Saturday, 22 October 2016

ယုံကြည်မှု

ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင် မိသားစုက မွေးဖွားလာတဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်သူ တစ်ယောက်ပါ ။ ဗုဒ္ဓဘာသာ တစ်မျိုး ထဲကိုသာ ကျွန်တော် ကိုးကွယ်ပါတယ် ။ ဒါပေမဲ့ အခြား ဘာသာတွေက ကိုးကွယ်နေကြတဲ့ ဘုရားရှင်တွေ ကိုလဲ ကျွန်တော် ယုံကြည်တယ် ၊ ဘယ်ဘုရားရှင် ကိုမှ ကိုးကွယ်မှု မရှိတဲ့ atheist တွေရဲ့  ရပ်တည် မှုကိုလဲ ကျွန်တော် နားလည်တယ် လို့  ကျွန်တော် ပြောတိုင်း မေးတဲ့ သူတွေ က အငြင်းအခုန် မဖြစ်ချင်လို့  ကျွန်တော် အလွယ်ဖြေ တယ်လို့ ပဲ ထင်ကြတယ် ။

ကျွန်တော့်ရဲ့  ယုံကြည်မှု အမြင်က ရိုးရိုးရှင်းရှင်း လေးပါ ။ ယခု လက်ရှိ ခေတ်ကာလ အချိန်မှာတောင် နိုင်ငံတိုင်းမှာ ခေါင်းဆောင် အဖြစ်သတ်မှတ် ထားတဲ့သူ နိုင်ငံ အလိုက် အသီးသီး ရှိကြတယ် ။ ကမ္ဘာကြီး လုံးလားပြားလား တောင်မသိ သေးတဲ့ အချိန်မှာ ၊ ပင်လယ်ကြီးတွေ ဘယ်မှာ အဆုံးသတ်လို့  အခြား တစ်ဖက်မှာ ကုန်းမြေရှိ မရှိတောင် မသိသေးတဲ့ ခေတ်မှာ ၊ ကမ္ဘာ ကြီးရဲ့  အခြား တစ်ဖက်မှာ မတူညီတဲ့ လူမျိုးစု တွေ နေထိုင် နေကြတယ် ဆိုတာကိုတောင် မသိ သေးတဲ့ ကာလမှာ ဝေလံတဲ့ အရပ်ဒေသ အသီးသီးမှာ ကိုးကွယ်ကြတဲ့ ဘုရားရှင် တွေကလဲ တူညီ ကြမှာ မဟုတ်ဘူး လို့  ကျွန်တော် ယုံကြည်တယ် ။

ဘုရားရှင် ဆိုတာ တစ်ဦးထဲပဲ ရှိတယ် ၊ အမြင့်မြတ် ဆုံးသူတစ်ဦး ထဲကိုသာ ဘုရားရှင်လို့  သတ်မှတ် သင့်တယ် လို့ တော့ ကျွန်တော့်ကို လာ မငြင်းပါနဲ့  ။ ကျွန်တော် လေးစားတဲ့ ခေါင်းဆောင် တစ်ယောက်ရဲ့  အရည်အချင်းကို အခြားသူတွေ လေးစား ချင်မှ လေးစားမယ် ။ အခြားသူတွေ လေးစားတဲ့ သူကိုလဲ ကျွန်တော် လေးစားနိုင် ချင်မှ လေးစား နိုင်ပါမယ် ။ အဲဒါတွေက လူတစ်ဦးချင်း စီရဲ့  ရွေးချယ်မှုပါ ။ ကျင့်စဉ်တွေ မတူညီ ကြတာ ၊ ဘယ်သူ့  နည်းလမ်းက မှန်တယ် မှားတယ် ဆိုတာတွေ ကတော့ တခြား အပိုင်းပါ ။ အဲဒါတွေ အကြောင်းကို ကျွန်တော် အငြင်းအခုန် မလုပ်ပါ ။

သိပ္ပံပညာ တိုးတက် လာတာနဲ့  အမျှ လူတွေ နှစ်ပေါင်း များစွာ ဘာအထောက်အထားမှ မရှိဘဲ ယုံကြည် ခဲ့တဲ့ အကြောင်း အရာတွေကို သိပံ္ပပညာက အထောက်အထားတွေ ၊ တိကျတဲ့ တွက်ချက်မှုတွေ ၊ သီအိုရီ တွေနဲ့  ပိုပိုပြီး လက်တွေ့  ပြသ နိုင်လာ ခဲ့တယ် ။ သိပ္ပံပညာရှင် တွေဟာ လူတွေ နှစ်ပေါင်း များစွာ လက်ခံခဲ့တဲ့ ယုံကြည်မှု တွေထဲမှာ ဘယ်ဟာတွေ ကတော့ မှန်ပြီး ၊ ဘယ်ဟာတွေက မှားနေလဲ ဆိုတာတွေကို လက်တွေ့  ကျကျ ပြသခဲ့ ကြတယ် ။ တန်ခိုးရှင်တွေ ကသာ သိမြင်နိုင် တယ်လို့  ယုံကြည်ခဲ့ ကြတဲ့ အရာ အချို့  ကိုလဲ သိပ္ပံပညာရှင် တွေက လက်တွေ့  လုပ်ပြနိုင် လာခဲ့ကြတယ် ။ ဒီလို ခေတ်ကာလမှာ တန်ခိုးရှင်တွေ ကို ကိုးကွယ်စရာ အဖြစ် မမြင်တော့ပဲ လက်တွေ့  ကျတဲ့ သီအိုရီတွေ ၊ လက်တွေ့  စမ်းသပ်မှုက ရလာတဲ့ တွေ့  ရှိချက် တွေကိုသာ ယုံကြည်ကြတဲ့ သူတွေရှိ လာတာ ကလဲ အထူး အဆန်းတော့ မဟုတ်ပါဘူး ။ သိပ္ပံပညာ တိုးတက်မှု အားကောင်း လာတဲ့ ဂျပန်လို နိုင်ငံမျိုးမှာ ဘယ်ဘာသာ ကိုမှ ကိုးကွယ်မှု မရှိတဲ့ atheist တွေ များများလာ ရတဲ့ အကြောင်းကလဲ အံ့သြ စရာ တစ်ခုတော့ မဟုတ်ပါဘူး ။

ကျွန်တော်တို့  သူငယ်ချင်းတွေ ကြားမှာ တစ်ယောက်ယောက် က မယုံချင် စရာ တစ်ခုခု ပြောလာတဲ့ အခါမှာ “မယုံဘူး ဓာတ်ပုံ ပြ” ဆိုပြီး ပြန်နောက် တတ်ကြတယ် ။ ဒီစကား က တစ်ကယ်တော့ ဟာသ တစ်ခုပါ ။ ဘာလို့  လဲဆိုတော့ လောက ကြီးမှာ ဓာတ်ပုံ တွေ ၊ video တွေ သာမက ဘယ်လောက်ပဲ ခိုင်လုံတဲ့ သက်သေတွေ ပြပြ ၊ သူတို့  ယုံချင်သာ ကိုပဲ ယုံနေ တတ်ကြတဲ့ သူတွေလဲ ရှိတယ် ။

ယနေ့  လက်ရှိအချိန်ထိ ကမ္ဘာကြီး လုံးနေတယ် ဆိုတာကို မယုံကြည်တဲ့ သူတွေ ရှိတယ် ။ ကျွန်တော် ပြောနေတာ လူအရောက် အပေါက် မရှိတဲ့ တောနက်ကြီးထဲမှာ နေနေတဲ့ လူမျိုးစု တွေကို ပြောနေတာ မဟုတ်ဘူးနော် ၊ ခေတ်မှီ တိုးတက်နေတဲ့ လူ့  အသိုင်းအ၀ိုင်း ထဲမှာပဲ ကမ္ဘာကြီး လုံးနေတာကို မယုံကြည်တဲ့သူ တော်တော် များများ ရှိနေ သေးတယ် ။ ကျွန်တော် နောက် နေတာ မဟုတ်ပါ ။ ကျွန်တော် ပြောတာကို မယုံရင် The Flat Earth Society အကြောင်း ရှာဖတ် ကြည့်ကြပါ ။

ကျွန်တော့် ရဲ့  ရပ်တည်မှု ကတော့ ရိုးရှင်းပါတယ် ။ မျက်စိ ပိတ် ၊ နားပိတ်ပြီး ပုံသေစွဲ ယုံကြည် နေတတ်တဲ့ သူတွေထဲမှာ ကျွန်တော် မပါ ပါ ။ ကျွန်တော့်ရဲ့  ယုံကြည်မှု တစ်ခုခု ကို လွဲမှားနေကြောင်း သက်သေ ပြနိုင်တဲ့ အခါ ကျွန်တော့် ရဲ့  ယုံကြည်မှုကို ပြောင်းလဲ လိုက်မှာပါ ။ ။

Friday, 16 September 2016

ငြိမ်းချမ်းပါစေ ငါတို့ ပြည်

အခုအချိန် ကျွန်တော်တို့  နိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့  တိုးတက်မှုတွေ လုပ်ဆောင်နိုင်ဖို့ အတွက် အရေးကြီးဆုံး လိုအပ်နေတာ ငြိမ်းချမ်းရေးပါ ။ မကြာသေးခင်က စတင် ကျင်းပခဲ့ တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ အပေါ် နိုင်ငံသားတွေရဲ့  စိတ်ဝင်စား မှုကလဲ အားတက် စရာ ကောင်းပါတယ် ။ အရင်တုန်းက ကိုယ့်လူမျိုး စု အရေးကိုသာ စိတ်ဝင်စားခဲ့ ကြတဲ့ အဖွဲ့  အစည်း အချို့  ကလဲ ပြည်ထောင်စု အရေးကို အလေးထား လာကြတာ ၀မ်းသာ စရာပါ ။

ကျွန်တော်တို့  နိုင်ငံမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးဟာ အဖွဲ့  အစည်းတွေက ငါတို့  စစ်မတိုက် ကြတော့ဘူးကွာ လို့  သဘောတူ ရုံနဲ့  မရနိုင်ပါဘူး ။ စစ်တိုက်တာ ခဏရပ်လိုက်တဲ့ နည်းနဲ့  အဖြေရှာ ခဲ့တာ နှစ်ပေါင်း မနည်းတော့ ပေမဲ့ တကယ် လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ဆိုတာနဲ့  အလှမ်းဝေး နေတုန်းပါပဲ ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက် အမှန် တကယ်လိုအပ် နေတာက နိုင်ငံသားတိုင်းမှာ ပြည်ထောင်စု စိတ်ဓာတ် ရှိဖို့ ပါ ။

ကျွန်တော် မွန်လူမျိုး တစ်ယောက်ပါ ။ ငယ်ငယ်တုန်း က စာဖတ်အား နည်းခဲ့ တာရော ၊ ကျောင်းစာ တွေကို အလွတ်ပဲ ကျက်ခဲ့တာတွေ ကြောင့်ရော မွန်လူမျိုးဆိုတာ မြန်မာနိုင်ငံ ထဲမှာနေထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စု တစ်ခုလို့  သာ ကျွန်တော်သိ ခဲ့တာပါ ။ မွန်ဆိုတာ ကိုယ့်ထီး ၊ ကိုယ့်နန်း၊ ကိုယ့် ကိုယ်ပိုင် နိုင်ငံနဲ့  သီးခြားရပ်တည် ခဲ့တဲ့ လူမျိုးစု ဆိုတာ ကျွန်တော် အထက်တန်း အရွယ် ရောက်မှ သိခဲ့တယ် ။ အဲဒီ နောက်ပိုင်း မှာတော့ မွန်သူရဲကောင်း တွေအကြောင်းနဲ့  မွန်ရာဇ၀င် အကြောင်း စာအုပ်အချို့  ရှာဖတ် ဖြစ်ခဲ့တယ် ။ မွန်ဘုရင်က မြန်မာဘုရင်ကို စစ်ရှုံးပြီး မွန်နိုင်ငံပျောက်ခဲ့ တာကို သိရတဲ့ အချိန်က စပြီး မွန်လူမျိုး တစ်ယောက် အနေနဲ့  ကျွန်တော် ရဲ့  အပြင်းပြဆုံး ဆန္ဒ တစ်ခုက မွန်နိုင်ငံ ပြန်တည်ထောင် တာကို မြင်ချင်တာပါ ။ မွန်နိုင်ငံ ပြန်လည် တည်ထောင် နိုင်ဖို့  အတွက် အဲဒီအချိန်မှာ ကျွန်တော် နားလည်သော တစ်ခုတည်းသော နည်းလမ်းက လက်ရှိ နိုင်ငံတော် အစိုးရကို တော်လှန်ဖို့ ပါ ။ အစိုးရ တပ်နဲ့  တိုက်နေတဲ့ မွန်စစ်တပ် ရှိတယ် ဆိုတာကို သိတာက လွဲပြီး မွန် တပ်မှာ အင်အား ဘယ်လောက် ရှိလို့ ဘာတွေ လုပ်နေလဲ ၊ အဖွဲ့  အစည်းရဲ့  ရည်မှန်းချက် က ဘာလဲ ဆိုတာလဲ ကျွန်တော် မသိပါဘူး ။ ကျွန်တော့်မှာ စိတ်ကသာ ရှိတာပါ ကိုယ်တိုင်က နိုင်ငံရေး သမား တစ်ယောက် မဟုတ်သလို ၊ ဘယ် အဖွဲ့  အစည်း နဲ့  မှလဲ အဆက်အသွယ် မရှိတဲ့ အတွက် ဘာမှလဲ မလုပ်ဖြစ်ပါဘူး ။

တစ်ခါတုန်းကပေါ့ သူငယ်ချင်း တွေနဲ့  ပြည်တွင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ အကြောင်းပြောရင်း ၊ တစ်ချိန်ချိန်မှာ မွန် နဲ့ ဗမာ တိုက်ပွဲ တွေပြင်းထန်လာလို့  ဘယ်သူ့  ဖက်က ရပ်တည်မလဲလို့  ရွေးရမဲ့ အခြေအနေ ဖြစ်လာတဲ့ အခါ ကြရင် ငါကတော့ မွန်ဖက်က ၀င်တိုက်ရ လိမ့်မယ် ၊ အဲဒီလို အခြေအနေ ရောက်တဲ့ အခါ မင်းတို့  နဲ့  ငါ ရန်သူတွေ ဖြစ်သွားမှာ ဆိုတော့ သူငယ်ချင်း တွေက ကျွန်တော်ရဲ့  ဆုံးဖြတ်ချက်ကို နားမလည်ကြဘူး ။ မင်းကဘာလို့  သူပုန်တွေ ဖက်က တိုက်ချင်ရတာလဲ လို့  ၀ိုင်းမေးကြတယ် ။ ငါက သူပုန်သွား လုပ်မှာ မဟုတ်ဘူး ၊ မွန်စစ်သား သွားလုပ်မှာ ဆိုတဲ့ ကျွန်တော့် အဖြေကို သူတို့  နားမလည် ခဲ့ကြဘူး ။

ကျွန်တော် ဆယ်တန်းအောင် ပြီးစ အချိန်မှာ “Gone With The Wind” ကို ဘာသာပြန် ထားတဲ့ “လေရူးသုန်သုန်” ဆိုတဲ့ စာအုပ်ကို ဖတ်ဖြစ်တယ် ။ အဲဒီစာအုပ် ဖတ်ပြီး စစ်ဘေးဒဏ်မှာ မှန်တဲ့ဖက် နဲ့ မှားတဲ့ဖက် ဆိုတာ မရှိဘူး ဆိုတဲ့ အသိ တစ်ခု ရလိုက်တယ် ။ ပြည်တွင်းစစ်ရဲ့  ဒုက္ခကို ကျွန်တော် တော်တော် ကြောက်သွားတယ် ။ တချိန်ထဲမှာပဲ မွန်လူမျိုး တစ်ယောက် အနေနဲ့  မွန်တွေရဲ့  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံ တစ်ခုကိုလဲ မြင်ချင်တယ် ၊ ပြည်တွင်း စစ်နဲ့  ပြည်သူတွေရဲ့  စစ်ဘေးဒဏ် ဒုက္ခ တွေကိုလဲ မုန်းမိတယ် ။

ကျွန်တော် နိုင်ငံခြားသွားဖို့  လုပ်တော့ TOEFL သင်တန်း တွေ တက်ဖြစ်တယ် ။ တက်ဖြစ်တဲ့ သင်တန်း တစ်ခုက ဘိုကလေး ဈေးနား က သင်တန်း လို့  ထင်တယ် သေချာတော့ မမှတ်မိတော့ဘူး ဆရာကတော့ နာမည်ကြီး ဆရာတစ်ယောက်ပါ ။ ရက်ပိုင်းလေးပဲ တက်ဖြစ်လိုက်တဲ့ အဲဒီသင်တန်းမှာ တရက် ဆရာက ဖက်ဒရယ် စနစ် အကြောင်းကို ပြောတယ် ။ TOEFL စာမေးပွဲ ဖြေဖို့  ပြင်ဆင်နေသူ အများစု က အမေရိကန် သွားဖို့  ကြိုးစားနေ သူတွေဖြစ်လို့  အမေရိကန်နိုင်ငံက ဖက်ဒရယ် စနစ်မှာ ပြည်နယ်တွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ ရှိတယ် ဆိုတဲ့ အကြောင်း ခပ်တိုတို ရှင်းပြတာပါ ။

ဖက်ဒရယ် စနစ် အကြောင်းကို သိ ပြီးတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသား အများကြီး ရှိတဲ့ ငါတို့  နိုင်ငံမှာ ဒီ စနစ်သာ သုံးရင် အားလုံး အဆင်ပြေမှာလို့  တွေးမိတယ် ။ အချင်းချင်း စစ်တိုက် နေစရာ မလိုပဲ အားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံ တစ်ခုထဲမှာ တိုင်းရင်းသားတွေ အားလုံး စုပေါင်း နေထိုင်နိုင်မဲ့ ဒီစနစ် ကို လူတိုင်း နားလည် လက်ခံနိုင် ကြရင် သိပ်ကောင်းမှာပဲလို့  တွေးမိတယ် ။

ကျွန်တော် နိုင်ငံခြား စရောက်တဲ့ အချိန် ပြည်တွင်း ပြည်ပမှာ ဒီမိုကရေစီ ရရှိရေး ဒို့ အရေးလို့  အော်နေတဲ့ သူတွေကို နေရာတိုင်းမှာ တွေ့  နိုင်ပေမဲ့ တိုင်းရင်းသားတွေရဲ့  အခွင့်အရေး တွေ အကြောင်းကို ပြောတဲ့ သူတွေကတော့ မရှိ သလောက်ကို ရှားနေ သေးတယ် ။ တိုင်းရင်းသား အဖွဲ့  အားလုံးနီးပါး ကလဲ ကိုယ့်လူမျိုးစု အခွင့်အရေး အတွက်သာ ပြောကြတယ် ။ ဒါပေမဲ့ မွန်ပြည်သစ် ပါတီ ကတော့ အဲဒီ အချိန်ထဲက မြန်မာ နိုင်ငံထဲမှာ နေထိုင် ကြတဲ့ တိုင်းရင်းသား အားလုံးအတွက် အသင့်တော်ဆုံး ဖြစ်တဲ့ ဖက်ဒရယ် စနစ်ကို အားလုံး နားလည် လက်ခံဖို့  အတွက် ကြိုးပမ်းနေတဲ့ ရှားရှားပါးပါး အဖွဲ့  အစည်း တစ်ခု ဖြစ်တယ် ဆိုတာ သိလိုက်ရတော့ တော်တော်လေး ၀မ်းသာမိတယ် ။ မွန်ပြည်သစ် ပါတီရဲ့  ခေါင်းဆောင်ပိုင်း တွေကိုလဲ လေးစားမိတယ် ။ အခုအချိန် အထိလဲ မွန်ပြည်သစ် ပါတီဟာ အခြားတိုင်းရင်းသား အဖွဲ့  တွေဖက်က မှားမှားမှန်မှန် ကာကွယ်ပြီး ရပ်တည် ပေးနေတဲ့ သတင်းတွေ တွေ့  နေရတယ် ။ ဒါပေမဲ့ အဲဒီ အဖွဲ့  တွေရဲ့  အမြင် ကျဉ်းမြောင်းတဲ့ ကြေညာချက်တွေ ၊ လူမျိုးရေး အစွဲတွေ ၊ ပြည်ထောင်စု စိတ်ဓာတ် အားနည်းနေမှုတွေ ၊ တကိုယ်ကောင်းဆန်တဲ့ ရပ်တည်မှု တွေကို ကြားရတဲ့ အခါတွေမှာ တော်တော် လေး စိတ်မကောင်းဖြစ်မိတယ် ။

အချို့  အဖွဲ့  တွေမှာ လူမျိုးစု အစွဲတွေ အရမ်းအားကောင်း နေသေးတယ် ။ အချို့  အဖွဲ့  တွေက လူမျိုးစုကို ကိုးစားပြုတဲ့ နာမည်တွေ ယူထား ကြပေမဲ့ သူတို့  စိတ်ဝင်စားတာ စီးပွားရေး လုပ်ငန်းတွေသာ ဖြစ်တယ် ။ အခုလက်ရှိ အချိန်က သေနတ် ကိုင် ထားတဲ့ အဖွဲ့ အစည်းတွေ အနေနဲ့  ကိုယ်လုပ်ချင်တာ လုပ်ခွင့် မရတဲ့ အခါတိုင်း သေနတ်ပြန် ဖောက်မယ် ၊ စစ်မတိုက်ကြေး လက်မှတ် ထိုးမယ် ၊ အခွင့်အရေးတွေ တောင်းမယ် ဆိုတဲ့ အချိန် မဟုတ်တော့ ပါဘူး ။ အဖွဲ့  အစည်းတိုင်း ထပ်ခါ သလဲလဲ တောင်းဆိုခဲ့ကြတဲ့ စားပွဲမှာ ထိုင်ပြီး အဖြေရှာ မယ်ဆိုတဲ့ အခွင့်အရေးကို အကောင်အထည် ဖော်ဖို့  အချိန်ပါ ။

မိမိတို့  ဖြစ်ချင်တဲ့ ဆန္ဒတွေကို ထုတ်ဖော်ကြပါ ။ အခြား သူတွေရဲ့  ဆန္ဒကိုလဲ လေးလေးစားစား နားထောင်ပေးပါ ။ လိုအပ်တာတွေကို တောင်းဆိုကြပါ ၊ ကိုယ်ပြန်ပေးနိုင်တာ တွေကိုလဲ စဉ်းစားပေးပါ ။ ကျွန်တော်တို့  နိုင်ငံမှာ လက်ရှိ နေထိုင်နေတာ လူမျိုးစု ၁၃၅ မျိုးရှိပါတယ် ။ လူများစု တိုင်းရင်းသားတွေ အနေနဲ့  မိမိတို့ ရဲ့  စာပေ ၊ ယဉ်ကျေးမှု ၊ ဘာသာ စကား ၊ ယိုးရာ ယဉ်ကျေးမှု အစဉ်အလာ တွေကို တန်ဖိုးထား ကြသလို ၊ မိမိတို့  ပြည်နယ် ထဲမှာ နေထိုင်ကြတဲ့ လူနည်းစု တိုင်းရင်းသား တွေရဲ့  အခွင့်အရေး အတွက် လဲစဉ်းစားပေးပါ ။ အရေးအကြီးဆုံး အချက်က ညီတူညီမျှ ခွဲဝေ တာဟာ ၊ ညီတူညီမျှ အကျိုး ခံစားခွင့် ရှိတာနဲ့  မတူဘူး ဆိုတာကို နားလည်ပေးပါ ။


အခုအချိန်မှာ အဖွဲ့  အစည်းတွေရဲ့  တောင်းဆိုမှုတွေကို ပြည်သူတွေ အားလုံးက နားထောင်နေကြတယ် ။ အဖြေတွေကိုလဲ ပြည်သူတွေ ကြားကြလိမ့်မယ် ။ မျှတမှု မရှိတဲ့ အဖြေတွေ အတွက် မျှတမှုကို လိုလားတဲ့ ပြည်သူတွေရဲ့  အသံတွေကို ကြားရလိမ့်မယ် ။ မျှတမှု ရှိတဲ့ အဖြေတွေကို လက်ခံဖို့  ငြင်းတဲ့ အဖွဲ့ တွေ ကတော့ ပြည်ထောင်စု ကြီးရဲ့  ရန်သူ ဖြစ်လာလိမ့်မယ် ။ ဘယ်အဖွဲ့  အစည်းက ပြည်ထောင်စု စိတ်ဓာတ် ရှိပြီး ဘယ်အဖွဲ့  အစည်းရဲ့  ရပ်တည်မှုက ပြည်ထောင်စု စိတ်ဓာတ်နဲ့  ဆန့် ကျင်နေတယ် ဆိုတာကို ပြည်သူတွေက ဆုံးဖြတ်လိမ့်မယ် ။

ကျွန်တော်ရဲ့  လက်ရှိအပြင်းပြဆုံး ဆန္ဒကတော့ ပြည်ထောင်စု ရန်သူလို့  ပြည်သူတွေ သတ်မှတ် လိုက်တဲ့ အဖွဲ့ အစည်းတွေက သူတို့ ရဲ့ ရပ်တည်မှုတွေကို မပြင်နိုင်ဘူးလို့  ဆိုလာတဲ့ အခါကြရင် ၊ အဲဒီ အဖွဲ့  အစည်းတွေ အတွက် ဒီပြည်ထောင်စု နိုင်ငံတော်ကြီး ထဲမှာ နေရာ မရှိစေချင်တော့ ဘူးဗျာ ။ ။

Wednesday, 16 March 2016

အမှန် နဲ့  အသံ

ရေးတော့အမှန် ၊ ဖတ်တော့အသံ ဆိုတဲ့ စကားကို ကျွန်တော်တို့  အားလုံး သိကြပါတယ် ။ အချို့  စားလုံးတွေဟာ ရေးထားတဲ့ အတိုင်း အသံထွက် ဖတ်လို့  မရသလို ၊ အသံထွက်တဲ့ အတိုင်း စားလုံးပေါင်းပြီး ရေးရင်လဲ မမှန်ပါဘူး ။

ကျွန်တော် မြန်မာပြည်ကို ဒုတိယ အကြိမ်ပြန်တုန်း က Manchester United အသင်းရဲ့  နည်းပြက ‘David Moyes’ ပါ ။ ရှုံး ပွဲတွေ ဆက်နေလို့  နည်းပြက ဖိအားပေး ခံနေရတဲ့ အချိန်ပါ ။ ရောက်ပြီးနောက်နေ့  ဂျာနယ် တစ်စောင် မှာ မန်ယူ အသင်းရဲ့  နည်းပြ ‘မိုယက်’ ဆိုပြီး ခေါင်းစဉ်မှာ တွေ့ တော့ ၊ ငါ သတင်း မကြည့်ဖြစ်တဲ့ ၂ ရက်အတွင်းမှာ မန်ယူက နည်းပြ အသစ်တောင် ရသွားပြီးလား ဆိုပြီး တော်တော် အံ့သြ သွားတယ် ။ သတင်း မဖတ်ခင် သူငယ်ချင်းကို မန်ယူနည်းပြ ဘယ်တုန်းက ပြောင်းသွားတာလဲ မြန်လိုက်တာ ဆိုတော့ ၊ နည်းနည်း တောင်ကြာနေ ပြီးလေ မင်းဘယ်မှာ အိပ်ပျော်နေတာလဲတဲ့ ။

အဲဒါနဲ့  ငါမလာခင်က မန်ယူ နည်းပြက သူပါကွာ ဆိုပြီး အဲဒီသတင်းမှာ ပါတဲ့ ‘David Moyes’ ဓာတ်ပုံကို ထိုးပြတော့ ၊ အခုလဲ သူပဲလေ ဘာတွေ လာပြောနေ တာလဲတဲ့ ။ အဲဒီတော့မှ ကျွန်တော့် အမှားကို ကျွန်တော် သတိထား မိလိုက်တယ် ။ ကျွန်တော်တို့  ဆီမှာ David Moyes ကို ‘ဒေးဗစ် မွိုင်း’ လို့  အသံထွက် ကြတယ် ။ ကျွန်တော် သိထားတဲ့ ဒေးဗစ် မွိုင်း(Moyes) နဲ့  သူတို့  ပြောတဲ့ ဒေးဗစ် မိုယက်(Mo-yes) ဆိုတာ အတူတူ မဟုတ်ဘူး လို့  ထင်မိတာကို ကိုယ့်ဘာသာ ကိုယ်ပဲ ရယ်လိုက်တော့တယ် ။

David Moyes တစ်ယောက်ထဲ ရဲ့  နာမည် ကို အသံထွက်ပုံ ကွဲလွဲ တာမဟုတ်ပါဘူး ။ နည်းပြ နာမည် တွေရော ၊ ကစားသမား နာမည်တွေ ရော ၊ အသင်းနာမည် အချို့ ပါ အသံထွက်တွေ ကွဲလွဲနေတာ သတိထားခဲ့ မိတယ် ။ ကျွန်တော် အကြိုက်ဆုံး နည်းပြကို မြန်မာပြည်မှာ မော်ရင်ဟို လို့  ခေါ်ကြတယ် ။ သူ့  နာမည် စာလုံးပေါင်း က ‘Jose Mourinho’ ပါ ။ ကျွန်တော်တို့  ဆီမှာတော့ jo-zay Mo-ri-nh-o လို့  အသံ ထွက်ကြတယ် (အသံထွက် အတိအကျ မပေါင်းတတ်လို့  အသံထွက်နဲ့  အနည်းစပ် ဆုံးပေါင်းကြည့် ထား တာပါ) ။ အဓိက က အသံထွက် ပုံချင်းလုံးဝ မတူဘူးလို့  ကျွန်တော် ပြောချင်တာပါ ။

ကျွန်တော် အရင်တုန်းက Ajax အသင်းကို အေဂျက် လို့  အသံထွက်တယ် ။ ဒီရောက်တော့ အိုင်အက် (i-ax) လို့  အသံထွက်တယ် ဆိုပြီး သူများတွေက ပြင်ပေးရတယ် ။ ကျွန်တော်တို့  မြန်မာတွေပဲ အနောက်နိုင်ငံ က နာမည် တွေကို အသံထွက်တဲ့ အခါမှာ အသံထွက်တွေ ကွဲလွဲနေတာ မဟုတ်ပါဘူး ။ နိုင်ငံခြား အားကစား သတင်းတွေ မှာလဲ တခါတခါ မူရင်း ဘာသာ စကားရဲ့  အသံထွက် မဟုတ်ပဲ စာလုံးပေါင်း ထားတဲ့ အတိုင်း အသံထွက် ကြတာကို တွေ့ ရတတ်တယ် ။


‘Jose’ ဆိုတဲ့ စာလုံးကို ‘ဂျိုးဇေး’ လို့  အသံ ထွက်တဲ့ နိုင်ငံ ရှိသလို ‘ဟိုဆေး’ လို့  အသံထွက်တဲ့ နိုင်ငံ ရှိတယ် ။ ကျွန်တော်တို့  ‘မျိုး’ လို့  အသံထွက်တဲ့ ‘Myo’ ဆိုတဲ့ စာလုံးကို အင်္ဂလိပ်တွေ ကို ပြပြီး အသံထွက် ခိုင်းကြည့်ပါ ဘယ်လို အသံ ထွက်ရမှန်း မသိပါဘူး ။ ‘Myo’ နဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ (Mayo) ‘မိုင်ယို’ လို့  အသံထွက် ကြလိမ့်မယ် ။ ‘Aye’ ကို အားလုံးလိုလိုက ‘အိုင်း’ လို့ အသံ ထွက်တယ် ။ ကျွန်တော် တို့က ‘အေး’ လို့  အသံထွက်တယ် ။ ဘယ်အသံ ထွက်က အမှန်လဲဆိုတာ စာလုံးပေါင်းကို ကြည့်ပြီး ပြောလို့  မရပါဘူး ။ စာလုံးပေါင်း ထားတာချင်း တူနေပေမဲ့ တစ်နိုင်ငံနဲ့  တစ်နိုင်ငံ ဘာသာစကား မတူတဲ့ အခါ အသံထွက် ပုံချင်း တူချင်မှ တူမှာပါ ။ သူ့  မူရင်း နိုင်ငံ ရဲ့  အသံထွက် အတိုင်း ထွက်မှသာ အမှန် ဖြစ်မှာပါ


အောက်က video ကတော့ စာလုံးပေါင်း အတိုင်း ထွက်တဲ့ အသံ နဲ့  အသံထွက် အမှန် အကြောင်း ဟာသ လေးပါ ။



အဲဒီ အခေါက်ပြန်ထဲက အခုအချိန်ထိ ကျွန်တော့် စိတ်ထဲ ခုလုခုလု ဖြစ်နေတဲ့ စာလုံးတစ်လုံး ရှိသေးတယ် ။ အဲဒီ စာလုံးကတော့ ‘Hluttaw’ ပါ ။ ပြန်ရောက်ပြီး သိပ်မကြာပါဘူး မြန်မာသတင်း ကို အင်္ဂလိပ်လို ပြောတာလေး TV မှာ လွှင့်နေတာကို ကြည့်မိတယ် ။ အင်္ဂလိပ်လို ပြောနေတဲ့ သတင်းထဲမှာ လွှတ်တော်(Hluttaw) ဆိုတာကို ထပ်ခါ သလဲလဲ သုံးနေလို့  ချက်ချင်း စဉ်းစား မိလိုက်တာက နိုင်ငံခြားသား တစ်ယောက်ယောက်သာ ကြည့်နေရင်တော့ ပထမ ဆုံး Hluttaw ဆိုတာ ဘာလဲလို့  မေးလိမ့်မယ် ထင်တယ် ။

အင်္ဂလိပ်လို လွှင့်တဲ့ မြန်မာသတင်းမှာတင် မဟုတ်ပါဘူး ၊ အင်္ဂလိပ် ဘာသာနဲ့  ရေးထားတဲ့ မြန်မာ website တွေမှာရော ၊ သတင်းစာ တွေမှာပါ လွှတ်တော် ကို ‘Hluttaw’ ဆိုပြီး သုံးကြတယ် ။ နိုင်ငံခြား သတင်း ဋ္ဌာနတွေ ကတော့ မြန်မာ ပြည်က လွှတ်တော်ကို ‘Parliament’ ဆိုပြီး သုံးကြတယ် ။ ကျွန်တော့် စိတ်ထဲ ခုလုခုလု ဖြစ်နေတာ အဲဒါပဲ ၊ Hluttaw နဲ့  Parliament အတူတူ ပဲလား ? မတူဘူးလား ? ကျွန်တော်တို့  ဆီက လွှတ်တော် ကို အင်္ဂလိပ်လို ပြောတဲ့ အခါမှာ Parliament ဆိုတဲ့ စကား သုံးလို့  မရဘူးလား ။ သုံးရင်မှား သလား ? Hluttaw လို့  သုံးမှ မှန်မှာလား ? အဲဒါလေး ရှင်းပြထားတဲ့ website တို့  Blog တို့  ရှိရင် ကျေးဇူးပြုပြီး Link လေး comment box မှာ ထားပေး ခဲ့ပါ ။

အတူတူ ပဲဆိုရင်လဲ ဘာလို့  Parliament ဆိုတဲ့ အင်္ဂလိပ် စကားလုံး ရှိနေ ရဲ့ နဲ့  Hluttaw ဆိုတဲ့ စကားလုံးကို သုံးရတာလဲ ? ငါတို့  ဆီက ဒီမိုကရေစီက အနောက်နိုင်ငံတွေ ရဲ့  ဒီမိုကရေစီနဲ့  မတူသလို ၊ ငါတို့  ဆီက လွှတ်တော် ကလဲ ၊ သူတို့  ဆီက Parliament နဲ့  မတူဘူး Hluttaw လို့  သုံးမှ မှန်မယ် ဆိုရင်လဲ ၊ နိုင်ငံခြား သတင်းဋ္ဌာန တွေက မြန်မာ နိုင်ငံက လွှတ်တော်ကို Parliament ဆိုတဲ့ စကားလုံး အမှားနဲ့  သုံးနေ ကြတာကို အချိန် မနှောင်းခင်မှာ တရားဝင် ကြေငြာပြီး ၀ိုင်းတား ပေးကြ ပါလားဗျာ ။ ကျွန်တော်တို့  မှာ Burma နဲ့  Myanmar ပြသနာ တောင် အခုထိ ရှင်းရ ခက်နေသေးလို့ ပါ ။ ။

Saturday, 27 February 2016

Strangers, again

ဒီ post ကတော့ Strangers Again ဆိုတဲ့ video ကို share ချင်တာပါ။ အောက်က video ထဲမှာ relationship အကြောင်းကို

Stage 1 : Meeting
Stage 2 : The Chase
Stage 3 : Honeymoon
Stage 4 : Comfortable
Stage 5 : Tolerance
Stage 6 : Downhill
Stage 7 : Breaking up

ဆိုပြီး အဆင့် ၇ ဆင့်နဲ့  ရိုက်ပြထားတယ် ။

Relationship တစ်ခုနဲ့  တစ်ခု စတင်ပုံချင်း တူမှာမဟုတ် သလို ၊ ဖြတ်သန်းကြ ရတဲ့ အဆင့်တွေလဲ တူကြ မှာမဟုတ် ပါဘူး ။ ကိုယ့်ရဲ့  relationship ဟာ ဘယ်လို ပုံစံပဲ ဖြစ်ဖြစ် တချိန်ချိန် မှာတော့ comfortable ဆိုတဲ့ အဆင့်ကို ဖြတ်သန်း ကြရလိမ့်မယ် ။ တစ်ဦးနဲ့  တစ်ဦး ပြောမနာ ဆိုမနာ ၊ ဟန်ဆောင်နေ စရာတွေ မလိုတော့တဲ့ comfortable ဆိုတဲ့ ဒီအဆင့်ဟာ relationship တိုင်းရဲ့  အရေးကြီးဆုံး အချိန်ပါ ။

တစ်ချို့  သူတွေက တစ်ယောက် အကြောင်း တစ်ယောက် ပွင့်ပွင့် လင်းလင်း လေ့လာခွင့် ရတဲ့ အဲဒီအချိန်တွေကို အသုံးချပြီး နားလည်မှု တွေ ပိုခိုင်မာ လာအောင် ကြိုးစား ကြတယ် ။ ပြင်စရာ ရှိတာတွေပြင် ၊ ညှိုနှိုင်း စရာတွေ ညှိုနှိုင်း ၊ လိုတိုး ပိုလျှော့ နဲ့  relationship ပို ခိုင်မာ လာအောင် ၊ ရေရှည် တည်တံ့အောင် ကြိုးစားကြတယ် ။

တစ်ချို့  သူတွေကတော့ အဲဒီ အဆင့်မှာ comfortable အဖြစ် လွန်သွားကြတယ် ။ ကြိုးစားမှုတွေ ကို ရပ်လိုက်ကြတယ် ။ မိမိတို့  ရဲ့  အတ္တ တွေကို ပြန် အသက်သွင်းလာ ကြတယ် ။ အပြန်အလှန် နားလည်မှုတွေ ၊ အနစ်နာ ခံမှုတွေ နေရာမှာ အားပြိုင်မှုတွေ ၊ တာဝန် ကျေမှု တွေနဲ့  အစားထိုးလာ ကြတယ် ။ အဲဒီလိုနဲ့ ပဲ relationship တစ်ခုဟာ tolerance အဆင့်ကို ရောက်မှန်း မသိရောက်သွား ကြတယ် ။ Tolreance အဆင့်ဟာ relationship တစ်ခုမှာ အန္တရာယ် အများဆုံး အဆင့်ပါ ။ ဒီအဆင့်မှာ အချိန် ကြာလာလေ relationship တစ်ခုဟာ ပျော်ရွှင် မှုတွေနဲ့  အဆုံး သတ်ဖို့  ဝေးလေ ပါပဲ ။ ဒီအဆင့် ကို ဖြတ်သန်း နေရသူတိုင်း ပျော်ရွှင်စရာ ကောင်းတဲ့ relationship အဆင့်ကို အချိန်မှီ ပြန်လှည့် နိုင်ကြပါစေ ။ ။


Strangers, again

Saturday, 13 February 2016

The Expert

ကျွန်တော်တို့  နိုင်ငံမှာ ပညာရှင်တွေ နေရာမရ ခဲ့တာ နှစ်တော်တော် ကြာပြီး ။ ကျွန်တော်ပြောတဲ့ နေရာဆိုတာ ရာထူးနေရာ တစ်ခုထဲ မဟုတ်ပါဘူး ။ သက်ဆိုင်ရာ နယ်ပယ်တွေမှာ ပြောဆိုပိုင်ခွင့် ၊ ဆုံးဖြတ်ချက် ချပိုင်ခွင့် တွေမရတာပါ ။

အောက်က video လေးက ဟာသ အနေနဲ့  ရိုက်ထားပေမဲ့ ၊ ကျွန်တော်တို့  နိုင်ငံမှာ ရှိတဲ့ ပညာရှင်တွေရဲ့  အခြေအနေကို ရိုက်ပြထား သလိုပါပဲ ။ Video ရဲ့  settings အောက်မှာ subtitles ကို ဘာသာ စကား ၃၉ မျိုး ရွေးလို့  ရပါတယ် ။


Thursday, 11 February 2016

ဘ၀ သင်ခန်းစာ

လူတစ်ယောက်နဲ့  တစ်ယောက် ကံအကျိုးပေးချင်း မတူကြဘူး ။

အရင်တုန်းကလဲ မတူခဲ့သလို နောင်လဲ ဘယ်တော့မှ တူမှာမဟုတ်ဘူး ။

ကိုယ်ကံကောင်းတဲ့ အလှည့်ရှိ သလို ၊ အခြားသူ ကံကောင်းတဲ့ အလှည့်လဲ ရှိလိမ့်မယ် ။

အခြားသူတစ်ယောက်ကို လှည့်ကြည့်တဲ့ အချိန်ဟာ သူအဆင်ပြေရဲ့ လားလို့  ကြည့်ဖို့ပဲ ဖြစ်သင့်တယ် ။

ကိုယ်နဲ့  နှိုင်းယှဉ်ဖို့  မဖြစ်သင့်ဘူး ။ ။



Tuesday, 15 September 2015

ကုဋေ ရှစ်ဆယ် သူဌေးသားများ နိုင်ငံ

ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်းကို ကျွန်တော်တို့  တွေ ငယ်ငယ်လေး ထဲက သင်ခဲ့ ကြဖူးတယ် ။ ငယ်စဉ်က ပညာ မသင်ခဲ့လို့  မိဘတွေ ဆုံးသွားတော့ သူများတွေ လိမ်ညာတာ ခံရပြီး ဆင်းရဲသွားတဲ့ သူဌေးသား လေးအကြောင်း ကျွန်တော်တို့  တွေအားလုံး ကြားဖူးခဲ့ ကြတယ် ။ တသက်လုံး သုံးမကုန် အောင် စည်းစိမ်တွေ ရှိရဲ့ နဲ့  ခွက်လက်ဆွဲပြီး တောင်းစားရတဲ့ ဘဝကို ရောက်ခဲ့ ရတဲ့ သူဌေးသားလေး အကြောင်းဟာ ကျွန်တော်တို့  တွေ အတွက် ပညာတတ် ဖြစ်အောင် ကြိုးစားဖို့  သင်ခန်းစာ ယူစရာ နမူနာ တစ်ခု ဖြစ်ခဲ့တယ် ။

ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်း နဲ့  ပတ်သက်ပြီး ကျွန်တော့် ဘဝမှာ အမှတ်တရ အဖြစ် ၂ ခု ရှိခဲ့တယ် ။ ဒီ post ရေး ဖြစ်တာ ကတော့ လွန်ခဲ့တဲ့ ၁၇ နှစ် ကျော် လောက်က ပထမ အမှတ်တရ အဖြစ် လေးကြောင့် ရေးဖြစ်တာပါ ။ ကျွန်တော့် အတွက် အဲဒီ အမှတ်တရ အဖြစ်အပျက် လေးကတော့ တာရာမင်းဝေ ရဲ့  လုံးချင်း ဝတ္ထု တစ်အုပ်ဖတ်မိ တာကနေ စခဲ့ တာပါ ။ လုံးချင်း ဝတ္ထုရဲ့  နာမည်ကို ကျွန်တော်မမှတ် မိတော့သလို ၊ ဖတ်မိတဲ့ စာသား အတိအကျ ကိုလဲ ကျွန်တော် မမှတ်မိတော့ ပါဘူး ။

ကျွန်တော် မှတ်မိတာကတော့ အဲဒီ စာအုပ် ဖတ်ပြီးတော့ ကျွန်တော် ငယ်ငယ် လေးထဲက အကြိမ်ပေါင်း များစွာ ကြားဖူးခဲ့တဲ့ ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်းကနေပြီး ပညာတတ် ဖြစ်အောင် ကြိုးစားဖို့  အပြင် အရင်တုန်းက သတိမပြု မိခဲ့တဲ့ အခြား သင်ခန်းစာ ယူစရာ တွေ အများကြီး ရှိနေတယ် ဆိုတာကို တွေ့ ခဲ့ရတယ် ။

ဝတ္ထု ထဲမှာတော့ ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်း ထဲကနေပြီး ကျွန်တော် အရင်က တစ်ခါမှ သတိမထားမိ ခဲ့တဲ့ အချက် ၂ ချက်ကို ခပ်တိုတို လေးပဲ ရေးထားတာ ဖြစ်ပေမဲ့ အဲဒီ စာကြောင်း တိုတို လေးတွေက ကျွန်တော့်ကို တွေးစရာတွေ ၊ သင်ခန်းစာ ယူစရာတွေ အများကြီး ပေးခဲ့တယ် ။

ပထမ အချက်က ကုဋေ ရှစ်ဆယ် သူဌေးသားဟာ ပညာကို မသင်ချင်ခဲ့ဘူး ဆိုပေမဲ့ သူ ပညာမသင် ဖြစ်ခဲ့တာ သူတစ်ယောက် ထဲရဲ့  အပြစ်လား ။ အခြား သူတွေမှာ လုံးဝ တာဝန် မရှိတော့ဘူးလား ။ သူ့ ရဲ့  အုပ်ထိန်းသူတွေ ကရော တာဝန် ကျေခဲ့ ကြရဲ့  လား ။

ဒုတိယ အချက်က သူပိုင်ဆိုင် သမျှ အားလုံး လူလိမ် ခံရပြီး ဆင်းရဲ သွားပေမဲ့ ဘာမှ လုပ်မစား တတ်တဲ့ သူဌေးသားဟောင်းက ခိုးမစားဘူး ၊ လုမစားဘူး ။ ရိုးရိုးသားသား ခွက်လက် စွဲပြီး တောင်းစားတယ် ။ အဲဒါကို နင်သာ လူမိုက် ဒုစရိုက် ဆိုပြီး ဝိုင်းဝန်း ရိုက်နှက် လှောင်ပြောင် ကြတယ် ။ တကယ့် ဒုစရိုက် သမား အစစ်တွေက ဘယ်သူတွေလဲ ။ သူညံ့လို့  သူခံရတယ် ဆိုပေမဲ့ သူ့ ကို လိမ်ညာစားခဲ့ ကြတဲ့ သူတွေ မှာအပြစ် လုံးဝ မရှိတော့ ဘူးလား ။

လက်ရှိ ကျွန်တော်တို့  နိုင်ငံဟာ ကုဋေ ရှစ်ဆယ် သူဌေးသားတွေ နေတဲ့ နိုင်ငံပါ ။ အပေါ်က အချက် ၂ ချက်မှာ ပါတဲ့ မေးခွန်း ထုတ်စရာ လက်တဆုပ်စာ လူနည်းစု ကလွဲပြီး မြန်မာနိုင်ငံက ပြည်သူတွေ အားလုံးဟာ တကယ့် ကုဋေ ရှစ်ဆယ် သူဌေးသားတွေပါ ။ ကျွန်တော် တို့ တွေဟာ ပညာ မတတ် သူတွေနဲ့  ၊ ပညာ မရှိ သူတွေပါ ။ အလွတ်ကျက် စနစ်နဲ့ သင်ခဲ့ရတဲ့ ပညာ တော်တော် များများက ဘယ်နေရာမှာမှ သုံးလို့  မရဘူး ။ လက်တွေ့ မှာ တကယ် အသုံးပြုလို့  ရတဲ့ ဘာသာရပ်ကို လက်ချိုး ရီရင် လက် တစ်ဖက်မှာ ရှိတဲ့ လက်ချောင်းတွေ မပြည့်ဘူး ။ ရထားတဲ့ ဘွဲ့ လက်မှတ်ကို ဘယ်သူမှ အသိအမှတ် မပြုတော့ ပညာတွေ သင်ပြီး ပညာမရှိ သူတွေ ဖြစ်နေ ကြရတယ် ။ သင်ထားတဲ့ ပညာတွေ သုံးမရတာ ၊ ရထားတဲ့ ဘွဲ့  လက်မှတ်တွေ အသိအမှတ် အပြုမခံ ရတာတွေကြောင့် ပညာတွေ သင်ခဲ့ပေမဲ့ ပညာမရှိ သူတွေဖြစ်ပြီး ပြည်တွင်း ပြည်ပမှာ ရရာအလုပ်နဲ့  ကျွန်သာသာ ရုန်းကန် နေကြရတယ် ။

အခုလက်ရှိ မျိုးဆက် အခြေအနေ ကတော့ အဲဒီလို ပညာရေး ကိုတောင် မသင်နိုင်တဲ့ သူတွေ များများလာတယ် ။ အခြေအနေ အမျိုးမျိုးကြောင့် ပညာမသင်နိုင်ပဲ ကြုံရာ ကျပန်း အလုပ် လုပ်နေကြရတဲ့ မျိုးဆက်သစ် ကလေးငယ် တွေများများ လာတယ် ။ ကျွန်တော်တို့  နိုင်ငံမှာ မျိုးဆက်ပေါင်းများစွာ ပညာမသင် နိုင်တာ ၊ ပညာတွေ သင်ပြီး ပညာမရှိ သူတွေ ဖြစ်နေရ တာတွေနဲ့  ပတ်သက်ပြီး ဘယ်တာဝန် ရှိသူကမှ ၊ ဘယ်တုန်းကမှ တာဝန်ခံ ခဲ့တာမရှိဘူး ။ အပြစ်တွေ အားလုံး အတွက် ကျွန်တော်တို့  ပဲ ပြန် လက်ညှိုးအထိုး ခံရတယ် ။

ကျွန်တော်တို့  တွေ အားလုံးဟာ နောင်မျိုးဆက် များစွာထိ စားမကုန်အောင် ချမ်းသာ ကြတယ် ။ ကျွန်တော်တို့  နိုင်ငံမှာ မြေပေါ် မြေအောက် သဘာဝ သယံဇာတတွေ အများကြီး ရှိတယ် ။ ရေထွက် ကုန် ပစ္စည်း ၊ စိုက်ပျိုး ရေးထွက် ကုန် ပစ္စည်း တွေကလဲ ပြည်ပ ကို တင်ပို့  နိုင်လောက်တဲ့ အထိ ပေါများတယ် ။ ဒါပေမဲ့ ကျွန်တော်တို့  တွေရဲ့  ပိုင်ဆိုင်မှုတွေကို လူတစ်စုက လက်ဝါးကြီး အုပ်ပြီး နည်းမျိုးစုံ နဲ့  သူတို့  ပိုင်ဖြစ်အောင် လုပ်နေကြတယ် ။ သူတို့  တတွေ တစ်နေ့  ထက် တစ်နေ့  ပိုပို ချမ်းသာနေ ကြပေမဲ့ ကျွန်တော်တို့ တွေ ကတော့ တစ်နေ့  ထက် တစ်နေ့  ပိုပို ဆင်းရဲလာတယ် ။ ရိုးရိုး သားသား ၊ ကြိုးကြိုး စားစား ရုန်းကန် ရင်းနဲ့  တစ်နေ့ စာ ဝမ်းစာအတွက် အဆင်ပြေတဲ့ လုပ်အားခ နှုန်း တွေရဖို့  အတွက်တောင် တောင်းပန် နေကြရတဲ့ အခြေအနေ မှာ ကျွန်တော်တို့  တတွေသာ လူမိုက်တွေ ၊ ဒုစရိုက် သမားတွေလို့  အပြစ်ပြော ခံ နေ ကြရတယ် ။

မကြာတော့တဲ့ အချိန်မှာ ကျွန်တော်တို့  ပြတ်ပြတ် သားသား ဆုံးဖြတ်ရမှာ ရှိတယ် ။ တာဝန် မခံရဲတဲ့ ၊ တာဝန် ကျေပွန်အောင် မလုပ်နိုင်တဲ့ တာဝန်ရှိ သူတွေက အပြစ်ရှိ သမျှ ကျွန်တော် တို့ ကို လက်ညှိုးထိုး ပြီး အ ပြစ် ပုံချနေတာကို ဆက်ခံနေ မှာလား ၊ အဲဒီ သူတွေကို တာဝန်ခံ ရဲတဲ့ ၊ တာဝန် ကျေပွန်အောင် လုပ်နိုင်တဲ့ သူတွေနဲ့  အစားထိုး မှာလား ? လူလိမ်တွေက ချမ်းသာပြီး ၊ ကျွန်တော်တို့  ကုဋေ ရှစ်ဆယ် သူဌေးသား တွေက ဝမ်းစာအတွက် တောင်းရမ်း စားသောက် နေရတဲ့ ဒီ အခြေအနေ အတိုင်း ဆက်သွားမှာလား ၊ ဒီ စနစ် ကြီးကို ပြောင်းလဲ ဖို့  ကြိုးစားမှာလား ?

မကြာခင် ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ကိုယ့် ဆုံးဖြတ်ချက် ကို အကောင် အထည် ဖော်ပေး နိုင်တဲ့ ပါတီကို ရွေးချယ် ပါ ။ မဲ ပေး ကြ ပါ ။ ။