Blog မှာလဲ post အသစ် မတင်ဖြစ်တာ ၃ နှစ် လောက်ရှိသွားပြီး ။ ရေးချင် တာတွေတော့ အများကြီး ရှိပါတယ် ၊ စာရေးချင်စိတ် မရှိလို့  မရေးဖြစ်တာပါ ။ ဒီကြားထဲ ရန်ကုန် တစ်ခေါက် ပြန်ဖြစ်သေးတယ် ။
မြန်မာပြည် ကို ပထမ တစ်ခေါက် ပြန်တုန်းက အဓိက သတိထား မိတာ တစ်ခုက လူတွေ အားလုံး လိုလိုဟာ ခြောက်ကပ်ကပ်နဲ့  အသက်မပါတဲ့ စက်ရုပ်တွေလို လှုပ်ရှုားနေကြတယ် ။ အတွင်းစိတ်တွေရဲ့  ခံစားမှုတွေကို လှမ်းမြင်နိုင်တဲ့ မျက်နှာတွေကို အထူးတလည် အားစိုက် စရာမလိုပဲ ကျင့်သားရနေ ကြပြီး ဖြစ်တဲ့ ဟန်ဆောင် အပြုံး ၊ တာဝန်ကြေ အပြုံး တွေနဲ့  ကာထားကြတယ် ။ ဖုံးကွယ် ထားလို့  မရတဲ့ မျက်လုံးတွေ ကတော့ အရာရာကို ယုံကြည်မှုတွေ ကင်းမဲ့ပြီး သံသယ တွေနဲ့  ပြည့်လို့ နေတယ် ။ ရွေးချယ်မှုကြောင့် မဟုတ်ပဲ ငြင်းပယ် ရှောင်လွှဲလို့  မရတဲ့ တာဝန်တွေကြောင့် အားလုံးလိုလိုရဲ့  ပုခုံးတွေ ပေါ်မှာ ကိုယ်ထမ်းနိုင်တဲ့ အလေးချိန်ထက် ပိုတဲ့ ဝန်ထုပ် ဝန်ပိုး ကိုယ်စီတွေနဲ့  ။
၉၉% လို့  ခေါ်တဲ့ လူတန်းစားမှာ ဘဝအတွက် အနာဂတ် ဆိုတာ မရှိဘူး ၊ ဒီနေ့ နဲ့  မနက်ဖြန်ပဲ ရှိတယ် ။ ဒီနေ့  ဘယ်လို ကုန်ဆုံးမှာလဲ ဆိုတဲ့  အပေါ်မှာ မူတည်ပြီး မနက်ဖြန်ကို ဘယ်လို ဖြတ်သန်း ရမလဲ ဆိုတာကို ပြင်ဆင်ကြ ရတယ် ။ ဦးနှောက်ဆေး ခံထားရတာလား ၊ အရာ အားလုံးကို လက်လျှော့ ထားလိုက် ကြတာလားတော့ မသိဘူး ၊ ကြည့်နေတဲ့ ကိုးရီးယား ဇာတ်လမ်း တွဲလေး အဆက်မပြတ် သွားဖို့  ၊ ဘော်လုံးပွဲတွေမှာ ဘယ်အသင်းက နိုင်မလဲ ဆိုတာ ခန့် မှန်း နိုင်ဖို့  နဲ့  ဘီယာ မှန်မှန် ဝယ်သောက် နိုင်ဖို့  က သူတို့  အတွက် အားလုံးထက် အရေးကြီးတယ် ။
နိုင်ငံမှာ ပြောင်းလဲမှုတွေ စနေပြီး ဆိုပေမဲ့လဲ ကိုယ်တိုင် ဆုံးဖြတ်ချက် ချဖို့  ထက် အသားကျ နေပြီးဖြစ်တဲ့ ခိုင်းလာမှ လုပ်တတ်တဲ့ အကျင့်တွေနဲ့  အထက် အဆင့်ဆင့်က ခိုင်းလာမှာကို ထိုင်စောင့်နေ ကြတယ် ။ ကိုယ်တိုင် ဦးဆောင်သူ ဖြစ်အောင် ကြိုးစားဖို့ ထက် ဦးဆောင်ပေးမဲ့သူ ပေါ်လာမဲ့ အချိန်ကို ထိုင်စောင့် နေကြတယ် ။ လူတိုင်းမှာ နေရာတိုင်းမှာ သံသယ တွေနဲ့  ။ ဒါတွေက ပထမ တစ်ခေါက်ပြန် တုန်းက အတွေ့ အကြုံတွေပါ ။
၂ နှစ်ကြာပြီး ဒုတိယ အခေါက်ပြန်တော့ လူငယ်ပိုင်း အတွင်းက ထူးထူး ခြားခြား အပြောင်းအလဲ တစ်ခုကို အဓိက သတိထား မိတယ် ။ လူငယ် တော်တော် များများရဲ့  မျက်နှာတွေ ပေါ်မှာ အပြုံး ကိုယ်စီနဲ့  ။ ဒါပေမဲ့ သူတို့  ကိုယ်တိုင် က လွဲပြီး ဘယ်သူမှ နားမလည် တဲ့အပြုံး ၊ အိပ်မက်အပြုံး ၊ အိပ်ပျော်နေတဲ့ သူတွေ ပြုံး တတ်တဲ့ အပြုံးမျိုး ကိုယ်စီနဲ့  ။ ဘယ်နေရာ သွားသွား Virtual world တွေထဲမှာ အိပ်ပျော် နေကြတဲ့ လူငယ်တွေကို တွေ့ ရ လိမ့်မယ် ။ သူတို့  အတွက်က ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာ တွေထက် မျက်နှာနဲ့  မခွာဘဲ အမြဲတမ်း ကပ်ထားတဲ့ mobile phone တွေ ဘက်ထရီ ကုန်မသွားဖို့  က ပိုပြီးအရေး ကြီးတယ် ။ သူတို့ တွေ အတွက် mobile signal/WiFi signal ဟာ oxygen ထက် ပိုပြီး တန်ဖိုး ရှိတယ် ။ Internet ကိုသာ အသက်မရှုဘဲနဲ့  နေတဲ့ မိနစ်အတိုင်း အလကား ပေးသုံးမယ် ဆိုရင် အသက်ရှုတာကို အတတ်နိုင်ဆုံး လျှော့ချကြမှာ သေချာတယ် ။
ကိုးရီးယား ဇာတ်လမ်းတွဲ ၊ ဘော်လုံးပွဲ နဲ့  ဘီယာတွေ ကလဲ အရင်အတိုင်းပဲ ပေါ်ပြူလာ ဖြစ်နေဆဲ ပါပဲ ။ အခြေခံ လူတန်းစား တွေရဲ့ ဘဝတွေ ကတော့ အရင်အခြေအနေ အတိုင်း မနက်ဖြန်ကို ဘယ်လို ဖြတ်သန်း ရမလဲ ဆိုတာ ဒီနေ့ အပေါ်မှာ မူတည်နေတုန်း ပါပဲ ။ လူလတ်တန်းစားတွေ ကြားထဲမှာတော့ နိုင်ငံခြားကို အလည်သွား မယ်ဆိုတာမျိုးတွေ ကြားလာရတယ် ။
ရေပန်း အစားဆုံး စကားက “ခေတ်ပြောင်းသွားပြီး” ဆိုတာ ဖြစ်မယ် ။ နေရာတိုင်းမှာ ကြားရလိမ့်မယ် ။ ပြောင်းသွားပြီးလို့  ပြောနေကြ ပေမဲ့ ဘယ်လိုပြောင်း ရမှန်း မသိတာတွေ နေရာတိုင်းမှာ တွေ့ နေရတယ် ။ ကိုယ်တိုင် ပြောင်းလဲမှုနဲ့  အတူ လိုက်ပြောင်းဖို့  တွန့် ဆုတ် နေကြတာတွေကို နေရာတိုင်းမှာ တွေ့ နေရတယ် ။ ကိုယ်တိုင် ဆုံးဖြတ်နိုင် ပြီးဆိုပေမဲ့ ဘယ်လိုဆုံးဖြတ် ရမှန်းမသိ တွေဝေ နေကြတယ် ။ ခိုင်းမှ လုပ်ရမဲ့ အခြေအနေ မဟုတ်တော့ဘူး ဆိုတာ သိပေမဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ် ။ အတွေး အခေါ် ဟောင်းတွေ အမြင်ဟောင်းတွေကို ဆုပ်ကိုင် ထားကြ ဆဲဆိုတာ ကိုလဲ နေရာတော်တော် များများမှာ တွေ့ နေရတယ် ။ အမှန် တရားထက် ငါ့လူထိ ဓားကြည့် ဆိုတဲ့ စနစ်ကလဲ လွှမ်းမိုးနေ တုန်းပဲ ။
ပြောင်းလဲဖို့  လိုတယ်ဆိုတာကို သဘောတူကြ ပေမဲ့ မှားခဲ့တယ် ဆိုတာကို လက်မခံ နိုင်ဖြစ်နေ ကြတယ် ။ ငါအယူအဆနဲ့  မတူသူ ၊ ငါ့ဖက် မပါ သူဟာ ငါ့ရန်သူ ဆိုပြီး ညီညွတ်ကြ ရမဲ့ အခြေအနေမှာ သွေးကွဲနေကြတယ် ။ တန်းတူညီမျှတဲ့ အခွင့်အရေး နဲ့  လွတ်လပ်မှု ဆိုတာကို ကိုယ်လိုသလို အဓိပ္ပါယ် ဖွင့်နေကြတယ် ။ ရှေ့ က ခေါင်းဆောင်ပြီး အော်ပေးမဲ့သူ ရှိရင် မှန်တာလဲမသိ ၊ မှားတာလဲ မသိ ထလုပ်ကြတယ် ။ လက်ညှိုးထိုး စရာ ရှိရင် အရင်တုန်းကတော့ တဖက်ထဲကို ဝိုင်းထိုး ကြပေမဲ့  အခုတော့ ကိုယ့်ဖက် မပါတဲ့ လူတိုင်းကို လှည့်ထိုးတယ် ။ ဘာသာရေးနဲ့  နိုင်ငံရေး ရောထွေးနေ ကြတယ် ။
လူတော်တော် များများက ပြောင်းလဲမှု ကြီးဖြစ်လာမှာကို ထိုင်စောင့် နေကြတယ် ။ စနစ်ပြောင်း သွားရင် အားလုံးပြောင်း သွားလိမ့် မယ်လို့ ထင်နေကြတယ် ။ မိမိတို့ ရဲ့  စိတ်ဓာတ်ဟောင်းတွေ ၊ အတွေးအခေါ်ဟောင်းတွေ ၊ အမြင်ဟောင်းတွေကို မပြောင်းလဲပဲ စနစ်တခုထဲကို ပြောင်းလဲဖို့  ကြိုးစားနေကြတယ် ။
ပြောင်းလဲမှုတွေ ကတော့ အနှေးနဲ့  အမြန်ပဲ ကွာမယ် ဖြစ်လာမှာတော့ သေချာတယ် ။ ဒါပေမဲ့ လက်ရှိ အခြေအနေက ပြောင်းလဲဖို့  ကြိုးစားနေဆဲပဲ ရှိပါသေးတယ် ။ ဦးတည်ရမဲ့ လမ်းကို သဘောတူဖို့  အတွက် အခုမှ ညှို့ နှိုင်းနေ ကြဆဲပဲ ရှိပါသေးတယ် ။ အခုမှ လမ်းရှာ တုန်း အခြေအနေပါ ။ ပန်းတိုင်ရောက်ဖို့  ဆိုတာ ကြာဦးမှာပါ ။ ။
Thursday, 12 February 2015
Saturday, 19 March 2011
Fukushima သူရဲကောင်းများ
ဂျပန်နိုင်ငံမှာ ကျွန်တော့် ညီမ ရှိနေတာနဲ့  လက်ရှိ နောက်ဆုံး အခြေအနေတွေကို သိနိုင်ဖို့  online မှာ အင်္ဂလိပ်လို လွှင့်နေတဲ့ NHK ဂျပန်သတင်း channel ကို အချိန်အားတိုင်း ကြည့်ဖြစ်တယ် ။ ကျွန်တော့်ညီမ နေတဲ့ မြို့ က ငလျှင်ဒဏ် ၂ ခါ ခံလိုက်ရပေမဲ့ ပြင်းပြင်းထန်ထန် ပျက်ဆီးမှု မရှိပဲ ပုံမှန်ပဲ လည်ပတ်နေတုန်းပါ ။ ဒါပေမဲ့ ဆန်လို မရှိမဖြစ် လိုအပ်တဲ့ စားကုန်တွေနဲ့  ဓာတ်မီးတို့  ဓာတ်ခဲ တို့ လို အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေ ကို ဝယ်ဖို့  တော်တော်ကို ခက်ခဲနေတယ် လို့ ပြောပါတယ် ။ သတင်းတွေကလဲ ဂျပန်လို လွှင့်နေတာမို့  အားလုံးကို နားလည်ဖို့  ခက်တယ်လို့  ပြောပါတယ် ။

ကိုယ် ကိုယ်တိုင် သိချင်လို့ ပဲ ဖြစ်ဖြစ် ၊ အခြားသူတွေ အတွက်ပဲ ဖြစ်ဖြစ် အောက်က Link တွေမှာ နောက်ဆုံး အခြေအနေတွေကို 24/7 အင်္ဂလိပ်လို လွှင့်နေတာကို ကြည့်လို့ ရပါတယ် ။ Link ၃ ခု လုံးမှာ လွှင့်နေတဲ့ သတင်းတွေက အတူတူပါပဲ ။ အဆင်ပြေတဲ့ Link မှာ ကြည့်ပါ ။
http://www3.nhk.or.jp/nhkworld/
http://www.ustream.tv/channel/nhk-world-tv
http://live.nicovideo.jp/watch/lv43681193
ဂျပန်နိုင်ငံဟာ ကမ္ဘာ့  နိုင်ငံတွေထဲမှာ သဘာဝ ဘေးအန္တရာယ်တွေ အတွက် ကြိုတင် အပြင်ဆင်ထားဆုံး နိုင်ငံပါ ။ ဂျပန်နိုင်ငံရဲ့  တည်နေရာ မြေအနေအထားအရ ငလျှင် မကြာခဏ လှုပ်တတ်တာကြောင့် အဆောက်အဦး တွေကအစ ငလျှင်ဒဏ် ကို ခံနိုင်အောင် ဆောက်လုပ်ထားတဲ့ နိုင်ငံပါ ။ ဆူနာမီ အန္တရာယ် က ကာကွယ်ဖို့  အတွက်လဲ ဂျပန်ကမ်းရိုးတန်း တလျှောက်မှာ ဆူနာမီ သတိပေး ကိရိယာတွေ ရာနဲ့  ချီပြီး တပ်ဆင်ထားတယ် ။ အချို့  ကမ်းရိုးတန်း မြို့ တွေမှာ ဆူနာမီ လှိုင်းဒဏ်တွေကို ကာကွယ်ဖို့  တံတိုင်းတွေကို ဆောက်ထားတယ် ။
ဒါပေမဲ့ ဒီတစ်ခါလှုပ်တဲ့ ငလျှင်ဟာ ပညာရှင်တွေ ခန့် မှန်းထားတာထက် အင်အားအများ ကြီး ပြင်းခဲ့တယ် ။ ဒီတစ်ခါ လှုပ်တဲ့ ငလျှင်ဟာ ဂျပန်နိုင်ငံမှာ လှုပ်ဖူးခဲ့တဲ့ ငလျှင်တွေထဲမှာ အင်အားအပြင်းဆုံး ငလျှင် ဖြစ်တယ် ။ ငလျှင်လှုပ်အပြီးမှာ ဝင်လာတဲ့ အင်အားပြင်းလွန်းတဲ့ ဆူနာမီ လှိုင်းတွေဟာ သူတို့ ကို ကာကွယ်ဖို့  အတွက် ဆောက်ထားတဲ့ အကာအကွယ် တံတိုင်းတွေကို ဘာမှအတားအဆီး မရှိ သလို အလွယ်တကူ ဖြတ်ကျော်ခဲ့တယ် ။

အခုအချိန်မှာ ငလျှင်တွေ ငြိမ်ပြီး ဆူနာမီလှိုင်းတွေ မရှိတော့ ပေမဲ့လဲ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေ ၊ အခြေခံ လိုအပ်တဲ့ ပစ္စည်း မလုံလောက်မှုတွေ ၊ စားစရာ နည်းပါးမှုတွေ ၊ ရေ ပြတ်လပ်မှုတွေ နဲ့  ရင်ဆိုင်နေရတယ် ။ ဆေးရုံတွေမှာ လူနာ အရေအတွက်ဟာ ပုံမှန်ထက် အများကြီး များနေပေမဲ့  ဆေးတွေ နဲ့  အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေ မကြာခင်မှာ ပြတ်လပ်တော့မဲ့ အခြေအနေတွေ နဲ့  ကြုံနေရတယ် ။

မနေ့ က သတင်းမှာ တွေ့ လိုက်တဲ့ လေးစား အတုယူ စရာ ကောင်းတာက ကျောင်းတွေ ၊ မိုးလုံလေလုံ အားကစားကွင်း တွေမှာ ဖွင့်ထားတဲ့ ထောင်နဲ့ ချီတဲ့ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ အခင်းတစ်ခု ၊ စောင်တစ်ထည် စီနဲ့  လူတွေ ဘေးချင်း ယှဉ်ပြီး ဖြစ်သလို အိပ်နေကြ ရပေမဲ့ ကယ်ဆယ်ရေး စခန်းတွေဟာ သန့် ရှင်းနေပါတယ် ။ လူတိုင်း ကိုယ့်အမှိုက် ကိုယ်သိမ်းပြီး တတ်နိုင်တဲ့ ဖက်က တစ်ဦးကို တစ်ဦး ကူညီကြတယ် ။ စားစရာတွေ ရောက်လာချိန်မှာ လူ ၂ ယောက် ခွဲစားဖို့  လက်တစ်စုပ်စာ ထမင်းထုပ် အတွက် အကြာကြီး တန်းစီပြီး ယူရပေမဲ့ ဘယ်သူမှ ဘာမှ မပြောကြဘူး ။ နိုင်ငံတကာက ကယ်ဆယ်ရေး အကူအညီတွေ ရောက်လာပေမဲ့လဲ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေကြောင့် လိုအပ်တဲ့ နေရာဆီကို ရောက်အောင်ပို့  ပေးနိုင်ဖို့  ခက်ခဲနေတုန်းပါ ။

လက်ရှိအကြီးဆုံး ရင်ဆိုင်နေရတာ ကတော့ နျူကလီးယား ဓာတ်ရောင်ခြည် အန္တရာယ်ပါ ။ Fukushima နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ပျက်ဆီးသွားတဲ့ နျူကလီးယား လောင်စာ ချောင်းတွေအတွက် အအေးခံတဲ့ စနစ်တွေကို အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်ဖို့  အတွက် နျူကလီးယား ပညာရှင်တွေ ၊ မီးသတ်တွေ နဲ့  ရဲတွေ ပါဝင်တဲ့ ကယ်ဆယ်ရေး အဖွဲ့ ဟာ နေ့ ညမပြတ် ကြိုးစားနေ ကြတယ် ။ အဲဒီအဖွဲ့  ထဲမှာ မိန်းကလေး ပညာရှင် တွေလဲပါ ပါတယ် ။

အဲဒီ အဖွဲ့ ဝင် ၂၀၀ ကျော်ဟာ ဧည့်ခန်းအရွယ် သီခြား စီစဉ်ထားတဲ့ အခန်းထဲမှာ အလှည့်ကျ အိပ်ပြီး နေ့  ည မပြတ်ကြိုးစား နေကြတာပါ ။ သူတို့ တွေအတွက် အသက် အန္တရာယ်ဟာ အချိန်မရွေး ကျရောက်နိုင် တယ်ဆိုတာကို အားလုံး သိထားကြတယ် ။ အသက် အန္တရာယ် မရှိခဲ့ ရင်တောင် နာတာရှည် ဝေဒနာတွေ ခံစားရဖို့  ရာခိုင်နှုန်း တော်တော်များများ ရှိတယ်ဆိုတာကို အားလုံး နားလည်ထား ကြတယ် ။
ဂျပန် ပြည်သူအများ စု အတွက် ဘေး အန္တရာယ်နဲ့  နိုင်ငံရဲ့  စီပွားရေး အခြေအနေတွေဟာ သူတို့ ရဲ့  အပေါ်မှာ မူတည်နေ တယ်ဆိုတာကို သူတို့ နားလည်ထား ကြတယ် ။ အပြင်မှာ ရှိနေတဲ့ မိသားစုတွေကို ပြန်ဆုံဖို့  အခွင့်အရေး ရှိချင်မှ ရှိမယ်လို့  အကြောင်းကြားပြီး တာဝန်ထမ်းဆောင် နေကြတာဖြစ်တယ် ။ အဲဒီအဖွဲ့ ထဲမှာ အခုအချိန်ထိ မိသားစုတွေနဲ့  အဆက်အသွယ် မရသေးတဲ့ သူတွေတောင် ရှိတယ် ။

ဒီနေ့  မီးသတ် တပ်ဖွဲ့ က အရာရှိ ၃ ယောက်နဲ့  သတင်းစာ ရှင်းလင်းပွဲ လုပ်တာကို ကြည့် လိုက်ရတယ် ။ အရာရှိ တစ်ယောက်က သူ့ ရဲ့  မီးသတ် အဖွဲ့ ဝင်တွေဟာ မိသားစုတွေနဲ့  ခွဲပြီး အတတ်နိုင်ဆုံး တာဝန် ကျေပွန်အောင် ထမ်းဆောင် နေကြပါတယ်တဲ့ ၊ ကျန်ခဲ့တဲ့ မိသားစုတွေ အားလုံး အတွက် သူ စိတ်မကောင်းပါဘူး မိသားစုတွေ အားလုံးကို သူ တောင်းပန် ပါတယ်လို့  မျက်ရည်ဝဲပြီး ပြောခဲ့တယ် ။ အခြား တစ်ယောက်ကတော့ နျူကလီးယား ဆိုက်ထဲကို သူသွားတော့မယ်လို့  သူ့  မိန်းမ ဆီကို text message ပို့ လိုက်တယ် ၊ သူ့ မိန်းမက ဂျပန်နိုင်ငံကို အခက်အခဲတွေ ကြားက ကယ်တင်တဲ့ သူဖြစ်အောင် လုပ်ပါ ဆိုပြီး text message ပြန်ပို့ တယ်လို့  မျက်ရည်ဝဲပြီး ပြောခဲ့တယ် ။
ငလျှင်ဒဏ်နဲ့  ဆူနာမီ ဒဏ်ကြောင့် ပျက်ဆီးသွားတဲ့ Fukushima နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ဖြစ်နေတဲ့ ရေဒီယို သတ္တိ ယိုစိပ်မှုကို ထိန်းနိုင်ဖို့  နေ့ ညမပြတ် တာဝန်ထမ်းနေကြတဲ့ အဲဒီအဖွဲ့ ဝင်တွေဟာ ကြုံတွေ့ ရမဲ့အန္တရာယ် တွေကို သိပေမဲ့ နိုင်ငံအတွက် မိမိ အသက် နဲ့  မိသားစု တွေကို စွန့် ပြီး တာဝန်ထမ်းဆောင် နေကြတဲ့ သူရဲကောင်းတွေပါ ။ သူတို့ တွေဟာ လက်နက်ကိုင် တိုက်ပွဲဝင် နေကြတာ မဟုတ်ကြပေမဲ့ နိုင်ငံအတွက် ရှေ့ တန်းရောက် အသေခံ သူရဲကောင်း တပ်သားတွေပါ ။ သူတို့ ရဲ့  ကြိုးစားမှုတွေ အမြန်ဆုံး အောင်မြင်ပြီး မိသားစုတွေနဲ့  ပျော်ပျော် ရွှင်ရွှင် အမြန်ဆုံး ပြန်ဆုံစည်းနိုင် ကြပါစေ ။ ။
ဓာတ်ပုံတွေကို www.japanearthquakepictures.com ကနေ ယူထားတာပါ ။

Friday, 11 March 2011
ကျွန်တော်နဲ့  A-levels မေးခွန်း ၄ ခု

ဒီမေးခွန်း ၄ခုကို website တစ်ခုမှာ မြင်ဖူးတာ တော်တော်ကြာပြီး ။ A-levels ကို ကျွန်တော် မဖြေဖူးတော့ အဲဒါ တစ်ကယ့် မေးခွန်းပုံစံလား ၊ ဒီလိုမေးခွန်းတွေ တကယ်မေး တတ်လား ဆိုတာတော့ ကျွန်တော် မသိဘူး ။ ခွင့်ပြုချိန်က ၁ မိနစ် ဆိုတော့ မဖြစ်နိုင် ဘူးလို့  ထင်တာပဲ ။ တကယ့် မေးခွန်းသာဆို တော်တော် မလွယ်တာပဲ ။
ဒီမေးခွန်း ၄ ခု ကို သတ်မှတ်ထားတဲ့ အချိန် ၁ မိနစ်ထက် အများကြီး ကျော်ပြီး ကျွန်တော် စဉ်းစားခဲ့ ပေမဲ့ စိတ်တိုင်းကျတဲ့ အဖြေ တစ်ခုမှ မရခဲ့ဘူး ။ အဖြေတွေ ကလဲ မပါတော့ ကိုယ့်ဘာသာ ကိုယ် ခန့် မှန်း ထားတဲ့ အဖြေတွေက မှန်လားမသိ ၊ မှားလားမသိနဲ့  တော်တော် ခေါင်းစားခဲ့တယ် ။
ပြီးခဲ့တဲ့ တစ်ပတ် လောက်က website တစ်ခုမှာ ဒီမေးခွန်းတွေကို အဖြေတွေနဲ့  တွေ့ လိုက်လို့  အဖြေတွေကို အောက်မှာ တင်ထားတယ် ။ မေးခွန်းတွေကို ကိုယ့်ဘာသာ ကိုယ် အရင် ဖြေကြည့် ကြပြီးမှ အောက်က အဖြေကို ကြည့်ကြပါ ။
မေးခွန်း နံပတ် ၁ အတွက် ကျွန်တော့် အဖြေက...

ကျွန်တော်ရဲ့  စဉ်းစားပုံက...
မေခွန်း နံပတ် ၁ ကို မြင်တာနဲ့  ၆ ခုမြောက် ကွက်လပ်က T ဖြစ်ရမယ် လို့  ကျွန်တော် တန်းတွေး လိုက်တယ် ။ ဘာလို့  အဲဒီလို တွေးမိ လိုက်တာလဲ ဆိုတော့ မေးခွန်းမှာ logical way လို့  ပြောထားတယ်လေ ။ T က ကွက်လပ် တစ်ခုကျော်စီမှာ ရှိနေတော့ ၆ ခုမြောက်က T ဖြစ်ရမှာပေါ့ ။ ကျန်တဲ့ ကွက်လပ် ၂ ခုကိုတော့ တော်တော်နဲ့  စဉ်းစားလို့  မရဘူး ။ M နဲ့  W ကြားမှာ စာလုံး ၉ လုံးခြားပြီး W နောက်မှာက စာလုံး ၃ လုံးပဲ ကျန်နေတော့ စာလုံး အရေအတွက်နဲ့  ခြားထားတာလဲ မဖြစ်နိုင်ဘူး ။ နောက်ဆုံး စဉ်းစားမိ တာက M ကို ပြောင်းပြန် လုပ်လိုက်ရင် W ရတယ်လေ ။ M နဲ့  W ကို ပြောင်းပြန် လုပ်ပြီး T နဲ့  ခြားပြီး တစ်ခုကျော် စီ ထည့်ထားတာ ဖြစ်မယ်လို့  တွေးပြီး အပေါ်က အဖြေကို စဉ်းစား မိတယ် ။ တခြား ဖြစ်နိုင်တဲ့ အဖြေတွေကိုလဲ စဉ်းစားလို့  မရတာနဲ့  အဲဒါကိုပဲ အဖြစ် နိုင်ဆုံးလို့  သတ်မှတ် လိုက်တယ် ။
မေးခွန်း နံပတ် ၂ အတွက် ကျွန်တော့် အဖြေက...

ကျွန်တော်ရဲ့  စဉ်းစားပုံက...
စိတ်နဲ့  ဟိုနေရာမှာ မျဉ်းကြောင်းလေး ခြစ်ကြည့်လိုက် ၊ ဒီနေရာမှာ ခြစ်ကြည့် လိုက်နဲ့  ကျွန်တော် အချိန်တော်တော် ကြာအောင် စဉ်းစားပါတယ် ။ ညီမျှခြင်းရဲ့  ဟိုဖက်နဲ့  ဒီဖက်ကို ညီအောင်ညှိုဖို့  ဘယ်လိုမှ စဉ်းစားလို့  မရတဲ့ အဆုံး ၊ အပေါ်က အဖြေကို အဖြစ်နိုင်ဆုံး အဖြေလို့  ကျွန်တော် သတ်မှတ်လိုက်တယ် ။
မေးခွန်း နံပတ် ၃ အတွက် ကျွန်တော့် အဖြေက...

ကျွန်တော်ရဲ့  စဉ်းစားပုံက...
မေးခွန်းမှာ Write anything ဆိုပေမဲ့ အပေါ်က မေးခွန်းတွေ ပုံစံအရ ကိုယ်ကြိုက်တာ တစ်ခုခုကို ရေးလို့  ပြောတာတော့ မဖြစ်နိုင်ဘူး ။ Anything ဆိုတဲ့ စာလုံးကို ရေးခိုင်းတာ ဖြစ်မယ် ။ အဲဒီလိုမှ မဟုတ်ပဲ ကိုယ်ကြိုက်တာ ကိုယ်ရေး ဆိုရင်လဲ anything ဆိုတဲ့ စာလုံးကို ရေးလိုက်တာ မမှားဘူးလေ ။ အဲဒါနဲ့  အပေါ်ကအဖြေကို အဖြစ်နိုင်ဆုံး အဖြေလို့  သတ်မှတ်လိုက်တယ် ။
မေးခွန်း နံပတ် ၄ အတွက် ကျွန်တော့် အဖြေက...

ကျွန်တော်ရဲ့  စဉ်းစားပုံက...
လိုင်း ၃ လိုင်းနဲ့  လေးထောင့်ပုံ ရအောင်ဆွဲဖို့  ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ လေးထောင့်ပုံ ရဖို့  က လိုင်း ၄ လိုင်း ရှိမှ ရမှာလေ ။ အဲဒီတော့ မေးခွန်း အောက်မှာ ဘောင်ခတ်ထားတဲ့ လိုင်းကို အောက်ခံထားပြီး ဆွဲလိုက်တယ် ။ အပေါ်က အဖြေမှာတော့ ကျွန်တော် ဆွဲတဲ့ လိုင်း ၃ လိုင်းကို မြင်သာအောင် အရောင် မတူတာနဲ့  ဆွဲထားလို့  လေးထောင့်ပုံ မဟုတ်သလို ဖြစ်နေတာ ၊ အောက်ကလိုင်းနဲ့  အရောင်တူအောင်ဆွဲလိုက်ရင် လေးထောင့်တုံး ပုံရတယ်လေ ။
အဲဒါတွေကတော့ ကျွန်တော် စဉ်းစားမိတဲ့ အဖြေတွေပဲ ၊ ကျွန်တော် ဘယ် နှစ်ခု မှန်မယ် ထင်သလဲ ။ အောက်က အဖြေမှန် တွေနဲ့  တိုက်ကြည့်ပါ ။

ကျွန်တော် ဘယ်နှစ်ခု မှန်တယ် ဆိုတာ မြင်ကြတဲ့ အတိုင်းပဲ ။ ကျွန်တော်ကပဲ ညံ့တာလား ၊ မေးခွန်းတွေ ကပဲ ခက်တာလား တော့မသိဘူး ။ ဒီမေးခွန်း တွေရဲ့  အဖြေတွေကို သိနေတဲ့ သူဆိုရင်တော့ ကျွန်တော် စဉ်းစားတဲ့ ပုံကို ကြည့်ပြီး ရယ်လွန်းလို့  သေနိုင်တယ် ။ ခင်ဗျားတို့ ရော ဘယ်နှစ်ခု မှန်လဲ ?
Make You Feel My Love
ဒီသီချင်းကို အရင်က ကြားဖူးပေမဲ့ သေချာ နားမထောင် ဖြစ်ခဲ့ဘူး ။ ညကတော့ radio မှာလာနေတာကို သေချာ နားထောင် ဖြစ်လိုက်တယ် ။ ကျွန်တော် တော်တော် ကြိုက်သွားတယ် ။
I'd go hungry i'd go black and blue
I'd go crawling down the avenue
No there's nothing that i wouldn't do
To make you feel my love
အဲဒီ အပိုဒ်ကို ကျွန်တော် အကြိုက်ဆုံးပဲ ။
ရတာမလို ၊ လိုတာ ကို မရ တတ်တဲ့ လောက ကြီးမှာ တစ်ခါတစ်လေ ကျရင် ကိုယ်က ပေးနေပေမဲ့ မယူကြဘူး ။ တစ်ခါတစ်လေ ကျရင် လိုချင်တဲ့သူ ရှိပေမဲ့ ကိုယ်က မပေးချင်ဘူး ။ တစ်ခါတစ်လေ ကျရင် ပေးနေတဲ့ သူရှိပေမဲ့ ကိုယ်က မလိုချင်ဘူး ။ တစ်ခါတစ်လေ ကျရင် ကိုယ်က လိုချင် နေပေမဲ့ မပေးကြဘူး ။
Make You Feel My Love
by adele
When the rain is blowing in your face
And the whole world is on your case
I could offer you a warm embrace
To make you feel my love
When the evening shadows and the stars appear
And there is no one there to dry your tears
I could hold you for a million years
To make you feel my love
I know you haven't made your mind up yet
But i would never do you wrong
I've known it from the moment that we met
No doubt in my mind where you belong
I'd go hungry i'd go black and blue
I'd go crawling down the avenue
No there's nothing that i wouldn't do
To make you feel my love
The storms are raging on the rolling sea
And on the highway of regret
Though winds of change are blowing wild and free
You ain't seen nothing like me yet
I could make you happy make your dreams come true
Nothing that i wouldn't do
Go to the ends of the earth for you

Thursday, 13 January 2011
နေတတ်ရင် ကျေနပ်စရာပါ
ကျွန်တော့်ရဲ့  ကောင်းမှန်းမသိ ဆိုးမှန်းမသိတဲ့ အကျင့် တစ်ခုက ကိုယ်လုပ်ချင် တာဆို ဖြစ်နိုင် မဖြစ်နိုင် အသာထား လုပ်နိုင် သလောက် လုပ်ကြည့် လိုက်ရမှ ။ လုပ်ပြီးတော့မှ ကိုယ်ရည်မှန်း ထားသလို ဖြစ်မလာ ရင်တော့ တစ်ခါတစ်လေ စိတ်မကောင်း ဖြစ်မိတယ် ။ တစ်ခါတစ်လေလဲ ဒေါသ ထွက်မိတယ် ။ ဒါပေမဲ့ ကျွန်တော်လုပ်ချင် တာတွေကို လုပ်ဖို့  ပေးဆပ်လိုက် ရတာတွေအတွက် ကျွန်တော် ဘယ်တော့မှ နောင်တရ မနေဘူး ။
ကုန်သွားတဲ့ အချိန်တွေ ကိုလဲ ကျွန်တော် ပြန်ပြီး နှမြော မနေဘူး ။ ကျွန်တော် လုပ်ချင်တဲ့ အရာတွေကို လုပ်လို့  ကုန်ဆုံးသွားတဲ့ အချိန်တွေဟာ အလကား ဖြုန်းတီးလိုက်တဲ့ အချိန်တွေ မဟုတ်ဘူး ။ ကြိုးစားကြည့်လို့  ဘာမှဖြစ်မလာ တာဟာ အရှုံးမဟုတ်ဘူး ။ အချိန်တွေ လွန်သွားပြီးမှ ငါကြိုးစား ကြည့်ခဲ့မိရင် အကောင်းသား ဆိုတဲ့ နောင်တ ရနေခြင်း ကသာ တကယ့် ရှုံးနိမ့်ခြင်း ဖြစ်တယ် ။

ကြိုးစား အားထုတ်မှု တစ်ခုရဲ့  အောင်မြင်မှု ဆိုတာက ကိုယ့်ရဲ့  ရည်မှန်းချက် ပေါ်မှာသာ မူတည် တာပါ ။ အပြေးပြိုင်ပွဲ တစ်ခုကို အတွေ့ အကြုံရှိ ရုံဆိုတဲ့ ရည်ရွယ်ချက်နဲ့  ဝင်ပြိုင်တဲ့ သူတစ်ယောက် အတွက် တာက စထွက်တာနဲ့  သူ့ ရဲ့  ရည်မှန်းချက် ပြည့်နေပါပြီး ။ ပန်းတိုင်ကို ရောက်တဲ့ အထိ မပြေးနိုင် ရင်တောင် သူရဲ့  ကြိုးစားမှုဟာ အောင်မြင် နေပါပြီး ။ ပန်းတိုင်ကို ရောက်တဲ့ အထိ ပြေးနိုင်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ပြေးတဲ့ သူအတွက်က နောက်ဆုံး ကနေ ပန်းဝင်လဲ သူဟာ အောင်နိုင် သူပါပဲ ။ လူအချို့  ကို ကျော်ပြီး ပန်းဝင် နိုင်ခဲ့ရင်တော့ စာမေးပွဲမှာ ဂုဏ်ထူး ထွက်သလိုပေါ့ ။
ရှေ့ ဆုံးကို ရောက်မှ ၊ အရင်ဦးဆုံး လုပ်နိုင်မှ အောင်နိုင်သူ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့  ကြိုးစား အားထုတ်မှု တစ်ခုဟာ လူအများက အောင်နိုင် သူလို့  သတ်မှတ်ထားတဲ့ စံတွေ ပြည့်မှ အောင်မြင်တာ မဟုတ်ပါဘူး ။ ကိုယ့်လုပ်ရပ် အောင်မြင်တာလား ၊ ရှုံးနိမ့်တာလား ဆိုတာ ကိုယ့်ရဲ့  ရည်မှန်းချက် အတိုင်းအတာနဲ့ ပဲ ဆုံးဖြတ်ရမှာပါ ။ နောက်ဆုံးက ဖြစ်နေပါစေ ကိုယ့်ရဲ့  ရည်မှန်းချက် ပြည့်ရင် ကိုယ်ဟာ အောင်နိုင်သူ ပါပဲ ။
“လောကကြီးက နေတတ်ရင် ကျေနပ်စရာ ကြီးပါ”
ကြည့်တာချင်း တူပေမဲ့ ၊ မြင်တာချင်း တူချင်မှတူမယ်
ဒီနှစ် နှစ်သစ်ကူး ညတုန်းက သူငယ်ချင်းတွေနဲ့  ရုပ်ရှင်ထိုင် ကြည့်ဖြစ်တယ် ။ သူငယ်ချင်းတွေက ဟာသကား ကြည့်ချင် ကြတာပါ ။ ဒါပေမဲ့ သိမ်းထားတဲ့ ဟာသကား တွေက အားလုံးနီးပါး သူတို့  ကြည့်ပြီး သားတွေ ဖြစ်နေလို့  ဒီကားလေး ကောင်းတယ် ကြည့်ကြည့် ဆိုပြီး Hachiko ( A Dog’s Story ) ဆိုတဲ့ ကားကို ကြည့်ဖို့  တိုက်တွန်းလိုက်တယ် ။ အဲဒီကားက Hachi ဆိုတဲ့ခွေးလေး တစ်ကောင်နဲ့  သူရဲ့  သခင်တို့  ရဲ့ ကြားက သံယောဇဉ် အကြောင်းကို ရိုက်ထားတဲ့ ရုပ်ရှင်လေးပါ ။
ပြန်လာနိုင် တော့မှာ မဟုတ်တော့တဲ့ သခင်ကို သစ္စာ ရှိရှိနဲ့  ၉ နှစ် ကျော် ကြာအောင် သခင် အလုပ်က ပြန်လာတတ်တဲ့ အချိန် ရောက်တိုင်း ဘူတာရုံ ရှေ့  မှာ လာလာထိုင်စောင့်နေ တတ်တဲ့ Hachi ဆိုတဲ့ ခွေးလေးရဲ့  တကယ့် အဖြစ်အပျက်ကို ပြန်ရိုက် ထားတာပါ ။ Hachi နဲ့  သူ့  သခင်တို့ ရဲ့  တစ်ဦး အပေါ် တစ်ဦး နောက်ဆုံး အချိန်တွေထိ ထားခဲ့ကြတဲ့ သံယောဇဉ် နဲ့  မေတ္တာ အကြောင်းကို ပေါ်လွင်အောင် ရိုက်ထားတဲ့ ကားမို့  တိရစ္ဆာန် ချစ်တဲ့ သူတိုင်း ကြိုက်ကြမဲ့ ကားတစ်ကားပါ ။ အဲဒီညက ကျွန်တော့်ရဲ့  ကောင်းမှုကြောင့် သူများတွေ ပျော်ပျော်ရွှင်ရွှင်နဲ့  နှစ်သစ်ကူး နေကြတဲ့ အချိန်မှာ ကျွန်တော့် သူငယ်ချင်း တွေကတော့ မျက်ရည် လေးတွေ ဝဲသဲဝဲသဲ နဲ့  နှစ်သစ်ကို ကြိုခဲ့ကြတယ် ။
နှစ်သစ် ကူးတဲ့ နေ့ မှာ ဖြစ်ပျက်သမျှ ၊ ကိုယ်လုပ်လိုက် သမျှ တွေဟာ တနှစ်ပတ်လုံး အပေါ်မှာ လွှမ်းမိုးမှု ရှိတယ်လို့  လူတော်တော် များများက ယုံကြည်ကြတော့ ဒီနှစ်ထဲမှာ မျက်ရည်ဝဲ စရာ တွေနဲ့  ကြုံတိုင်း ဒီကောင့်ကြောင့် ဆိုပြီး ကျွန်တော့်ကို သူတို့  ကျိန်ဆဲ နေကြမယ် ထင်တယ် ။ ဒီနှစ်ထဲမှာ သူတို့ ကို ချစ်ခင်သူတွေ ပိုပြီး တိုးလာမယ် ။ သူတို့ ကို ချစ်ခင်တဲ့ သူတွေနဲ့  အပြန် အလှန် နားလည်မှုတွေ ပိုရလာပြီး တစ်ဦးအပေါ် တစ်ဦး မေတ္တာတွေ ပိုထားလာနိုင် ကြမယ် ဆိုရင်တော့ သစ္စာတရား ၊ မေတ္တာတရား နဲ့  သံယောဇဉ် အကြောင်းတွေကို ခံစားပြီး နှစ်သစ်ကို ကူးခဲ့ကြလို့  ဒီလိုဖြစ်တာလို့  သူတို့  တွေးကြချင်မှ တွေးကြ မှာပါ ။ ကျွန်တော်တို့  တွေ့ ကြုံခဲ့ကြတာတွေ တူခဲ့ကြပေမဲ့လဲ တစ်ယောက်နဲ့  တစ်ယောက် ယုံကြည်ချက်တွေ ၊ ခံစားချက်တွေ ကွဲကြလိမ့်မယ် ။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် လောက်က ကျွန်တော့် အစ်မ မင်္ဂလာဆောင်မှာ စားပွဲတင် နာရီ တစ်လုံး ဝယ်ပြီး ကျွန်တော် လက်ဖွဲ့ ဖူးတယ် ။ အဲဒီ အချိန်တုန်းက Titanic ရုပ်ရှင်က နာမည်ကြီး နေတဲ့ အချိန် ဆိုတော့ နာရီရဲ့  နောက်ခံက ရုပ်ရှင်ထဲက မင်းသား ၊ မင်းသမီး ရုပ်ပုံနဲ့ ပါ ။ နာရီက ဈေးကြီးတဲ့ အမျိုးအစား မဟုတ်ပေမဲ့ လှတော့လှတယ် ။ မင်္ဂလာပွဲ ပြီးတော့ သူတို့  ခုတင်ခေါင်းရင်းမှာ အဲဒီနာရီလေး တင်ထားတာ ကျွန်တော် သတိထားမိတယ် ။ ဒါပေမဲ့ နောက် ၁ ပတ် ၊ ၂ ပတ် လောက်ပဲ ရှိမယ်ထင်တယ် အဲဒီနာရီလေးကို မတွေ့ တော့ဘူး ။ တခြား တစ်နေရာရာ မှာများ ထားထားလား ဆိုပြီး ရှာကြည့်မိ ပေမဲ့ မတွေ့  တော့ဘူး ။
နောက်မှ သိရတာက Titanic ရုပ်ရှင်ထဲမှာ မင်းသားနဲ့  မင်းသမီးက ကွဲခဲ့ကြတာမို့  အဲဒီနာရီလေးက နမိတ် မကောင်းဘူး ဆိုပြီး မထားတော့ တာပါတဲ့ ။ ဘယ်ရောက်သွားလဲ ဆိုတာတော့ ကျွန်တော် မေးမနေ တော့ဘူး ။ သိလဲ မသိချင်တော့ဘူး ။ နာရီလေးက ငွေတန်ဖိုး အနေနဲ့  ဘာမှမရှိ ပေမဲ့ ကျွန်တော် စိတ်မကောင်း ဖြစ်ခဲ့မိတယ် ။ အဲဒီနာရီလေးကို ကျွန်တော်ဝယ်တုန်းက ရုပ်ရှင်ထဲက အချစ်ဇာတ်လမ်း လေးကို ကြိုက်လို့  ဝယ်ဖြစ်ခဲ့တာ ။ ရုပ်ရှင်ထဲမှာ မင်းသားနဲ့  မင်းသမီးက အချစ်အတွက် ဘာမဆို ပေးဆပ်ဖို့  မတွန့် ဆုတ် ခဲ့ကြဘူး ။ ဘာအန္တရာယ် ကိုမှ ရင်ဆိုင်ဖို့  နောက်မတွန့်  ခဲ့ကြဘူး ။ တစ်ဦးပျော်ရွှင် မှု အတွက် တစ်ဦးက ဘာမဆို လုပ်ပေးဖို့  ဝန်မလေး ခဲ့ကြဘူး ။ လိုအပ်ရင် တစ်ဦးအတွက် တစ်ဦးက အသက်စွန့် ပြီး ကြိုးစားပေးဖို့  တွေဝေမနေ ခဲ့ကြဘူး ။ သူတို့  နှစ်ဦး တွေ့ ဆုံခဲ့ ကြတဲ့ အချိန်က တိုပေမဲ့ နောက်ဆုံး ထွက်သက်တွေ အထိ တစ်ဦးရဲ့  ချစ်ခြင်း မေတ္တာကို တစ်ဦးက တန်ဖိုးထား သတိရနေ ခဲ့ကြ တယ်လေ ။
ကျွန်တော့်အတွက် ကတော့ နှစ် ၅၀ တွေ ၊ နှစ် ၁၀၀ တွေကြာအောင် အတူရှိ နေဖို့ က အဓိက မဟုတ်ဘူး ။ ရွှေရတု ၊ စိန်ရတု ဆိုတာတွေလဲ အရေး မကြီးဘူး ။ ကျွန်တော့်ရဲ့  မေတ္တာ နဲ့  စေတနာ တွေကို နားလည်ပြီး နောက်ဆုံး အချိန်ထိ တန်ဖိုးထား လေးစား နေမဲ့ သူနဲ့ ဆိုရင် အချိန် ခဏလေးပဲ ဆုံရပါစေ ကျွန်တော် ကျေနပ်တယ် ။ ကျွန်တော်တို့  ကြည့်ခဲ့ကြတာတွေ တူခဲ့ပေမဲ့လဲ တစ်ယောက်နဲ့  တစ်ယောက် မြင်ခဲ့ကြတဲ့ အရာတွေ ကွဲခဲ့ကြတယ် ။
ယုံကြည်ချက်တွေ ၊ ခံစားချက်တွေ ၊ နားလည်မှုတွေ ဆိုတာက ကိုယ့်ရဲ့  အမြင်ပေါ်မှာပဲ မူတည်ပါတယ် ။ အရာရာ တိုင်းမှာ မတူညီတဲ့ ဖက်က ကြည့်လို့ ရတဲ့ အမြင်တွေ ရှိတယ် ။ လူတိုင်းမှာ ယုံကြည်ချက် ၊ ခံယူချက်တွေ ကွဲလွဲခွင့် ရှိတယ်ဆိုပေမဲ့ ဘယ်အရာ ကိုမှ ရှုထောင့် တစ်ခုထဲက ကြည့်ပြီး အမြင် တစ်မျိုးထဲနဲ့  ဆုံးဖြတ်ချက် မချကြပါနဲ့  ။ အခြား ရှုထောင့်က ကြည့်ဖို့ လဲ ဝန်မလေး ကြပါနဲ့  ။ ။

Saturday, 25 December 2010
Online ပေါ်က ကိုယ့်အကြောင်း
မကြာခင်မှာ ၂၀၁၀ လဲ ကုန်တော့မယ် ။ ဒီနှစ် ၂၀၁၀ ထဲမှာ ကွန်ပျူတာ လောက ရဲ့  နံပတ် ၁ နေရာကို နှစ်ပေါင်းများစွာ ယူထားတဲ့ Microsoft ကုမ္မဏီကို ကျော်ပြီး Apple ကုမ္မဏီဟာ ကမ္ဘာမှာ အကြီးဆုံး ကွန်ပျူတာ ကုမ္မဏီ ဖြစ်လာတယ် ။ Apple ကုမ္မဏီရဲ့  လက်ရှိ CEO လဲ ဖြစ်ပြီး ၊ ကုမ္မဏီ ကို စတင်တည်ထောင် ရာမှာပါဝင်ခဲ့ သူလဲဖြစ်တဲ့ Steve Jobs ထက် လူသုံး အများဆုံး social networking site တစ်ခု ဖြစ်တဲ့ Facebook ကို စတင်တည်ထောင် ခဲ့သူ Mark Zuckerberg က ပိုပြီး ချမ်းသာလာခဲ့တယ် ။
ကွန်ပျူတာဟာ လူတွေရဲ့  မရှိမဖြစ် နေ့ စဉ်သုံး ပစ္စည်း တစ်ခုအဖြစ် တနေ့ ထက် တနေ့  ပိုပြီး နေရာယူ လာတယ် ။ အကောင်းတွေ အဆိုးတွေနဲ့  မွန်းကြပ်နေပြီး ၊ မြိုသိပ် ထားရတာတွေ များတဲ့ တကယ့် လက်တွေ့  ဘဝက ခဏတာပဲ ဖြစ်ဖြစ် လွတ်မြောက်ဖို့  အတွက် ထွက်ပေါက် တစ်ခုအနေနဲ့  လူတွေဟာ ကိုယ်ကိုယ်တိုင် စိတ်ကြိုက် လိုသလို ဖန်တီးလို့  ရတဲ့ ၊ ကိုယ်ပြောချင်တာ ဘာမဆို လွတ်လွတ် လပ်လပ် ပြောလို့ ရတဲ့ virtual world တွေမှာ ပိုပြီး အချိန်ဖြုန်း လာကြတယ် ။ Blog တွေ ၊ အခြား social networking site တွေမပါ သေးပဲ Facebook တစ်ခုထဲ မှာတင် လက်ရှိ active user ပေါင်း သန်း ၅၀၀ ကျော်ရှိတယ် ။ အဲဒီထဲမှာ Mobile phone တွေကနေ တဆင့် Facebook ကိုသုံးတဲ့ user ပေါင်းက သန်း ၂၀၀ ကျော်ရှိတယ် ။ လူတစ်ယောက် ထဲက account အများကြီး ဖွင့်ထားတာလဲ ရှိရင်ရှိမယ် ဒါပေမဲ့ Facebook သုံးတဲ့ သူတွေရဲ့  ၅၀ % က နေ့  တိုင်း သူတို့ ရဲ့  account ကို ဝင်ကြည့်ကြတယ် ။
Social networking site တွေ ၊ Blog တွေကို သုံးတဲ့ လူတော်တော် များများဟာ နောက်ဖြစ်လာ နိုင်တဲ့ အကျိုးဆက် တွေကို သေချာ မစဉ်းစားပဲ မိမိတို့  အကြောင်းတွေ ၊ ဓာတ်ပုံတွေ online ပေါ်ကို အလွယ်တကူ တင်တတ်ကြတယ် ။ online ပေါ်မှာ ရေးလိုက်တဲ့ စာတစ်ကြောင်း ၊ ဓာတ်ပုံ တစ်ပုံဟာ ပြန်ဖျက်လို့  မရတော့ဘူး ဆိုတာ လူတော်တော် များများ သတိ မထားမိကြဘူး ။ Facebook account ထဲက ဓာတ်ပုံ တစ်ပုံကို ဖျက်လိုက်ရင် account ထဲကနေ ပျက်သွားပေမဲ့ အဲဒီ ဓာတ်ပုံဟာ facebook ရဲ့  ယာယီဖိုင် တွေသိမ်းတဲ့ server မှာ နောက်ထပ် ၆ လ လောက်အထိ မပျက်ပဲ ရှိနေသေးတယ် ။ တိုက်ရိုက် လိပ်စာကို သိရင် အဲဒီ ဓာတ်ပုံကို ဘယ်သူမဆို ကြည့်လို့  ရနေသေးတယ် ။ ကိုယ်ဖျက်လိုက်တဲ့ ဓာတ်ပုံဟာ ၆ လ လောက်ပြီးရင် facebook မှာ သိမ်းထားတာ မရှိတော့ ဘူးဆိုပေမဲ့ အဲဒီအချိန် အတွင်းမှာ တစ်ယောက်ယောက်က ကူးယူပြီး နောက်တစ်နေရာမှာ ပြန်တင်ထားမယ် ၊ ဒါမှမဟုတ် သိမ်းယူထား လိုက်မယ်ဆိုရင် အဲဒါတွေကို ကိုယ် ဘယ်လို လိုက်ဖျက်မှာလဲ ။
ဓာတ်ပုံဆိုတာ ကိုယ်အိုက်တင် ထုတ်ထားတာ တစ်ခုထဲကို ပြတာမဟုတ်ဘူး ။ ကိုယ့်နောက်က ရှုခင်းလှလှ တွေကိုပဲ ပြတာ မဟုတ်ဘူး ။ ဥပမာ - ပါတီတစ်ခုကို ကိုယ်အရမ်း သွားချင်တယ် ။ အလုပ်ကို ခွင့်တောင်းရင်လဲ ကုမ္မဏီမှာ အရမ်း အလုပ်ရှုပ် နေချိန်မို့  ခွင့်ရမှာမဟုတ်ဘူး ဆိုတာ သိနေတယ် ။ ဒါနဲ့  နေမကောင်း ဘူးလို့  အလုပ်ကို ခွင့်တိုင်ပြီး ပါတီကို သွားခဲ့တယ် ။ အဲဒီနေ့ က ဓာတ်ပုံတွေကို အမှတ်တရ အနေနဲ့  facebook ပေါ်ကို အမှတ်တမဲ့ပဲ တင်လိုက်တယ် ။ အဲဒီဓာတ်ပုံ တွေကို ကိုယ့်အလုပ်က အထက်လူကြီးက တွေ့ သွားမယ် ဆိုရင် စဉ်းစားကြည့်တော့ ။ ဒါက ဥပမာ တစ်ခု အနေနဲ့  ပြောတာပါ ။ အချို့  လူတွေ အတွက် ဓာတ်ပုံ တစ်ပုံက ပေးတဲ့ information အတွက်နဲ့  ဆိုးကျိုးတွေ အများကြီး သက်ရောက်နိုင် ပါတယ် ။ ဓာတ်ပုံ တစ်ပုံဟာ ကိုယ် ဘယ်အချိန် ၊ ဘယ်နေရာမှာ ၊ ဘယ်သူနဲ့  ဘာလုပ်နေတယ် ဆိုတာကို ငြင်းလို့  မရတဲ့ သက်သေ မှတ်တမ်း တစ်ခုလဲ ဖြစ်တယ် ။
ကုမ္မဏီတစ်ခုက ဝန်ထမ်းတစ်ယောက်က သူ ကွန်ပျူတာ ရှေ့ မှာ ကြာကြာ ထိုင်လို့ မရဘူး ။ ကွန်ပျူတာကို ကြာကြာ ကြည့်ရင် မျက်စိကိုက် လို့ ပါဆိုပြီး ကုမ္မဏီကို ခွင့်တိုင်တယ် ။ သူခွင့်သွားတဲ့ နေ့ မှာ သူ့  အထက်လူကြီးက သူ့  facebook account ကို စောင့်ကြည့်တော့ ကွန်ပျူတာကို ကြာကြာ ကြည့်လို့  မရဘူးဆိုတဲ့ သူက online ပေါ်မှာ အချိန် တော်တော် ကြာကြာ ရှိနေတာကို တွေ့  ပြီး သူ့ ကို အလုပ်ထုတ် ခဲ့တယ် ။ အခြား ကုမ္မဏီ တစ်ခုက ဝန်ထမ်း တစ်ယောက်က သူ့  အထက်လူကြီးကို friend list ထဲမှာ သိမ်းထားမိတာကို မေ့ပြီး သူ့  ရဲ့  facebook wall ပေါ်မှာ သူ့  အထက်လူကြီးကို ဝေဖန်တဲ့ အကြောင်းရေး လိုက်တယ် ။ သူ့ အထက် လူကြီးက မင်းရဲ့  အစမ်းခန့်  ကာလ ၆လ မပြည့်သေးတာကို မင်းသတိ မထားမိဘူး ထင်တယ် ဆိုပြီး အဲဒီမှာပဲ comment ပြန်ရေးပြီး သူ့ ကို အလုပ်ထုတ်လိုက်တယ် ။ သိပ်မကြာ သေးခင်ကပဲ နာမည်ကြီး လူဆိုး တစ်ယောက်ဟာ ထောင်ပြောင်းတဲ့ အချိန်မှာ လွတ်သွားတယ် ။ ရဲတွေက သူသွားနိုင်တဲ့ နေရာတွေကို လိုက်ရှာပေမဲ့ ဘာသဲလွန်စမှ မတွေ့ တော့ သူဘယ်မှာ ပုန်းနေလဲ ဆိုတာကို ခန့် မှန်းလို့  မရဘူး ဖြစ်နေတယ် ။ နဲနဲလဲ ကြာလာရော ကိုယ်တော်က ငြိမ်ငြိမ်မနေပဲ facebook ကနေ မင်းတို့ ငါ့ကို ဘယ်တော့မှ ရှာလို့ တွေ့ မှာ မဟုတ်ဘူး ဘာညာဆိုပြီး ရဲတွေကို စိန်ခေါ် ပါလေရော ။ အဲဒီ facebook message ကနေတဆင့် သူ ရှိနိုင်တဲ့ နေရာကို ရဲတွေ ခြေရာခံ လို့ ရသွားပြီး ရက်ပိုင်း အတွင်းမှာ ပြန်အဖမ်း ခံလိုက်ရတယ် ။ အဲဒါတွေက သတင်းထဲမှာ ကျွန်တော် ဖတ်လိုက်ရတဲ့ တကယ့် အဖြစ်အပျက် တွေပါ ။
အချို့ သူတွေက ငါ့ friend list ထဲက လူအားလုံးကို ငါအပြင်မှာလဲ သိတယ် ၊ ငါ့ account ကိုလဲ သူငယ်ချင်းတွေပဲ ကြည့်လို့ ရအောင် လုပ်ထားတယ် လို့  ပြောတတ် ကြတယ် ။ အဲဒီ သူငယ်ချင်းတွေက ကိုယ်တင် လိုက်တဲ့ဟာ တွေကို ကြည့်ရုံပဲ ကြည့်ကြမှာလား ။ သူတို့ ပုံလဲ ပါနေလို့  ၊ ရှုခင်းလေး လှလို့  ၊ ကိုယ်ရေးထား တာလေးကို သဘောကျလို့  ဆိုပြီး ကူးယူမသွား နိုင်ဘူးလား ။ ဘယ်သူမှ ကူးမယူ ကြဘူးပဲ ထားလိုက်ပါတော့ ။ လူတိုင်း အလွယ် တကူ ကြိုက်သလောက် account ဖွင့်လို့ ရနေပြီး အားလုံးကို အလကား ဝန်ဆောင်မှု ပေးနေတဲ့ facebook လို site တွေရဲ့  လုံခြုံရေး setting တွေကို တကယ်ပဲ လုံခြုံတယ် လို့ ထင်ပါသလား ။ UK နိုင်ငံရဲ့  ထောက်လှမ်းရေး အဖွဲ့ က အကြမ်းဖက် သမားလို့  သံသရ ရှိသူတွေ ၊ စောင့်ကြည့်နေဖို့  လိုအပ်တယ်လို့  ယုံကြည်ရတဲ့ သူတွေရဲ့  လှုပ်ရှားမှု တွေကို facebook လို လုံခြုံရေး အားနည်းတဲ့ site တွေကနေ ခြေရာခံ စောင့်ကြည့်သွား မယ်လို့  တရားဝင် ကြေငြာထားတယ် ။ တရုတ်နိုင်ငံ ကတောင် ရဲတွေကို facebook ကနေ လူတွေကို ခြေရာခံ စောင့်ကြည့်ဖို့  သင်တန်းပေး နေတယ်လို့  မကြာသေး ခင်ကမှ ကျွန်တော် ဖတ်လိုက်ရသေးတယ် ။
Blog တွေရေးကြတယ် ၊ comment တွေပေးကြတယ် ဆိုတာလဲ အတူတူပါပဲ ။ ကိုယ်ရေးလိုက် တဲ့စာတွေ ထဲကနေ ကိုယ်ဘယ်မှာ ရှိနေတယ် ၊ ဘယ်သူနဲ့ ရှိ နေတယ် ၊ ဘာတွေ လုပ်နေတယ် ဆိုတာတွေကို ခန့် မှန်း သိနိုင်တယ် ။ သူများ Blog မှာ comment သွားရေးတာဟာ အဲဒီ blog မှာ စာတစ်ကြောင်းထဲ ချန်ခဲ့တာ မဟုတ်ပဲ ကိုယ့်ရဲ့  IP address ကိုပါ ချန်ခဲ့တာ ဆိုတာကိုသတိထား စေချင်တယ် ။
ငါတို့ မှာ ဘာမှ လျှို့ ဝှက်ထား စရာမရှိဘူး ၊ ငါတို့  ဘယ်ကိုမှ ကြောက်နေစရာမရှိ ဘူးလို့  အချို့ လူတွေက ပြောကြတယ် ။ အဲဒီလို လူတွေအတွက် ဝမ်းသာပါတယ် ။ အမြဲတမ်း အဲဒီလိုပဲ နေနိုင်ကြ ပါစေ ။ ဒါပေမဲ့ လူတိုင်းရဲ့  အခြေအနေ ကတော့ အဲဒီလို မဟုတ်တာ သေချာတယ် ။ တစ်ချို့ တွေက သူငယ်ချင်း အချင်းချင်း နောက်ပြောင်ပြီး ရိုက်ထားတဲ့ မူးနေ ရူးနေတဲ့ ပုံတွေ ၊ ကို့ ယိုး ကားယား ဖြစ်နေတဲ့ ပုံတွေကို အပျော် သဘောနဲ့  online ပေါ် တင်တတ်ကြတယ် ။ ဒီနေ့  ခေတ်က interview တစ်ခုသွားရင် လူချင်း မျက်နှာချင်းဆိုင် တွေ့ နေတာတောင် ကိုယ့်အကြောင်းကို ကိုယ့်ကို တိုက်ရိုက် မမေးပဲ internet မှာ ရှာဖတ်ချင် ဖတ်နေတတ်တဲ့ ခေတ်ဆိုတာ မမေ့ကြနဲ့  ။ နောက်ချင်လို့ ပဲ ဖြစ်ဖြစ် ၊ အမှတ်တရ အနေနဲ့ ပဲ ဖြစ်ဖြစ် online ပေါ်မှာ တစ်ခုခု ရေးတော့ မယ် ၊ ကိုယ့် ဓာတ်ပုံ (သို့  မဟုတ်) အခြား သူတွေရဲ့  ဓာတ်ပုံကို တင်တော့မယ် ဆိုရင် online ပေါ်ရောက် သွားတဲ့ စာတစ်ကြောင်း ၊ ဓာတ်ပုံ တစ်ပုံဟာ ဘယ်တော့မှ မပျောက်တော့ဘူး ၊ ဘယ်လိုမှ ပြန်ဖျက်လို့  မရတော့ဘူး ဆိုတာ မမေ့ကြပါနဲ့  ။ ။

Subscribe to:
Posts (Atom)