မကြာခင်မှာ ၂၀၁၀ လဲ ကုန်တော့မယ် ။ ဒီနှစ် ၂၀၁၀ ထဲမှာ ကွန်ပျူတာ လောက ရဲ့  နံပတ် ၁ နေရာကို နှစ်ပေါင်းများစွာ ယူထားတဲ့ Microsoft ကုမ္မဏီကို ကျော်ပြီး Apple ကုမ္မဏီဟာ ကမ္ဘာမှာ အကြီးဆုံး ကွန်ပျူတာ ကုမ္မဏီ ဖြစ်လာတယ် ။ Apple ကုမ္မဏီရဲ့  လက်ရှိ CEO လဲ ဖြစ်ပြီး ၊ ကုမ္မဏီ ကို စတင်တည်ထောင် ရာမှာပါဝင်ခဲ့ သူလဲဖြစ်တဲ့ Steve Jobs ထက် လူသုံး အများဆုံး social networking site တစ်ခု ဖြစ်တဲ့ Facebook ကို စတင်တည်ထောင် ခဲ့သူ Mark Zuckerberg က ပိုပြီး ချမ်းသာလာခဲ့တယ် ။
ကွန်ပျူတာဟာ လူတွေရဲ့  မရှိမဖြစ် နေ့ စဉ်သုံး ပစ္စည်း တစ်ခုအဖြစ် တနေ့ ထက် တနေ့  ပိုပြီး နေရာယူ လာတယ် ။ အကောင်းတွေ အဆိုးတွေနဲ့  မွန်းကြပ်နေပြီး ၊ မြိုသိပ် ထားရတာတွေ များတဲ့ တကယ့် လက်တွေ့  ဘဝက ခဏတာပဲ ဖြစ်ဖြစ် လွတ်မြောက်ဖို့  အတွက် ထွက်ပေါက် တစ်ခုအနေနဲ့  လူတွေဟာ ကိုယ်ကိုယ်တိုင် စိတ်ကြိုက် လိုသလို ဖန်တီးလို့  ရတဲ့ ၊ ကိုယ်ပြောချင်တာ ဘာမဆို လွတ်လွတ် လပ်လပ် ပြောလို့ ရတဲ့ virtual world တွေမှာ ပိုပြီး အချိန်ဖြုန်း လာကြတယ် ။ Blog တွေ ၊ အခြား social networking site တွေမပါ သေးပဲ Facebook တစ်ခုထဲ မှာတင် လက်ရှိ active user ပေါင်း သန်း ၅၀၀ ကျော်ရှိတယ် ။ အဲဒီထဲမှာ Mobile phone တွေကနေ တဆင့် Facebook ကိုသုံးတဲ့ user ပေါင်းက သန်း ၂၀၀ ကျော်ရှိတယ် ။ လူတစ်ယောက် ထဲက account အများကြီး ဖွင့်ထားတာလဲ ရှိရင်ရှိမယ် ဒါပေမဲ့ Facebook သုံးတဲ့ သူတွေရဲ့  ၅၀ % က နေ့  တိုင်း သူတို့ ရဲ့  account ကို ဝင်ကြည့်ကြတယ် ။
Social networking site တွေ ၊ Blog တွေကို သုံးတဲ့ လူတော်တော် များများဟာ နောက်ဖြစ်လာ နိုင်တဲ့ အကျိုးဆက် တွေကို သေချာ မစဉ်းစားပဲ မိမိတို့  အကြောင်းတွေ ၊ ဓာတ်ပုံတွေ online ပေါ်ကို အလွယ်တကူ တင်တတ်ကြတယ် ။ online ပေါ်မှာ ရေးလိုက်တဲ့ စာတစ်ကြောင်း ၊ ဓာတ်ပုံ တစ်ပုံဟာ ပြန်ဖျက်လို့  မရတော့ဘူး ဆိုတာ လူတော်တော် များများ သတိ မထားမိကြဘူး ။ Facebook account ထဲက ဓာတ်ပုံ တစ်ပုံကို ဖျက်လိုက်ရင် account ထဲကနေ ပျက်သွားပေမဲ့ အဲဒီ ဓာတ်ပုံဟာ facebook ရဲ့  ယာယီဖိုင် တွေသိမ်းတဲ့ server မှာ နောက်ထပ် ၆ လ လောက်အထိ မပျက်ပဲ ရှိနေသေးတယ် ။ တိုက်ရိုက် လိပ်စာကို သိရင် အဲဒီ ဓာတ်ပုံကို ဘယ်သူမဆို ကြည့်လို့  ရနေသေးတယ် ။ ကိုယ်ဖျက်လိုက်တဲ့ ဓာတ်ပုံဟာ ၆ လ လောက်ပြီးရင် facebook မှာ သိမ်းထားတာ မရှိတော့ ဘူးဆိုပေမဲ့ အဲဒီအချိန် အတွင်းမှာ တစ်ယောက်ယောက်က ကူးယူပြီး နောက်တစ်နေရာမှာ ပြန်တင်ထားမယ် ၊ ဒါမှမဟုတ် သိမ်းယူထား လိုက်မယ်ဆိုရင် အဲဒါတွေကို ကိုယ် ဘယ်လို လိုက်ဖျက်မှာလဲ ။
ဓာတ်ပုံဆိုတာ ကိုယ်အိုက်တင် ထုတ်ထားတာ တစ်ခုထဲကို ပြတာမဟုတ်ဘူး ။ ကိုယ့်နောက်က ရှုခင်းလှလှ တွေကိုပဲ ပြတာ မဟုတ်ဘူး ။ ဥပမာ - ပါတီတစ်ခုကို ကိုယ်အရမ်း သွားချင်တယ် ။ အလုပ်ကို ခွင့်တောင်းရင်လဲ ကုမ္မဏီမှာ အရမ်း အလုပ်ရှုပ် နေချိန်မို့  ခွင့်ရမှာမဟုတ်ဘူး ဆိုတာ သိနေတယ် ။ ဒါနဲ့  နေမကောင်း ဘူးလို့  အလုပ်ကို ခွင့်တိုင်ပြီး ပါတီကို သွားခဲ့တယ် ။ အဲဒီနေ့ က ဓာတ်ပုံတွေကို အမှတ်တရ အနေနဲ့  facebook ပေါ်ကို အမှတ်တမဲ့ပဲ တင်လိုက်တယ် ။ အဲဒီဓာတ်ပုံ တွေကို ကိုယ့်အလုပ်က အထက်လူကြီးက တွေ့ သွားမယ် ဆိုရင် စဉ်းစားကြည့်တော့ ။ ဒါက ဥပမာ တစ်ခု အနေနဲ့  ပြောတာပါ ။ အချို့  လူတွေ အတွက် ဓာတ်ပုံ တစ်ပုံက ပေးတဲ့ information အတွက်နဲ့  ဆိုးကျိုးတွေ အများကြီး သက်ရောက်နိုင် ပါတယ် ။ ဓာတ်ပုံ တစ်ပုံဟာ ကိုယ် ဘယ်အချိန် ၊ ဘယ်နေရာမှာ ၊ ဘယ်သူနဲ့  ဘာလုပ်နေတယ် ဆိုတာကို ငြင်းလို့  မရတဲ့ သက်သေ မှတ်တမ်း တစ်ခုလဲ ဖြစ်တယ် ။
ကုမ္မဏီတစ်ခုက ဝန်ထမ်းတစ်ယောက်က သူ ကွန်ပျူတာ ရှေ့ မှာ ကြာကြာ ထိုင်လို့ မရဘူး ။ ကွန်ပျူတာကို ကြာကြာ ကြည့်ရင် မျက်စိကိုက် လို့ ပါဆိုပြီး ကုမ္မဏီကို ခွင့်တိုင်တယ် ။ သူခွင့်သွားတဲ့ နေ့ မှာ သူ့  အထက်လူကြီးက သူ့  facebook account ကို စောင့်ကြည့်တော့ ကွန်ပျူတာကို ကြာကြာ ကြည့်လို့  မရဘူးဆိုတဲ့ သူက online ပေါ်မှာ အချိန် တော်တော် ကြာကြာ ရှိနေတာကို တွေ့  ပြီး သူ့ ကို အလုပ်ထုတ် ခဲ့တယ် ။ အခြား ကုမ္မဏီ တစ်ခုက ဝန်ထမ်း တစ်ယောက်က သူ့  အထက်လူကြီးကို friend list ထဲမှာ သိမ်းထားမိတာကို မေ့ပြီး သူ့  ရဲ့  facebook wall ပေါ်မှာ သူ့  အထက်လူကြီးကို ဝေဖန်တဲ့ အကြောင်းရေး လိုက်တယ် ။ သူ့ အထက် လူကြီးက မင်းရဲ့  အစမ်းခန့်  ကာလ ၆လ မပြည့်သေးတာကို မင်းသတိ မထားမိဘူး ထင်တယ် ဆိုပြီး အဲဒီမှာပဲ comment ပြန်ရေးပြီး သူ့ ကို အလုပ်ထုတ်လိုက်တယ် ။ သိပ်မကြာ သေးခင်ကပဲ နာမည်ကြီး လူဆိုး တစ်ယောက်ဟာ ထောင်ပြောင်းတဲ့ အချိန်မှာ လွတ်သွားတယ် ။ ရဲတွေက သူသွားနိုင်တဲ့ နေရာတွေကို လိုက်ရှာပေမဲ့ ဘာသဲလွန်စမှ မတွေ့ တော့ သူဘယ်မှာ ပုန်းနေလဲ ဆိုတာကို ခန့် မှန်းလို့  မရဘူး ဖြစ်နေတယ် ။ နဲနဲလဲ ကြာလာရော ကိုယ်တော်က ငြိမ်ငြိမ်မနေပဲ facebook ကနေ မင်းတို့ ငါ့ကို ဘယ်တော့မှ ရှာလို့ တွေ့ မှာ မဟုတ်ဘူး ဘာညာဆိုပြီး ရဲတွေကို စိန်ခေါ် ပါလေရော ။ အဲဒီ facebook message ကနေတဆင့် သူ ရှိနိုင်တဲ့ နေရာကို ရဲတွေ ခြေရာခံ လို့ ရသွားပြီး ရက်ပိုင်း အတွင်းမှာ ပြန်အဖမ်း ခံလိုက်ရတယ် ။ အဲဒါတွေက သတင်းထဲမှာ ကျွန်တော် ဖတ်လိုက်ရတဲ့ တကယ့် အဖြစ်အပျက် တွေပါ ။
အချို့ သူတွေက ငါ့ friend list ထဲက လူအားလုံးကို ငါအပြင်မှာလဲ သိတယ် ၊ ငါ့ account ကိုလဲ သူငယ်ချင်းတွေပဲ ကြည့်လို့ ရအောင် လုပ်ထားတယ် လို့  ပြောတတ် ကြတယ် ။ အဲဒီ သူငယ်ချင်းတွေက ကိုယ်တင် လိုက်တဲ့ဟာ တွေကို ကြည့်ရုံပဲ ကြည့်ကြမှာလား ။ သူတို့ ပုံလဲ ပါနေလို့  ၊ ရှုခင်းလေး လှလို့  ၊ ကိုယ်ရေးထား တာလေးကို သဘောကျလို့  ဆိုပြီး ကူးယူမသွား နိုင်ဘူးလား ။ ဘယ်သူမှ ကူးမယူ ကြဘူးပဲ ထားလိုက်ပါတော့ ။ လူတိုင်း အလွယ် တကူ ကြိုက်သလောက် account ဖွင့်လို့ ရနေပြီး အားလုံးကို အလကား ဝန်ဆောင်မှု ပေးနေတဲ့ facebook လို site တွေရဲ့  လုံခြုံရေး setting တွေကို တကယ်ပဲ လုံခြုံတယ် လို့ ထင်ပါသလား ။ UK နိုင်ငံရဲ့  ထောက်လှမ်းရေး အဖွဲ့ က အကြမ်းဖက် သမားလို့  သံသရ ရှိသူတွေ ၊ စောင့်ကြည့်နေဖို့  လိုအပ်တယ်လို့  ယုံကြည်ရတဲ့ သူတွေရဲ့  လှုပ်ရှားမှု တွေကို facebook လို လုံခြုံရေး အားနည်းတဲ့ site တွေကနေ ခြေရာခံ စောင့်ကြည့်သွား မယ်လို့  တရားဝင် ကြေငြာထားတယ် ။ တရုတ်နိုင်ငံ ကတောင် ရဲတွေကို facebook ကနေ လူတွေကို ခြေရာခံ စောင့်ကြည့်ဖို့  သင်တန်းပေး နေတယ်လို့  မကြာသေး ခင်ကမှ ကျွန်တော် ဖတ်လိုက်ရသေးတယ် ။
Blog တွေရေးကြတယ် ၊ comment တွေပေးကြတယ် ဆိုတာလဲ အတူတူပါပဲ ။ ကိုယ်ရေးလိုက် တဲ့စာတွေ ထဲကနေ ကိုယ်ဘယ်မှာ ရှိနေတယ် ၊ ဘယ်သူနဲ့ ရှိ နေတယ် ၊ ဘာတွေ လုပ်နေတယ် ဆိုတာတွေကို ခန့် မှန်း သိနိုင်တယ် ။ သူများ Blog မှာ comment သွားရေးတာဟာ အဲဒီ blog မှာ စာတစ်ကြောင်းထဲ ချန်ခဲ့တာ မဟုတ်ပဲ ကိုယ့်ရဲ့  IP address ကိုပါ ချန်ခဲ့တာ ဆိုတာကိုသတိထား စေချင်တယ် ။
ငါတို့ မှာ ဘာမှ လျှို့ ဝှက်ထား စရာမရှိဘူး ၊ ငါတို့  ဘယ်ကိုမှ ကြောက်နေစရာမရှိ ဘူးလို့  အချို့ လူတွေက ပြောကြတယ် ။ အဲဒီလို လူတွေအတွက် ဝမ်းသာပါတယ် ။ အမြဲတမ်း အဲဒီလိုပဲ နေနိုင်ကြ ပါစေ ။ ဒါပေမဲ့ လူတိုင်းရဲ့  အခြေအနေ ကတော့ အဲဒီလို မဟုတ်တာ သေချာတယ် ။ တစ်ချို့ တွေက သူငယ်ချင်း အချင်းချင်း နောက်ပြောင်ပြီး ရိုက်ထားတဲ့ မူးနေ ရူးနေတဲ့ ပုံတွေ ၊ ကို့ ယိုး ကားယား ဖြစ်နေတဲ့ ပုံတွေကို အပျော် သဘောနဲ့  online ပေါ် တင်တတ်ကြတယ် ။ ဒီနေ့  ခေတ်က interview တစ်ခုသွားရင် လူချင်း မျက်နှာချင်းဆိုင် တွေ့ နေတာတောင် ကိုယ့်အကြောင်းကို ကိုယ့်ကို တိုက်ရိုက် မမေးပဲ internet မှာ ရှာဖတ်ချင် ဖတ်နေတတ်တဲ့ ခေတ်ဆိုတာ မမေ့ကြနဲ့  ။ နောက်ချင်လို့ ပဲ ဖြစ်ဖြစ် ၊ အမှတ်တရ အနေနဲ့ ပဲ ဖြစ်ဖြစ် online ပေါ်မှာ တစ်ခုခု ရေးတော့ မယ် ၊ ကိုယ့် ဓာတ်ပုံ (သို့  မဟုတ်) အခြား သူတွေရဲ့  ဓာတ်ပုံကို တင်တော့မယ် ဆိုရင် online ပေါ်ရောက် သွားတဲ့ စာတစ်ကြောင်း ၊ ဓာတ်ပုံ တစ်ပုံဟာ ဘယ်တော့မှ မပျောက်တော့ဘူး ၊ ဘယ်လိုမှ ပြန်ဖျက်လို့  မရတော့ဘူး ဆိုတာ မမေ့ကြပါနဲ့  ။ ။
Saturday, 25 December 2010
Saturday, 18 December 2010
Thursday, 9 December 2010
ဓာတ်ပုံထဲက ဇာတ်လမ်းများ (၂)
Second Indochina War (သို့ မဟုတ်) Vietnam Conflict လို့ လဲ ခေါ်ကြတဲ့ ဗီယက်နမ် စစ်ပွဲဟာ တရုတ် ၊ မြောက်ကိုးရီးယား ၊ ဆိုဗီယက် ပြည်ထောင်စု စတဲ့ ကွန်မြူနစ် အင်အားကြီး နိုင်ငံများ နောက်ခံပြု ထားတဲ့ မြောက်ဗီယက်နမ် နဲ့  အမေရိကန် ၊ တောင်ကိုးရီးယား ၊ သြစတေးလျား စတဲ့ ကွန်မြူနစ် စနစ်ကို မလိုလားတဲ့ အင်အားကြီး နိုင်ငံများ နောက်ခံပြု ထားတဲ့ တောင်ဗီယက်နမ် တို့ ကြား ဖြစ်ခဲ့တဲ့ စစ်ပွဲပါ ။
ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကွန်မြူနစ် နိုင်ငံများနဲ့  အနောက်အုပ်စု နိုင်ငံတွေကြား အားပြိုင်မှု တစ်ခုဖြစ်တဲ့ အဲဒီ စစ်ပွဲဟာ ဗီယက်နမ် ရဲ့  အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား နဲ့  လာအို နိုင်ငံတွေထိ ပျံ့ နှံ့ ခဲ့တယ် ။ ဗီယက်နမ် စစ်ပွဲဟာ အမေရိကန် နဲ့  တောင်ဗီယက်နမ် အတွက် ကွန်မြူနစ် စနစ်မပြန့်  ပွားရအောင် တားဆီးတဲ့ စစ်ပွဲတစ်ခု ဖြစ်ပြီး ၊ မြောက်ဗီယက်နမ် အတွက် ကတော့ နယ်ချဲ့ တွေကို တွန်းလှန်တဲ့ တော်လှန်ရေး စစ်ပွဲ တစ်ခု ဖြစ်တယ် ။
၁၉၇၅ မှာ ဗီယက်နမ် စစ်ပွဲ အဆုံးသတ် ခဲ့ပြီး ကွန်မြူနစ် စနစ်ကို လိုလားတဲ့ မြောက်ဗီယက်နမ် ဖက်က အောင်ပွဲခံ ခဲ့တယ် ။ ဗီယက်နမ် စစ်ပွဲဟာ အမေရိကန်တို့  ပထမဆုံး ရှုံးနိမ့် ခဲ့တဲ့ စစ်ပွဲ ဖြစ်တယ် ။ စစ်ပွဲ ကာလ အတွင်းမှာ တောင်ဖက်ကရော ၊ မြောက်ဖက်ကရော နှစ်ဖက်စလုံး စစ်ရာဇဝတ်မှု အများအပြားကို ကျူးလွန်ခဲ့ ကြပြီး အပြစ်မဲ့ အရပ်သား အများအပြား သေခဲ့ရတယ် ။
တောင်ဗီယက်နမ်ဖက်က အမေရိကန် စစ်သား ၅၈၁၅၉ နဲ့  တောင်ကိုးရီးယား စစ်သား ၅၀၉၉ အပါအဝင် စစ်သား ၃သိန်းကျော် သေပြီး ၁ သန်းခွဲ နီးပါး ဒဏ်ရာရခဲ့တယ် ။ မြောက်ဗီယက်နမ် ဖက်က စစ်သား ၁ သန်းကျော် သေပြီး ၆ သိန်းကျော် ဒဏ်ရာရ ခဲ့တယ် ။ စစ်ပွဲကာလ အတွင်း ဗီယက်နမ်မှာ အရပ်သား ၂ သိန်း နဲ့  ၂ သန်းကြား ၊ ကမ္ဘောဒီယားမှာ အရပ်သား ၂ သိန်းနဲ့  ၃ သိန်းကြား ၊ လာအိုမှာ အရပ်သား ၂ သောင်း နဲ့  ၂ သိန်းကြား သေခဲ့ရတယ် ။
အောက်ကဓာတ်ပုံ ၂ ပုံက ဗီယက်နမ် စစ်ပွဲ ကာလ အတွင်း ဂျပန် ဓာတ်ပုံဆရာ Kyoichi Sawada ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ထဲက ဓာတ်ပုံ ၂ပုံပါ ။
အမေရိကန် တို့ ရဲ့  ဗုံးကြဲမှုက လွတ်အောင် ချောင်းကို ဖြတ်ပြီး ပြေးလာတဲ့ ဗီယက်နမ် မိသားစု ပုံက ၁၉၆၅ မှာ World Press Photos of the Year အဖြစ် အရွေးခံရပြီး ၊ Vietcong စစ်သား တစ်ယောက်ရဲ့  အလောင်းကို အမေရိကန် စစ်သားတွေက ကားနောက်မှာ ကြိုးနဲ့  ချီပြီး ဆွဲလာတဲ့ ပုံက ၁၉၆၆ မှာ World Press Photos of the Year အဖြစ် အရွေး ခံခဲ့ရတယ် ။ သူ့ ရဲ့  Vietnam စစ်ပွဲ ဓာတ်ပုံ တွေကြောင့် Kyoichi Sawada ဟာ ၁၉၆၆ မှာ Pulitzer Prize for Photography ဆုကို ရခဲ့တယ် ။
အောက်ကပုံ ကတော့ အမေရိကန် ဓာတ်ပုံဆရာ Eddie Adams ရိုက်ခဲ့တဲ့ တောင်ဗီယက်နမ် ဖက်က General Nguyen Ngoc Loan က Saigon မြို့ လယ် လမ်းမပေါ်မှာ လက်နောက်ပြန် ကြိုးတုပ် ထားတဲ့ အရပ်ဝတ်နဲ့  လူတစ်ယောက်ရဲ့  ခေါင်းကို သေနတ်နဲ့  တေ့ပြီး ပစ်နေတဲ့ ပုံပါ ။
အဲဒီ ဓာတ်ပုံကြောင့် ၁၉၆၉ မှာ Pulitzer Prize for Spot News Photography နဲ့  World Press Photo ဆုကို Eddie Adams ရခဲ့တယ် ။ သေနတ်နဲ့ ပစ်ပြီးတော့ General က သူ့ နားကို လျှောက်လာပြီး “ငါ့လူတွေ နဲ့  မင်းတို့  လူတွေ အများကြီးကို သူတို့  သတ်ခဲ့တယ်” ဆိုပြီး ပြောတယ်လို့  Adams က ပြန်ပြော ပြတယ် ။
ဓာတ်ပုံဆရာ Adams ကိုယ်တိုင် General Nguyen ဘာကြောင့် အဲဒီလူကို ပစ်သတ်တာလဲ ဆိုတဲ့ အကြောင်းကို မသိရသေးခင် အခြားဓာတ်ပုံ တွေနဲ့  အတူ သတင်းစာ တွေမှာ အဲဒီဓာတ်ပုံကို ဖော်ပြခဲ့ ကြတယ် ။ အဲဒီဓာတ်ပုံဟာ ဗီယက်နမ် စစ်ပွဲရဲ့  အကျဉ်းတန် မြင်ကွင်း တစ်ခု အဖြစ် တကမ္ဘာလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တယ် ။ အထူးသဖြင့် ဗီယက်နမ် စစ်ပွဲကို ဆန့် ကျင် လှုပ်ရှား သူတွေဟာ ယူနီဖောင်းဝတ် အရာရှိ တစ်ယောက် အနေနဲ့  အရပ်ဝတ်နဲ့  လူတစ်ယောက်ကို မြို့ လယ်ကောင်မှာ ပစ်သတ်တာဟာ မင်းမဲ့ စရိုက်ဆန်ဆန် သွေးအေး လူသတ်မှုတစ်ခုသာ ဖြစ်တယ်လို့  Grneral Nguyen ကို ရှုံ့ ချခဲ့ ကြတယ် ။
ဓာတ်ပုံထဲမှာ အသတ်ခံ ရတဲ့သူဟာ Vietcong Captain Nguyen Van Lem ဆိုသူ ဖြစ်ပြီး သူဟာ သူလျှို လုပ်နေသူ တစ်ယောက်လဲ ဖြစ်တယ် ။ သူ့ ကို ဖမ်းမမိခင်မှာ သူဟာ တောင်ဗီယက်နမ် ရဲအရာရှိတွေ ၊ အစိုးရ ဝန်ထမ်းတွေ နဲ့  မိသားစုဝင် အများအပြားကို ပစ်သတ်ခဲ့တယ် ။ အသတ်ခံရတဲ့ သူတွေထဲမှာ အမေရိကန် နိုင်ငံသားတွေလဲ ပါသလို ၊ ရဲချုပ်တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နေတဲ့ General Nguyen နဲ့  ရင်းနှီးသူတွေ လဲပါတယ် ။
အကြောင်းရင်း မှန် ထွက်ပေါ်လာပြီး နောက်မှာလဲ ဖမ်းမိပြီးသား လူတစ်ယောက်ကို ဒီလိုသတ်တာဟာ မင်းမဲ့စရိုက်သာ ဖြစ်တယ်ဆိုပြီး General Nguyen ကို စစ်ရာဇဝတ်မှု ကျူးလွန်သူ လူသတ်သမား အဖြစ် ရှုံ့  ချ နေကြတဲ့ သူတွေ ဒီနေ့  အထိ ရှိသလို ၊ General Nguyen နေရာမှာဆို မိမိရဲ့  မိတ်ဆွေတွေ နဲ့  ရဲဖော်ရဲဖက်တွေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့သူကို သွေးပူနေတဲ့ အချိန်မှာ ဖမ်းမိရင် လူတိုင်း ဒီလိုလုပ် မိမှာပဲ ၊ ဒါဟာ ရာဇဝတ်ကောင် သူလျှိုတစ်ယောက်ကို ထိုက်သင့်တဲ့ အပြစ်ပေးတာပဲ ဖြစ်တယ်လို့  မြင်ကြတဲ့ သူတွေလဲ ရှိတယ် ။
နောက်ပိုင်းမှာ ဓာတ်ပုံဆရာ Adams က သူ့ ရဲ့  ဓာတ်ပုံကြောင့် General Nguyen ကို သူ့ ရဲ့  စစ်ပွဲ အတွင်း စွမ်းဆောင်မှုတွေ အတွက် သူရဲကောင်း တစ်ယောက် အနေနဲ့  လူတွေ မမြင်ကြတော့ တာကို နောင်တ ရမိတယ်လို့  ပြောခဲ့တယ် ။ သူဓာတ်ပုံ ဆရာလုပ်တာဟာ အခြားသူ တစ်ယောက်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့  လုပ်တာ မဟုတ်တဲ့ အတွက် သူ့ ဓာတ်ပုံကြောင့် လူတစ်ဦး ထိခိုက်ခဲ့ ရတာကို စိတ်မကောင်းတဲ့ အကြောင်းပြော ခဲ့တယ် ။
Time မဂ္ဂဇင်းမှာ Adams က “The general killed the Viet Cong; I killed the general with my camera. Still photographs are the most powerful weapon in the world. People believe them; but photographs do lie, even without manipulation. They are only half-truths. What the photograph didn't say was, 'What would you do if you were the general at that time and place on that hot day, and you caught the so-called bad guy after he blew away one, two or three American people?” လို့ ရေးခဲ့တယ် ။
General Nguyen ဟာတိုက်ပွဲ တစ်ခုမှာ ခြေထောက်ကို ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ အတွက် သူ့ ကို အမေရိကန် ကို ပို့ ပြီး ကုသခဲ့တယ် ။ တောင်ဗီယက်နမ် တွေ စစ်ရှုံးပြီး နောက်မှာ General ဟာ အမေရိကန်မှာပဲ သေတဲ့ထိ အခြေချ နေထိုင်ခဲ့တယ် ။ သူမသေခင်မှာ ဓာတ်ပုံဆရာ Adams ဟာ General နဲ့  သူ့  မိသားစုကို ကိုယ်တိုင် သွားတွေ့ ပြီး တောင်းပန် ခဲ့တယ် ။ အောက်က video က သူရိုက်ခဲ့တဲ့ အဲဒီ ဓာတ်ပုံ နဲ့ ပတ်သက်ပြီး သူ့ ရဲ့  ခံစားချက်ကို Adams ပြန်ပြောပြ တာပါ ။
အောက်က ပုံကတော့ ဓာတ်ပုံဆရာ Huynh Cong Ut ၁၉၇၃ မှာ Pulitzer Prize ရခဲ့တဲ့ ဓာတ်ပုံပါ ။ ဗီယက်နမ် စစ်ပွဲ ဓာတ်ပုံတွေထဲက လူသိအများဆုံး ဓာတ်ပုံတစ်ပုံပါ ။ ဒီဓာတ်ပုံကြောင့် ဗီယက်နမ် စစ်ပွဲ ဆန့် ကျင်ရေး လှုပ်ရှားမှုတွေ ပိုအားကောင်း ခဲ့တယ် ။
အမေရိကန် နဲ့  တောင်ဗီယက်နမ် တပ်က မြောက်ဗီယက်နမ် တပ်တွေရှိနေတဲ့ ရွာလို့  သံသရ ရှိတဲ့ ရွာတစ်ရွာ ပေါ်ကို Napalm ဗုံးကြဲ ချပြီးနောက် ရွာထဲမှာ ရှိနေတဲ့ ကလေးတွေ ဘေးလွတ်ရာ ကိုပြေးလာတဲ့ ပုံပါ ။ Napalm ဗုံးဟာ သာမန် ဗုံး အမျိုးအစား မဟုတ်ပဲ လောင်စာဆီ တစ်မျိုးကို ဂျယ်လီလို ပြစ်နေအောင် လုပ်ထားတဲ့ လောင်စာဗုံး တစ်မျိုးပါ ။ ရန်သူ့  စခန်းတွေ ၊ မြို့ ရွာတွေကို မီးရှို့ ပြီး ရန်သူတွေကို ခြောက်လှန့်  ထုတ်ဖို့  အတွက် အဓိက သုံးတယ် ။ Napalm ဗုံးဟာ ပေါက်ပြီးရင် carbon monoxide တွေထုတ်တဲ့ အတွက် လူတွေ အသက်ရှူကျပ် မူးမေ့လဲပြီး မီးလောင်ခံ ကြရတယ် ။ ဗုံးမှာပါတဲ့ လောင်စာတွေ လူကိုထိရင် အသားမှာ ကပ်နေပြီး မီးလောင် ဒဏ်ရာကို ပြင်းစွာခံစားရတယ် ။
ဓာတ်ပုံထဲက အဝတ်အစား မပါပဲ ပြေးလာတဲ့ ကောင်မလေးက ၉နှစ်သမီး Kim Phuc ပါ ။ သူ့ ရဲ့  ကျောကုန်းနဲ့  လက်မှာ ဆိုးဆိုးရွားရွား မီးလောင်ခံ ထားရတယ် ။ မီးလောင်နေတဲ့ သူ့ အဝတ်အစား တွေကို ချွတ်ပြီး ပြေးလာတာပါ ။ အရှေ့ ဆုံးက ကောင်လေး ကတော့ ၁၂ နှစ်သား Kim ရဲ့  အစ်ကို Phan Thanh Tam ပါ ။ အနောက်ကို လှည့်ကြည့်နေတဲ့ ကောင်လေးက Kim ရဲ့  မောင်လေး ၅နှစ်သား Phan Thanh Phuoc ပါ ။ ကျန်တဲ့ ကလေး နှစ်ယောက်က Kim ရဲ့  ဝမ်းကွဲ မောင်နှစ်မ Ho Van Bo နဲ့  Ho Thi Ting ပါ ။
အောက်ကဓာတ်ပုံကတော့ ၁၉၇၃ မှာ ဓာတ်ပုံဆရာ Chick Harrity ရိုက်ခဲ့တဲ့ Saigon မြို့ ရဲ့ လမ်းပေါ်မှာ ရောဂါသည် ညီမလေးကို စက္ကူပုံး ထဲထည့်ပြီး တောင်းရမ်းနေတဲ့ ကောင်လေး တစ်ယောက်ပုံပါ ။
အဲဒီ ဓာတ်ပုံက အမေရိကန်တွေကို ရံပုံငွေတွေ စုထည့်ကြပြီး ရောဂါသည် ကောင်မလေးကို အမေရိကန် နိုင်ငံကို ခေါ်ယူ နှလုံးခွဲစိပ် ကုသပေးကြတဲ့ အထိ ဆွဲဆောင်နိုင်ခဲ့တယ် ။ နှလုံးခွဲစိပ် ကုသပေးပြီး နောက်မှာ အမေရိကန် မိသားစု တစ်စုက အဲဒီ ကောင်မလေးကို မွေးစားခဲ့ ကြတယ် ။ လူတစ်ယောက်ရဲ့  ဘဝကို ပြောင်းလဲတဲ့ အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ အဲဒီ ဓာတ်ပုံကို ရိုက်ခဲ့တဲ့ Chick Harrity ကို White House News Photographers’ Association (WHNPA) က ၂၀၀၅ ခုနှစ်မှာ Lifetime Achievement Award ကို ပေးခဲ့တယ် ။ အဲဒီနေ့  က Chick Harrity ကို သူ့ှဓာတ်ပုံမှာ ပါတဲ့ စက္ကူပုံးထဲက ကောင်မလေး Tran Thie Het Nhanny ကိုယ်တိုင် ဆုတက် ပေးခဲ့တယ် ။
Baby in the box လို့  နာမည်ပေး ထားတဲ့ အဲဒီ ဓာတ်ပုံထဲက ကောင်မလေး နဲ့  ဓာတ်ပုံဆရာ အကြောင်းကို လူတွေသိ ကြပေမဲ့ ဓာတ်ပုံထဲက ကောင်လေး အကြောင်းကိုတော့ ဘယ်မှာမှ ရေးထားတာ မတွေ့ ရဘူး ။ ဘယ်သူမှ သိကြပုံ မရဘူး ။ ဓာတ်ပုံထဲက ကောင်လေး ကတော့ သူ့  ညီမလေးလို ကံကောင်းခဲ့ပုံ မရဘူး ။ ။

Wednesday, 1 December 2010
နိုင်ငံကိုချစ်တဲ့အမေ နဲ့  အမေကိုချစ်တဲ့သား
ဒေါ်အောင်ဆန်းစုကြည် လို အရည်အချင်း ရှိတဲ့ ခေါင်းဆောင် တစ်ယောက်ဟာ ကျွန်တော်တို့  တိုင်းပြည် အတွက် အရမ်း တန်ဖိုးရှိပါတယ် ။ သူပြန်လွတ် လာပြီး နောက်ပိုင်းမှာ လူတော်တော် များများက သူ့ ရဲ့  လုံခြုံရေး အတွက် စိတ်ပူကြတယ် ။ ဒီပဲရင်း လိုအဖြစ်မျိုး နောက်တစ်ခါ ထပ်ဖြစ်မှာကို စိုးရိမ်ကြတယ် ။ သူသွားတဲ့နေရာ တိုင်းမှာ လူအုပ်ကြီးက အတင်းတိုးဝှေ့  ပြီး အနီးကပ် နှုတ်ဆက်ကြ ၊ ဓါတ်ပုံတွေ ရိုက်ကြနဲ့  တစ်ခုခု အန္တာရာယ် လုပ်မယ်ဆို ဘယ်သူမဆို အလွယ်တကူ လုပ်နိုင်တဲ့ အနေအထားမို့  စိုးရိမ်စရာလဲ အရမ်းကောင်းပါတယ် ။
Interview တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် က သူ့ ရဲ့  လုံခြုံရေး နဲ့  ပတ်သက်ပြီး စိတ်မပူဖို့  NLD လိုအဖွဲ့  အစည်းက လက်နက်ကိုင် အဖွဲ့ အစည်းလဲ မဟုတ်တဲ့ အတွက် လုံခြုံရေး ကိစ္စတွေမှာ အကန့် အသတ်တွေ ရှိပေမဲ့ NLD လူငယ်တွေ အရင်ကလဲ တာဝန်ယူ အကာအကွယ် ပေးခဲ့သလို အခု သူတို့ တာဝန်ယူမယ်လို့  ပြောတာကိုလဲ ယုံကြည်ကြောင်း စိတ်မပူကြဖို့  ပြောထားတာ ကို ဖတ်လိုက်ရတယ် ။
NLD လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် အတွက် အသက်နဲ့  လဲပြီး ကာကွယ်ကြမယ် ဆိုတာ သံသရ ဖြစ်စရာ မရှိပါဘူး ။ ဒီပဲရင်း အရေးအခင်းက အထင်အရှား ပဲလေ ။ ဒါပေမဲ့ NLD လူငယ်တွေရဲ့  လုပ်ပိုင်ခွင့် တွေကလဲ အတိုင်းအတာ တစ်ခုထိပဲ ရှိတယ် ။ စကားပြော တာက အစ ဆင်ခြင် နေရတယ် ။ မကြာသေးခင်က သတင်းထောက် နဲ့  ပြသနာ ဖြစ်ကြတဲ့ အဖြစ်အပျက်က သက်သေပဲလေ ။
အနီးကပ် အတင်းတိုးဝှေ့ ပြီး နှုတ်ဆက်ကြ ၊ ဓာတ်ပုံတွေ ရိုက်နေကြတာဟာ အန္တာရာယ် ပေးဖို့  အခွင့်အရေး စောင့်နေတဲ့ သူတွေ အတွက် အခွင့်အရေး ရအောင် ဖန်တီး ပေးနေ သလိုဖြစ်နေတယ် ။ ကားရှေ့ က ပိတ်ပြီး ကာထားကြတာ ၊ လမ်းဆက်လျှောက်လို့  မရအောင် ပိတ်ရပ်နေ ကြတာတွေက အဆိုးဆုံး ပါပဲ ။ တစ်ခုခု ဖြစ်ရင် ဘယ်မှ ရှောင်ထွက်လို့  မရအောင် ဝိုင်းပြီး ချုပ်လှောင် ပေးထားကြ သလို ဖြစ်နေတယ် ။
ဓာတ်ပုံရိုက်တဲ့ သူတွေကလဲ စည်းကမ်းရှိရှိလေး ဘေးဖက်တွေ ကနေရိုက်မယ် ၊ အရှေ့ က ရိုက်ချင်ရင်တောင် ခပ်လှမ်းလှမ်း ကနေရိုက် ကြမယ် ၊ အနီးကပ်ပြီး နှုတ်ဆက်ချင် သူတွေကလဲ အတင်းတိုးဝှေ့  မနေကြပဲ တစ်ဦးနဲ့  တစ်ဦး နားလည်မှုနဲ့  အလှည့်ပေးပြီး နှုတ်ဆက်ကြမယ်ဆိုရင် အနီးကပ်လာပြီး အန္တာရာယ် ပေးမဲ့သူကို ချက်ချင်း သတိပြုမိနိုင် သလို NLD လူငယ်တွေလဲ လုံခြုံရေး ကို သေချာ တာဝန် ယူနိုင်မယ် ။ အခုတော့ လုံခြုံရေး တာဝန်ယူထားတဲ့ သူတွေက လမ်းရှင်းပေး နေရတာကလွဲပြီး အခြား ဘာကိုမှ သတိမထား နိုင်ဘူး ဖြစ်နေ ကြတယ် ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  လုံခြုံရေးဟာ NLD လူငယ်တွေ မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ကိုလေးစားတဲ့ သူတိုင်း ၊ တိုင်းပြည်ကို ချစ်တဲ့ သူတိုင်း မှာ တာဝန်ရှိ ပါတယ် ။
ကိုထိန်လင်းနဲ့  ဒေါ်အောင်တန်းစုကြည် ရွှေတိဂုံ ဘုရား သွားဖူးတဲ့ ဓါတ်ပုံတွေ တွေ့ တုန်းက ဒေါ်အောင်ဆန်းစုကြည် က ရယ်ပြုံးနေပေမဲ့ ကိုထိန်လင်း ကတော့ တည်တည်ကြီး ဖြစ်နေတာကို သတိထားမိတယ် ။ အကြာကြီး ခွဲနေရတဲ့ အမေနဲ့  ခဏလေး တွေ့ ရချိန် မှာတောင် လွတ်လွတ် လပ်လပ် မနေရတာကို စိတ်ညစ်နေပုံ ရတယ်လို့  တွေးမိခဲ့တယ် ။ အမေရဲ့  ခံယူချက် နဲ့  ရပ်တည်မှုကို အမြဲတမ်း နားလည်ပြီး အားပေးခဲ့တဲ့ သားပဲ အခု အခြေအနေ ကိုလဲ နားလည် မှာပါလို့  တွေးမိခဲ့တယ် ။
ညက သူငယ်ချင်းနဲ့  ထမင်းစားနေရင်း သူငယ်ချင်းက သူ့  Phone နဲ့  ကိုထိန်လင်း က ဒေါ်အောင်ဆန်းစုကြည် ကို နောက်ကနေ ဖက်ထားတဲ့ ပုံနဲ့  သတင်း တစ်ခုပြတယ် ။ Video file မို့  ဖွင့်ကြည့် ကြတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့  ကိုထိန်လင်းတို့  ဗိုလ်ချုပ်ဈေး သွားတဲ့ သတင်း ဖြစ်နေတယ် ။ Video ထဲမှာ လူတွေတအား တိုးဝှေ့ လာတော့ ကိုထိန်လင်းက ဒေါ်အောင်ဆန်းစုကြည် ကို နောက်ကနေ ဖက်ပြီး အကာအကွယ် ပေးထားတာ ၊ လူအုပ်ကြီး ထဲကနေ ဒေါ်အောင်ဆန်းစုကြည် လက်ကိုဆွဲပြီး တိုးထွက်နေတာ တွေကို မြင်တော့ စိတ်မကောင်း ဖြစ်မိတယ် ။ အိမ်ကိုလဲ အရမ်း သတိရမိတယ် ။ သူငယ်ချင်း ကလဲပြောတယ် မြင်ကွင်းက စိတ်ထဲမှာ အရမ်း ခံစားရ တယ်တဲ့ ။
ကျွန်တော်တို့ တွေ ဒေါ်အောင်ဆန်းစုကြည် ကို စိုးရိမ်တယ် ဆိုတာက သူဟာ တိုင်းပြည်အတွက် အစားထိုး လို့  မရတဲ့ ခေါင်းဆောင် တစ်ယောက် မို့ လို့ ပါ ။ ငါတို့  တိုင်းပြည် ၊ ငါတို့  အနာဂတ်ကို တိုးတက် ကောင်းမွန်အောင် ပြောင်းလဲ ပေးနိုင်မဲ့ သူတစ်ယောက်ကို ဆုံးရှုံးသွားမှာ ကြောက်နေကြတဲ့ အတ္တတွေ ၊ လောဘတွေ နဲ့ ပါ ။ ဒေါ်အောင်ဆန်းစုကြည် သာ မြန်မာပြည် နိုင်ငံရေး လောကထဲ မဝင်ခဲ့ရင် ဘယ်သူတွေက စိုးရိမ်ကြမှာလဲ ။
ကိုထိန်လင်း သူ့ အမေကို ကာကွယ် တာက သားတစ်ယောက် အနေနဲ့  မိခင်အပေါ်ကို အန္တာရာယ် မကျအောင် မိသားစု မေတ္တာ သန့် သန့်  နဲ့  ကာကွယ်တာ ။ အမေရဲ့  ခံယူချက် ၊ ရပ်တည်ချက် တွေကို သူ နားလည်ပေး နိုင်ပေမဲ့ မြင်တွေ့  နေရတဲ့ အခြေအနေ တွေမှာ အမေကို သူ ဘယ်လို စိတ်ချမှာလဲ ။ ဘယ်သွားသွား ခပ်တည်တည် မျက်နှာထား ဖြစ်နေတဲ့ သူ့ ရဲ့  ခံစားချက် ကိုလဲ အခုမှ နားလည် မိတယ် ။ မကြာခင်မှာ သူ့ မိသားစုဆီ သူပြန် ရတော့မယ် ။ ဒေါ်အောင်ဆန်းစုကြည် ကလဲ ကိုထိန်လင်း ကို သူ့  အတွက် စိတ်မပူဖို့  မှာလိမ့်မယ် ။ ဒါပေမဲ့ ကိုထိန်လင်း ဘယ်လို ခံစားနေရမယ် ဆိုတာ မိဘကို ချစ်တဲ့ သားသမီး တိုင်း သိကြမှာပါ ။ ။

( ဓါတ်ပုံများ နှင့် Video ကို www.mizzimaburmese.com မှ ကူးယူပါသည် )
ယမ်းငွေ့ တွေနဲ့  မြန်မာပြည်
လွန်ခဲ့တဲ့ ၁၀နှစ် ကျော်ကာလက စပြီး တိုင်းရင်းသား အဖွဲ့ တော်တော်များများဟာ တစ်ဖွဲ့ ပြီး တစ်ဖွဲ့  လက်နက်နဲ့  ငြိမ်းချမ်းရေး လဲခဲ့ကြတယ် ။ အချို့ ကလဲ မိမိ အဖွဲ့  အစည်းကို ပိုပြီး အင်အား တောင့်တင်းလာအောင် လုပ်ဖို့ အတွက် ၊ အချို့ ကလဲ လူထုနဲ့  ထိတွေ့  ဆက်ဆံ ခွင့် ရဖို့  အတွက် ၊ အချို့  ကလဲ ရာစုနှစ် တဝက်ကျော်ထိ လက်နက်သုံးပြီး ကြိုစားခဲ့ ပေမဲ့ မအောင်မြင် သေးတဲ့ မိမိတို့ ရဲ့  ရည်မှန်းချက် တွေကို နိုင်ငံရေး နည်းလမ်းနဲ့  ကြိုးစား ကြည့်ဖို့  အတွက် စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့  ငြိမ်းချမ်းရေးယူ ခဲ့ကြတယ် ။
ငြိမ်းချမ်းရေးယူပြီးတဲ့ နောက်ပိုင်းမှာ ဘယ်အဖွဲ့ အစည်းမှ မိမိတို့  အဖွဲ့ ရဲ့  မူလ ရည်ရွယ်ချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ကြပေမဲ့ ငြိမ်းချမ်းရေး ယူခဲ့ကြတဲ့ ရည်ရွယ်ချက် အချို့ ကိုတော့ အကောင်အထည် ဖော်နိုင်ခဲ့ ကြတယ် ။ အချို့ အဖွဲ့ တွေဟာ အရင်ကထက် အင်အားပိုမို တောင့်တင်းလာ ကြတယ် ။ အချို့ အဖွဲ့  တွေကလဲ လူထုနဲ့  ပိုမိုထိတွေ့  ခွင့်တွေ ရလာပြီး အဖွဲ့ နဲ့  လူထုကြားမှာ နားလည်မှုတွေ ၊ ထောက်ခံမှုတွေ ပိုရလာကြတယ် ။
အချို့ အဖွဲ့ တွေက ပခုံးပုတ် ၊ ခေါင်းပုတ် အလုပ်ခံပြီး မိမိတို့  အလံကို ရောင်းစားခဲ့ ကြတယ် ။ အချို့  ကလဲ သေရင်ယူသွားလို့  ရမှာ မဟုတ်တာတွေကို မက်ပြီး မိမိတို့ နဲ့  တစ်ချိန်က သေဖော်သေဖက် ရဲဖော်ရဲဖက် တွေကို ပြန်တိုက်နေ ကြတယ် ။ အချို့ ကလဲ အမြဲတမ်းမြဲမှာ မဟုတ်တဲ့ ခဏတာပဲ ခံစားခွင့် ရမဲ့ အာဏာတွေ ၊ စည်းစိမ်တွေကို မက်ပြီး မိမိတို့ ရဲ့  မူလ ရပ်တည်ချက် ၊ ရည်မှန်းချက်တွေကို မေ့နေကြတယ် ။
ဒီနေ့  မီဒီယာခေတ်မှာ မိမိရဲ့  စကား တစ်ခွန်း ၊ လုပ်ရပ် တစ်ခုဟာ အချိန်ပိုင်း အတွင်းမှာ တကမ္ဘာလုံးကို ချက်ချင်း ပျံ့ နှံ့ သွားနိုင်တယ် ။ နေ့ ချင်း ညချင်း zero ကနေ hero ဖြစ်နိုင် သလို ၊ hero ကနေလဲ zero ဖြစ်သွားနိုင်တယ် ။ ဒီလထဲမှာ zero ကနေ hero ဖြစ်လာတဲ့ သူတွေကတော့ နယ်ခြားစောင့်တပ် ဖွဲ့ ဖို့  လက်မခံ ခဲ့တဲ့ လက်ကျန် DKBA တပ်ပါ ။ DKBA အဖွဲ့ ဟာ ငြိမ်းချမ်းရေး ယူပြီးတဲ့ နောက်ပိုင်းမှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်း တစ်ခုအနေထက် စီးပွားရေး အဖွဲ့ အစည်း တစ်ခုအနေနဲ့  လူတွေပိုမြင် လာတဲ့အဖွဲ့ အစည်း တစ်ခုပါ ။ ရွေးကောက်ပွဲ နေ့ က စခဲ့တဲ့ သူ့ တို့ ရဲ့  တပ်ဖွဲ့ နဲ့  အစိုးရတပ်ကြားက တိုက်ပွဲကတော့ လူအများရဲ့  သူ့ တို့ အပေါ် အမြင်တွေကို ပြောင်းစေခဲ့တယ် ။
ဗိုလ်မှူးကြီး စောလားပွယ် ရဲ့ တပ်နဲ့  အစိုးရတပ်တွေ ကြားက တိုက်ပွဲဟာ စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေရာက တစ်ဖက်နဲ့  တစ်ဖက် တင်းမာမှုတွေ ပိုလာပြီး စခဲ့ကြတာပါ ။ ဒါပေမဲ့ လွယ်လွယ်ကူကူ ရနိုင်တဲ့ စီးပွားရေး လုပ်ခွင့်တွေအတွက် မိမိအဖွဲ့ ရဲ့  နာမည်နဲ့  အလံကို မစွန့် ခဲ့တဲ့ သူ့ ရဲ့  စိတ်ဓာတ် ကိုတော့ လေးစားတယ် ။ သူ့ တို့ ရဲ့  ရဲရဲရင့်ရင့် ရပ်တည်မှုက လက်ရှိ လက်ကျန် DKBA မှာ တော်လှန်ရေး စိတ်ဓာတ်ရှိတဲ့ ရဲဘော်တွေ ရှိနေသေးတယ် ဆိုတာကို သက်သေပြခဲ့တယ် ။
အဖွဲ့ အစည်း တစ်ခု အကောင်းဖက်ကို ရွေ့ သွားတာလား ၊ အဆိုးဖက်ကို ရွေ့  သွားတာလား ဆိုတာကတော့ မိမိရပ်နေတဲ့ ဖက်ပေါ် မူတည်ပြီး အမြင်တွေတော့ တူကြမှာ မဟုတ်ဘူး ။ တိုင်းရင်သား အဖွဲ့ တွေ တော်လှန်ရေး စခဲ့ကြတာ ကလဲ မိမိတို့  လူမျိုးစုတွေ လွတ်လပ်ဖို့  ၊ သီးခြားခွဲ ထွက်ဖို့  ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ပါ ။ ခုနောက်ပိုင်း မှာတော့ အဖွဲ့ တော်တော် များများက တိုင်းရင်သားတွေ ညီညီညွတ်ညွတ် တန်းတူညီမျှ နေနိုင်တဲ့ Federal ပြည်ထောင်စု ပေါ်ပေါက်ရေး ဖက်ကို ဦးတည်ပြီး ကြိုးစားလာကြတာ ဝမ်းသာစရာ တွေ့ ရတယ် ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက် လာတာကို ကြိုဆိုခဲ့ကြတာ ၊ အမျိုးသား ရင်ကြားစေ့ရေး နဲ့  ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက် လာရေးတို့ ကို ဝိုင်းဝန်း ထောက်ခံ ကြတာ တွေဟာ တိုင်းရင်းသား အချင်းချင်းကြားမှာ အရင်ကထက် နားလည်မှုတွေ ၊ စည်းလုံးမှုတွေ ပိုရှိလာတဲ့ သက်သေတွေပါ ။
တိုင်းရင်းသား အဖွဲ့ တွေဟာ လက်ရှိ အခြေအနေတွေနဲ့  မိမိတို့ ရဲ့  တော်လှန်ရေး စိတ်ဓာတ်တွေကို လဲမှာ မဟုတ်သလို ၊ လက်နက်လဲ စွန့် မှာ မဟုတ်ပါဘူး ။ အစိုးရ အဖွဲ့ အစည်းကလဲ တိုင်းရင်းသား အဖွဲ့ တွေရဲ့  တောင်းဆိုမှုတွေကို လိုက်လျှောမှာ မဟုတ်ပါဘူး ။ အစိုးရ အနေနဲ့  တိုင်းရင်းသား အဖွဲ့ တွေကို လက်ရှိအတိုင်း ထားဖို့ ဆိုတာ ကလဲ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စမို့  တိုင်းရင်းသား အဖွဲ့ အားလုံးကို အနှေးနဲ့  အမြန် ထိုးစစ်တွေ ဆင်လာ တော့မှာပါ ။ တိုင်းရင်းသား အဖွဲ့ တော်တော် များများက တိုက်ပွဲတွေ မဖြစ်ရအောင် အတတ်နိုင်ဆုံး ရှောင် နေကြပေမဲ့ မိမိကို စတိုက်လာ ရင်တော့ ဘယ်အဖွဲ့ မှ ငြိမ်ခံနေကြမှာ မဟုတ်ပါဘူး ။
နောက်လဲ ဖြစ်လာတော့မှာပဲ ဘာလို့ စောင့် နေတာလဲ ၊ တိုက်တဲ့ အဖွဲ့ က တိုက်နေကြပြီး ကျန်တဲ့ အဖွဲ့  တွေက ဘာလို့  ကြည့်နေတာလဲလို့  တစ်ချို့ ကလဲ ပြောကြတယ် ။ ဘယ်အဖွဲ့ မှ ငြိမ်းချမ်းနေတဲ့ မိမိဒေသကို စစ်မြေပြင် မဖြစ်စေချင် ကြဘူး ။ တိုက်ပွဲ မရှိတဲ့ မြို့ ရွာတွေ ၊ နိုင်ငံခြား တိုင်းပြည်တွေ ကနေ ပါးစပ်နဲ့  စစ်တိုက်ရတာ လွယ်ပါတယ် ။ ဒါပေမဲ့ ပြည်တွင်းစစ် ရဲ့  တကယ့်ဒုက္ခကို စစ်ဖြစ်နေတဲ့ ဒေသက သူတွေပဲ သိတယ် ။
တိုက်ပွဲတွေ ပြန်စဖို့ က လွယ်ပါတယ် ။ အာလုံး သေနတ်ကိုင် ထားကြတဲ့ အဖွဲ့ တွေပဲ လက်ညှိုးကွေး လိုက်တာနဲ့  ဖြစ်တယ် ။ ဒါပေမဲ့ စပြီးတဲ့ စစ်ကို အဆုံးသတ် ဖို့ ဆိုတာကတော့ လွယ်တဲ့ ကိစ္စမဟုတ်ဘူး ။ တိုင်းရင်းသား အဖွဲ့ တော်တော် များများရဲ့  အင်အားဟာ အစိုးရတပ်ရဲ့  ထိုးစစ်ကို ခံစစ် အနေအထားနဲ့  တောင် ရေရှည် တောင့်ခံနိုင်တဲ့ အင်အား မရှိပေမဲ့ လွယ်လွယ် ကူကူနဲ့ တော့ လက်နက် ချကြမှာ မဟုတ်ပါဘူး ။ မိမိတို့  စခန်းတွေ ကျသွားလဲ ပြောက်ကျားနည်းနဲ့  ဆက်တိုက်ပွဲ ဝင်နေကြဦး မှာပါပဲ ။ အစိုးရတပ်က လူအင်အား လက်နက်အင်အား သာတယ် ဆိုပေမဲ့ ပြောက်ကျား စနစ်နဲ့  တိုက်နေတဲ့ အဖွဲ့  တွေကို အပြတ်တိုက်ဖို့  ဆိုတာ အချိန်တိုလေးနဲ့  မဖြစ်နိုင်သလို လွယ်ကူတဲ့ အလုပ်လဲ မဟုတ်ပါဘူး ။
ကျွန်တော်တို့  နိုင်ငံရဲ့  ပြည်တွင်း စစ်ဟာ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ်ပါ ။ ရာစုနှစ် တဝက်ကျော် တိုက်ပွဲတွေနဲ့  နေခဲ့ရတဲ့ ဒေသတွေဟာ ငြိမ်းချမ်းခဲ့တာ ဆယ်စုနှစ် တစ်ခု သာသာပဲ ရှိပါသေးတယ် ။ ဒီတစ်ခါ ပြန်စမဲ့ တိုက်ပွဲတွေဟာ ဆယ်နှစ်ကျော်ကြာ ငြိမ်းချမ်းရေး ယူပြီး အမြင်မတူ တာတွေ အတွက် အဖြေရှာတာ မအောင်မြင်လို့  ပြန်စကြမှာ ဆိုတော့ နောက်တစ်ခါ ငြိမ်းချမ်းရေး လမ်းပေါ် ပြန်ရောက် ဖို့ ဆိုတာ လွယ်လွယ် နဲ့  မဖြစ်နိုင်တော့ သလို လူတွေမပြောင်း မူတွေမပြောင်း သရွေ့ တော့ ကျွန်တော်တို့  နိုင်ငံမှာ ယမ်းငွေ့ တွေ ဝေနေဦး မှာပါ ။ ။

Subscribe to:
Posts (Atom)