်လေး တစ်ယောက်နဲ့  ကျွန်တော် ငြင်းကြပါလေရော ။ ပြသနာက ငြင်းရုံနဲ့  ပြီးမသွားပဲ တစ်ယောက်နဲ့  တစ်ယောက် မခံချင်အောင် ပြောကြရင်းကနေ မင်းသတ္တိ ရှိရင် မင်းနဲ့  ငါနဲ့  တစ်ယောက်ချင်း ချမယ် ဆိုပြီး ဟိုကောင်က ကျွန်တော်ကို စိန်ခေါ်ပါလေရော ။
အပြိုင် ငြင်းတုန်းကတော့ ငြင်းခဲ့ပေမဲ့ သူ အဲဒီလို စိန်ခေါ် လာလိမ့် မယ်လို့  ကျွန်တော် ထင်မထားခဲ့ဘူး ။ ကျွန်တော်တို့  ၂ယောက်ရဲ့  ပြသနာကြောင့် ကစားပွဲကို ရပ်ထားရတယ် ။ သူက စိန်ခေါ်လိုက်တော့ ကစားနေတဲ့ အခြားကလေးတွေ အားလုံးရဲ့  အကြည့်က ကျွန်တော့်ဆီ ရောက်လာတယ် ။ ကျွန်တော် ဘာပြန်ပြော မလဲဆိုတာကို သိချင်နေကြတယ် ။
အဲဒီအရွယ်အထိ ကျွန်တော် အခြားသူတွေနဲ့  ကိုယ်ထိလက်ရောက် ဖြစ်တဲ့အထိ တစ်ခါမှ ရန်မဖြစ် ဖူးသေးဘူး ။ ကျွန်တော့်ကို စိန်ခေါ်တဲ့ ကောင်ကတော့ ရပ်ကွက်ထဲက ရွယ်တူတွေထဲမှာ ပွဲတိုင်းကျော်လို ဖြစ်နေ တဲ့သူ ။ ကျွန်တော် သူ့  ကိုကြောက်လားဆိုတော့ မကြောက်ပါဘူး ။ ဒါပေမဲ့ ကိုယ်ထိ လက်ရောက် ဖြစ်တဲ့အထိ ရန် တစ်ခါမှ မဖြစ်ဖူးတော့ ကိုယ့်လက်ရည် ဘယ်လိုရှိမှန်း ကိုယ်လဲမသိဘူး ။ ကျွန်တော့်မှာ သူ့  ကို ချက်ချင်း ပြန်ပြောစရာ စကား မရှိဘူး ။
ကျွန်တော်ဘာမှ ပြန်မပြောပဲ နဲနဲကြာကြာ ငြိမ်နေတော့ သူကပို အတင့်ရဲ လာတယ် ။ မင်းကြောက်နေ တာလား ၊ မင်းအခြောက်လား ၊ မင်း သတ္တိ မရှိ ဘူးလားကွ ဆိုပြီး ဆက်တိုက် စိန်ခေါ်တော့တယ် ။ အတူတူ ကစားနေတဲ့ အချို့  ကလေးတွေက သူ့ ကို အေးအေးဆေးဆေး ဆက်ဆော့ဖို့  ဝိုင်းပြောကြပေမဲ့ သူကတော့ ကျွန်တော့်ကိုပဲ ဆက်စိန်ခေါ် နေတယ် ။ ကျန်တဲ့ ကလေးတွေ က ကျွန်တော့်ကို ဝိုင်းကြည့် နေကြတယ် ။ ကျွန်တော့် အဖြေကို ပိုပြီး စိတ်ဝင်စား နေကြတယ် ။ ကျွန်တော် သူ့ ကို တစ်ခုခုတော့ ပြန်ပြော ရတော့မယ် ။
ဒီအတိုင်း ငကြောက်ကြီး ပါကွာဆိုပြီး အရှက်ကွဲခံပြီး အလျှော့ပေးလိုက် မလား ၊ ဒါမှမဟုတ် ထချပြီး အဖြေ ရှာမလား ။ ကျွန်တော် စဉ်းစားရပြီး ။ ကျွန်တော် ဒီအတိုင်း ကတော့ အလျှော့ မပေးချင်ဘူး ၊ ထချရင်ရော ငါသူ့ ကို နိုင်ပါ့မလား ဆိုတဲ့ သံသယ ကလဲ စိတ်ထဲမှာ ရှိနေတယ် ။ ဒါပေမဲ့ ကျွန်တော်တစ်ခုခုကို ရွေး ရတော့မယ် ။ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တယ်။
ဒါပေမဲ့ ကျွန်တော် ဘာမှလုပ်စရာ မလိုလိုက်ဘူး ။ ကျွန်တော့် နောက်ဖက်ကနေ သူ့ နာမည်ကို လှမ်းခေါ်သံ ကြားလိုက်တယ် ။ သူ့ နာမည်ကို ခေါ်လိုက်တာ ကျွန်တော့် အစ်ကို ဆိုတာ ကျွန်တော် လှည့်မကြည့်ပဲ သိလိုက်တယ် ။ ကျွန်တော့် အစ်ကိုက သူ့ ကို “ငါ့ညီက အေးအေးဆေးဆေး ပြောနေတာကို မင်းက စိန်ခေါ်နေရအောင် မင်းကလူမိုက်လား ၊ မင်းမိုက်ရင် ငါ့ နဲ့  ချမယ်လို့ ” ဆက်ပြောလိုက်တယ် ။ ကျွန်တော့် အစ်ကိုက သူ့ ထက် အသက်လဲ ကြီးတယ် ၊ လူကောင်လဲ ကြီးတယ် ။
သူကျွန်တော့် အစ်ကို ကိုကြည့်ပြီး မင်းနဲ့  ငါကရွယ်တူမှ မဟုတ်တာ ၊ မင်းနဲ့ တော့ မချဘူးလို့  ပြန်ပြောတယ် ။ ကျွန်တော့် အစ်ကိုက မင်းမိုက်တယ် ချချင်တယ် ဆိုရင် ငါနဲ့ ချ ၊ ငါနဲ့ မချဘူး ဆိုရင်တော့ အခြားသူတွေကိုလဲ စိန်လိုက်ခေါ် မနေနဲ့  အေးအေးဆေးဆေး ဆက်ကစားဆိုပြီး ရန်ပွဲကို အဆုံးသတ် လိုက်တယ် ။ အဲဒီနေ့ က ရန်စတဲ့သူကို ကျွန်တော့်အစ်ကိုက ရန်ပြန်စပြီး ရန်ပွဲကို အဆုံးသတ် ခဲ့တယ် ။
အဲဒီအဖြစ်အပျက်ကို ကျွန်တော့်အစ်ကို ကတော့ မှတ်မိချင်မှ မှတ်မိမယ် ။ ကျွန်တော်ကတော့ ကျွန်တော့်ရှေ့ က ရပ်ပေးခဲ့တဲ့ သူ့ ကို အမြဲတမ်း ကျေးဇူးတင်နေတယ် ။ မှတ်သားစရာလဲ ရလိုက်တယ် ။ တစ်ချို့  အခြေအနေ တွေမှာ ရန်ကိုငြိမ်းဖို့  အတွက် ရန်လိုတယ် ။ Fight fire with fire ဆိုသလိုပဲ အချို့ အရာတွေကို တားဆီးဖို့  ၊ ရပ်တန့် အောင် လုပ်ဖို့  အတွက်က တူညီတဲ့ နည်းလမ်းနဲ့  ပြန်ပြီး တုန့် ပြန်မှုကသာ အမှန်ကန်ဆုံး ရွေးစရာ နည်းလမ်း ဖြစ်တယ် ။ ။
Defeat is not the worst of failures. Not to have tried is the true failure.
George Edward Woodberry
The war that will end war.
H. G. Wells

Monday, 4 October 2010
အမှတ်တရ နောင်တ
သူနဲ့ ကျွန်တော် အသက် ၆နှစ်လောက် ကွာတယ် ။ ကျွန်တော်တို့  နှစ်ယောက် သူငယ်ချင်းတွေလိုတော့ မတွဲခဲ့ ကြပါဘူး ။ ဒါပေမဲ့ ကျွန်တော်တို့  နှစ်ယောက် ကြားမှာ အခြားလူတွေနဲ့  မတူတဲ့ နားလည်မှုတွေ ရှိခဲ့တယ် ။ ကျွန်တော် တို့  နှစ်ယောက်လုံးက စနေသားတွေ ။ ကိုယ်လုပ် ချင်တာဆို မကောင်းဘူး ဆိုတာသိနေလဲ ဘယ်သူ ဘယ်လောက် တားတား လုပ်လိုက်ရမှ ။ မိဘတွေ မျက်ရည်ကျအောင် သူအကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ သူ့ ကိုလူဆိုး တစ်ယောက်လို့  ကျွန်တော် မြင်လို့ မရဘူး ။ သူလုပ်ခဲ့တာတွေ မှားတယ်ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမဲ့ သူ့ ဖက်က ခံစားမှုတွေကိုလဲ ကျွန်တော် နားလည်ပေးလို့  ရတယ် ။ ကျွန်တော် လုပ်တာတွေ ကိုလဲ မှားတယ် မှန်တယ် လို့  ဘယ်တော့မှ သူ မပြောခဲ့ဘူး ။ အခုမင်းငယ် သေးလို့ ပါကြီးလာရင်မင်းရှက်တတ် လာလိမ့်မယ်လို့  တော့ ကျွန်တော့်ကို တစ်ခါ သူပြောဖူးတယ် ။
မိသားစုနဲ့  ဝေးရာကို အရင်ကလဲ သူထွက်သွား ဖူးပါတယ် ။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြာကြာ အန္တရာယ် ကင်းကင်းနဲ့  သူပြန်ရောက်လာမယ် ဆိုတာ ကျွန်တော် အမြဲ သိနေတယ် ။ ဘယ်တုန်းကမှ သူ့ ကိုကျွန်တော် မမျှော်ခဲ့ဖူးဘူး ။ ဒါပေမဲ့ ဒီတစ်ခါတော့ ဘာကြောင့်မှန်း မသိဘူး သူပြန်ရောက် မလာတာ နည်းနည်း ကြာလာတော့ ထူးထူးခြားခြား ကျွန်တော် သူ့ ကို စိုးရိမ်မိ နေတယ် ။ သူအန္တရာယ် ကင်းပါစေလို့  ဆုတောင်းနေမိတယ် ။ သူ ပြန်လာမှာကို မျှော်နေမိတယ် ။ အဲဒီအချိန်မှာ သူလဲ အိမ်ကိုအရမ်း သတိရနေ ခဲ့တယ် ဆိုတာ နောက်ပိုင်းမှာ ကျွန်တော်သိခဲ့ ရတယ် ။
ညဖက် သူငယ်ချင်းတွေနဲ့  လက်ဖက်ရည်ဆိုင် ထွက်ထိုင်ရင်း လမ်းမှာ ဝင်ငှားလာတဲ့ လက်ထဲက မဂ္ဂဇင်း ကို ဟိုလှန်ဒီလှန် လုပ်နေရင်းနဲ့  နာမည်ကြီး ဗေဒင် ဆရာတစ်ယောက်ရဲ့  လစဉ် ဟောစာတမ်း စာမျက်နှာ ဆီ ရောက်သွားတယ် ။ ဒီလ ကျွန်တော့် မွေးလအတွက် ဟောစာတမ်းမှာ ရပ်ဝေးရောက်နေ သူ တစ်ယောက် ပြန်လာမယ်တဲ့ ။ ကျွန်တော် အဲဒါဖတ်မိပြီး ဘယ်လိုပျော်မှန်း မသိဘူး ။ ဒီလထဲမှာ သူပြန်ကို ပြန်လာမယ်လို့  ကျွန်တော် တစ်ကယ် ယုံကြည်ခဲ့ တယ် ။ နောက် ၂ ရက် အကြာ လက်ဖက်ရည်ဆိုင် သွားနေတုန်း သူငယ်ချင်း တစ်ယောက်က နောက်ကနေ ပြေးလိုက်လာတယ် ။ သူပြန်ရောက် နေတယ်တဲ့ မင်းကို တွေ့ ရင် လွှတ်လိုက်ဖို့  မှာလိုက်တယ် လို့  ပြောတယ် ။
အဲဒီနေ့ က သူ့ ရဲ့ ပုံစံကို ကျွန်တော် မှတ်မိနေသေးတယ် ။ မညီမညာ ရှည်နေတဲ့ ဆံပင်တွေက ချေးတွေနဲ့  မာတောင့်နေပြီး သူ့ ရဲ့  ခေါင်းပေါ်မှာ ဘော်လုံး တစ်လုံးလို ဖြစ်နေတယ် ။ သူ့ ရဲ့  မျက်လုံး ၂လုံးက ရှိသင့်တဲ့ နေရာထက် တော်တော်လေး အထဲကို ရောက်နေတယ် ။ အခုမှ ယူလဲထားပုံ ရတဲ့ အင်္ကျီနဲ့  လုံချည် ကတော့ အရင်ကထက် ၃ ပုံ ၁ ပုံ လောက်ပဲ ကျန်တော့တဲ့ သူ့  ခန္ဓာကိုယ်နဲ့  ချောင်နေတယ် ။ ဘာပဲ ပြောပြော သူ ပြန်ရောက်လာတဲ့ အတွက် ကျွန်တော် ပျော်တယ် ။
သူ့ နဲ့ ပြန်ပါလာတဲ့ တောကြမ်းစီး ဖိနပ်တစ်စုံရယ် ၊ အပေါက်အပြဲ တွေနဲ့  စစ်ရောင် ဘောင်းဘီ တစ်ထည်ရယ် ၊ ဟောင်းနွမ်း နေပြီး ဖြစ်တဲ့ အင်္ကျီ အချို့ ကို လွှင့်ပစ်ဖို့  သူ နှမြောနေတယ် ။ အမှတ်တရ တွေ မို့ တဲ့ ။ သူ တွေ့ ကြုံ ခဲ့ရတဲ့ အတွေ့  အကြုံ အချို့ ကို ကျွန်တော် သိခွင့်ရခဲ့ ပေမဲ့ အစအဆုံး အသေးစိတ် ကိုတော့ ကျွန်တော် မမေးခဲ့ဘူး ။ သူကလဲ ပြောပြချင် ပုံမရဘူး ။
မြန်မြန်ပြန် ကျန်းမာလာအောင် သူ ညနေပိုင်း လမ်းလျှောက်ချင်တယ် အဖော်လိုက် ပေးပါလားဆိုလို့  သူနဲ့  ကျွန်တော် ညနေအချို့  လမ်းအတူတူ လျှောက်ဖြစ်တယ် ။ မင်းတစ်ယောက်ပဲ ငါ့ကို အမြဲတမ်းနားလည် ပေးတယ် ငါနေပြန်ကောင်း လာရင် လိမ်လိမ်မာမာ နေမယ် ၊ ကြိုးစားမယ် ၊ မင်းနဲ့  အသက်ကြီး လာတဲ့ အထိ အတူတူ နေချင်တယ်လို့  သူပြောဖူးတယ် ။ အဲဒီညနေက ကျွန်တော် သူ့  ကို ပြန်ပြုံးပြ ခဲ့ရုံက လွဲပြီး ဘာမှပြန် မပြောခဲ့ဘူး ။
သူ့ ဘဝရဲ့  ဖြစ်စဉ်တွေ အတိုင်း သူကြိုတွေး ထားတာတွေ ဘာမှ ဖြစ်မလာဘူး ။ ဒီတစ်ခေါက် အိမ်ကို သူ အန္တရာယ် ကင်းကင်းနဲ့  ပြန်ရောက် လာပေမဲ့ သူ့ ရဲ့  ဆေးစစ်ချက် နဲ့  ဆရာဝန်ရဲ့  အနှေးနဲ့  အမြန်ပဲ ကွာမယ် ဆိုတဲ့ စကားအရ သူ့  အတွက် မနက်ဖြန်တွေ အများကြီး သူနဲ့ အတူ ပြန်ပါမလာခဲ့ဘူး ဆိုတာသိခဲ့ ရတယ် ။
စကားအစမရှိ အဆုံးမရှိနဲ့  မင်းမှာ ရည်းစားရှိလားလို့  သူ ကျွန်တော့်ကို မေးဖူးတယ် ။ ဘာဖြစ်လို့ လဲ လို့  ပြန်မေးတော့ ငါသေပြီးလို့  လူ ပြန် ဖြစ်မယ်ဆိုရင် မင်းရဲ့  သားသမီး အဖြစ်နဲ့  ငါပြန်လာ ချင်တယ် မင်းရဲ့  ရည်းစားကို ငါမြင်ဖူး ထားချင်တယ်တဲ့ ၊ မရှိဘူး ဆိုတော့ သူဘာမှ ဆက်မပြောတော့ဘူး ။ ကျွန်တော်လဲ သူ့  ကို ဘာမှ ထပ်မပြော ခဲ့ဘူး ။
ဒီမွေးနေ့ က ငါ့ရဲ့  နောက်ဆုံး မွေးနေ့ ပါ ၊ ငါ ဘုရားသွား ချင်တယ်ကွာ ဆိုလို့  သူနဲ့  ကျွန်တော် သူ့ မွေးနေ့  မှာ ရွှေတိဂုံ ဘုရားကို ရောက်ခဲ့တယ် ။ ဘုရားပေါ်က ပြန်ဆင်းခါနီးမှာ အမှတ်တရ ဓာတ်ပုံ ရိုက်ရအောင် ကွာတဲ့ ၊ နောက်တစ်ခါ ဆိုတာ ရှိမှာမဟုတ် တော့ဘူးတဲ့ ။ ကျွန်တော် ၂ခါ လောက်ငြင်း လိုက်တော့ သူထပ် မပြောတော့ဘူး ။ သူစိတ်မကောင်း ဖြစ်သွားတယ် ဆိုတာ ကျွန်တော်သိတယ် ဒါပေမဲ့ အဲဒီနေ့ က ဓါတ်ပုံ မရိုက်ဖြစ်ပဲ ပြန်ခဲ့ကြတယ် ။
ကျွန်တော်ဆေးရုံရောက် သွားတော့ သူ အိပ်ပျော်နေတယ် ။ ဆုံးသွားတာ ကြာပြီးဖြစ်တဲ့ သူ့ ရဲ့  သူငယ်ချင်းက လာခေါ်နေတယ် ဆိုပြီး မနက်က ပြောနေတယ်လို့  အမေ ပြောပြတယ် ။ သူနာပြု ဆရာမ တစ်ယောက်က အနားက ဖြတ်လျှောက် သွားရင်းနဲ့  သူ့ ရဲ့  အခြေအနေက မကောင်းဘူး မနက်ဖြန်ကို မကျော်ဘူးလို့  ပြောသွားတယ် ။
ကျွန်တော့်မှာ ရက်ပိုင်းအတွင်း ဖြေရမဲ့ စာမေးပွဲ ရှိနေတဲ့ အတွက် အိမ်ပြန် စာကြည့်ပြီး သူပြန်နိုးချိန် လောက်မှန်းပြီး ညနေမှ ပြန်လာဖို့  အဖေ ကျွန်တော့်ကို ပြောတယ် ။ ထပြန်ဖို့  လုပ်နေတုန်း သူလှုပ်လာလို့  ကျွန်တော် ရောက်နေ တယ်လို့  သူ့ နားကပ်ပြီး အမေပြော လိုက်တော့ သူ့ မျက်လုံး ချက်ချင်း ပွင့်လာတယ် ။ ကျွန်တော့်ကို ကြိုးစားပြီး သူ ပြုံးပြတယ် ။ နှုတ်ခမ်းလေး တွန့် ဖို့  အတွက်တောင် သူ အတော် ကြိုးစား နေရတယ် ။
သူ့ ဘေးမှာ ကျွန်တော် သွားရပ်တော့ အခြေအနေက မင်း မြင်တဲ့ အတိုင်းပဲကွာလို့  အားယူပြီး သူပြောတယ် ။ ပြောပြီးတော့ တော်တော်လေး မောသွားပုံရတယ် ။ ခဏနားပြီး မနက်က သူနာပြု ဆရာမက အခန်းထဲမှာ လူနာ အရေအတွက် လာရေတော့ သူ့ ကို ရေဖို့  ကျန်ခဲ့တယ် လို့  ပြုံးပြီး သူ ထပ်ပြောတယ် ။ သူ့  စကားသံက မသဲကွဲပဲ လေသံတွေ လုံးနေတယ် ။ အဖေက ကျွန်တော့် အနားကပ်လာပြီး သူ မနက်ထဲက ကယောင်ကတမ်းတွေ ပြောနေတယ်လို့  ကျွန်တော့်ကို ပြောတယ် ။ သူကြားသွား ပုံရတယ် ။ ဇဝေဇဝါ့ ဖြစ်သွားတဲ့ မျက်နှာနဲ့  ကျွန်တော့်ကို ကြည့်တယ် ။ သူတစ်ခုခု ပြောဖို့  ကြိုးစားတယ် ။ ဒါပေမဲ့ သူတော်တော် မောနေတယ် စကားပြောလို့  မရဖြစ် နေတယ် ။ အမေက သူ့ အနားကပ် သွားပြီး အရမ်းမော နေရင် စကားဆက် မပြောတော့ ဖို့ နဲ့  ဘုရားစာ ဆိုနေဖို့  သူ့  ကိုပြောတယ် ။ သူဘာမှ ထပ်မပြောတော့ပေမဲ့ ကျွန်တော် ဘာပြော မလဲလို့  စောင့်နေ တယ် ။ တော်တော်လေး ကြာတဲ့ထိ ကျွန်တော့် ဆီက ဘာစကားမှ ပြန်မရတော့ မျက်စိမှိတ်ပြီး သူ ပြန်မှိန်း နေလိုက်တယ် ။ ကျွန်တော်လဲ အိမ်ပြန်ခဲ့တယ် ။ အိမ်ရောက်ပြီး နာရီပိုင်း အတွင်းမှာ အဖေ ရောက်လာတယ် ။ သူ အခုပဲဆုံးသွား တယ်တဲ့ ။
ဆေးရုံမှာ ဗလုံးဗထွေးနဲ့  သူ ပြောတဲ့ စကားတွေ အပြင် ဇဝေဇဝါ ဖြစ်နေတဲ့ သူ့  အကြည့်ရဲ့  အဓိပ္ပာယ်ကိုလဲ ကျွန်တော် နားလည်ခဲ့တယ် ။ မင်းကငါ့ကို အမြဲတမ်း နားလည်ပေးတယ် အသက်ကြီးတဲ့အထိ မင်းနဲ့  အတူတူ နေချင်တယ် လို့  သူပြော ခဲ့တုန်းကလဲ ကျွန်တော် ဘာမှ ပြန်မပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ တော်တော် ပျော်ခဲ့တယ် ။ သံသရာမှာ သူ လူပြန်ဖြစ် ခဲ့မယ်ဆိုရင် သူ့  လိုပဲ ကျွန်တော်လဲ သူ နဲ့  ပြန်ဆုံချင်တယ် ။ သူ့ ရဲ့  နောက်ဆုံးမွေးနေ့  တုန်းက ဘုရားပေါ်မှာ ဓါတ်ပုံ မရိုက် ဖြစ်ခဲ့ပေမဲ့ အဲဒီနေ့ ကို ကျွန်တော် အသေးစိတ် မှတ်မိနေ သေးတယ် ။ အဲဒီအကြောင်းတွေ အားလုံးကို သူ သိချင်မှ သိသွားမယ် ။
သူ့ ကိုသတိ ရတဲ့အခါတိုင်း ငါ ကယောင်ကတမ်း တွေပြောနေတာ မဟုတ်ဘူးဆိုတာ သိရဲ့ လားလို့  ဇဝေဇဝါ ဖြစ်နေတဲ့ သူ့ ရဲ့  နောက်ဆုံး အကြည့်က ကျွန်တော့်ကို မျက်ရည် ဝဲစေတယ် ။ သေသောသူ ကြာရင်မေ့ ဆိုပေမဲ့ သူ့ ကိုတော့ ကျွန်တော်မေ့ မှာမဟုတ် ဘူးထင်တယ် ။ ငါသေရင် ငါ့ကို မမေ့လိုက် ပါနဲ့  ကွာလို့  သူ ကျွန်တော့်ကို ပြောခဲ့ဖူးတယ်…
If you love someone, you say it, right then, out loud. Otherwise, the moment just passes you by.
Julia Roberts
Do not save your loving speeches for your friends till they are dead; Do not write them on their tombstones, Speak them rather now instead.
Anna Cummins

Subscribe to:
Posts (Atom)