Saturday, 18 December 2010
Thursday, 9 December 2010
ဓာတ်ပုံထဲက ဇာတ်လမ်းများ (၂)
Second Indochina War (သို့ မဟုတ်) Vietnam Conflict လို့ လဲ ခေါ်ကြတဲ့ ဗီယက်နမ် စစ်ပွဲဟာ တရုတ် ၊ မြောက်ကိုးရီးယား ၊ ဆိုဗီယက် ပြည်ထောင်စု စတဲ့ ကွန်မြူနစ် အင်အားကြီး နိုင်ငံများ နောက်ခံပြု ထားတဲ့ မြောက်ဗီယက်နမ် နဲ့  အမေရိကန် ၊ တောင်ကိုးရီးယား ၊ သြစတေးလျား စတဲ့ ကွန်မြူနစ် စနစ်ကို မလိုလားတဲ့ အင်အားကြီး နိုင်ငံများ နောက်ခံပြု ထားတဲ့ တောင်ဗီယက်နမ် တို့ ကြား ဖြစ်ခဲ့တဲ့ စစ်ပွဲပါ ။
ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကွန်မြူနစ် နိုင်ငံများနဲ့  အနောက်အုပ်စု နိုင်ငံတွေကြား အားပြိုင်မှု တစ်ခုဖြစ်တဲ့ အဲဒီ စစ်ပွဲဟာ ဗီယက်နမ် ရဲ့  အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား နဲ့  လာအို နိုင်ငံတွေထိ ပျံ့ နှံ့ ခဲ့တယ် ။ ဗီယက်နမ် စစ်ပွဲဟာ အမေရိကန် နဲ့  တောင်ဗီယက်နမ် အတွက် ကွန်မြူနစ် စနစ်မပြန့်  ပွားရအောင် တားဆီးတဲ့ စစ်ပွဲတစ်ခု ဖြစ်ပြီး ၊ မြောက်ဗီယက်နမ် အတွက် ကတော့ နယ်ချဲ့ တွေကို တွန်းလှန်တဲ့ တော်လှန်ရေး စစ်ပွဲ တစ်ခု ဖြစ်တယ် ။
၁၉၇၅ မှာ ဗီယက်နမ် စစ်ပွဲ အဆုံးသတ် ခဲ့ပြီး ကွန်မြူနစ် စနစ်ကို လိုလားတဲ့ မြောက်ဗီယက်နမ် ဖက်က အောင်ပွဲခံ ခဲ့တယ် ။ ဗီယက်နမ် စစ်ပွဲဟာ အမေရိကန်တို့  ပထမဆုံး ရှုံးနိမ့် ခဲ့တဲ့ စစ်ပွဲ ဖြစ်တယ် ။ စစ်ပွဲ ကာလ အတွင်းမှာ တောင်ဖက်ကရော ၊ မြောက်ဖက်ကရော နှစ်ဖက်စလုံး စစ်ရာဇဝတ်မှု အများအပြားကို ကျူးလွန်ခဲ့ ကြပြီး အပြစ်မဲ့ အရပ်သား အများအပြား သေခဲ့ရတယ် ။
တောင်ဗီယက်နမ်ဖက်က အမေရိကန် စစ်သား ၅၈၁၅၉ နဲ့  တောင်ကိုးရီးယား စစ်သား ၅၀၉၉ အပါအဝင် စစ်သား ၃သိန်းကျော် သေပြီး ၁ သန်းခွဲ နီးပါး ဒဏ်ရာရခဲ့တယ် ။ မြောက်ဗီယက်နမ် ဖက်က စစ်သား ၁ သန်းကျော် သေပြီး ၆ သိန်းကျော် ဒဏ်ရာရ ခဲ့တယ် ။ စစ်ပွဲကာလ အတွင်း ဗီယက်နမ်မှာ အရပ်သား ၂ သိန်း နဲ့  ၂ သန်းကြား ၊ ကမ္ဘောဒီယားမှာ အရပ်သား ၂ သိန်းနဲ့  ၃ သိန်းကြား ၊ လာအိုမှာ အရပ်သား ၂ သောင်း နဲ့  ၂ သိန်းကြား သေခဲ့ရတယ် ။
အောက်ကဓာတ်ပုံ ၂ ပုံက ဗီယက်နမ် စစ်ပွဲ ကာလ အတွင်း ဂျပန် ဓာတ်ပုံဆရာ Kyoichi Sawada ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ထဲက ဓာတ်ပုံ ၂ပုံပါ ။

အမေရိကန် တို့ ရဲ့  ဗုံးကြဲမှုက လွတ်အောင် ချောင်းကို ဖြတ်ပြီး ပြေးလာတဲ့ ဗီယက်နမ် မိသားစု ပုံက ၁၉၆၅ မှာ World Press Photos of the Year အဖြစ် အရွေးခံရပြီး ၊ Vietcong စစ်သား တစ်ယောက်ရဲ့  အလောင်းကို အမေရိကန် စစ်သားတွေက ကားနောက်မှာ ကြိုးနဲ့  ချီပြီး ဆွဲလာတဲ့ ပုံက ၁၉၆၆ မှာ World Press Photos of the Year အဖြစ် အရွေး ခံခဲ့ရတယ် ။ သူ့ ရဲ့  Vietnam စစ်ပွဲ ဓာတ်ပုံ တွေကြောင့် Kyoichi Sawada ဟာ ၁၉၆၆ မှာ Pulitzer Prize for Photography ဆုကို ရခဲ့တယ် ။
အောက်ကပုံ ကတော့ အမေရိကန် ဓာတ်ပုံဆရာ Eddie Adams ရိုက်ခဲ့တဲ့ တောင်ဗီယက်နမ် ဖက်က General Nguyen Ngoc Loan က Saigon မြို့ လယ် လမ်းမပေါ်မှာ လက်နောက်ပြန် ကြိုးတုပ် ထားတဲ့ အရပ်ဝတ်နဲ့  လူတစ်ယောက်ရဲ့  ခေါင်းကို သေနတ်နဲ့  တေ့ပြီး ပစ်နေတဲ့ ပုံပါ ။

အဲဒီ ဓာတ်ပုံကြောင့် ၁၉၆၉ မှာ Pulitzer Prize for Spot News Photography နဲ့  World Press Photo ဆုကို Eddie Adams ရခဲ့တယ် ။ သေနတ်နဲ့ ပစ်ပြီးတော့ General က သူ့ နားကို လျှောက်လာပြီး “ငါ့လူတွေ နဲ့  မင်းတို့  လူတွေ အများကြီးကို သူတို့  သတ်ခဲ့တယ်” ဆိုပြီး ပြောတယ်လို့  Adams က ပြန်ပြော ပြတယ် ။
ဓာတ်ပုံဆရာ Adams ကိုယ်တိုင် General Nguyen ဘာကြောင့် အဲဒီလူကို ပစ်သတ်တာလဲ ဆိုတဲ့ အကြောင်းကို မသိရသေးခင် အခြားဓာတ်ပုံ တွေနဲ့  အတူ သတင်းစာ တွေမှာ အဲဒီဓာတ်ပုံကို ဖော်ပြခဲ့ ကြတယ် ။ အဲဒီဓာတ်ပုံဟာ ဗီယက်နမ် စစ်ပွဲရဲ့  အကျဉ်းတန် မြင်ကွင်း တစ်ခု အဖြစ် တကမ္ဘာလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တယ် ။ အထူးသဖြင့် ဗီယက်နမ် စစ်ပွဲကို ဆန့် ကျင် လှုပ်ရှား သူတွေဟာ ယူနီဖောင်းဝတ် အရာရှိ တစ်ယောက် အနေနဲ့  အရပ်ဝတ်နဲ့  လူတစ်ယောက်ကို မြို့ လယ်ကောင်မှာ ပစ်သတ်တာဟာ မင်းမဲ့ စရိုက်ဆန်ဆန် သွေးအေး လူသတ်မှုတစ်ခုသာ ဖြစ်တယ်လို့  Grneral Nguyen ကို ရှုံ့ ချခဲ့ ကြတယ် ။
ဓာတ်ပုံထဲမှာ အသတ်ခံ ရတဲ့သူဟာ Vietcong Captain Nguyen Van Lem ဆိုသူ ဖြစ်ပြီး သူဟာ သူလျှို လုပ်နေသူ တစ်ယောက်လဲ ဖြစ်တယ် ။ သူ့ ကို ဖမ်းမမိခင်မှာ သူဟာ တောင်ဗီယက်နမ် ရဲအရာရှိတွေ ၊ အစိုးရ ဝန်ထမ်းတွေ နဲ့  မိသားစုဝင် အများအပြားကို ပစ်သတ်ခဲ့တယ် ။ အသတ်ခံရတဲ့ သူတွေထဲမှာ အမေရိကန် နိုင်ငံသားတွေလဲ ပါသလို ၊ ရဲချုပ်တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နေတဲ့ General Nguyen နဲ့  ရင်းနှီးသူတွေ လဲပါတယ် ။
အကြောင်းရင်း မှန် ထွက်ပေါ်လာပြီး နောက်မှာလဲ ဖမ်းမိပြီးသား လူတစ်ယောက်ကို ဒီလိုသတ်တာဟာ မင်းမဲ့စရိုက်သာ ဖြစ်တယ်ဆိုပြီး General Nguyen ကို စစ်ရာဇဝတ်မှု ကျူးလွန်သူ လူသတ်သမား အဖြစ် ရှုံ့  ချ နေကြတဲ့ သူတွေ ဒီနေ့  အထိ ရှိသလို ၊ General Nguyen နေရာမှာဆို မိမိရဲ့  မိတ်ဆွေတွေ နဲ့  ရဲဖော်ရဲဖက်တွေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့သူကို သွေးပူနေတဲ့ အချိန်မှာ ဖမ်းမိရင် လူတိုင်း ဒီလိုလုပ် မိမှာပဲ ၊ ဒါဟာ ရာဇဝတ်ကောင် သူလျှိုတစ်ယောက်ကို ထိုက်သင့်တဲ့ အပြစ်ပေးတာပဲ ဖြစ်တယ်လို့  မြင်ကြတဲ့ သူတွေလဲ ရှိတယ် ။
နောက်ပိုင်းမှာ ဓာတ်ပုံဆရာ Adams က သူ့ ရဲ့  ဓာတ်ပုံကြောင့် General Nguyen ကို သူ့ ရဲ့  စစ်ပွဲ အတွင်း စွမ်းဆောင်မှုတွေ အတွက် သူရဲကောင်း တစ်ယောက် အနေနဲ့  လူတွေ မမြင်ကြတော့ တာကို နောင်တ ရမိတယ်လို့  ပြောခဲ့တယ် ။ သူဓာတ်ပုံ ဆရာလုပ်တာဟာ အခြားသူ တစ်ယောက်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့  လုပ်တာ မဟုတ်တဲ့ အတွက် သူ့ ဓာတ်ပုံကြောင့် လူတစ်ဦး ထိခိုက်ခဲ့ ရတာကို စိတ်မကောင်းတဲ့ အကြောင်းပြော ခဲ့တယ် ။
Time မဂ္ဂဇင်းမှာ Adams က “The general killed the Viet Cong; I killed the general with my camera. Still photographs are the most powerful weapon in the world. People believe them; but photographs do lie, even without manipulation. They are only half-truths. What the photograph didn't say was, 'What would you do if you were the general at that time and place on that hot day, and you caught the so-called bad guy after he blew away one, two or three American people?” လို့ ရေးခဲ့တယ် ။
General Nguyen ဟာတိုက်ပွဲ တစ်ခုမှာ ခြေထောက်ကို ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ အတွက် သူ့ ကို အမေရိကန် ကို ပို့ ပြီး ကုသခဲ့တယ် ။ တောင်ဗီယက်နမ် တွေ စစ်ရှုံးပြီး နောက်မှာ General ဟာ အမေရိကန်မှာပဲ သေတဲ့ထိ အခြေချ နေထိုင်ခဲ့တယ် ။ သူမသေခင်မှာ ဓာတ်ပုံဆရာ Adams ဟာ General နဲ့  သူ့  မိသားစုကို ကိုယ်တိုင် သွားတွေ့ ပြီး တောင်းပန် ခဲ့တယ် ။ အောက်က video က သူရိုက်ခဲ့တဲ့ အဲဒီ ဓာတ်ပုံ နဲ့ ပတ်သက်ပြီး သူ့ ရဲ့  ခံစားချက်ကို Adams ပြန်ပြောပြ တာပါ ။
အောက်က ပုံကတော့ ဓာတ်ပုံဆရာ Huynh Cong Ut ၁၉၇၃ မှာ Pulitzer Prize ရခဲ့တဲ့ ဓာတ်ပုံပါ ။ ဗီယက်နမ် စစ်ပွဲ ဓာတ်ပုံတွေထဲက လူသိအများဆုံး ဓာတ်ပုံတစ်ပုံပါ ။ ဒီဓာတ်ပုံကြောင့် ဗီယက်နမ် စစ်ပွဲ ဆန့် ကျင်ရေး လှုပ်ရှားမှုတွေ ပိုအားကောင်း ခဲ့တယ် ။

အမေရိကန် နဲ့  တောင်ဗီယက်နမ် တပ်က မြောက်ဗီယက်နမ် တပ်တွေရှိနေတဲ့ ရွာလို့  သံသရ ရှိတဲ့ ရွာတစ်ရွာ ပေါ်ကို Napalm ဗုံးကြဲ ချပြီးနောက် ရွာထဲမှာ ရှိနေတဲ့ ကလေးတွေ ဘေးလွတ်ရာ ကိုပြေးလာတဲ့ ပုံပါ ။ Napalm ဗုံးဟာ သာမန် ဗုံး အမျိုးအစား မဟုတ်ပဲ လောင်စာဆီ တစ်မျိုးကို ဂျယ်လီလို ပြစ်နေအောင် လုပ်ထားတဲ့ လောင်စာဗုံး တစ်မျိုးပါ ။ ရန်သူ့  စခန်းတွေ ၊ မြို့ ရွာတွေကို မီးရှို့ ပြီး ရန်သူတွေကို ခြောက်လှန့်  ထုတ်ဖို့  အတွက် အဓိက သုံးတယ် ။ Napalm ဗုံးဟာ ပေါက်ပြီးရင် carbon monoxide တွေထုတ်တဲ့ အတွက် လူတွေ အသက်ရှူကျပ် မူးမေ့လဲပြီး မီးလောင်ခံ ကြရတယ် ။ ဗုံးမှာပါတဲ့ လောင်စာတွေ လူကိုထိရင် အသားမှာ ကပ်နေပြီး မီးလောင် ဒဏ်ရာကို ပြင်းစွာခံစားရတယ် ။
ဓာတ်ပုံထဲက အဝတ်အစား မပါပဲ ပြေးလာတဲ့ ကောင်မလေးက ၉နှစ်သမီး Kim Phuc ပါ ။ သူ့ ရဲ့  ကျောကုန်းနဲ့  လက်မှာ ဆိုးဆိုးရွားရွား မီးလောင်ခံ ထားရတယ် ။ မီးလောင်နေတဲ့ သူ့ အဝတ်အစား တွေကို ချွတ်ပြီး ပြေးလာတာပါ ။ အရှေ့ ဆုံးက ကောင်လေး ကတော့ ၁၂ နှစ်သား Kim ရဲ့  အစ်ကို Phan Thanh Tam ပါ ။ အနောက်ကို လှည့်ကြည့်နေတဲ့ ကောင်လေးက Kim ရဲ့  မောင်လေး ၅နှစ်သား Phan Thanh Phuoc ပါ ။ ကျန်တဲ့ ကလေး နှစ်ယောက်က Kim ရဲ့  ဝမ်းကွဲ မောင်နှစ်မ Ho Van Bo နဲ့  Ho Thi Ting ပါ ။
အောက်ကဓာတ်ပုံကတော့ ၁၉၇၃ မှာ ဓာတ်ပုံဆရာ Chick Harrity ရိုက်ခဲ့တဲ့ Saigon မြို့ ရဲ့ လမ်းပေါ်မှာ ရောဂါသည် ညီမလေးကို စက္ကူပုံး ထဲထည့်ပြီး တောင်းရမ်းနေတဲ့ ကောင်လေး တစ်ယောက်ပုံပါ ။

အဲဒီ ဓာတ်ပုံက အမေရိကန်တွေကို ရံပုံငွေတွေ စုထည့်ကြပြီး ရောဂါသည် ကောင်မလေးကို အမေရိကန် နိုင်ငံကို ခေါ်ယူ နှလုံးခွဲစိပ် ကုသပေးကြတဲ့ အထိ ဆွဲဆောင်နိုင်ခဲ့တယ် ။ နှလုံးခွဲစိပ် ကုသပေးပြီး နောက်မှာ အမေရိကန် မိသားစု တစ်စုက အဲဒီ ကောင်မလေးကို မွေးစားခဲ့ ကြတယ် ။ လူတစ်ယောက်ရဲ့  ဘဝကို ပြောင်းလဲတဲ့ အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ အဲဒီ ဓာတ်ပုံကို ရိုက်ခဲ့တဲ့ Chick Harrity ကို White House News Photographers’ Association (WHNPA) က ၂၀၀၅ ခုနှစ်မှာ Lifetime Achievement Award ကို ပေးခဲ့တယ် ။ အဲဒီနေ့  က Chick Harrity ကို သူ့ှဓာတ်ပုံမှာ ပါတဲ့ စက္ကူပုံးထဲက ကောင်မလေး Tran Thie Het Nhanny ကိုယ်တိုင် ဆုတက် ပေးခဲ့တယ် ။

Baby in the box လို့  နာမည်ပေး ထားတဲ့ အဲဒီ ဓာတ်ပုံထဲက ကောင်မလေး နဲ့  ဓာတ်ပုံဆရာ အကြောင်းကို လူတွေသိ ကြပေမဲ့ ဓာတ်ပုံထဲက ကောင်လေး အကြောင်းကိုတော့ ဘယ်မှာမှ ရေးထားတာ မတွေ့ ရဘူး ။ ဘယ်သူမှ သိကြပုံ မရဘူး ။ ဓာတ်ပုံထဲက ကောင်လေး ကတော့ သူ့  ညီမလေးလို ကံကောင်းခဲ့ပုံ မရဘူး ။ ။

Wednesday, 1 December 2010
နိုင်ငံကိုချစ်တဲ့အမေ နဲ့  အမေကိုချစ်တဲ့သား
ဒေါ်အောင်ဆန်းစုကြည် လို အရည်အချင်း ရှိတဲ့ ခေါင်းဆောင် တစ်ယောက်ဟာ ကျွန်တော်တို့  တိုင်းပြည် အတွက် အရမ်း တန်ဖိုးရှိပါတယ် ။ သူပြန်လွတ် လာပြီး နောက်ပိုင်းမှာ လူတော်တော် များများက သူ့ ရဲ့  လုံခြုံရေး အတွက် စိတ်ပူကြတယ် ။ ဒီပဲရင်း လိုအဖြစ်မျိုး နောက်တစ်ခါ ထပ်ဖြစ်မှာကို စိုးရိမ်ကြတယ် ။ သူသွားတဲ့နေရာ တိုင်းမှာ လူအုပ်ကြီးက အတင်းတိုးဝှေ့  ပြီး အနီးကပ် နှုတ်ဆက်ကြ ၊ ဓါတ်ပုံတွေ ရိုက်ကြနဲ့  တစ်ခုခု အန္တာရာယ် လုပ်မယ်ဆို ဘယ်သူမဆို အလွယ်တကူ လုပ်နိုင်တဲ့ အနေအထားမို့  စိုးရိမ်စရာလဲ အရမ်းကောင်းပါတယ် ။
Interview တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် က သူ့ ရဲ့  လုံခြုံရေး နဲ့  ပတ်သက်ပြီး စိတ်မပူဖို့  NLD လိုအဖွဲ့  အစည်းက လက်နက်ကိုင် အဖွဲ့ အစည်းလဲ မဟုတ်တဲ့ အတွက် လုံခြုံရေး ကိစ္စတွေမှာ အကန့် အသတ်တွေ ရှိပေမဲ့ NLD လူငယ်တွေ အရင်ကလဲ တာဝန်ယူ အကာအကွယ် ပေးခဲ့သလို အခု သူတို့ တာဝန်ယူမယ်လို့  ပြောတာကိုလဲ ယုံကြည်ကြောင်း စိတ်မပူကြဖို့  ပြောထားတာ ကို ဖတ်လိုက်ရတယ် ။
NLD လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် အတွက် အသက်နဲ့  လဲပြီး ကာကွယ်ကြမယ် ဆိုတာ သံသရ ဖြစ်စရာ မရှိပါဘူး ။ ဒီပဲရင်း အရေးအခင်းက အထင်အရှား ပဲလေ ။ ဒါပေမဲ့ NLD လူငယ်တွေရဲ့  လုပ်ပိုင်ခွင့် တွေကလဲ အတိုင်းအတာ တစ်ခုထိပဲ ရှိတယ် ။ စကားပြော တာက အစ ဆင်ခြင် နေရတယ် ။ မကြာသေးခင်က သတင်းထောက် နဲ့  ပြသနာ ဖြစ်ကြတဲ့ အဖြစ်အပျက်က သက်သေပဲလေ ။
အနီးကပ် အတင်းတိုးဝှေ့ ပြီး နှုတ်ဆက်ကြ ၊ ဓာတ်ပုံတွေ ရိုက်နေကြတာဟာ အန္တာရာယ် ပေးဖို့  အခွင့်အရေး စောင့်နေတဲ့ သူတွေ အတွက် အခွင့်အရေး ရအောင် ဖန်တီး ပေးနေ သလိုဖြစ်နေတယ် ။ ကားရှေ့ က ပိတ်ပြီး ကာထားကြတာ ၊ လမ်းဆက်လျှောက်လို့  မရအောင် ပိတ်ရပ်နေ ကြတာတွေက အဆိုးဆုံး ပါပဲ ။ တစ်ခုခု ဖြစ်ရင် ဘယ်မှ ရှောင်ထွက်လို့  မရအောင် ဝိုင်းပြီး ချုပ်လှောင် ပေးထားကြ သလို ဖြစ်နေတယ် ။
ဓာတ်ပုံရိုက်တဲ့ သူတွေကလဲ စည်းကမ်းရှိရှိလေး ဘေးဖက်တွေ ကနေရိုက်မယ် ၊ အရှေ့ က ရိုက်ချင်ရင်တောင် ခပ်လှမ်းလှမ်း ကနေရိုက် ကြမယ် ၊ အနီးကပ်ပြီး နှုတ်ဆက်ချင် သူတွေကလဲ အတင်းတိုးဝှေ့  မနေကြပဲ တစ်ဦးနဲ့  တစ်ဦး နားလည်မှုနဲ့  အလှည့်ပေးပြီး နှုတ်ဆက်ကြမယ်ဆိုရင် အနီးကပ်လာပြီး အန္တာရာယ် ပေးမဲ့သူကို ချက်ချင်း သတိပြုမိနိုင် သလို NLD လူငယ်တွေလဲ လုံခြုံရေး ကို သေချာ တာဝန် ယူနိုင်မယ် ။ အခုတော့ လုံခြုံရေး တာဝန်ယူထားတဲ့ သူတွေက လမ်းရှင်းပေး နေရတာကလွဲပြီး အခြား ဘာကိုမှ သတိမထား နိုင်ဘူး ဖြစ်နေ ကြတယ် ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  လုံခြုံရေးဟာ NLD လူငယ်တွေ မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ကိုလေးစားတဲ့ သူတိုင်း ၊ တိုင်းပြည်ကို ချစ်တဲ့ သူတိုင်း မှာ တာဝန်ရှိ ပါတယ် ။
ကိုထိန်လင်းနဲ့  ဒေါ်အောင်တန်းစုကြည် ရွှေတိဂုံ ဘုရား သွားဖူးတဲ့ ဓါတ်ပုံတွေ တွေ့ တုန်းက ဒေါ်အောင်ဆန်းစုကြည် က ရယ်ပြုံးနေပေမဲ့ ကိုထိန်လင်း ကတော့ တည်တည်ကြီး ဖြစ်နေတာကို သတိထားမိတယ် ။ အကြာကြီး ခွဲနေရတဲ့ အမေနဲ့  ခဏလေး တွေ့ ရချိန် မှာတောင် လွတ်လွတ် လပ်လပ် မနေရတာကို စိတ်ညစ်နေပုံ ရတယ်လို့  တွေးမိခဲ့တယ် ။ အမေရဲ့  ခံယူချက် နဲ့  ရပ်တည်မှုကို အမြဲတမ်း နားလည်ပြီး အားပေးခဲ့တဲ့ သားပဲ အခု အခြေအနေ ကိုလဲ နားလည် မှာပါလို့  တွေးမိခဲ့တယ် ။

ညက သူငယ်ချင်းနဲ့  ထမင်းစားနေရင်း သူငယ်ချင်းက သူ့  Phone နဲ့  ကိုထိန်လင်း က ဒေါ်အောင်ဆန်းစုကြည် ကို နောက်ကနေ ဖက်ထားတဲ့ ပုံနဲ့  သတင်း တစ်ခုပြတယ် ။ Video file မို့  ဖွင့်ကြည့် ကြတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့  ကိုထိန်လင်းတို့  ဗိုလ်ချုပ်ဈေး သွားတဲ့ သတင်း ဖြစ်နေတယ် ။ Video ထဲမှာ လူတွေတအား တိုးဝှေ့ လာတော့ ကိုထိန်လင်းက ဒေါ်အောင်ဆန်းစုကြည် ကို နောက်ကနေ ဖက်ပြီး အကာအကွယ် ပေးထားတာ ၊ လူအုပ်ကြီး ထဲကနေ ဒေါ်အောင်ဆန်းစုကြည် လက်ကိုဆွဲပြီး တိုးထွက်နေတာ တွေကို မြင်တော့ စိတ်မကောင်း ဖြစ်မိတယ် ။ အိမ်ကိုလဲ အရမ်း သတိရမိတယ် ။ သူငယ်ချင်း ကလဲပြောတယ် မြင်ကွင်းက စိတ်ထဲမှာ အရမ်း ခံစားရ တယ်တဲ့ ။

ကျွန်တော်တို့ တွေ ဒေါ်အောင်ဆန်းစုကြည် ကို စိုးရိမ်တယ် ဆိုတာက သူဟာ တိုင်းပြည်အတွက် အစားထိုး လို့  မရတဲ့ ခေါင်းဆောင် တစ်ယောက် မို့ လို့ ပါ ။ ငါတို့  တိုင်းပြည် ၊ ငါတို့  အနာဂတ်ကို တိုးတက် ကောင်းမွန်အောင် ပြောင်းလဲ ပေးနိုင်မဲ့ သူတစ်ယောက်ကို ဆုံးရှုံးသွားမှာ ကြောက်နေကြတဲ့ အတ္တတွေ ၊ လောဘတွေ နဲ့ ပါ ။ ဒေါ်အောင်ဆန်းစုကြည် သာ မြန်မာပြည် နိုင်ငံရေး လောကထဲ မဝင်ခဲ့ရင် ဘယ်သူတွေက စိုးရိမ်ကြမှာလဲ ။
ကိုထိန်လင်း သူ့ အမေကို ကာကွယ် တာက သားတစ်ယောက် အနေနဲ့  မိခင်အပေါ်ကို အန္တာရာယ် မကျအောင် မိသားစု မေတ္တာ သန့် သန့်  နဲ့  ကာကွယ်တာ ။ အမေရဲ့  ခံယူချက် ၊ ရပ်တည်ချက် တွေကို သူ နားလည်ပေး နိုင်ပေမဲ့ မြင်တွေ့  နေရတဲ့ အခြေအနေ တွေမှာ အမေကို သူ ဘယ်လို စိတ်ချမှာလဲ ။ ဘယ်သွားသွား ခပ်တည်တည် မျက်နှာထား ဖြစ်နေတဲ့ သူ့ ရဲ့  ခံစားချက် ကိုလဲ အခုမှ နားလည် မိတယ် ။ မကြာခင်မှာ သူ့ မိသားစုဆီ သူပြန် ရတော့မယ် ။ ဒေါ်အောင်ဆန်းစုကြည် ကလဲ ကိုထိန်လင်း ကို သူ့  အတွက် စိတ်မပူဖို့  မှာလိမ့်မယ် ။ ဒါပေမဲ့ ကိုထိန်လင်း ဘယ်လို ခံစားနေရမယ် ဆိုတာ မိဘကို ချစ်တဲ့ သားသမီး တိုင်း သိကြမှာပါ ။ ။

( ဓါတ်ပုံများ နှင့် Video ကို www.mizzimaburmese.com မှ ကူးယူပါသည် )
ယမ်းငွေ့ တွေနဲ့  မြန်မာပြည်
လွန်ခဲ့တဲ့ ၁၀နှစ် ကျော်ကာလက စပြီး တိုင်းရင်းသား အဖွဲ့ တော်တော်များများဟာ တစ်ဖွဲ့ ပြီး တစ်ဖွဲ့  လက်နက်နဲ့  ငြိမ်းချမ်းရေး လဲခဲ့ကြတယ် ။ အချို့ ကလဲ မိမိ အဖွဲ့  အစည်းကို ပိုပြီး အင်အား တောင့်တင်းလာအောင် လုပ်ဖို့ အတွက် ၊ အချို့ ကလဲ လူထုနဲ့  ထိတွေ့  ဆက်ဆံ ခွင့် ရဖို့  အတွက် ၊ အချို့  ကလဲ ရာစုနှစ် တဝက်ကျော်ထိ လက်နက်သုံးပြီး ကြိုစားခဲ့ ပေမဲ့ မအောင်မြင် သေးတဲ့ မိမိတို့ ရဲ့  ရည်မှန်းချက် တွေကို နိုင်ငံရေး နည်းလမ်းနဲ့  ကြိုးစား ကြည့်ဖို့  အတွက် စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့  ငြိမ်းချမ်းရေးယူ ခဲ့ကြတယ် ။
ငြိမ်းချမ်းရေးယူပြီးတဲ့ နောက်ပိုင်းမှာ ဘယ်အဖွဲ့ အစည်းမှ မိမိတို့  အဖွဲ့ ရဲ့  မူလ ရည်ရွယ်ချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ကြပေမဲ့ ငြိမ်းချမ်းရေး ယူခဲ့ကြတဲ့ ရည်ရွယ်ချက် အချို့ ကိုတော့ အကောင်အထည် ဖော်နိုင်ခဲ့ ကြတယ် ။ အချို့ အဖွဲ့ တွေဟာ အရင်ကထက် အင်အားပိုမို တောင့်တင်းလာ ကြတယ် ။ အချို့ အဖွဲ့  တွေကလဲ လူထုနဲ့  ပိုမိုထိတွေ့  ခွင့်တွေ ရလာပြီး အဖွဲ့ နဲ့  လူထုကြားမှာ နားလည်မှုတွေ ၊ ထောက်ခံမှုတွေ ပိုရလာကြတယ် ။
အချို့ အဖွဲ့ တွေက ပခုံးပုတ် ၊ ခေါင်းပုတ် အလုပ်ခံပြီး မိမိတို့  အလံကို ရောင်းစားခဲ့ ကြတယ် ။ အချို့  ကလဲ သေရင်ယူသွားလို့  ရမှာ မဟုတ်တာတွေကို မက်ပြီး မိမိတို့ နဲ့  တစ်ချိန်က သေဖော်သေဖက် ရဲဖော်ရဲဖက် တွေကို ပြန်တိုက်နေ ကြတယ် ။ အချို့ ကလဲ အမြဲတမ်းမြဲမှာ မဟုတ်တဲ့ ခဏတာပဲ ခံစားခွင့် ရမဲ့ အာဏာတွေ ၊ စည်းစိမ်တွေကို မက်ပြီး မိမိတို့ ရဲ့  မူလ ရပ်တည်ချက် ၊ ရည်မှန်းချက်တွေကို မေ့နေကြတယ် ။
ဒီနေ့  မီဒီယာခေတ်မှာ မိမိရဲ့  စကား တစ်ခွန်း ၊ လုပ်ရပ် တစ်ခုဟာ အချိန်ပိုင်း အတွင်းမှာ တကမ္ဘာလုံးကို ချက်ချင်း ပျံ့ နှံ့ သွားနိုင်တယ် ။ နေ့ ချင်း ညချင်း zero ကနေ hero ဖြစ်နိုင် သလို ၊ hero ကနေလဲ zero ဖြစ်သွားနိုင်တယ် ။ ဒီလထဲမှာ zero ကနေ hero ဖြစ်လာတဲ့ သူတွေကတော့ နယ်ခြားစောင့်တပ် ဖွဲ့ ဖို့  လက်မခံ ခဲ့တဲ့ လက်ကျန် DKBA တပ်ပါ ။ DKBA အဖွဲ့ ဟာ ငြိမ်းချမ်းရေး ယူပြီးတဲ့ နောက်ပိုင်းမှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်း တစ်ခုအနေထက် စီးပွားရေး အဖွဲ့ အစည်း တစ်ခုအနေနဲ့  လူတွေပိုမြင် လာတဲ့အဖွဲ့ အစည်း တစ်ခုပါ ။ ရွေးကောက်ပွဲ နေ့ က စခဲ့တဲ့ သူ့ တို့ ရဲ့  တပ်ဖွဲ့ နဲ့  အစိုးရတပ်ကြားက တိုက်ပွဲကတော့ လူအများရဲ့  သူ့ တို့ အပေါ် အမြင်တွေကို ပြောင်းစေခဲ့တယ် ။
ဗိုလ်မှူးကြီး စောလားပွယ် ရဲ့ တပ်နဲ့  အစိုးရတပ်တွေ ကြားက တိုက်ပွဲဟာ စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေရာက တစ်ဖက်နဲ့  တစ်ဖက် တင်းမာမှုတွေ ပိုလာပြီး စခဲ့ကြတာပါ ။ ဒါပေမဲ့ လွယ်လွယ်ကူကူ ရနိုင်တဲ့ စီးပွားရေး လုပ်ခွင့်တွေအတွက် မိမိအဖွဲ့ ရဲ့  နာမည်နဲ့  အလံကို မစွန့် ခဲ့တဲ့ သူ့ ရဲ့  စိတ်ဓာတ် ကိုတော့ လေးစားတယ် ။ သူ့ တို့ ရဲ့  ရဲရဲရင့်ရင့် ရပ်တည်မှုက လက်ရှိ လက်ကျန် DKBA မှာ တော်လှန်ရေး စိတ်ဓာတ်ရှိတဲ့ ရဲဘော်တွေ ရှိနေသေးတယ် ဆိုတာကို သက်သေပြခဲ့တယ် ။
အဖွဲ့ အစည်း တစ်ခု အကောင်းဖက်ကို ရွေ့ သွားတာလား ၊ အဆိုးဖက်ကို ရွေ့  သွားတာလား ဆိုတာကတော့ မိမိရပ်နေတဲ့ ဖက်ပေါ် မူတည်ပြီး အမြင်တွေတော့ တူကြမှာ မဟုတ်ဘူး ။ တိုင်းရင်သား အဖွဲ့ တွေ တော်လှန်ရေး စခဲ့ကြတာ ကလဲ မိမိတို့  လူမျိုးစုတွေ လွတ်လပ်ဖို့  ၊ သီးခြားခွဲ ထွက်ဖို့  ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ပါ ။ ခုနောက်ပိုင်း မှာတော့ အဖွဲ့ တော်တော် များများက တိုင်းရင်သားတွေ ညီညီညွတ်ညွတ် တန်းတူညီမျှ နေနိုင်တဲ့ Federal ပြည်ထောင်စု ပေါ်ပေါက်ရေး ဖက်ကို ဦးတည်ပြီး ကြိုးစားလာကြတာ ဝမ်းသာစရာ တွေ့ ရတယ် ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက် လာတာကို ကြိုဆိုခဲ့ကြတာ ၊ အမျိုးသား ရင်ကြားစေ့ရေး နဲ့  ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက် လာရေးတို့ ကို ဝိုင်းဝန်း ထောက်ခံ ကြတာ တွေဟာ တိုင်းရင်းသား အချင်းချင်းကြားမှာ အရင်ကထက် နားလည်မှုတွေ ၊ စည်းလုံးမှုတွေ ပိုရှိလာတဲ့ သက်သေတွေပါ ။
တိုင်းရင်းသား အဖွဲ့ တွေဟာ လက်ရှိ အခြေအနေတွေနဲ့  မိမိတို့ ရဲ့  တော်လှန်ရေး စိတ်ဓာတ်တွေကို လဲမှာ မဟုတ်သလို ၊ လက်နက်လဲ စွန့် မှာ မဟုတ်ပါဘူး ။ အစိုးရ အဖွဲ့ အစည်းကလဲ တိုင်းရင်းသား အဖွဲ့ တွေရဲ့  တောင်းဆိုမှုတွေကို လိုက်လျှောမှာ မဟုတ်ပါဘူး ။ အစိုးရ အနေနဲ့  တိုင်းရင်းသား အဖွဲ့ တွေကို လက်ရှိအတိုင်း ထားဖို့ ဆိုတာ ကလဲ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စမို့  တိုင်းရင်းသား အဖွဲ့ အားလုံးကို အနှေးနဲ့  အမြန် ထိုးစစ်တွေ ဆင်လာ တော့မှာပါ ။ တိုင်းရင်းသား အဖွဲ့ တော်တော် များများက တိုက်ပွဲတွေ မဖြစ်ရအောင် အတတ်နိုင်ဆုံး ရှောင် နေကြပေမဲ့ မိမိကို စတိုက်လာ ရင်တော့ ဘယ်အဖွဲ့ မှ ငြိမ်ခံနေကြမှာ မဟုတ်ပါဘူး ။
နောက်လဲ ဖြစ်လာတော့မှာပဲ ဘာလို့ စောင့် နေတာလဲ ၊ တိုက်တဲ့ အဖွဲ့ က တိုက်နေကြပြီး ကျန်တဲ့ အဖွဲ့  တွေက ဘာလို့  ကြည့်နေတာလဲလို့  တစ်ချို့ ကလဲ ပြောကြတယ် ။ ဘယ်အဖွဲ့ မှ ငြိမ်းချမ်းနေတဲ့ မိမိဒေသကို စစ်မြေပြင် မဖြစ်စေချင် ကြဘူး ။ တိုက်ပွဲ မရှိတဲ့ မြို့ ရွာတွေ ၊ နိုင်ငံခြား တိုင်းပြည်တွေ ကနေ ပါးစပ်နဲ့  စစ်တိုက်ရတာ လွယ်ပါတယ် ။ ဒါပေမဲ့ ပြည်တွင်းစစ် ရဲ့  တကယ့်ဒုက္ခကို စစ်ဖြစ်နေတဲ့ ဒေသက သူတွေပဲ သိတယ် ။
တိုက်ပွဲတွေ ပြန်စဖို့ က လွယ်ပါတယ် ။ အာလုံး သေနတ်ကိုင် ထားကြတဲ့ အဖွဲ့ တွေပဲ လက်ညှိုးကွေး လိုက်တာနဲ့  ဖြစ်တယ် ။ ဒါပေမဲ့ စပြီးတဲ့ စစ်ကို အဆုံးသတ် ဖို့ ဆိုတာကတော့ လွယ်တဲ့ ကိစ္စမဟုတ်ဘူး ။ တိုင်းရင်းသား အဖွဲ့ တော်တော် များများရဲ့  အင်အားဟာ အစိုးရတပ်ရဲ့  ထိုးစစ်ကို ခံစစ် အနေအထားနဲ့  တောင် ရေရှည် တောင့်ခံနိုင်တဲ့ အင်အား မရှိပေမဲ့ လွယ်လွယ် ကူကူနဲ့ တော့ လက်နက် ချကြမှာ မဟုတ်ပါဘူး ။ မိမိတို့  စခန်းတွေ ကျသွားလဲ ပြောက်ကျားနည်းနဲ့  ဆက်တိုက်ပွဲ ဝင်နေကြဦး မှာပါပဲ ။ အစိုးရတပ်က လူအင်အား လက်နက်အင်အား သာတယ် ဆိုပေမဲ့ ပြောက်ကျား စနစ်နဲ့  တိုက်နေတဲ့ အဖွဲ့  တွေကို အပြတ်တိုက်ဖို့  ဆိုတာ အချိန်တိုလေးနဲ့  မဖြစ်နိုင်သလို လွယ်ကူတဲ့ အလုပ်လဲ မဟုတ်ပါဘူး ။
ကျွန်တော်တို့  နိုင်ငံရဲ့  ပြည်တွင်း စစ်ဟာ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ်ပါ ။ ရာစုနှစ် တဝက်ကျော် တိုက်ပွဲတွေနဲ့  နေခဲ့ရတဲ့ ဒေသတွေဟာ ငြိမ်းချမ်းခဲ့တာ ဆယ်စုနှစ် တစ်ခု သာသာပဲ ရှိပါသေးတယ် ။ ဒီတစ်ခါ ပြန်စမဲ့ တိုက်ပွဲတွေဟာ ဆယ်နှစ်ကျော်ကြာ ငြိမ်းချမ်းရေး ယူပြီး အမြင်မတူ တာတွေ အတွက် အဖြေရှာတာ မအောင်မြင်လို့  ပြန်စကြမှာ ဆိုတော့ နောက်တစ်ခါ ငြိမ်းချမ်းရေး လမ်းပေါ် ပြန်ရောက် ဖို့ ဆိုတာ လွယ်လွယ် နဲ့  မဖြစ်နိုင်တော့ သလို လူတွေမပြောင်း မူတွေမပြောင်း သရွေ့ တော့ ကျွန်တော်တို့  နိုင်ငံမှာ ယမ်းငွေ့ တွေ ဝေနေဦး မှာပါ ။ ။

Tuesday, 23 November 2010
ကျွန်တော်မုန်းသော လူအချို့ 
အဲဒီနေ့ က ကျွန်တော်ရယ် ၊ ကျွန်တော့်အဖေရယ် ၊ ကျွန်တော့် ညီမလေး ၂ ယောက်ရယ် မော်လမြိုင် ကနေ ရန်ကုန်ကို သွားဖို့  အိမ်ကနေ မနက်စောစော ထွက်ခဲ့ကြတယ် ။ အဲဒီအချိန် တုန်းက မော်လမြိုင် နဲ့  ရန်ကုန် က တိုက်ရိုက် ကားလမ်း မပေါက်သေးဘူး ။ မော်လမြိုင်ကနေ မုတ္တမကို ဇက်သဘောင်္နဲ့  ကူး ၊ မုတ္တမ ကနေမှ ကားနဲ့ ဖြစ်ဖြစ် ရထားနဲ့  ဖြစ်ဖြစ် ရန်ကုန်ကို သွားရတယ် ။
ကျွန်တော်တို့  သဘောင်္ဆိပ်ကိုရောက်တော့ မိုးစလင်းနေပြီး ။ ဇက်ပေါ်မှာတော့ ကုန်တွေ ၊ ခရီးသွားတွေ နဲ့  ပြည့်နေတယ် ။ ကျွန်တော်တို့ လဲ အဆင်ပြေတဲ့ နေရာမှာ အဆင်ပြေသလို ကြည့်ထိုင်ပြီး ဟိုငေး ဒီငေးနဲ့  လိုက်ခဲ့ ကြတယ် ။ မုတ္တမ ဆိပ်ကို သဘောင်္ ကပ်တော့ မိုးတော်တော်လင်းနေပြီး ။
သဘောင်္ကပ်ပြီးတော့ ကျွန်တော်ပထမဆုံး သတိထားမိ တာက လူတွေ ရုတ်ရုတ် သဲသဲနဲ့  သဘောင်္ပေါ်က ဆင်းရမှာ ကြောက် နေကြတယ် ။ ဒီနေ့  တော်တော် ထူးဆန်းတယ် ။ ဒီခရီးကို ကျွန်တော် အကြိမ်တွေ အများကြီး လာဖူးပါတယ် ။ ခရီးသည်တွေများ ခါတိုင်းဆို အနံ့ အသက်ပေါင်းစုံနဲ့  လူတွေ ကြပ်သိပ်နေတဲ့ ဒီသဘောင်္ပေါ်က ဆင်းချင်ကြလွန်းလို့  တစ်ချို့ ဆို သဘောင်္ မကပ်ခင်တောင် ဘောတံတား ပေါ်ကို ခုန်ကူးကြတယ် ။ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတော့ ကျွန်တော့် အဖေက ဆိပ်ခံ တံတားပေါ်ကို လှမ်းကြည့်တယ် ပြီးတော့ ချက်ချင်းပဲ သား အဖေ့ နားမှာ ကပ်နေ လူချင်းမကွဲ စေနဲ့  အဖေတို့  အခုဆင်းမယ် လို့  လှမ်းပြောတယ် ။
ခါတိုင်းဆို ကျွန်တော်တို့  ကလေးတွေပါရင် လူနည်းနည်းရှင်းမှ သဘောင်္ပေါ်က ဆင်းတတ်တဲ့ ကျွန်တော့် အဖေက ဒီနေ့ တော့ ဆိပ်ခံတံတား ပေါ်တက်တဲ့ ထွက်ပေါက်နားမှာ တွန့် ဆုတ် တွန့် ဆုတ် နဲ့  ဆင်းရမလို မဆင်းရ မလို ဖြစ်နေတဲ့ လူအုပ်ကြီးထဲကို အတင်းတိုး နေတယ် ။ ဆိပ်ခံဘောပေါ် ရောက်တာနဲ့  ခါတိုင်းနဲ့  မတူ ထူးခြားနေတာက ဆိပ်ခံဘောနဲ့  တံတားပေါ်မှာ စစ်သားတွေ ၅ ပေ လောက်စီ ခြားပြီး တန်းစီ ရပ်နေကြတယ် ။
ခါတိုင်းဆို လူတွေ တံတားပေါ်မှာ တစ်ယောက်နဲ့  တစ်ယောက် သူ့ ထက်ငါဦးအောင် ဆူဆူညံညံ အပြေး အလွှား အလုအယက် တက်ဆင်း နေကြတာပါ ။ ခုတော့ တံတားဘေး ၂ ဖက်မှာ တန်းစီပြီး ရပ်နေတဲ့ စစ်သားတန်း ကြားထဲကနေ လူတွေက ဖြေးဖြေးချင်း တက်နေတော့ ၂ ယောက် တစ်တွဲ ၊ ၃ ယောက် တစ်တွဲ တန်းစီပြီး သွားနေကြသလို ဖြစ်နေတယ် ။ အားလုံးရဲ့  ခေါင်းတွေက ငိုက်လို့  စကားသံတွေ ကလဲ တိတ်ဆိတ်လို့  ။
ကျွန်တော့် အဖေ ကို ကျွန်တော် လှမ်းကြည့်လိုက်တော့ ပုခုံးတစ်ဖက်မှာ အဝတ်အစား အိတ်ကိုလွယ် ပြီး လက်တစ်ဖက်က ကျွန်တော့်  ညီမ အငယ်ကို ချီထားတယ် ။ အခြား လက်တစ်ဖက် ကတော့ လမ်းမှာစားဖို့  ထည့်လာတဲ့ ထမင်းချိုင့်တွေ ထည့်ထားတဲ့ ခြင်းကို ကိုင်ပြီး ကျွန်တော် ညီမ အကြီးကို လက်တွဲထားတယ် ။ အဝတ်အစား အိတ်တစ်လုံးနဲ့  ကျွန်တော်ကတော့ ကျွန်တော့်အဖေ နောက်နားမှာ ကန့် လန့်  ကန့် လန့်  ပေါ့ ။ ကျွန်တော့် အဖေလဲ အခြားသူတွေလိုပဲ ဘေးပတ်ဝန်းကျင်ကို မကြည့်ပဲ ခေါင်းငုတ်ပြီး တံတားကို တက်နေတယ် ။ ကျွန်တော့်ကိုတော့ ခဏခဏ လှည့်ကြည့်တယ် ။
ကျွန်တော်တို့  တံတားအလယ်လောက် ရောက်တော့ အောက်ဖက် ဆိပ်ခံဘော တံတားကနေ ဆူဆူညံညံ အသံတွေ ကြားရတယ် ။ သဘောင်္ရဲ့  အခြား တစ်ဖက်ကနေ ရေထဲ ခုန်ဆင်းပြီး ဆိပ်ခံဘော တံတားနဲ့  ဝေးတဲ့ဖက်ကို ရေကူးပြေး နေတဲ့ လူတစ်ယောက်ကို ပဲ့ချိတ်လှေ နဲ့  အသင့်စောင့် နေတဲ့ စစ်သားတွေက ပြန်လာခဲ့ဖို့  အော်ဟစ် ဆဲဆိုပြီး လိုက်ဖမ်းတာပါ ။ အဲဒီလူလဲ ကြာကြာ မကူးလိုက် ရပါဘူး ။ ပဲ့ချိတ်ပေါ်က စစ်သားတွေက မှီလဲသွားရော ပဲ့ချိတ်ပေါ်ကို အတင်းဆွဲ တင်နေတာ တွေ့ လိုက်တယ် ။ အဲဒီ အဖြစ်အပျက်ကို ရပ်ကြည့်နေတဲ့ ကျွန်တော့်ကို အဖေက ခပ်ဆတ်ဆတ်လေး ပုတ်ပြီး အနားမှာ နေပါဆိုတာ နားမထောင်ဘူး လာရှေ့ ကလျှောက် ဆိုပြီး မာန်ပါလေရော ။ အဲဒါနဲ့ ပဲ တံတားပေါ်ကို အရှေ့  ကနေ ဆက်တက်ခဲ့တယ် ။
တံတားထိပ်ရောက်တော့ လူတွေတန်းစီ သလို ဖြစ်နေရတဲ့ အကြောင်းကို ကျွန်တော် တွေ့ ရတယ် ။ စစ်သား ၃ ယောက်လောက်က တံတားထိပ်မှာ ပိတ်ရပ်နေပြီး တက်လာတဲ့ လူတွေအားလုံးကို အုပ်စု ၂ စုခွဲနေတယ် ။ တစ်ခြမ်းကို ဖယ်ထုတ်လိုက်တဲ့ သူတွေက ကိုယ့်ကိစ္စ ရှိရာကို ကိုယ်သွားနိုင်တယ် ။ ဒါပေမဲ့ အခြားတစ်ခြမ်းကို ဖယ်ထုတ်လိုက်တဲ့ သူတွေကတော့ စစ်သားတွေ ဝိုင်းပြီးစောင့်နေတဲ့ မီးရထားရုံး ရှေ့ က ကွင်းပြင်လေးမှာ သွားထိုင်ရတယ် ။
အုပ်စုခွဲနေတဲ့ စစ်သားက ကျွန်တော်တို့ ကို ကိုယ့်ကိစ္စရှိရာ သွားနိုင်တဲ့ လူစုဖက် ကိုပို့ ခဲ့တယ် ။ ရထားလက်မှတ် ကိစ္စတွေ ကျွန်တော့် အဖေ စီစဉ်နေတုန်းမှာ ကျွန်တော်ကတော့ ရထားရုံး ရှေ့ မှာ မျက်နှာ မသာမရာနဲ့  စုထိုင်နေရတဲ့ သူတွေကို စိတ်ဝင်စား နေမိတယ် ။ ဒီလူတွေကို ဘာလို့  ဆောင့်ကြောင့်လေး ဖမ်းထားသလို ထိုင်ခိုင်းထား ရတာလဲ ။ အဲဒီအချိန်တုန်းက စစ်တပ်နဲ့  အခြား လက်နက်ကိုင် တပ်တွေ ကလဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်ဆိုတော့ ဒီလူတွေက အခြားအဖွဲ့ က လူတွေမို့ လို့  ဖမ်းထားတာလား ကျွန်တော် သိချင်နေတယ် ။ အဲဒီ စုထိုင်နေရတဲ့ လူတွေနားကို ကျွန်တော် လျှောက်သွားပြီး ရပ်ကြည့် နေခဲ့တယ် ။
ကျွန်တော်ကြာကြာ မကြည့်လိုက်ရပါဘူး ။ ကျွန်တော့်အဖေ နောက်ကနေ တီးထည့်လိုက်လို့  ခေါင်းပူ သွားပြီး ဆွဲခေါ်တာကို ခံလိုက်ရတယ် ။ ကျွန်တော့်ကို ဘာမှ မပြောပဲ တိတ်တိတ်လေး ဆွဲခေါ်ခဲ့ပြီး ခပ်လှမ်းလှမ်း ရောက်တော့မှ ဘယ်လို ကလေးမှန်း မသိဘူး ၊ လူကြီးပြောတာ ဘယ်တော့မှ နားမထောင် ဘူးဆိုပြီး ဆူပါလေရော ။ ၁၅ မိနစ် လောက်အတွင်းမှာ ၂ ကြိမ် အဆူရော ၊ အဆော်ရော ခံလိုက်ရတော့ ကျွန်တော် နည်းနည်း ဘုသွားတယ် ။
ကျွန်တော်တို့  ရထားပေါ်မှာ ပစ္စည်းတွေ နေရာချပြီး ထိုင်နေလို့ မှ သိပ်မကြာ သေးဘူး စစ်သား ၂ ယောက် တွဲပေါ် တက်လာတယ် ။ ရထားပေါ်မှာ တစ်ခုခုကို ရှာနေတဲ့ ပုံစံနဲ့  လိုက်ကြည့်တယ် ။ ကျွန်တော်တို့ ကို ကျော်လျှောက် သွားပြီး အိမ်သာတွေကို သွားစစ်တယ် ။ အဲဒီစစ်သား ၂ ယောက်ကို လိုက် ကြည့်နေတဲ့ ကျွန်တော့်ကို အဖေက မျက်မှောင် ကြုံ့ုပြီး ငြိမ်ငြိမ် ထိုင်နေဖို့  လှမ်းပြောတယ် ။ ဒီတစ်ခါ ကတော့ ဘလိုင်းကြီး ကျွန်တော် ငြိမ်ငြိမ် ထိုင်နေရက်နဲ့  အဆူခံ ရတယ် ။ စစ်သား တစ်ယောက်က ကျွန်တော်တို့  နားကို ပြန်လျှောက် လာပြီး ကျွန်တော့် အဖေကို ကြည့်လိုက် ၊ ကျွန်တော်တို့  ကလေးတွေကို ကြည့်လိုက် လုပ်နေတယ် ။ ကျွန်တော့် အဖေက အဲဒီ စစ်သားနဲ့  မျက်လုံးချင်း ဆုံမှာကို ရှောင် ချင်ပုံ ရတယ် ပြတင်းပေါက် ကနေ အပြင်ဖက်ကို ကြည့်နေတယ် ။ ကျွန်တော် တို့ ကို ခဏရပ် ကြည့်ပြီး အဲဒီ စစ်သား ၂ ယောက် ပြန်ဆင်း သွားတယ် ။
အချိန်အတိုလေး အတွင်းမှာ ၃ ခါတောင် ဆူခံ ထိထားတော့ ကျွန်တော့် အဖေကို ကျွန်တော် ကောက်နေ လိုက်တယ် ။ ကျွန်တော့် အဖေကတော့ နာရီ တကြည့်ကြည့် လုပ်နေတယ် ။ ရထားကလဲ ထုံးစံ အတိုင်း အချိန် နောက်ကျ ပြီးမှ ထွက်တယ် ။ ရထားထွက်ပြီး ၁၅ မိနစ်လောက် ကြာပြီးတော့မှ သိသိသာသာ ကောက်နေတဲ့ ကျွန်တော့်ကို သားဗိုက်ဆာလား ဘာစားမလဲ ဆိုပြီး ကျွန်တော့် အဖေပြန်ချော့တယ် ။ အဲဒီနေ့ က အမြဲတမ်း လူပြည့်နေတတ်တဲ့ မုတ္တမ - မော်လမြိုင် ရထားက ထူးထူးခြားခြား တွဲတိုင်းမှာ ခုန်တွေ အများကြီး လွတ်နေခဲ့တယ် ။
ရန်ကုန်ဘူတာကြီးကို ရောက်တော့ ရန်ကုန်ကို ကြိုရောက်နေတဲ့ ကျွန်တော့် အမေက လာကြိုရင်း ဒီနေ့  ရထားက လူချောင်တယ်နော် လို့  ပြောတော့ မုတ္တမှာ ပေါ်တာဖမ်းနေလို့  ငါတောင် ကလေးတွေနဲ့  မို့ လို့ ထင်တယ် ကံကောင်းလို့  လွတ်ခဲ့တာ လို့  ကျွန်တော့်အဖေ ပြန်ပြောတော့မှ ကျွန်တော် မျက်လုံးပြူးရတယ် ။
ညဖက် မသကာင်္ဖွယ်ရာ မှောင်ရိပ်ခိုနေတဲ့ သူတွေ ၊ အကျဉ်းသား တွေကို စစ်တပ်က ပေါ်တာ အဖြစ် ခေါ်တတ်တယ် လို့ တော့ ကျွန်တော် ကြားဖူးတယ် ။ အခုလက်တွေ့  ကြုံရမှ ပေါ်တာ ဖမ်းတယ်ဆိုတာ ဒီလိုလဲရှိလား ဆိုပြီး အံ့သြမိတယ် ။ ရထားရုံးရှေ့ မှာ ထိုင်နေရတဲ့ လူတွေအားလုံးက ယောက်ျားလေး တွေချည်းပဲ ဆိုတာလဲ ခုမှ သတိထားမိတယ် ။ တံတားထိပ်မှာ ရပ်နေတဲ့ စစ်သားတွေက ယောက်ျားလေး တွေနဲ့  ကျန်တဲ့ သူတွေကို အုပ်စုခွဲ ထုတ်လိုက်တာပဲ ။ ရေကူးပြေးတဲ့ သူကို လိုက်ဖမ်းကြတဲ့ အဖြစ်အပျက် နဲ့  တံတားပေါ်က တစ်ခုခုကို ကြောက်နေတဲ့ ပုံစံနဲ့  ဖြေးဖြေးချင်း တန်းစီပြီး တက်နေတဲ့ လူအုပ်ကြီးကိုလဲ ပြန်မြင်မိတယ် ။ ကျွန်တော့်အဖေ ကျွန်တော့်ကို သူ့  အနားမှာ မနေလို့  ဆိုပြီး ခဏခဏ ဆူတာကို လဲ ခုမှ နားလည် မိတယ် ။
ကိုယ်တိုင်မကြုံဖူးရင် စစ်တပ်က ဒီလိုမျိုးတွေ လုပ်ပါ့မလားလို့  သံသရ ရှိနေမဲ့ သူတွေလဲရှိမယ် ။ သတင်းစာ ရှင်းလင်းပွဲ တိုင်းကို အရင်က ဒိုင်ခံပြီး ဖြေတတ်တဲ့ ပြည်တွင်းက အရာရှိ တစ်ယောက်က ဒီလို အတင်းအကျပ် ခိုင်းစေမှုတွေ အရင် ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေစဉ် ကာလ တုန်းကရှိ ခဲ့ပေမဲ့ ခုတော့ တိုင်းပြည်က အေးချမ်းနေပြီး ဖြစ်တဲ့ အတွက် အဲဒါမျိုးတွေ မရှိတော့ ဘူးလို့  သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ရှင်းပြပြီး ဝန်ခံခဲ့ဖူးတယ် ။ ဒါပေမဲ့ အဲဒီလို လုပ်တဲ့ သူတွေကို ဘယ်လို အပြစ်ပေးမယ် ဆိုတာမျိုး ၊ နောက်ထပ် ဒါမျိုးတွေ ထပ်မဖြစ်အောင် ဘယ်လို စီစဉ်ထားတယ် ဆိုတာမျိုး သူမပြောခဲ့ဘူး ။ အခုထိ ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဆိုတာနဲ့  ပေါ်တာတွေ ဖမ်းနေတယ် ဆိုတဲ့ သတင်းက အမြဲတမ်း ကပ်ပါလာ တတ်တယ် ။
ကျွန်တော် အလယ်တန်း ကျောင်းသား အရွယ်တုန်းက ကျွန်တော့် အစ်ကို အကြီးဆုံးက မြ၀တီ မဲဆောက် ဖက်က တဆင့် ထိုင်းနိုင်ငံ သွားပြီး ကုန်တွေ သွားသွား ၀ယ်ပါတယ် ။ အဲဒီ အချိန် တုန်းက ကရင် အဖွဲ့ တွေနဲ့  အစိုးရ တပ်တွေ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေတဲ့ အချိန်ပါ ။ လမ်းခရီးမှာ ပေါ်တာ ခဏခဏ ဖမ်းပါတယ် ။ ကျွန်တော့် အစ်ကို ကို ဂရုစိုက်ဖို့  ပြောတော့ ပေါ်တာ ဖမ်းတာတော့ ရှောင်လို့  မရ ဘူးတဲ့ ၊ ကံပဲတဲ့ ။ ခေါ်ချင်ရင် တည်းနေတဲ့ နေရာ တံခါး လာခေါက်ပြီး ခေါ်တာတဲ့ ။ ဒါပေမဲ့ စိတ်မပူ ပါနဲ့  လူအစား ငှားလို့  ရတယ်တဲ့ ။ ကိုယ် အဖမ်းခံ ရရင် ကိုယ့်အစား လူတယောက် ငှားပြီး အစားထိုး ထည့်ပေး လိုက်လို့  ရတယ်တဲ့ ။ အဲဒီလို အငှားလိုက်တဲ့ သူတွေ ရှိတယ်တဲ့ ။ သူ့ အရပ် နဲ့  သူ့ ဇာတ်ကတော့ ဟုတ်နေတာပဲ ။
နိုင်ငံခြား သတင်း ဌာနတွေ နဲ့  ခဏခဏ အင်တာဗျူး လုပ်တတ်တဲ့ ပြည်ပရောက် အရာရှိ ဟောင်း တစ်ယောက်ကလဲ စစ်တပ်မှာ ပေါ်တာ ခေါ်ရင် ပေါ်တာ သမား တစ်ယောက် အတွက် တစ်ရက်ကို လုပ်အားခ ဘယ်လောက်ပေးရမယ် ၊ ဆန်ဘယ်လောက် ၊ ဆီဘယ်လောက် ပေးရမယ်ဆိုပြီး သတ်မှတ်ထားတာ ရှိတယ် ။ အဲဒီအတိုင်းသာ အမှန်အတိုင်း ပေးပြီး ခေါ်ရင် ကိုယ့်သဘော နဲ့ ကိုယ် လိုက်ကြမဲ့ သူတွေ အများကြီး ရှိပါတယ် ၊ အတင်းအကျပ် ခေါ်နေစရာ လိုမှာ မဟုတ်ပါဘူးလို့  အင်တာဗျူး တစ်ခုမှာ ပြောဖူးတယ် ။ အခြေအနေတွေ သိနေရက်နဲ့  ပြည်တွင်းမှာ တုန်းကတော့ မျက်စိပိတ် နားပိတ် နေခဲ့ပြီး ပြည်ပရောက်မှ အော်နေတာတော့ ဘာလို့ လဲ ဆိုတာ သူပဲ အသိဆုံး ဖြစ်မယ် ။
ကျွန်တော် စစ်တပ်ကို မမုန်းပါဘူး ။ စစ်တပ်ဆိုတာ နိုင်ငံ တစ်နိုင်ငံမှာ မရှိမဖြစ် အဖွဲ့ အစည်း တစ်ခုပါ ။ ကျွန်တော်တို့  နိုင်ငံရဲ့  သမိုင်းမှာလဲ စစ်တပ်က အရေးကြီးတဲ့ နေရာက အများကြီး ပါခဲ့ပါတယ် ။ ဒါပေမဲ့ ဥပဒေ ကို လက်တလုံးခြား လုပ်နေတဲ့ သူတွေ နဲ့  ကိုယ်မြင်ချင်တာကိုပဲ ရွေးပြီး မြင် တတ်ကြတဲ့ စစ်တပ်ထဲက လူတွေ ကိုတော့ ကျွန်တော် မုန်းတယ် ။
BBC သတင်းထောက်နဲ့  interview မှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားပါ …
“ I don't want to see the military falling. I want to see the military rising to dignified heights of professionalism and true patriotism ”

Monday, 18 October 2010
ဓာတ်ပုံထဲက ဇာတ်လမ်းများ (၁)
Einsatzgruppen ဆိုတာ ဒုတိယ ကမ္ဘာစစ် မတိုင်မှီက ဖွဲ့ စည်းခဲ့တဲ့ ဂျာမန် အထူးလက်ရွေးစင် တပ်ဖွဲ့  တစ်ခုပါ ။ Einsatzgruppen တပ်သားတွေရဲ့  အဓိကတာဝန်က ဂျာမန်တပ်မကြီးတွေ နောက်ကလိုက်ပြီး ဂျာမန်တွေ သိမ်းပိုက်ပြီးတဲ့ မြို့  ရွာတွေက လူတွေကို ရက်ပိုင်းအတွင်း အစုလိုက် အပြုံလိုက် သတ်ဖို့  ဖြစ်တယ် ။
Einsatzgruppen တပ်သားတွေဟာ ၂ ရက်အတွင်း လူပေါင်း ၃၃၄၇၁ ယောက် အသတ်ခံခဲ့ ရတဲ့ Babi Yar massacre နဲ့  ၂ ရက်အတွင်း လူပေါင်း ၂၅၀၀၀ အသတ်ခံခဲ့ ရတဲ့ Rumbula massacre အပါအဝင် Poland, Netherlands, Belgium, France နဲ့  Soviet Union စတဲ့ နိုင်ငံတွေမှာ လူတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့ကြတယ် ။
ဒုတိယ ကမ္ဘာစစ် ကာလ အတွင်းမှာ Einsatzgruppen တပ်သားတွေဟာ စစ်သုံ့  ပန်းတွေ ၊ သူလျှိုတွေ ၊ အပြစ်မဲ့ ပြည်သူတွေ ၊ သက်ကြီး ရွယ်အိုတွေ နဲ့  ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁ သန်းကျော်ကို ပစ်သတ်ခဲ့ကြတယ် ။ အသတ်ခံခဲ့ ရတဲ့ လူအများစု ကတော့ ဂျူး လူမျိုးတွေ ဖြစ်တယ် ။

ဝမ်းနည်း ကြေကွဲစရာ ကောင်းတဲ့ မှတ်တမ်း ဓာတ်ပုံတွေထဲက အောက်က ဓာတ်ပုံကတော့ လူသိ အများဆုံးနဲ့  အကြော်ကြားဆုံး ဓာတ်ပုံပါ ။ အဲဒီဓာတ်ပုံကို Einsatzgruppen တပ်သား တစ်ယောက် သိမ်းထားတဲ့ ဓာတ်ပုံတွေထဲက ရခဲ့တာဖြစ်ပြီး ဓာတ်ပုံရဲ့  နောက်ကျောဖုံးမှာ “The last Jew of Vinnitsa” (Vinnitsa မြို့ မှ နောက်ဆုံး ဂျုး) လို့  ရေးထားတယ် ။ အဲဒီ အချိန်တုန်းက Vinnitsa မြို့ မှာ နေထိုင်နေတဲ့ ဂျုးလူမျိုး ၂၈၀၀၀ လုံး အသတ်ခံခဲ့ရတယ် ။

Sunday, 17 October 2010
ငုတ်တုတ် ဗုဒ္ဓ
ကျွန်တော် ၁၀ တန်း နှစ်က တက်တဲ့ ရူပဗေဒ ကျူရှင်က ဆူးလေဘုရားနဲ့  တော်တော်လေး နီးတယ် ။ ကျူရှင်ရဲ့  ဘေးနားမှာလဲ ဗလီတစ်ခု ရှိတယ် ။ အချို့  စာသင်ချိန်တွေက ဗလီမှာ ဘုရား ဝတ်ပြုကြတဲ့ အချိန်နဲ့  တိုက်နေတယ် ။ ဗလီမှာ ဘုရား ဝတ်စပြု ကြပြီးဆို လော်စပီကာနဲ့  အသံ အကျယ်ကြီး အော်တတ်တဲ့ အတွက် အဲဒီအချိန်ဆို ဆရာ့  အသံကို ဘယ်သူမှ မကြားရတော့ စာသင်တာကို ခဏရပ်ပြီး အသံရပ်သွားတဲ့ အထိ စောင့်နေ ရတတ်တယ် ။
တစ်နေ့  အဲဒီလို လော်စပီကာနဲ့  အော်တာကို စောင့်ပြီး အသံရပ်သွားတော့ ဆရာက စာဆက် မသင်သေးပဲ ကျောင်းသားတွေဖက် လှည့်ပြီး မွတ်စလင် ဘာသာဝင် ကျောင်းသား တစ်ယောက်ကို မင်းတို့  ဝတ်ပြုရင် အမြဲတမ်း ဘာလို့  အကျယ်ကြီး အော်ရတာလဲ ၊ တိုးတိုး ဝတ်ပြုလို့  မရဘူးလားလို့  ဆရာ မေးဖူးတယ် ၊ အဲဒီ ကျောင်းသားက အဲဒါ ကျွန်တော်တို့  ဝတ်ပြုတာကို ဘုရားသိအောင် ဝတ်မပြုခင် ဘုရားကို ခေါ်တာလို့  ပြန်ဖြေတယ် လို့ ပြောတယ် ။ ဘုရား ပင့်တယ် ဆိုတာမျိုးကို ပြောချင်တာ ဖြစ်လိမ့်မယ် ၊ ဒါပေမဲ့ အဲဒီ ကျောင်းသားက ဆရာ့ကို အဲဒါ ဘုရားကို ခေါ်တာလို့  လွယ်လွယ်ပဲ ပြန်ဖြေခဲ့တယ် ။
ဟိုတစ်နေ့ ကလဲ ရှေ့ နားမှာ အမြဲတမ်း ထိုင်တတ်တဲ့ တရုတ်မလေး ၂ ယောက် ကျုရှင် မလာလို့  ဆရာမေးတော့ ကမ်းနားလမ်းက ဘုံကျောင်း တစ်ခုကို ဗေဒင် မေးဖို့  ဆိုလား ၊ စာချ ဖို့  ဆိုလား မသိဘူး လုပ်ဖို့  သွားလို့  မလာဖြစ်တာလို့  ပြန်ပြော တယ်တဲ့ ။ နင်တို့  စာချတာက ကျုရှင်ကို လာပြီးမှ သွားရင် မရဘူးလား ဆိုတော့ အဲဒီ သူတို့  သွားမေးတဲ့ မယ်တော်လား ကိုယ်တော်လား မသိဘူး အဲဒီ ပုဂ္ဂိုလ်က ညနေဆို မရှိဘူး ၊ မနက်ပိုင်း သွားမှ မေးတာ မှန်တယ်လို့  ပြန်ပြော တယ်တဲ့ ။
ဆရာက ဆက်ပြီး မွတ်စလင် ဘာသာဝင် တွေက ဘုရားဝတ်ပြု တော့မယ်ဆို ဝတ်မပြုခင် ဘုရားကို အရင် အော်ခေါ်ရတယ် ။ တရုတ် ဘာသာဝင်တွေ ကျတော့ ဘုံကျောင်းကို စောစော သွားရတယ် ။ နောက်ကျမှ သွားရင် မတွေ့ ရ တော့ဘူး ။ ငါတို့  ဗုဒ္ဓဘာသာ ဘုရားပဲ ကောင်းတယ် ငါတို့  ဘယ်အချိန်ပဲ ဘုရားပေါ် တက်သွားသွား ငုတ်တုတ် ထိုင်နေတယ်တဲ့ ။ ။

Subscribe to:
Posts (Atom)