Sunday, 28 March 2010

တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်

ငါ့ဆီ ငါပြန်ရောက်ပါတော့မလား
မြေပုံကြမ်းကြည့်ပြီး
လှမ်းလျှောက်နေရတာ…မောလှပြီ။

ငါ့ကို ယုံပါ။
ငါဟာ…
လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ။

ငါ…မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ…
ငါ့ကို…ယုံပါ။

လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကဘဲ တောင်းခဲ့သူပါ
ငါ့ကိုယုံပါ။

(ဖိနပ်မစီးထားတဲ့ ကလေးငယ်လိုပဲ…
ဘယ်သူကမှ…
အိမ်ထဲဝင်ဖို့  ငါ့ကိုမဖိတ်ချင်ကြဘူး)

လက်တစ်ဖက်နဲ့ 
ခေါ်လို့ မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့  လှမ်းခေါ်တော့လည်း
အရာမထင်ဘူး။

ငါ…တတ်တဲ့မြေကြီးစကားနဲ့ 
ကောင်းကင်ကြီးနားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ…။ ။

ကျွန်တော့် အကြိုက်ဆုံး စာရေးဆရာ တစ်ဦးဖြစ်တဲ့ “တာရာမင်းဝေ” ရဲ့ 
“စောင်းကြိုးပြတ်ရွာ မွန်းတည့်အလွန်(၄)နာရီ ” ဆိုတဲ့ လုံးချင်း ၀တ္ထု
နောက်ဆုံး မှာ ပါတဲ့ ကဗျာ လေးပါ ။ ဖတ်ပြီးပြီးချင်း ကျွန်တော့်ကို
ချကူးရေးပြီး အမှတ်တရသိမ်းထားချင်စိတ် ပေါ်လာစေတဲ့ ကဗျာလေးပါ။

အဲဒီ ကဗျာလေးကြောင့် ၊ အဲဒီ လုံးချင်းဝတ္ထု ကို ကျွန်တော် အမှတ်တရ
ဝယ်သိမ်းဖြစ်ခဲ့တယ် ။ အဲဒီလို ၀ယ်သိမ်းခဲ့ လို့ လဲ အဲဒီ ကဗျာလေးက
ကျွန်တော့် ဘ၀မှာ အမှတ်တရ တစ်ခုဖြစ်စေခဲ့တယ်…

ကြာတော့ကြာပါပြီး ၊ ကြာပါပြီးဆိုပေမဲ့လဲ ရှေးရှေးတုန်းကလို့ 
ပြောရလောက်အောင် ကြာတာတော့ မဟုတ်ပါဘူး ။ အမှတ်တရ
သာမဟုတ် ခဲ့ရင် မှတ်မိမှာ မဟုတ်တော့တဲ့ အချိန်အတိုင်းအတာ တစ်ခုက
ဇာတ်လမ်းလေးပါ ။

ညနေခင်းတစ်ခုမှာ ကျွန်တော် ကိုယ်တိုင်ပြောမထွက်တဲ့ စကားတွေ အစား
ကောင်မလေး တစ်ယောက်ကို နှင်းဆီပန်း အ၀ါရောင်လေး တစ်ပွင့်ပေးဖို့ 
ကျွန်တော် ကြိုးစားခဲ့ဖူးတယ် ။ မမျှော်လင့်တဲ့ အခြေအနေ တစ်ခုကြောင့်
မပေးဖြစ်ခဲ့ဘူး ။ မမျှော်လင့်တဲ့ အခြေအနေ ဆိုတာ ကလဲ ကျွန်တော်ကသာ
မမျှော်လင့်ခဲ့တာပါ ။

အဲဒီညမှာပဲ ကောင်မလေးက sorry ဆိုတဲ့ စကားနဲ့ အတူ ကျွန်တော့်ကို
ဖုန်းခေါ် ခဲ့တယ် ။ အဲဒီညမှာ ကောင်မလေးပြောတဲ့ sorry ဆိုတာက
မမျှော်လင့်ဘဲ ပြောင်းသွားတဲ့ အခြေအနေကို ၀မ်းနည်းလို့ မဟုတ်ဘဲ ၊
အားနာလို့ ပြောတဲ့ sorry ဆိုတာ ကောင်မလေးရော ၊ ကျွန်တော်ရော
သိနေခဲ့တယ် ။

အဲဒီညမှာပဲ ကျွန်တော် အမှတ်တရ သိမ်းထားခဲ့တဲ့ တာရာမင်းဝေ ရဲ့ 
ကဗျာလေး ကို ပြန်ရှာ ပြီး ကောင်မလေးဆီကိုပို့ ခဲ့ ဖူးတယ်။ ။

No comments:

Post a Comment