လူတစ်ယောက်နဲ့  တစ်ယောက် ကံအကျိုးပေးချင်း မတူကြဘူး ။
အရင်တုန်းကလဲ မတူခဲ့သလို နောင်လဲ ဘယ်တော့မှ တူမှာမဟုတ်ဘူး ။
ကိုယ်ကံကောင်းတဲ့ အလှည့်ရှိ သလို ၊ အခြားသူ ကံကောင်းတဲ့ အလှည့်လဲ ရှိလိမ့်မယ် ။
အခြားသူတစ်ယောက်ကို လှည့်ကြည့်တဲ့ အချိန်ဟာ သူအဆင်ပြေရဲ့ လားလို့  ကြည့်ဖို့ပဲ ဖြစ်သင့်တယ် ။
ကိုယ်နဲ့  နှိုင်းယှဉ်ဖို့  မဖြစ်သင့်ဘူး ။ ။
Thursday, 11 February 2016
Tuesday, 15 September 2015
ကုဋေ ရှစ်ဆယ် သူဌေးသားများ နိုင်ငံ
ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်းကို ကျွန်တော်တို့  တွေ ငယ်ငယ်လေး ထဲက သင်ခဲ့ ကြဖူးတယ် ။ ငယ်စဉ်က ပညာ မသင်ခဲ့လို့  မိဘတွေ ဆုံးသွားတော့ သူများတွေ လိမ်ညာတာ ခံရပြီး ဆင်းရဲသွားတဲ့ သူဌေးသား လေးအကြောင်း ကျွန်တော်တို့  တွေအားလုံး ကြားဖူးခဲ့ ကြတယ် ။ တသက်လုံး သုံးမကုန် အောင် စည်းစိမ်တွေ ရှိရဲ့ နဲ့  ခွက်လက်ဆွဲပြီး တောင်းစားရတဲ့ ဘဝကို ရောက်ခဲ့ ရတဲ့ သူဌေးသားလေး အကြောင်းဟာ ကျွန်တော်တို့  တွေ အတွက် ပညာတတ် ဖြစ်အောင် ကြိုးစားဖို့  သင်ခန်းစာ ယူစရာ နမူနာ တစ်ခု ဖြစ်ခဲ့တယ် ။
ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်း နဲ့  ပတ်သက်ပြီး ကျွန်တော့် ဘဝမှာ အမှတ်တရ အဖြစ် ၂ ခု ရှိခဲ့တယ် ။ ဒီ post ရေး ဖြစ်တာ ကတော့ လွန်ခဲ့တဲ့ ၁၇ နှစ် ကျော် လောက်က ပထမ အမှတ်တရ အဖြစ် လေးကြောင့် ရေးဖြစ်တာပါ ။ ကျွန်တော့် အတွက် အဲဒီ အမှတ်တရ အဖြစ်အပျက် လေးကတော့ တာရာမင်းဝေ ရဲ့  လုံးချင်း ဝတ္ထု တစ်အုပ်ဖတ်မိ တာကနေ စခဲ့ တာပါ ။ လုံးချင်း ဝတ္ထုရဲ့  နာမည်ကို ကျွန်တော်မမှတ် မိတော့သလို ၊ ဖတ်မိတဲ့ စာသား အတိအကျ ကိုလဲ ကျွန်တော် မမှတ်မိတော့ ပါဘူး ။
ကျွန်တော် မှတ်မိတာကတော့ အဲဒီ စာအုပ် ဖတ်ပြီးတော့ ကျွန်တော် ငယ်ငယ် လေးထဲက အကြိမ်ပေါင်း များစွာ ကြားဖူးခဲ့တဲ့ ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်းကနေပြီး ပညာတတ် ဖြစ်အောင် ကြိုးစားဖို့  အပြင် အရင်တုန်းက သတိမပြု မိခဲ့တဲ့ အခြား သင်ခန်းစာ ယူစရာ တွေ အများကြီး ရှိနေတယ် ဆိုတာကို တွေ့ ခဲ့ရတယ် ။
ဝတ္ထု ထဲမှာတော့ ကုဋေ ရှစ်ဆယ် သူဌေးသား အကြောင်း ထဲကနေပြီး ကျွန်တော် အရင်က တစ်ခါမှ သတိမထားမိ ခဲ့တဲ့ အချက် ၂ ချက်ကို ခပ်တိုတို လေးပဲ ရေးထားတာ ဖြစ်ပေမဲ့ အဲဒီ စာကြောင်း တိုတို လေးတွေက ကျွန်တော့်ကို တွေးစရာတွေ ၊ သင်ခန်းစာ ယူစရာတွေ အများကြီး ပေးခဲ့တယ် ။
ပထမ အချက်က ကုဋေ ရှစ်ဆယ် သူဌေးသားဟာ ပညာကို မသင်ချင်ခဲ့ဘူး ဆိုပေမဲ့ သူ ပညာမသင် ဖြစ်ခဲ့တာ သူတစ်ယောက် ထဲရဲ့  အပြစ်လား ။ အခြား သူတွေမှာ လုံးဝ တာဝန် မရှိတော့ဘူးလား ။ သူ့ ရဲ့  အုပ်ထိန်းသူတွေ ကရော တာဝန် ကျေခဲ့ ကြရဲ့  လား ။
ဒုတိယ အချက်က သူပိုင်ဆိုင် သမျှ အားလုံး လူလိမ် ခံရပြီး ဆင်းရဲ သွားပေမဲ့ ဘာမှ လုပ်မစား တတ်တဲ့ သူဌေးသားဟောင်းက ခိုးမစားဘူး ၊ လုမစားဘူး ။ ရိုးရိုးသားသား ခွက်လက် စွဲပြီး တောင်းစားတယ် ။ အဲဒါကို နင်သာ လူမိုက် ဒုစရိုက် ဆိုပြီး ဝိုင်းဝန်း ရိုက်နှက် လှောင်ပြောင် ကြတယ် ။ တကယ့် ဒုစရိုက် သမား အစစ်တွေက ဘယ်သူတွေလဲ ။ သူညံ့လို့  သူခံရတယ် ဆိုပေမဲ့ သူ့ ကို လိမ်ညာစားခဲ့ ကြတဲ့ သူတွေ မှာအပြစ် လုံးဝ မရှိတော့ ဘူးလား ။
လက်ရှိ ကျွန်တော်တို့  နိုင်ငံဟာ ကုဋေ ရှစ်ဆယ် သူဌေးသားတွေ နေတဲ့ နိုင်ငံပါ ။ အပေါ်က အချက် ၂ ချက်မှာ ပါတဲ့ မေးခွန်း ထုတ်စရာ လက်တဆုပ်စာ လူနည်းစု ကလွဲပြီး မြန်မာနိုင်ငံက ပြည်သူတွေ အားလုံးဟာ တကယ့် ကုဋေ ရှစ်ဆယ် သူဌေးသားတွေပါ ။ ကျွန်တော် တို့ တွေဟာ ပညာ မတတ် သူတွေနဲ့  ၊ ပညာ မရှိ သူတွေပါ ။ အလွတ်ကျက် စနစ်နဲ့ သင်ခဲ့ရတဲ့ ပညာ တော်တော် များများက ဘယ်နေရာမှာမှ သုံးလို့  မရဘူး ။ လက်တွေ့ မှာ တကယ် အသုံးပြုလို့  ရတဲ့ ဘာသာရပ်ကို လက်ချိုး ရီရင် လက် တစ်ဖက်မှာ ရှိတဲ့ လက်ချောင်းတွေ မပြည့်ဘူး ။ ရထားတဲ့ ဘွဲ့ လက်မှတ်ကို ဘယ်သူမှ အသိအမှတ် မပြုတော့ ပညာတွေ သင်ပြီး ပညာမရှိ သူတွေ ဖြစ်နေ ကြရတယ် ။ သင်ထားတဲ့ ပညာတွေ သုံးမရတာ ၊ ရထားတဲ့ ဘွဲ့  လက်မှတ်တွေ အသိအမှတ် အပြုမခံ ရတာတွေကြောင့် ပညာတွေ သင်ခဲ့ပေမဲ့ ပညာမရှိ သူတွေဖြစ်ပြီး ပြည်တွင်း ပြည်ပမှာ ရရာအလုပ်နဲ့  ကျွန်သာသာ ရုန်းကန် နေကြရတယ် ။
အခုလက်ရှိ မျိုးဆက် အခြေအနေ ကတော့ အဲဒီလို ပညာရေး ကိုတောင် မသင်နိုင်တဲ့ သူတွေ များများလာတယ် ။ အခြေအနေ အမျိုးမျိုးကြောင့် ပညာမသင်နိုင်ပဲ ကြုံရာ ကျပန်း အလုပ် လုပ်နေကြရတဲ့ မျိုးဆက်သစ် ကလေးငယ် တွေများများ လာတယ် ။ ကျွန်တော်တို့  နိုင်ငံမှာ မျိုးဆက်ပေါင်းများစွာ ပညာမသင် နိုင်တာ ၊ ပညာတွေ သင်ပြီး ပညာမရှိ သူတွေ ဖြစ်နေရ တာတွေနဲ့  ပတ်သက်ပြီး ဘယ်တာဝန် ရှိသူကမှ ၊ ဘယ်တုန်းကမှ တာဝန်ခံ ခဲ့တာမရှိဘူး ။ အပြစ်တွေ အားလုံး အတွက် ကျွန်တော်တို့  ပဲ ပြန် လက်ညှိုးအထိုး ခံရတယ် ။
ကျွန်တော်တို့  တွေ အားလုံးဟာ နောင်မျိုးဆက် များစွာထိ စားမကုန်အောင် ချမ်းသာ ကြတယ် ။ ကျွန်တော်တို့  နိုင်ငံမှာ မြေပေါ် မြေအောက် သဘာဝ သယံဇာတတွေ အများကြီး ရှိတယ် ။ ရေထွက် ကုန် ပစ္စည်း ၊ စိုက်ပျိုး ရေးထွက် ကုန် ပစ္စည်း တွေကလဲ ပြည်ပ ကို တင်ပို့  နိုင်လောက်တဲ့ အထိ ပေါများတယ် ။ ဒါပေမဲ့ ကျွန်တော်တို့  တွေရဲ့  ပိုင်ဆိုင်မှုတွေကို လူတစ်စုက လက်ဝါးကြီး အုပ်ပြီး နည်းမျိုးစုံ နဲ့  သူတို့  ပိုင်ဖြစ်အောင် လုပ်နေကြတယ် ။ သူတို့  တတွေ တစ်နေ့  ထက် တစ်နေ့  ပိုပို ချမ်းသာနေ ကြပေမဲ့ ကျွန်တော်တို့ တွေ ကတော့ တစ်နေ့  ထက် တစ်နေ့  ပိုပို ဆင်းရဲလာတယ် ။ ရိုးရိုး သားသား ၊ ကြိုးကြိုး စားစား ရုန်းကန် ရင်းနဲ့  တစ်နေ့ စာ ဝမ်းစာအတွက် အဆင်ပြေတဲ့ လုပ်အားခ နှုန်း တွေရဖို့  အတွက်တောင် တောင်းပန် နေကြရတဲ့ အခြေအနေ မှာ ကျွန်တော်တို့  တတွေသာ လူမိုက်တွေ ၊ ဒုစရိုက် သမားတွေလို့  အပြစ်ပြော ခံ နေ ကြရတယ် ။
မကြာတော့တဲ့ အချိန်မှာ ကျွန်တော်တို့  ပြတ်ပြတ် သားသား ဆုံးဖြတ်ရမှာ ရှိတယ် ။ တာဝန် မခံရဲတဲ့ ၊ တာဝန် ကျေပွန်အောင် မလုပ်နိုင်တဲ့ တာဝန်ရှိ သူတွေက အပြစ်ရှိ သမျှ ကျွန်တော် တို့ ကို လက်ညှိုးထိုး ပြီး အ ပြစ် ပုံချနေတာကို ဆက်ခံနေ မှာလား ၊ အဲဒီ သူတွေကို တာဝန်ခံ ရဲတဲ့ ၊ တာဝန် ကျေပွန်အောင် လုပ်နိုင်တဲ့ သူတွေနဲ့  အစားထိုး မှာလား ? လူလိမ်တွေက ချမ်းသာပြီး ၊ ကျွန်တော်တို့  ကုဋေ ရှစ်ဆယ် သူဌေးသား တွေက ဝမ်းစာအတွက် တောင်းရမ်း စားသောက် နေရတဲ့ ဒီ အခြေအနေ အတိုင်း ဆက်သွားမှာလား ၊ ဒီ စနစ် ကြီးကို ပြောင်းလဲ ဖို့  ကြိုးစားမှာလား ?
မကြာခင် ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ကိုယ့် ဆုံးဖြတ်ချက် ကို အကောင် အထည် ဖော်ပေး နိုင်တဲ့ ပါတီကို ရွေးချယ် ပါ ။ မဲ ပေး ကြ ပါ ။ ။

Thursday, 12 February 2015
ဖြစ်တော့ ဖြစ်မယ် ကြာဦးမယ်
Blog မှာလဲ post အသစ် မတင်ဖြစ်တာ ၃ နှစ် လောက်ရှိသွားပြီး ။ ရေးချင် တာတွေတော့ အများကြီး ရှိပါတယ် ၊ စာရေးချင်စိတ် မရှိလို့  မရေးဖြစ်တာပါ ။ ဒီကြားထဲ ရန်ကုန် တစ်ခေါက် ပြန်ဖြစ်သေးတယ် ။
မြန်မာပြည် ကို ပထမ တစ်ခေါက် ပြန်တုန်းက အဓိက သတိထား မိတာ တစ်ခုက လူတွေ အားလုံး လိုလိုဟာ ခြောက်ကပ်ကပ်နဲ့  အသက်မပါတဲ့ စက်ရုပ်တွေလို လှုပ်ရှုားနေကြတယ် ။ အတွင်းစိတ်တွေရဲ့  ခံစားမှုတွေကို လှမ်းမြင်နိုင်တဲ့ မျက်နှာတွေကို အထူးတလည် အားစိုက် စရာမလိုပဲ ကျင့်သားရနေ ကြပြီး ဖြစ်တဲ့ ဟန်ဆောင် အပြုံး ၊ တာဝန်ကြေ အပြုံး တွေနဲ့  ကာထားကြတယ် ။ ဖုံးကွယ် ထားလို့  မရတဲ့ မျက်လုံးတွေ ကတော့ အရာရာကို ယုံကြည်မှုတွေ ကင်းမဲ့ပြီး သံသယ တွေနဲ့  ပြည့်လို့ နေတယ် ။ ရွေးချယ်မှုကြောင့် မဟုတ်ပဲ ငြင်းပယ် ရှောင်လွှဲလို့  မရတဲ့ တာဝန်တွေကြောင့် အားလုံးလိုလိုရဲ့  ပုခုံးတွေ ပေါ်မှာ ကိုယ်ထမ်းနိုင်တဲ့ အလေးချိန်ထက် ပိုတဲ့ ဝန်ထုပ် ဝန်ပိုး ကိုယ်စီတွေနဲ့  ။
၉၉% လို့  ခေါ်တဲ့ လူတန်းစားမှာ ဘဝအတွက် အနာဂတ် ဆိုတာ မရှိဘူး ၊ ဒီနေ့ နဲ့  မနက်ဖြန်ပဲ ရှိတယ် ။ ဒီနေ့  ဘယ်လို ကုန်ဆုံးမှာလဲ ဆိုတဲ့  အပေါ်မှာ မူတည်ပြီး မနက်ဖြန်ကို ဘယ်လို ဖြတ်သန်း ရမလဲ ဆိုတာကို ပြင်ဆင်ကြ ရတယ် ။ ဦးနှောက်ဆေး ခံထားရတာလား ၊ အရာ အားလုံးကို လက်လျှော့ ထားလိုက် ကြတာလားတော့ မသိဘူး ၊ ကြည့်နေတဲ့ ကိုးရီးယား ဇာတ်လမ်း တွဲလေး အဆက်မပြတ် သွားဖို့  ၊ ဘော်လုံးပွဲတွေမှာ ဘယ်အသင်းက နိုင်မလဲ ဆိုတာ ခန့် မှန်း နိုင်ဖို့  နဲ့  ဘီယာ မှန်မှန် ဝယ်သောက် နိုင်ဖို့  က သူတို့  အတွက် အားလုံးထက် အရေးကြီးတယ် ။
နိုင်ငံမှာ ပြောင်းလဲမှုတွေ စနေပြီး ဆိုပေမဲ့လဲ ကိုယ်တိုင် ဆုံးဖြတ်ချက် ချဖို့  ထက် အသားကျ နေပြီးဖြစ်တဲ့ ခိုင်းလာမှ လုပ်တတ်တဲ့ အကျင့်တွေနဲ့  အထက် အဆင့်ဆင့်က ခိုင်းလာမှာကို ထိုင်စောင့်နေ ကြတယ် ။ ကိုယ်တိုင် ဦးဆောင်သူ ဖြစ်အောင် ကြိုးစားဖို့ ထက် ဦးဆောင်ပေးမဲ့သူ ပေါ်လာမဲ့ အချိန်ကို ထိုင်စောင့် နေကြတယ် ။ လူတိုင်းမှာ နေရာတိုင်းမှာ သံသယ တွေနဲ့  ။ ဒါတွေက ပထမ တစ်ခေါက်ပြန် တုန်းက အတွေ့ အကြုံတွေပါ ။
၂ နှစ်ကြာပြီး ဒုတိယ အခေါက်ပြန်တော့ လူငယ်ပိုင်း အတွင်းက ထူးထူး ခြားခြား အပြောင်းအလဲ တစ်ခုကို အဓိက သတိထား မိတယ် ။ လူငယ် တော်တော် များများရဲ့  မျက်နှာတွေ ပေါ်မှာ အပြုံး ကိုယ်စီနဲ့  ။ ဒါပေမဲ့ သူတို့  ကိုယ်တိုင် က လွဲပြီး ဘယ်သူမှ နားမလည် တဲ့အပြုံး ၊ အိပ်မက်အပြုံး ၊ အိပ်ပျော်နေတဲ့ သူတွေ ပြုံး တတ်တဲ့ အပြုံးမျိုး ကိုယ်စီနဲ့  ။ ဘယ်နေရာ သွားသွား Virtual world တွေထဲမှာ အိပ်ပျော် နေကြတဲ့ လူငယ်တွေကို တွေ့ ရ လိမ့်မယ် ။ သူတို့  အတွက်က ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာ တွေထက် မျက်နှာနဲ့  မခွာဘဲ အမြဲတမ်း ကပ်ထားတဲ့ mobile phone တွေ ဘက်ထရီ ကုန်မသွားဖို့  က ပိုပြီးအရေး ကြီးတယ် ။ သူတို့ တွေ အတွက် mobile signal/WiFi signal ဟာ oxygen ထက် ပိုပြီး တန်ဖိုး ရှိတယ် ။ Internet ကိုသာ အသက်မရှုဘဲနဲ့  နေတဲ့ မိနစ်အတိုင်း အလကား ပေးသုံးမယ် ဆိုရင် အသက်ရှုတာကို အတတ်နိုင်ဆုံး လျှော့ချကြမှာ သေချာတယ် ။
ကိုးရီးယား ဇာတ်လမ်းတွဲ ၊ ဘော်လုံးပွဲ နဲ့  ဘီယာတွေ ကလဲ အရင်အတိုင်းပဲ ပေါ်ပြူလာ ဖြစ်နေဆဲ ပါပဲ ။ အခြေခံ လူတန်းစား တွေရဲ့ ဘဝတွေ ကတော့ အရင်အခြေအနေ အတိုင်း မနက်ဖြန်ကို ဘယ်လို ဖြတ်သန်း ရမလဲ ဆိုတာ ဒီနေ့ အပေါ်မှာ မူတည်နေတုန်း ပါပဲ ။ လူလတ်တန်းစားတွေ ကြားထဲမှာတော့ နိုင်ငံခြားကို အလည်သွား မယ်ဆိုတာမျိုးတွေ ကြားလာရတယ် ။
ရေပန်း အစားဆုံး စကားက “ခေတ်ပြောင်းသွားပြီး” ဆိုတာ ဖြစ်မယ် ။ နေရာတိုင်းမှာ ကြားရလိမ့်မယ် ။ ပြောင်းသွားပြီးလို့  ပြောနေကြ ပေမဲ့ ဘယ်လိုပြောင်း ရမှန်း မသိတာတွေ နေရာတိုင်းမှာ တွေ့ နေရတယ် ။ ကိုယ်တိုင် ပြောင်းလဲမှုနဲ့  အတူ လိုက်ပြောင်းဖို့  တွန့် ဆုတ် နေကြတာတွေကို နေရာတိုင်းမှာ တွေ့ နေရတယ် ။ ကိုယ်တိုင် ဆုံးဖြတ်နိုင် ပြီးဆိုပေမဲ့ ဘယ်လိုဆုံးဖြတ် ရမှန်းမသိ တွေဝေ နေကြတယ် ။ ခိုင်းမှ လုပ်ရမဲ့ အခြေအနေ မဟုတ်တော့ဘူး ဆိုတာ သိပေမဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ် ။ အတွေး အခေါ် ဟောင်းတွေ အမြင်ဟောင်းတွေကို ဆုပ်ကိုင် ထားကြ ဆဲဆိုတာ ကိုလဲ နေရာတော်တော် များများမှာ တွေ့ နေရတယ် ။ အမှန် တရားထက် ငါ့လူထိ ဓားကြည့် ဆိုတဲ့ စနစ်ကလဲ လွှမ်းမိုးနေ တုန်းပဲ ။
ပြောင်းလဲဖို့  လိုတယ်ဆိုတာကို သဘောတူကြ ပေမဲ့ မှားခဲ့တယ် ဆိုတာကို လက်မခံ နိုင်ဖြစ်နေ ကြတယ် ။ ငါအယူအဆနဲ့  မတူသူ ၊ ငါ့ဖက် မပါ သူဟာ ငါ့ရန်သူ ဆိုပြီး ညီညွတ်ကြ ရမဲ့ အခြေအနေမှာ သွေးကွဲနေကြတယ် ။ တန်းတူညီမျှတဲ့ အခွင့်အရေး နဲ့  လွတ်လပ်မှု ဆိုတာကို ကိုယ်လိုသလို အဓိပ္ပါယ် ဖွင့်နေကြတယ် ။ ရှေ့ က ခေါင်းဆောင်ပြီး အော်ပေးမဲ့သူ ရှိရင် မှန်တာလဲမသိ ၊ မှားတာလဲ မသိ ထလုပ်ကြတယ် ။ လက်ညှိုးထိုး စရာ ရှိရင် အရင်တုန်းကတော့ တဖက်ထဲကို ဝိုင်းထိုး ကြပေမဲ့  အခုတော့ ကိုယ့်ဖက် မပါတဲ့ လူတိုင်းကို လှည့်ထိုးတယ် ။ ဘာသာရေးနဲ့  နိုင်ငံရေး ရောထွေးနေ ကြတယ် ။
လူတော်တော် များများက ပြောင်းလဲမှု ကြီးဖြစ်လာမှာကို ထိုင်စောင့် နေကြတယ် ။ စနစ်ပြောင်း သွားရင် အားလုံးပြောင်း သွားလိမ့် မယ်လို့ ထင်နေကြတယ် ။ မိမိတို့ ရဲ့  စိတ်ဓာတ်ဟောင်းတွေ ၊ အတွေးအခေါ်ဟောင်းတွေ ၊ အမြင်ဟောင်းတွေကို မပြောင်းလဲပဲ စနစ်တခုထဲကို ပြောင်းလဲဖို့  ကြိုးစားနေကြတယ် ။
ပြောင်းလဲမှုတွေ ကတော့ အနှေးနဲ့  အမြန်ပဲ ကွာမယ် ဖြစ်လာမှာတော့ သေချာတယ် ။ ဒါပေမဲ့ လက်ရှိ အခြေအနေက ပြောင်းလဲဖို့  ကြိုးစားနေဆဲပဲ ရှိပါသေးတယ် ။ ဦးတည်ရမဲ့ လမ်းကို သဘောတူဖို့  အတွက် အခုမှ ညှို့ နှိုင်းနေ ကြဆဲပဲ ရှိပါသေးတယ် ။ အခုမှ လမ်းရှာ တုန်း အခြေအနေပါ ။ ပန်းတိုင်ရောက်ဖို့  ဆိုတာ ကြာဦးမှာပါ ။ ။

Saturday, 19 March 2011
Fukushima သူရဲကောင်းများ
ဂျပန်နိုင်ငံမှာ ကျွန်တော့် ညီမ ရှိနေတာနဲ့  လက်ရှိ နောက်ဆုံး အခြေအနေတွေကို သိနိုင်ဖို့  online မှာ အင်္ဂလိပ်လို လွှင့်နေတဲ့ NHK ဂျပန်သတင်း channel ကို အချိန်အားတိုင်း ကြည့်ဖြစ်တယ် ။ ကျွန်တော့်ညီမ နေတဲ့ မြို့ က ငလျှင်ဒဏ် ၂ ခါ ခံလိုက်ရပေမဲ့ ပြင်းပြင်းထန်ထန် ပျက်ဆီးမှု မရှိပဲ ပုံမှန်ပဲ လည်ပတ်နေတုန်းပါ ။ ဒါပေမဲ့ ဆန်လို မရှိမဖြစ် လိုအပ်တဲ့ စားကုန်တွေနဲ့  ဓာတ်မီးတို့  ဓာတ်ခဲ တို့ လို အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေ ကို ဝယ်ဖို့  တော်တော်ကို ခက်ခဲနေတယ် လို့ ပြောပါတယ် ။ သတင်းတွေကလဲ ဂျပန်လို လွှင့်နေတာမို့  အားလုံးကို နားလည်ဖို့  ခက်တယ်လို့  ပြောပါတယ် ။

ကိုယ် ကိုယ်တိုင် သိချင်လို့ ပဲ ဖြစ်ဖြစ် ၊ အခြားသူတွေ အတွက်ပဲ ဖြစ်ဖြစ် အောက်က Link တွေမှာ နောက်ဆုံး အခြေအနေတွေကို 24/7 အင်္ဂလိပ်လို လွှင့်နေတာကို ကြည့်လို့ ရပါတယ် ။ Link ၃ ခု လုံးမှာ လွှင့်နေတဲ့ သတင်းတွေက အတူတူပါပဲ ။ အဆင်ပြေတဲ့ Link မှာ ကြည့်ပါ ။
http://www3.nhk.or.jp/nhkworld/
http://www.ustream.tv/channel/nhk-world-tv
http://live.nicovideo.jp/watch/lv43681193
ဂျပန်နိုင်ငံဟာ ကမ္ဘာ့  နိုင်ငံတွေထဲမှာ သဘာဝ ဘေးအန္တရာယ်တွေ အတွက် ကြိုတင် အပြင်ဆင်ထားဆုံး နိုင်ငံပါ ။ ဂျပန်နိုင်ငံရဲ့  တည်နေရာ မြေအနေအထားအရ ငလျှင် မကြာခဏ လှုပ်တတ်တာကြောင့် အဆောက်အဦး တွေကအစ ငလျှင်ဒဏ် ကို ခံနိုင်အောင် ဆောက်လုပ်ထားတဲ့ နိုင်ငံပါ ။ ဆူနာမီ အန္တရာယ် က ကာကွယ်ဖို့  အတွက်လဲ ဂျပန်ကမ်းရိုးတန်း တလျှောက်မှာ ဆူနာမီ သတိပေး ကိရိယာတွေ ရာနဲ့  ချီပြီး တပ်ဆင်ထားတယ် ။ အချို့  ကမ်းရိုးတန်း မြို့ တွေမှာ ဆူနာမီ လှိုင်းဒဏ်တွေကို ကာကွယ်ဖို့  တံတိုင်းတွေကို ဆောက်ထားတယ် ။
ဒါပေမဲ့ ဒီတစ်ခါလှုပ်တဲ့ ငလျှင်ဟာ ပညာရှင်တွေ ခန့် မှန်းထားတာထက် အင်အားအများ ကြီး ပြင်းခဲ့တယ် ။ ဒီတစ်ခါ လှုပ်တဲ့ ငလျှင်ဟာ ဂျပန်နိုင်ငံမှာ လှုပ်ဖူးခဲ့တဲ့ ငလျှင်တွေထဲမှာ အင်အားအပြင်းဆုံး ငလျှင် ဖြစ်တယ် ။ ငလျှင်လှုပ်အပြီးမှာ ဝင်လာတဲ့ အင်အားပြင်းလွန်းတဲ့ ဆူနာမီ လှိုင်းတွေဟာ သူတို့ ကို ကာကွယ်ဖို့  အတွက် ဆောက်ထားတဲ့ အကာအကွယ် တံတိုင်းတွေကို ဘာမှအတားအဆီး မရှိ သလို အလွယ်တကူ ဖြတ်ကျော်ခဲ့တယ် ။

အခုအချိန်မှာ ငလျှင်တွေ ငြိမ်ပြီး ဆူနာမီလှိုင်းတွေ မရှိတော့ ပေမဲ့လဲ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေ ၊ အခြေခံ လိုအပ်တဲ့ ပစ္စည်း မလုံလောက်မှုတွေ ၊ စားစရာ နည်းပါးမှုတွေ ၊ ရေ ပြတ်လပ်မှုတွေ နဲ့  ရင်ဆိုင်နေရတယ် ။ ဆေးရုံတွေမှာ လူနာ အရေအတွက်ဟာ ပုံမှန်ထက် အများကြီး များနေပေမဲ့  ဆေးတွေ နဲ့  အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေ မကြာခင်မှာ ပြတ်လပ်တော့မဲ့ အခြေအနေတွေ နဲ့  ကြုံနေရတယ် ။

မနေ့ က သတင်းမှာ တွေ့ လိုက်တဲ့ လေးစား အတုယူ စရာ ကောင်းတာက ကျောင်းတွေ ၊ မိုးလုံလေလုံ အားကစားကွင်း တွေမှာ ဖွင့်ထားတဲ့ ထောင်နဲ့ ချီတဲ့ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ အခင်းတစ်ခု ၊ စောင်တစ်ထည် စီနဲ့  လူတွေ ဘေးချင်း ယှဉ်ပြီး ဖြစ်သလို အိပ်နေကြ ရပေမဲ့ ကယ်ဆယ်ရေး စခန်းတွေဟာ သန့် ရှင်းနေပါတယ် ။ လူတိုင်း ကိုယ့်အမှိုက် ကိုယ်သိမ်းပြီး တတ်နိုင်တဲ့ ဖက်က တစ်ဦးကို တစ်ဦး ကူညီကြတယ် ။ စားစရာတွေ ရောက်လာချိန်မှာ လူ ၂ ယောက် ခွဲစားဖို့  လက်တစ်စုပ်စာ ထမင်းထုပ် အတွက် အကြာကြီး တန်းစီပြီး ယူရပေမဲ့ ဘယ်သူမှ ဘာမှ မပြောကြဘူး ။ နိုင်ငံတကာက ကယ်ဆယ်ရေး အကူအညီတွေ ရောက်လာပေမဲ့လဲ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေကြောင့် လိုအပ်တဲ့ နေရာဆီကို ရောက်အောင်ပို့  ပေးနိုင်ဖို့  ခက်ခဲနေတုန်းပါ ။

လက်ရှိအကြီးဆုံး ရင်ဆိုင်နေရတာ ကတော့ နျူကလီးယား ဓာတ်ရောင်ခြည် အန္တရာယ်ပါ ။ Fukushima နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ပျက်ဆီးသွားတဲ့ နျူကလီးယား လောင်စာ ချောင်းတွေအတွက် အအေးခံတဲ့ စနစ်တွေကို အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်ဖို့  အတွက် နျူကလီးယား ပညာရှင်တွေ ၊ မီးသတ်တွေ နဲ့  ရဲတွေ ပါဝင်တဲ့ ကယ်ဆယ်ရေး အဖွဲ့ ဟာ နေ့ ညမပြတ် ကြိုးစားနေ ကြတယ် ။ အဲဒီအဖွဲ့  ထဲမှာ မိန်းကလေး ပညာရှင် တွေလဲပါ ပါတယ် ။

အဲဒီ အဖွဲ့ ဝင် ၂၀၀ ကျော်ဟာ ဧည့်ခန်းအရွယ် သီခြား စီစဉ်ထားတဲ့ အခန်းထဲမှာ အလှည့်ကျ အိပ်ပြီး နေ့  ည မပြတ်ကြိုးစား နေကြတာပါ ။ သူတို့ တွေအတွက် အသက် အန္တရာယ်ဟာ အချိန်မရွေး ကျရောက်နိုင် တယ်ဆိုတာကို အားလုံး သိထားကြတယ် ။ အသက် အန္တရာယ် မရှိခဲ့ ရင်တောင် နာတာရှည် ဝေဒနာတွေ ခံစားရဖို့  ရာခိုင်နှုန်း တော်တော်များများ ရှိတယ်ဆိုတာကို အားလုံး နားလည်ထား ကြတယ် ။
ဂျပန် ပြည်သူအများ စု အတွက် ဘေး အန္တရာယ်နဲ့  နိုင်ငံရဲ့  စီပွားရေး အခြေအနေတွေဟာ သူတို့ ရဲ့  အပေါ်မှာ မူတည်နေ တယ်ဆိုတာကို သူတို့ နားလည်ထား ကြတယ် ။ အပြင်မှာ ရှိနေတဲ့ မိသားစုတွေကို ပြန်ဆုံဖို့  အခွင့်အရေး ရှိချင်မှ ရှိမယ်လို့  အကြောင်းကြားပြီး တာဝန်ထမ်းဆောင် နေကြတာဖြစ်တယ် ။ အဲဒီအဖွဲ့ ထဲမှာ အခုအချိန်ထိ မိသားစုတွေနဲ့  အဆက်အသွယ် မရသေးတဲ့ သူတွေတောင် ရှိတယ် ။

ဒီနေ့  မီးသတ် တပ်ဖွဲ့ က အရာရှိ ၃ ယောက်နဲ့  သတင်းစာ ရှင်းလင်းပွဲ လုပ်တာကို ကြည့် လိုက်ရတယ် ။ အရာရှိ တစ်ယောက်က သူ့ ရဲ့  မီးသတ် အဖွဲ့ ဝင်တွေဟာ မိသားစုတွေနဲ့  ခွဲပြီး အတတ်နိုင်ဆုံး တာဝန် ကျေပွန်အောင် ထမ်းဆောင် နေကြပါတယ်တဲ့ ၊ ကျန်ခဲ့တဲ့ မိသားစုတွေ အားလုံး အတွက် သူ စိတ်မကောင်းပါဘူး မိသားစုတွေ အားလုံးကို သူ တောင်းပန် ပါတယ်လို့  မျက်ရည်ဝဲပြီး ပြောခဲ့တယ် ။ အခြား တစ်ယောက်ကတော့ နျူကလီးယား ဆိုက်ထဲကို သူသွားတော့မယ်လို့  သူ့  မိန်းမ ဆီကို text message ပို့ လိုက်တယ် ၊ သူ့ မိန်းမက ဂျပန်နိုင်ငံကို အခက်အခဲတွေ ကြားက ကယ်တင်တဲ့ သူဖြစ်အောင် လုပ်ပါ ဆိုပြီး text message ပြန်ပို့ တယ်လို့  မျက်ရည်ဝဲပြီး ပြောခဲ့တယ် ။
ငလျှင်ဒဏ်နဲ့  ဆူနာမီ ဒဏ်ကြောင့် ပျက်ဆီးသွားတဲ့ Fukushima နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ဖြစ်နေတဲ့ ရေဒီယို သတ္တိ ယိုစိပ်မှုကို ထိန်းနိုင်ဖို့  နေ့ ညမပြတ် တာဝန်ထမ်းနေကြတဲ့ အဲဒီအဖွဲ့ ဝင်တွေဟာ ကြုံတွေ့ ရမဲ့အန္တရာယ် တွေကို သိပေမဲ့ နိုင်ငံအတွက် မိမိ အသက် နဲ့  မိသားစု တွေကို စွန့် ပြီး တာဝန်ထမ်းဆောင် နေကြတဲ့ သူရဲကောင်းတွေပါ ။ သူတို့ တွေဟာ လက်နက်ကိုင် တိုက်ပွဲဝင် နေကြတာ မဟုတ်ကြပေမဲ့ နိုင်ငံအတွက် ရှေ့ တန်းရောက် အသေခံ သူရဲကောင်း တပ်သားတွေပါ ။ သူတို့ ရဲ့  ကြိုးစားမှုတွေ အမြန်ဆုံး အောင်မြင်ပြီး မိသားစုတွေနဲ့  ပျော်ပျော် ရွှင်ရွှင် အမြန်ဆုံး ပြန်ဆုံစည်းနိုင် ကြပါစေ ။ ။
ဓာတ်ပုံတွေကို www.japanearthquakepictures.com ကနေ ယူထားတာပါ ။

Friday, 11 March 2011
ကျွန်တော်နဲ့  A-levels မေးခွန်း ၄ ခု

ဒီမေးခွန်း ၄ခုကို website တစ်ခုမှာ မြင်ဖူးတာ တော်တော်ကြာပြီး ။ A-levels ကို ကျွန်တော် မဖြေဖူးတော့ အဲဒါ တစ်ကယ့် မေးခွန်းပုံစံလား ၊ ဒီလိုမေးခွန်းတွေ တကယ်မေး တတ်လား ဆိုတာတော့ ကျွန်တော် မသိဘူး ။ ခွင့်ပြုချိန်က ၁ မိနစ် ဆိုတော့ မဖြစ်နိုင် ဘူးလို့  ထင်တာပဲ ။ တကယ့် မေးခွန်းသာဆို တော်တော် မလွယ်တာပဲ ။
ဒီမေးခွန်း ၄ ခု ကို သတ်မှတ်ထားတဲ့ အချိန် ၁ မိနစ်ထက် အများကြီး ကျော်ပြီး ကျွန်တော် စဉ်းစားခဲ့ ပေမဲ့ စိတ်တိုင်းကျတဲ့ အဖြေ တစ်ခုမှ မရခဲ့ဘူး ။ အဖြေတွေ ကလဲ မပါတော့ ကိုယ့်ဘာသာ ကိုယ် ခန့် မှန်း ထားတဲ့ အဖြေတွေက မှန်လားမသိ ၊ မှားလားမသိနဲ့  တော်တော် ခေါင်းစားခဲ့တယ် ။
ပြီးခဲ့တဲ့ တစ်ပတ် လောက်က website တစ်ခုမှာ ဒီမေးခွန်းတွေကို အဖြေတွေနဲ့  တွေ့ လိုက်လို့  အဖြေတွေကို အောက်မှာ တင်ထားတယ် ။ မေးခွန်းတွေကို ကိုယ့်ဘာသာ ကိုယ် အရင် ဖြေကြည့် ကြပြီးမှ အောက်က အဖြေကို ကြည့်ကြပါ ။
မေးခွန်း နံပတ် ၁ အတွက် ကျွန်တော့် အဖြေက...

ကျွန်တော်ရဲ့  စဉ်းစားပုံက...
မေခွန်း နံပတ် ၁ ကို မြင်တာနဲ့  ၆ ခုမြောက် ကွက်လပ်က T ဖြစ်ရမယ် လို့  ကျွန်တော် တန်းတွေး လိုက်တယ် ။ ဘာလို့  အဲဒီလို တွေးမိ လိုက်တာလဲ ဆိုတော့ မေးခွန်းမှာ logical way လို့  ပြောထားတယ်လေ ။ T က ကွက်လပ် တစ်ခုကျော်စီမှာ ရှိနေတော့ ၆ ခုမြောက်က T ဖြစ်ရမှာပေါ့ ။ ကျန်တဲ့ ကွက်လပ် ၂ ခုကိုတော့ တော်တော်နဲ့  စဉ်းစားလို့  မရဘူး ။ M နဲ့  W ကြားမှာ စာလုံး ၉ လုံးခြားပြီး W နောက်မှာက စာလုံး ၃ လုံးပဲ ကျန်နေတော့ စာလုံး အရေအတွက်နဲ့  ခြားထားတာလဲ မဖြစ်နိုင်ဘူး ။ နောက်ဆုံး စဉ်းစားမိ တာက M ကို ပြောင်းပြန် လုပ်လိုက်ရင် W ရတယ်လေ ။ M နဲ့  W ကို ပြောင်းပြန် လုပ်ပြီး T နဲ့  ခြားပြီး တစ်ခုကျော် စီ ထည့်ထားတာ ဖြစ်မယ်လို့  တွေးပြီး အပေါ်က အဖြေကို စဉ်းစား မိတယ် ။ တခြား ဖြစ်နိုင်တဲ့ အဖြေတွေကိုလဲ စဉ်းစားလို့  မရတာနဲ့  အဲဒါကိုပဲ အဖြစ် နိုင်ဆုံးလို့  သတ်မှတ် လိုက်တယ် ။
မေးခွန်း နံပတ် ၂ အတွက် ကျွန်တော့် အဖြေက...

ကျွန်တော်ရဲ့  စဉ်းစားပုံက...
စိတ်နဲ့  ဟိုနေရာမှာ မျဉ်းကြောင်းလေး ခြစ်ကြည့်လိုက် ၊ ဒီနေရာမှာ ခြစ်ကြည့် လိုက်နဲ့  ကျွန်တော် အချိန်တော်တော် ကြာအောင် စဉ်းစားပါတယ် ။ ညီမျှခြင်းရဲ့  ဟိုဖက်နဲ့  ဒီဖက်ကို ညီအောင်ညှိုဖို့  ဘယ်လိုမှ စဉ်းစားလို့  မရတဲ့ အဆုံး ၊ အပေါ်က အဖြေကို အဖြစ်နိုင်ဆုံး အဖြေလို့  ကျွန်တော် သတ်မှတ်လိုက်တယ် ။
မေးခွန်း နံပတ် ၃ အတွက် ကျွန်တော့် အဖြေက...

ကျွန်တော်ရဲ့  စဉ်းစားပုံက...
မေးခွန်းမှာ Write anything ဆိုပေမဲ့ အပေါ်က မေးခွန်းတွေ ပုံစံအရ ကိုယ်ကြိုက်တာ တစ်ခုခုကို ရေးလို့  ပြောတာတော့ မဖြစ်နိုင်ဘူး ။ Anything ဆိုတဲ့ စာလုံးကို ရေးခိုင်းတာ ဖြစ်မယ် ။ အဲဒီလိုမှ မဟုတ်ပဲ ကိုယ်ကြိုက်တာ ကိုယ်ရေး ဆိုရင်လဲ anything ဆိုတဲ့ စာလုံးကို ရေးလိုက်တာ မမှားဘူးလေ ။ အဲဒါနဲ့  အပေါ်ကအဖြေကို အဖြစ်နိုင်ဆုံး အဖြေလို့  သတ်မှတ်လိုက်တယ် ။
မေးခွန်း နံပတ် ၄ အတွက် ကျွန်တော့် အဖြေက...

ကျွန်တော်ရဲ့  စဉ်းစားပုံက...
လိုင်း ၃ လိုင်းနဲ့  လေးထောင့်ပုံ ရအောင်ဆွဲဖို့  ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ လေးထောင့်ပုံ ရဖို့  က လိုင်း ၄ လိုင်း ရှိမှ ရမှာလေ ။ အဲဒီတော့ မေးခွန်း အောက်မှာ ဘောင်ခတ်ထားတဲ့ လိုင်းကို အောက်ခံထားပြီး ဆွဲလိုက်တယ် ။ အပေါ်က အဖြေမှာတော့ ကျွန်တော် ဆွဲတဲ့ လိုင်း ၃ လိုင်းကို မြင်သာအောင် အရောင် မတူတာနဲ့  ဆွဲထားလို့  လေးထောင့်ပုံ မဟုတ်သလို ဖြစ်နေတာ ၊ အောက်ကလိုင်းနဲ့  အရောင်တူအောင်ဆွဲလိုက်ရင် လေးထောင့်တုံး ပုံရတယ်လေ ။
အဲဒါတွေကတော့ ကျွန်တော် စဉ်းစားမိတဲ့ အဖြေတွေပဲ ၊ ကျွန်တော် ဘယ် နှစ်ခု မှန်မယ် ထင်သလဲ ။ အောက်က အဖြေမှန် တွေနဲ့  တိုက်ကြည့်ပါ ။

ကျွန်တော် ဘယ်နှစ်ခု မှန်တယ် ဆိုတာ မြင်ကြတဲ့ အတိုင်းပဲ ။ ကျွန်တော်ကပဲ ညံ့တာလား ၊ မေးခွန်းတွေ ကပဲ ခက်တာလား တော့မသိဘူး ။ ဒီမေးခွန်း တွေရဲ့  အဖြေတွေကို သိနေတဲ့ သူဆိုရင်တော့ ကျွန်တော် စဉ်းစားတဲ့ ပုံကို ကြည့်ပြီး ရယ်လွန်းလို့  သေနိုင်တယ် ။ ခင်ဗျားတို့ ရော ဘယ်နှစ်ခု မှန်လဲ ?
Make You Feel My Love
ဒီသီချင်းကို အရင်က ကြားဖူးပေမဲ့ သေချာ နားမထောင် ဖြစ်ခဲ့ဘူး ။ ညကတော့ radio မှာလာနေတာကို သေချာ နားထောင် ဖြစ်လိုက်တယ် ။ ကျွန်တော် တော်တော် ကြိုက်သွားတယ် ။
I'd go hungry i'd go black and blue
I'd go crawling down the avenue
No there's nothing that i wouldn't do
To make you feel my love
အဲဒီ အပိုဒ်ကို ကျွန်တော် အကြိုက်ဆုံးပဲ ။
ရတာမလို ၊ လိုတာ ကို မရ တတ်တဲ့ လောက ကြီးမှာ တစ်ခါတစ်လေ ကျရင် ကိုယ်က ပေးနေပေမဲ့ မယူကြဘူး ။ တစ်ခါတစ်လေ ကျရင် လိုချင်တဲ့သူ ရှိပေမဲ့ ကိုယ်က မပေးချင်ဘူး ။ တစ်ခါတစ်လေ ကျရင် ပေးနေတဲ့ သူရှိပေမဲ့ ကိုယ်က မလိုချင်ဘူး ။ တစ်ခါတစ်လေ ကျရင် ကိုယ်က လိုချင် နေပေမဲ့ မပေးကြဘူး ။
Make You Feel My Love
by adele
When the rain is blowing in your face
And the whole world is on your case
I could offer you a warm embrace
To make you feel my love
When the evening shadows and the stars appear
And there is no one there to dry your tears
I could hold you for a million years
To make you feel my love
I know you haven't made your mind up yet
But i would never do you wrong
I've known it from the moment that we met
No doubt in my mind where you belong
I'd go hungry i'd go black and blue
I'd go crawling down the avenue
No there's nothing that i wouldn't do
To make you feel my love
The storms are raging on the rolling sea
And on the highway of regret
Though winds of change are blowing wild and free
You ain't seen nothing like me yet
I could make you happy make your dreams come true
Nothing that i wouldn't do
Go to the ends of the earth for you

Thursday, 13 January 2011
နေတတ်ရင် ကျေနပ်စရာပါ
ကျွန်တော့်ရဲ့  ကောင်းမှန်းမသိ ဆိုးမှန်းမသိတဲ့ အကျင့် တစ်ခုက ကိုယ်လုပ်ချင် တာဆို ဖြစ်နိုင် မဖြစ်နိုင် အသာထား လုပ်နိုင် သလောက် လုပ်ကြည့် လိုက်ရမှ ။ လုပ်ပြီးတော့မှ ကိုယ်ရည်မှန်း ထားသလို ဖြစ်မလာ ရင်တော့ တစ်ခါတစ်လေ စိတ်မကောင်း ဖြစ်မိတယ် ။ တစ်ခါတစ်လေလဲ ဒေါသ ထွက်မိတယ် ။ ဒါပေမဲ့ ကျွန်တော်လုပ်ချင် တာတွေကို လုပ်ဖို့  ပေးဆပ်လိုက် ရတာတွေအတွက် ကျွန်တော် ဘယ်တော့မှ နောင်တရ မနေဘူး ။
ကုန်သွားတဲ့ အချိန်တွေ ကိုလဲ ကျွန်တော် ပြန်ပြီး နှမြော မနေဘူး ။ ကျွန်တော် လုပ်ချင်တဲ့ အရာတွေကို လုပ်လို့  ကုန်ဆုံးသွားတဲ့ အချိန်တွေဟာ အလကား ဖြုန်းတီးလိုက်တဲ့ အချိန်တွေ မဟုတ်ဘူး ။ ကြိုးစားကြည့်လို့  ဘာမှဖြစ်မလာ တာဟာ အရှုံးမဟုတ်ဘူး ။ အချိန်တွေ လွန်သွားပြီးမှ ငါကြိုးစား ကြည့်ခဲ့မိရင် အကောင်းသား ဆိုတဲ့ နောင်တ ရနေခြင်း ကသာ တကယ့် ရှုံးနိမ့်ခြင်း ဖြစ်တယ် ။

ကြိုးစား အားထုတ်မှု တစ်ခုရဲ့  အောင်မြင်မှု ဆိုတာက ကိုယ့်ရဲ့  ရည်မှန်းချက် ပေါ်မှာသာ မူတည် တာပါ ။ အပြေးပြိုင်ပွဲ တစ်ခုကို အတွေ့ အကြုံရှိ ရုံဆိုတဲ့ ရည်ရွယ်ချက်နဲ့  ဝင်ပြိုင်တဲ့ သူတစ်ယောက် အတွက် တာက စထွက်တာနဲ့  သူ့ ရဲ့  ရည်မှန်းချက် ပြည့်နေပါပြီး ။ ပန်းတိုင်ကို ရောက်တဲ့ အထိ မပြေးနိုင် ရင်တောင် သူရဲ့  ကြိုးစားမှုဟာ အောင်မြင် နေပါပြီး ။ ပန်းတိုင်ကို ရောက်တဲ့ အထိ ပြေးနိုင်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ပြေးတဲ့ သူအတွက်က နောက်ဆုံး ကနေ ပန်းဝင်လဲ သူဟာ အောင်နိုင် သူပါပဲ ။ လူအချို့  ကို ကျော်ပြီး ပန်းဝင် နိုင်ခဲ့ရင်တော့ စာမေးပွဲမှာ ဂုဏ်ထူး ထွက်သလိုပေါ့ ။
ရှေ့ ဆုံးကို ရောက်မှ ၊ အရင်ဦးဆုံး လုပ်နိုင်မှ အောင်နိုင်သူ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့  ကြိုးစား အားထုတ်မှု တစ်ခုဟာ လူအများက အောင်နိုင် သူလို့  သတ်မှတ်ထားတဲ့ စံတွေ ပြည့်မှ အောင်မြင်တာ မဟုတ်ပါဘူး ။ ကိုယ့်လုပ်ရပ် အောင်မြင်တာလား ၊ ရှုံးနိမ့်တာလား ဆိုတာ ကိုယ့်ရဲ့  ရည်မှန်းချက် အတိုင်းအတာနဲ့ ပဲ ဆုံးဖြတ်ရမှာပါ ။ နောက်ဆုံးက ဖြစ်နေပါစေ ကိုယ့်ရဲ့  ရည်မှန်းချက် ပြည့်ရင် ကိုယ်ဟာ အောင်နိုင်သူ ပါပဲ ။
“လောကကြီးက နေတတ်ရင် ကျေနပ်စရာ ကြီးပါ”
Subscribe to:
Posts (Atom)