Wednesday, 28 April 2010

မွန်စာ နှင့် မြန်မာစာ

မွန်စာ နဲ့  မြန်မာစာ ဟာ စာဖတ်တဲ့ အသံထွက် ချင်းမတူ ၊ စာလုံး ပေါင်းပုံခြင်း မတူကြပေမဲ့ ၊ စာအရေးအသားမှာ အသုံးပြုတဲ့ ဗျည်း များ အားလုံး နီးပါး တူညီ နေကြတဲ့ အတွက် အမြင်မှာတော့ အတော်လေး ဆင်တူကြတယ် ။ မွန်စာမှာ ဗျည်း (၃၅) လုံး ရှိပြီး မြန်မာစာမှာ ဗျည်း (၃၃) လုံး ရှိပါတယ် ။




တိုင်းရင်းသား ပေါင်းစုံစုပေါင်း နေထိုင်ကြတဲ့ မြန်မာပြည် လို့ လက်ရှိ ခေါ်ဆို နေ ကြတဲ့ နယ်မြေအတွင်းကို မွန်လူမျိုးများဟာ အခြားသော လူမျိုးစု တွေထက် နှစ်ပေါင်းများစွာ စောပြီး ရောက်ရှိ အခြေချ နေထိုင်ခဲ့ ကြတာပါ ။ မွန်လူမျိုး များဟာ ပင်လယ်ပြင်ကို ဖြတ်သန်း ကုန်ကူးရင်း အိန္ဒိယ လူမျိုးများ ထံမှ ဗုဒ္ဓဘာသာ ကိုးကွယ်မှု ၊ စာပေ အရေးအသား ပညာရပ်များ နှင့် ယဉ်ကျေးမှု များ ကို ရရှိပြီး မိမိတို့  ကိုယ်ပိုင် ယဉ်ကျေးမှု များနှင့် သင့်တော်သလို ပြင်ဆင်၍ ကိုယ်ပိုင် ယဉ်ကျေးမှုများ အဖြစ်ပြောင်းလဲ ခဲ့ကြတယ် ။

မွန်လူမျိုးများဟာ အခြားသောတိုင်းရင်းသား တွေထက် ဗုဒ္ဓဘာသာ ကို နှစ်ပေါင်းများစွာ စောပြီး ကိုးကွယ်ခဲ့ ကြသလို ၊ မွန်စာပေ ဟာလဲ အခြားသော တိုင်းရင်းသား စာပေတွေ ထက်နှစ်ပေါင်း များစွာ စောပြီး ပေါ်ပေါက်ခဲ့တဲ့ စာပေ ဖြစ်တယ် ။

ဗမာဘုရင် အနော်ရထာ ဟာ မွန်ဘုရင် မနူဟာမင်း လက်ထက်မှာ မွန်တို့  တိုင်းပြည် သုဝဏ္ဏဘူမိ ကိုစစ်နိုင်ပြီး မွန်ဘာသာနှင့် ရေးသားထားသော ထေရ၀ါဒ ဗုဒ္ဓဘာသာ စာပေများ ၊ မွန်ရဟန်းတော်များ ၊ မွန်ရိုးရာ ယဉ်ကျေးမှု ဗိသုကာ ပညာရှင်များ ၊ မွန်စာပေ ပုရပိုဒ် များကို ဖမ်းဆီး သယ်ဆောင်သွားခဲ့တယ် ။

မွန်တို့ ရဲ့  ဗုဒ္ဓဘာသာ ကိုးကွယ်မှုကို ကူးယူပြီး ဗမာနိုင်ငံဟာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံ ဖြစ်လာတယ် ။ မွန်ဗိသုကာ ပညာရှင်များ ဆောက်လုပ် ပေးခဲ့တဲ့ စေတီ များ အဆောက်အဦး များဟာ မြန်မာပြည် အနှံ့ အပြားမှာ ယနေ့  တိုင် ရှိနေသေးတယ် ။ ပုဂံမှာ ရှိတဲ့ ရှေးဟောင်း ဘုရားများဟာ ထင်ရှားတဲ့ သက်သေတွေ ဖြစ်တယ် ။ မွန်စာပေ ဟာလဲ ဗမာစာ တိုးတက်ပြောင်းလဲ ရေးမှာ အဓိက အထောက်အကူ ပြုခဲ့တယ် ။ ဗမာစာပေ အရေးအသား ကို မွန်စာပေ အရေးအသားအပေါ် မှီငြမ်းပြီး ပြုပြင်ပြောင်းလဲ ခဲ့ကြတယ် ။ ဗမာစာပေ အရေးအသားမှာ အသုံးပြုတဲ့ ဗျည်းများနဲ့ နှစ်ပေါင်းများစွာ စောပြီး ရှိခဲ့တဲ့ မွန်စာပေ အရေးအသားမှာ အသုံးပြုတဲ့ ဗျည်းများ အားလုံး နီးပါး တူညီနေတာဟာ ထင်ရှားတဲ့ သက်သေတွေ ဖြစ်တယ် ။

သူငယ်ချင်း အချို့ က မွန်စာကို မြင်ရင် မင်းတို့ မွန်စာက မြန်မာစာ နဲ့  တော်တော်တူတာပဲ ၊ မြန်မာစာကို မှီငြမ်းပြီး လုပ်ထား တာလားလို့  မေးတတ်ကြတယ် ။ မြန်မာစာ ဘယ်က စခဲ့တယ် ဆိုတာ သမိုင်း အထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရှိပေမဲ့ ကျောင်းသုံးစာအုပ် တွေထဲမှာ မတွေ့  ရတော့ သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာသူတွေ ကလွဲလို့  ကျန်တဲ့သူတွေ မသိတာ အံ့သြ စရာတော့ မဟုတ်ပါဘူး ။

မွန်စာ ဟာ မြန်မာစာ ကိုမှီငြမ်းပြီး လုပ်ထားတာလား ဆိုရင် လုံးဝ မဟုတ်ပါဘူး ။ မွန်စာ ဟာ မြန်မာစာထက် နှစ်ပေါင်းများစွာ စောပြီးရှိခဲ့တာပါ ။ မွန်စာ ဟာ မြန်မာစာ အပေါ်မှာ မှီငြမ်းမှု တွေ ရှိလားဆိုရင်တော့ ရှိပါတယ် ။ ဗမာစာပေ စတင်တိုးတက် ပြောင်းလဲမှုမှာ မွန်စာပေ ကိုမှီငြမ်းခဲ့ ကြတယ်ဆိုပေမဲ့ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဝေါဟာရ အခေါ်အဝေါ် အသစ်တွေ ၊ စကားလုံး အသစ်တွေ အတွက် မွန်စာ ဟာ မြန်မာစာ အပေါ်မှာ မှီငြမ်းမှုတွေ ရှိပါတယ် ။ မကြာသေးခင်က မွန်စာပေနဲ့  စာတမ်းဖတ်ပွဲ အကြောင်း သတင်းတစ်ပုဒ် ကျွန်တော်ဖတ် လိုက်ရတယ် ။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ အခမ်းအနား မှာ “စာတမ်း” ဆိုတဲ့ စကားလုံး မွန်စာမှာ မရှိတဲ့ အတွက် ၀ိုင်းဝန်း ညှိနှိုင်းပြီး စကားလုံး တစ်ခုအား ယာယီ သက်မှတ်ခဲ့ ကြတယ်ဆိုတဲ့ အကြောင်းပါ ။ ဒါဟာ မွန်စာပေ ဟာ မြန်မာစာ အပေါ်မှာ ပြန်လည်မှီငြမ်း မှုတွေရှိ တယ်ဆိုတဲ့ သာဓက တစ်ခုပါ ။

ကျွန်တော်တို့  တိုင်းရင်းသားတွေဟာ တစ်မြေထဲပေါ်မှာ တစ်ရေထဲ သောက်ပြီး နှစ်ပေါင်းများစွာ ကိုင်းကျွန်းမှီ ၊ ကျွန်းကိုင်းမှီ အတူတကွ နေထိုင်ခဲ့ ကြတဲ့သူတွေပါ ။ သမိုင်းစဉ် တလျှောက်မှာ တစ်ဦးကို တစ်ဦး စစ်မက်ပြုခဲ့ ကြသလို ၊ တစ်ဦးရဲ့  ရန်ကိုလဲ တစ်ဦးက ၀ိုင်းဝန်းရင်ဆိုင် ဖြေရှင်းပေးခဲ့ ကြဖူးပါတယ် ။ တစ်ဦးနဲ့  တစ်ဦး အားပြိုင်မှုတွေ ရှိခဲ့သလို တစ်ဦး ကို တစ်ဦး ၀ိုင်းဝန်း ကူညီဖေးမ ခဲ့ကြ ဖူးပါတယ် ။

လူမျိုးကို ချစ်သောသူတိုင်း ၊ မိမိလူမျိုး၏ သမိုင်း ၊ စာပေ နှင့် ရိုးရာ ယဉ်ကျေးမှု များ အကြောင်း ကိုသိထား သင့်တယ် ။ မိမိလူမျိုး၏ စာပေ ကို အထင်ကြီး ဂုဏ်ယူ သလို ၊ အခြားလူမျိုးစု များရဲ့  စာပေ ကိုလဲ လေးစားပါ ။ မိမိလူမျိုးရဲ့  သမိုင်းကို မပျောက် ကွယ်စေချင် သလို အခြားမျိုးနွယ်စုများရဲ့  သမိုင်း ကိုလဲ မဖျက်စီးသင့်ပါ ။ ။

If we have no peace, it is because we have forgotten that we belong to each other.
Mother Teresa

Sunday, 18 April 2010

တလိုင်း သည် မွန်မဟုတ်

“ တလိုင်း ”ဟူသော စကာလုံးကို ဗမာ့ သမိုင်း ရာဇ၀င် ကျမ်းများတွင် မွန်လူမျိုး တို့ အား ရည်ညွှန်း၍ သုံးဆွဲထားကြသည် ။ ထိုကျမ်းများအား ကိုးကား၍ အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထုတ်ဝေသော ရာဇ၀င် ကျမ်းများ ၊ စာအုပ်များ နှင့် အဘိဓာန်များ တွင်လည်း အလားတူ သုံးဆွဲ ကြခြင်းများ တွေ့ နိုင်သည် ။ အချို့ သော သူများသည် စကားပြောရာ၌ မွန်လူမျိုး များအား တလိုင်း လူမျိုးများဟု သုံးနှုံးပြောဆို တတ်ကြသည် ။ သုံးနှုံး ပြောဆို နေကြ သော်လည်း တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို မည်သူမှ သေချာ မသိကြ ။ တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်သည် မွန်လူမျိုး များဟု ဆိုလိုခြင်း မဟုတ် ။

တလိုင်းဟူသော စကားလုံးသည် မွန်စကားတွင် မရှိသလို ၊ မူရင်း ဗမာစကား တွင်လဲ မရှိပါ ။ ထို့ ကြောင့် မူရင်း အဓိပ္ပါယ် အသိအကျကို သိရှိနိုင်ရန် မလွယ်ကူပေ ။ အဓိပ္ပါယ် အမှန်ကို မသိကြသော်လည်း တလိုင်းဟု ဆိုလျှင် မွန်လူမျိုး များအားရည်ရွယ်သည် ၊ အခေါ်ခံ ရသော မွန်လူမျိုးများသည် တလိုင်းဟု အခေါ်ခံရခြင်းကို မနှစ်သက်ကြ ဟု အားလုံး နားလည်ထား ကြသည် ။

နိုင်ဖေသိန်းဇြာ ( ဖက်ဒရယ်တက္ကသိုလ် ) ၏ တလိုင်း ဝေါဟာရ သုတေသန စာတမ်း အရ တလိုင်းဟူသော စကားသည် တ’လုင် ( Tai Long ) မှဆင်းသက် လာသည်ဟု ဆိုသည် ။ တ’လုင် ( Tai Long ) ဆိုသည်မှာ ယိုးဒယား ရှမ်းလူမျိုး များအား ခေါ် ခြင်း ဖြစ်သည် ။ တ’လုင် အား ဗမာစကား အသံထွက်ဖြင့် ခေါ်ဆိုရာမှ တလိုင်း ဟူသော စကားဖြစ်လာ သည်ဟုဆိုသည် ။ ယိုးဒယားရှမ်း လူမျိုး များအား ခေါ်ဝေါ်သော တလိုင်း ဟူသော စကား သည် မွန်လူမျိုးများ နှင့် ပတ်သက်လာ ရပုံမှာ -

မြန်မာပြည် အညာဒေသ သို့  တ’လုင် (ယိုးဒယား ရှမ်း) လူမျိုးတို့ ထက် စောစွာ ရောက်ရှိ အခြေချ ခဲ့ကြသော ဗမာလူမျိုးများသည် တရုတ်ပြည် တောင်ပိုင်းမှ ရွှေ့ ပြောင်းဝင်ရောက် အခြေချ လာသော တ’လုင် (ယိုးဒယား ရှမ်း) လူမျိုးများ နှင့် တိုက်ပွဲများ ဖြစ်ပြီး နယ်မြေများ ဆုံးရှုံးခဲ့ ရသည်ကို ဗမာလူမျိုးတို့  မြို့ ရွာ တည်ထောင်ခဲ့ သော ဒေသများနှင့် ဒေသ အတွင်းသို့  နောက်မှ ၀င်ရောက် အခြေချ ခဲ့ကြသော တ’လုင် လူမျိုးများ မြို့ ရွာ စတင် တည်ထောင်သော ဒေသများ သမိုင်းမှတ်တမ်းများ အရ တူညီနေသည် ကို ကြည့်ခြင်း အားဖြင့် သိနိုင်သည် ။

ဗမာလူမျိုးတို့ အတွက် တ’လုင် တို့ သည် နယ်ချဲ့ ကျူးကျော် ၀င်ရောက် စော်ကား သူများ ၊ အရိုင်းအစိုင်းများ ဟုမြင်ခဲ့ကြသည် ။ နာကြည်းခဲ့ ကြသည် ။ တ’လုင် အား တလိုင်းဟု ဗမာမှုပြု သုံးစွဲခဲ့၍ ခေတ်ကာလ ကြာလာသောအခါ တလိုင်း သည် တ’လုင် မှ ဆင်းသက်လာ သည်ကို သိသူနည်းပါး လာသည် ။ မူရင်း အဓိပ္ပါယ် ကိုလဲ သိသူ ရှားပါး လာသည် ။ တလိုင်းအား မူရင်း ဗမာစကား ဟုယူဆလာကြသည် ။ ဗမာလူမျိုး တို့ ၏ စိတ်တွင် တလိုင်း ဟုဆိုလိုက်လျှင် မုန်းတီးစရာ အရိုင်းအစိုင်း လူမျိုးများ ၊ ကျူးကျော် ၀င်ရောက်သူများ ဟု စွဲခဲ့ကြသည် ။

( ၁၇၄၀ ) ယိုးဒယား ရှမ်းလူမျိုးများ၏ တော်လှန် ပုန်ကန်မှု ကာလတွင် ဟံသာဝတီ မွန်များ သည်ရှမ်းတို့ နှင့် ပူးပေါင်း၍ အင်းဝမင်းကို တော်လှန် ခဲ့ကြသော ကြောင့် အင်းဝမင်း များသည် ဟံသာဝသီ တပ်များအား ဟံသာဝသီ တလိုင်း တပ်များဟု ခေါ်ဝေါ် ခဲ့ ကြသည် ။ တော်လှန် ပုန်ကန်သူ ရှမ်း ၊ မွန် လူမျိုး နှစ်စု လုံး အားပေါင်း၍ တလိုင်း များဟု ခေါ်ဝေါ် သုံးစွဲ ခဲ့ကြသည် ။

မွန်ဘုရင် ဗညားဒလ လက်ထက် အင်းဝမင်းနှင့် စစ်ခင်းစဉ် ကာလတွင် ဗမာများ က မွန်တပ်များအား တလိုင်းတပ်များဟု ခေါ်ဝေါ်ခဲ့ ကြသလို ၊ မွန်များကလဲ ဗမာတပ်များအား အရည်းကြီးတပ်များ ဟု ခေါ်ဝေါ် ခဲ့ကြသည် ။ ( ၁၇၅၃) နောက်ပိုင်း ရှမ်းများနှင့် မွန်လူမျိုးတို့  အဆင်မပြေ ဖြစ်ပြီး ရှမ်းလူမျိုးတို့ သည် ဦးအောင်ဇေယျ (ဗမာ) တို့ နှင့် သွားရောက် ပူးပေါင်းလိုက် သောအခါ ဗမာလူမျိုးတို့ သည် တလိုင်းဟူသော စကားအား မွန်လူမျိုး တစ်စုထဲ ကိုသာ ရည်ရွယ်ပြီး ခေါ်ဝေါ် သုံးစွဲ လာကြသည် ။ ထိုအချိန်မှ စ၍ ဗမာလူမျိုး များသည် မွန်မင်း များအား တလိုင်းမင်း ၊ မွန်လူမျိုး များအား တလိုင်းလူမျိုးများ ဟု သမိုင်း မှတ်တမ်း များတွင် မှတ်တမ်းတင်ခဲ့ ကြသည် ။ မှန်နန်း ရာဇ၀င် နှင့် ကုန်းဘောင်ခေတ် မဟာရာဇ၀င် ကြီးတို့ တွင် မွန်လူမျိုးတို့  အား တလိုင်းဟု မှားယွင်းစွာ မှတ်တမ်းတင် ခဲ့ကြသည် ။

အလောင်းမင်းတရား (ဦးအောင်ဇေယျ) လက်ထက်မှ စတင်၍ တလိုင်း ဟူသော စကားသည် မွန်လူမျိုးတို့ အား သီးခြား ရည်ညွှန်း ခေါ်ဆိုသော စကား ဖြစ်လာသည် ။ ဒုတိယကမ္ဘာ စစ်ကာလတွင် အင်္ဂလိပ်လူမျိုး ၊ ဂျပန်လူမျိုးတို့ အား နာကြည်းမုန်းတီး စရာ ကျူးကျော်သူ နယ်ချဲ့ များဟု မြင်သာအောင် နယ်ချဲ့  မိစ္ဆာများ ဟု နှိမ်ချ ခေါ်ဝေါ် သုံးစွဲ ခဲ့ကြ သကဲ့သို့ ဦးအောင်ဇေယျသည် စစ်ပွဲ ဖြစ်နေစဉ်ကာလတွင် မွန်လူမျိုးတို့ အား နှိမ့်ချစွာ ခေါ်ဆို သုံးစွဲ ခဲ့သော စကားဖြစ်သည် ။ ထို့ ကြောင့် တလိုင်းဟူသော စကားသည် မွန်လူမျိုးဟု အဓိပ္ပါယ် ရသော စကားလုံး မဟုတ်ပဲ ၊ မွန်လူမျိုးတို့  အား နှိမ့်ချစွာ ခိုင်းနှိုင်းထားသော စကားလုံးသာ ဖြစ်သည် ။

ဦးအောင်ဇေယျ သည် မွန်နိုင်ငံတော်အား တိုက်ခိုက် သိမ်းပိုက်ပြီးနောက်ပိုင်းတွင် စစ်ရှုံးသူ မွန်လူမျိုးတို့ အား နှိမ့်ချစွာ ရည်ရွယ်၍ သုံးနှုံး ခေါ်ဆို ခဲ့သော စကား အသုံးအနှုံး ဖြစ်၍ တလိုင်း ဟူသော စကားကို “အဖမဲ့သား” ၊ “ အရိုင်း အစိုင်းများ” ၊ “မျိုးမစစ်များ” ဟု အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ခဲ့ကြသည် ။

မွန်လူမျိုးများသည် တလိုင်းဟု အခေါ်ခံရလျှင် ထီးနန်း ပျောက်ပြီး တိုင်းပြည်မဲ့ ၊ မင်းမဲ့ ဖြစ်နေသော အခြေအနေတွင် နှိမ့်ချ၍ ခိုင်းနှိုင်း ခေါ်ဆိုခံခဲ့ ရသော အခေါ်အဝေါ် ဖြစ်၍ အခြားသော စကားလုံးများ ထက်ပို၍ ခံပြင်းဒေါသ ထွက်ကြသည် ။ တလိုင်းဟူသော စကားသည် တစ်ဦး တစ်ယောက် ထဲအား ရည်ရွယ်သော စကားလုံး မဟုတ် ၊ မွန်လူမျိုးစု တစ်စုလုံးအား နှိမ့်ချ ရည် ရွယ်သော စကားဖြစ်သည် ။ သေချာစွာ စဉ်းစား ဆင်ခြင် ခြင်း မပြုပဲ သုံးနှုံး ပြောဆိုမိ၍ မိတ်ဆွေမှ ရန်သူဖြစ်သွားကြသူများ ၊ စိတ်မကောင်းစရာ ရလဒ်များနဲ့  အဆုံးသတ်ခဲ့ ရသော အဖြစ်အပျက်များ ၊ မလိုလားအပ်ပဲ သွေးမြေ ကျခဲ့ရမှုများ များစွာ ရှိခဲ့သည် ။

အချို့ သောသူများသည် တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို မသိပဲ စာအုပ် အချို့ တွင် မှတ်တမ်းတင် ရေးသားထား သည့်အတိုင်း မှာယွင်းစွာ မှတ်သား သုံးဆွဲ နေကြသည် ။ အဓိပ္ပါယ် အမှန်ကို သိသော်လည်း မွန်လူမျိုး တစ်ဦး တစ်ယောက် အား နောက်ပြောင် လို၍ သော်၎င်း ၊ အခြားသော အကြောင်းများ ကြောင့်သော်၎င်း တလိုင်းဟူ သော စကားကို တမင်ပင် သုံးဆွဲ နေကြသူများလဲရှိသည် ။

အဓိပ္ပါယ်ကို သိလျှက်နဲ့ တလိုင်းဟူသော စကားကို မွန်လူမျိုး တို့ အား ရည်ရွယ်၍ တမင် ဆက်လက် သုံးဆွဲ နေသူများ သေချာစွာ စဉ်းစားရန်လို သည်မှာ - စစ်မှန်သော သာသနာမရှိ ၊ ဘာသာတရား မရှိပဲ မှားယွင်းသော အယူအဆ တွေနဲ့  အရည်းကြီးတို့  အား နှစ်ပေါင်းများစွာ ယုံကြည် ကိုးကွယ်ခဲ့ ကြ သူများသည် မည်သူတွေနည်း ? အခြား လူမျိုးစုအား အရိုင်းအစိုင်းမျိုး ဟု မခေါ်မှီ မိမိ လူမျိုးစု အကြောင်းအား သေချာ သိအောင် အရင် လုပ်သင့်သည် ။

အရည်းကြီးကိုးကွယ်မှု နဲ့ ပတ်သက်၍ လူသိအများဆုံး အစဉ်အလာ တစ်ခုမှာ ပန်းဦးလွှတ်ခြင်း အစဉ်အလာဖြစ်သည် ။ မင်္ဂလာဦးတွင် မိမိ၏ ဇနီးလောင်းအား ပန်းဦးဆက်ရသော အစဉ်အလာ နှင့် နှစ်ပေါင်း များစွာ နေထိုင်ခဲ့ကြသော သူများသည် မည်သူတွေနည်း ? အခြား လူမျိုးစုအား မျိုးမစစ် ဟု မခေါ်မှီ မိမိ လူမျိုးစု အကြောင်းအား သေချာ သိအောင် အရင် လုပ်သင့်သည် ။

မွန်များက ဗမာလူမျိုး များအား အရည်းကြီးမျိုး များဟု ခေါ်ဆို သုံးဆွဲ ကြလျှင် လည်း ဗမာလူမျိုးများ သဘောကျ ကြလိမ့်မည်မထင်ပါ ။

လူမျိုးစုကြား သွေးခွဲလို၍ ဤ Post အား ရေးသား ခြင်းမဟုတ်ပါ ။ ဤ Post ၏ ရည်ရွယ် ချက်သည် မွန်လူမျိုးတို့ အား တလိုင်းများဟု ရေးသား ပြောဆိုနေမှုများအား ရပ်တန့်  ၊ ပြင်ဆင် ကြရန် ဖြစ်သည် ။ နောက်ပိုင်း၌ ပြန်လည် ပုံနှိပ် ထုတ်ဝေသော သမိုင်း မှတ်တမ်း ဟောင်း များတွင် မွန်လူမျိုး များအား တလိုင်းများဟု အစားထိုး ပြောင်းလဲ ပုံနှိပ် ခဲ့ကြ ခြင်းကြောင့် ခေတ်ကာလ ကြာလာလျှင် မွန်လူမျိုး ဟူသော အမည်ပျောက်ဆုံး၍ တလိုင်း ဟုသာ တစ်ကမ္ဘာ လုံးမှ သိရှိတော့မည့် အခြေအနေ မရောက်မှီ - တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို မသိသူများအား ရှင်းပြရန် ၊ မွန်များအား တလိုင်း များဟု ခေါ်ဆို ၊ ရေးသား နေမှုများအား ရပ်တန့် ရန် ၊ မှားယွင်းစွာ မှတ်တမ်းတင် ထားမှုများ အား ပြင်ဆင် နိုင်ရန် ကြိုးစားရမည်မှာ မွန်တစ်မျိုးသား လုံး၏ တာဝန်ဖြစ်သည် ။ ။

“မွန်လူမျိုးများ သည် တလိုင်း မဟုတ်...

တလိုင်း သည် မွန်လူမျိုးများ မဟုတ်”


နိုင်ဖေသိန်းဇြာ ၏ တလိုင်း ဝေါဟာရ သုတေသန စာတမ်း

နိုင်ဖေသိန်းဇြာ ( ဖက်ဒရယ်တက္ကသိုလ် ) ၏ တလိုင်း ဝေါဟာရ သုတေသန စာတမ်း အား မှီငြမ်း ရေးသားပါသည်။ ။

Thursday, 15 April 2010

မြန်မာပြည် ဒုတိယ Iraq ဖြစ်တော့မှာလား ?

သင်္ကြန်ပွဲ တော်မှာ ဗုံးပေါက် တယ်တဲ့ ၊ အရမ်းကို စိတ်မကောင်း ဖြစ်စရာ သတင်း တစ်ခုပါ ။ အဲဒီ သတင်းကို တင်ထားတဲ့ Blog တွေ Site တွေမှာ သတင်းဖတ်ပြီးတဲ့ သူတွေက ဒေါသနဲ့  ဆဲဆိုထားတာတွေ ၊ ၀မ်းနည်းကြောင်း ရေးထားတာတွေ ၊ ဒဏ်ရာရသူတွေကို သွေးလှူတာမျိုးတွေ ၀ိုင်းဝန်းကူညီ ကြဖို့  တိုက်တွန်းထားတာတွေ စတဲ့ ကိုယ့်ခံစား ချက်တွေကို comment ထားခဲ့ ကြတာကို ဖတ်ရတာ စိတ်မကောင်းလဲ ဖြစ်ရ ၊ ဒေါသလဲ ထွက်ခဲ့ရပါတယ် ။

မြန်မာပြည်မှာ အရင်ကလဲပေါက်ကွဲမှုတွေ ဖြစ်ခဲ့ဖူးပါတယ် ။ ပေါက်ကွဲမှု တော်တော်များကို ဘယ်အဖွဲ့  အစည်းကမှ တာဝန်ယူ ၀န်ခံလေ့ မရှိပါဘူး ။ ပြဿနာ တစ်ခု ကိုအဖြေရှာတဲ့ အခါ ဘယ်သူလုပ် တာလဲ ဆိုတာ အရေးကြီးသလို ၊ ဘယ်ကြောင့် ဒီလို လုပ်ရတာလဲ ဆိုတဲ့ အကြောင်းကလဲ ပြဿနာ တစ်ခုကို ဖြေရှင်းနိုင်တဲ့ အရေးကြီးတဲ့အချက်ပါ ။

ဒီပေါက်ကွဲမှုနဲ့  ပတ်သက်ပြီး ဒါဘယ်သူတွေ လုပ်တာဖြစ် နိုင်လဲ ၊ ဘာကြောင့် ဒီလို လုပ်ကြတာလဲ ကျွန်တော် စဉ်းစားကြည့်တယ် ။ တစ်စုံတစ်ဦးကို ရည်ရွယ် တာလား ? အဖွဲ့  အစည်း တစ်ခုခုကို ရည်ရွယ်တာလား ? နိုင်ငံရေး အကြောင်းတွေများ ပါနေ သလား ?

အဖွဲ့ အစည်းတစ်ခုအတွင်းဖြစ်တဲ့ ပြဿနာ ၊ လူတစ်ဦးတစ်ယောက်ကို ရည်ရွယ် တဲ့ ပြဿနာဆိုရင် ဒီလို ပွဲတော် ရက် ၊ ဒီလို နေရာမှာ လုပ်တာဟာ တော်တော်လေးကို လက်မခံ နိုင်စရာ ကိစ္စ ပါ ။

နောက်ဆုံး ကျွန်တော် စဉ်းစား မိတဲ့ အချက်က ကျွန်တော် အဆိုးရိမ်ဆုံးဘဲ ။ ဒီပေါက်ကွဲမှုနဲ့ အတူ နိုင်ငံရေးတွေ ဆက်နွယ်နေသလား ? နိုင်ငံရေးတွေ ဆက်နွယ် နေပြီးဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေဟာ ဒီလို လုပ်ရလောက်တဲ့ အခြေအနေ အထိ ရောက်နေပြီးလား ? မြန်မာပြည်ဟာ ဒုတိယ Iraq နိုင်ငံ ဖြစ်လာတော့မှာလား ?

ဘာအကြောင်း ကြောင့်ဘဲ ဖြစ်ဖြစ် သေချာ တာကတော့ ဒီလိုမျိုး အဖြစ်တွေ ဘယ်သူမှ ထပ်ဖြစ် စေချင်ကြမှာမဟုတ်ဘူး ။ ဒီလို အဖြစ်မျိုးတွေ နောက်ထပ် မဖြစ်ပါစေနဲ့ လို့  သေဆုံးသွားသူများ၏ မိသားစုများနဲ့ ထပ်တူထပ်မျှ ၀မ်းနည်း ရင်း ဆုတောင်းလိုက်ပါတယ် ။

သေဆုံးသွားသူများ ကောင်းရာမွန်ရာ ဘုံဘ၀ ကိုရောက်ရှိကြပါစေ ။ ဒဏ်ရာရရှိ ထားသူများလဲ အမြန် သက်သာပျောက်ကင်းပါစေ ။ ။

Tuesday, 13 April 2010

Federal ပြည်ထောင်စု

Federal Government ဆိုတာ အစိုးရ အဖွဲ့ ငယ် များ
ပေါင်းစပ် ဖွဲ့ စည်းထားတဲ့ အစိုးရအဖွဲ့ ကြီးပါ ။ Federal
Government မှာ ဗဟို အစိုးရ ၊ ပြည်နယ်အစိုးရ နဲ့ 
အခြားသော အစိုးရအဖွဲ့ ငယ်တွေ ပါဝင်ပါတယ် ။ ဖွဲ့ စည်း
ပုံ ဟာ နိုင်ငံအလိုက် တစ်နိုင်ငံ နဲ့  တစ်နိုင်ငံ မတူကြဘူး ။
အခြေခံ တူညီတဲ့ Federal Government ဖွဲ့ စည်းပုံ
တွေကတော့ ၊ နိုင်ငံ အတွင်းမှာ အစိုးရအဖွဲ့  အဆင့်ဆင့်
ရှိပြီး ၊ အဲဒီအစိုးရ အဖွဲ့ တွေဟာ အတူတကွ သော်၎င်း ၊
အာဏာခွဲဝေ၍ သော်၎င်း အုပ်ချုပ်ကြတယ် ။

ဗဟိုအစိုးရ မှာ တစ်နိုင်ငံ လုံး နှင့်ဆိုင်သော ဥပဒေ များ
ထုတ်ပြန် ခွင့်ရှိတယ် ။ ဥပမာ - တစ်နိုင်ငံလုံး ကို ကိုယ်စား
ပြုပြီး နိုင်ငံတကာနဲ့ ဆက်ဆံ ရသော စစ်ရေး ၊
ကုန်သွယ်ရေး ၊ မဟာမိတ် နိုင်ငံဖွဲ့ ရေး ၊ နိုင်ငံတော်
ကာကွယ်ရေး အစရှိတဲ့ တစ်နိုင်ငံလုံး ကို ကိုယ်စားပြု တဲ့
အချုပ်အခြာ အာဏာဟာ ဗဟို အစိုးရမှာပဲ ရှိတယ် ။

ပြည်နယ် အစိုးရ အဖွဲ့ တွေမှာ တစ်နိုင်ငံလုံးနဲ့  သက်ဆိုင်
တဲ့ ဥပဒေ ထုတ်ပြန်ခွင့် မရှိပေမဲ့ ၊ လွှတ်တော်မှာ တင်ပြ
ပိုင်ခွင့် ၊ ဆွေးနွေးခွင့် တွေရှိတယ် ။ အုပ်ချုပ်ရာ နယ်မြေ
တွင်းမှာ သူ့ ရဲ့ အချုပ်အခြာ အာဏာ ဟာ နိုင်ငံတစ်နိုင်ငံ
၏ အချုပ်အခြာ အာဏာ ကဲ့သို့  တည်မြဲ ပြီး ၊ အခြားသော
အစိုးရ အဖွဲ့ တွေက ၀င်ရောက် စွက်ဖက် ပိုင်ခွင့်မရှိဘူး ။
ဗဟိုအစိုးရ ကထုတ်ပြန်တာမဟုတ်ပဲ ပြည်နယ်အစိုးရ
တစ်ခုကထုတ်ပြန်တဲ့ ဥပဒေ ဟာ တစ်ခြား ပြည်နယ်တစ်ခု
မှာ သက်ရောက် မှုမရှိဘူး ။

ဥပမာအနေနဲ့  -

• ပညာရေးပိုင်းမှာ - ပြည်နယ်တစ်ခုမှာ အထက်တန်း ကျောင်းသား များကို သိပ္ပံ / ၀ိဇ္ဇာ ကျောင်းသား လို့  ခွဲခြား သတ်မှတ်ပြီး ၊ သိပ္ပံကျောင်းသားက ဘယ် ဘာသာရပ်တွေ ၊ ၀ိဇ္ဇာ ကျောင်းသား က ဘယ် ဘာသာ ရပ် တွေ ကိုသင်ကြား ရမယ်လို့  ပုံသေ သတ်မှတ် ထားပေမဲ့ ၊ အခြား ပြည်နယ် တစ်ခုမှာ မြန်မာစာ ၊ အင်္ဂလိပ်စာ နဲ့  သချာင်္ ဘာသာရပ်များ ကသာ မသင်မနေရ ဘာသာရပ်တွေ ဖြစ်ပြီး အောင်မြင် ရမဲ့  ဘာသာရပ် အရည်အတွက် ပြည့်အောင် ကျန်ရှိတဲ့ ဘာသာရပ်တွေထဲက မိမိ စိတ်ကြိုက်ဘာသာရပ် တွေကို ရွေးချယ် သင်ယူ ပိုင်ခွင့်ရှိတာမျိုး

• ပြည်နယ်တွင်းဥပဒေပိုင်းမှာ - ပြည်နယ် တစ်ခုမှာ ယာဉ်စည်းကမ်း ဖောက်ဖျက်ရင် ဒဏ်ငွေ ဘယ်လောက် ပေးဆောင်ရ မယ် လို့  သတ်မှတ် ထားပေမဲ့ ၊ အခြားပြည်နယ် တစ်ခုမှာ ဒဏ်ငွေ အပြင် ထောင်ဒဏ်ကိုပါ ပူးတွဲ ကျခံ ရမယ်လို့  သတ်မှတ် ထားတာမျိုး

• ပြည်နယ် တစ်ခုမှာ ရဲဝန်ထမ်း ၀တ်စုံကို အသား ရောင် လို့  သတ်မှတ်ထား ပေမဲ့ ၊ အခြားပြည်နယ် တစ်ခုမှာ အပြာရောင် လို့  သတ်မှတ်ထား တာမျိုး

• ပြည်နယ်တစ်ခုမှာ ကုန်ပစ္စည်းအချို့ ကို ( ဥပမာ-အချိုမှုန့်  ၊ ကျွဲရိုင်း ) တရားဝင် ရောင်းချခွင့် မရှိလို့  သတ်မှတ်ထား ပေမဲ့ ၊ အခြား ပြည်နယ် တစ်ခုမှာ တရားဝင် ရောင်းချခွင့် ပြုထား တာမျိုး

ပြည်နယ် (သီးခြားအုပ်ချုပ်ခွင့်ရနယ်မြေ) တစ်ခု နဲ့  တစ်ခု
ပြဋ္ဌာန်း ထားတဲ့ ဥပဒေ တွေကွဲ ပြားနိုင်တယ် ။ ပြည်နယ်
အတွင်း နေထိုင် ကြတဲ့ ပြည်သူ တွေဟာ ကိုယ့်ပြည်နယ်
အစိုးရကို ကိုယ့်စိတ်ကြိုက် ရွေးချယ် တင်မြှောက်ခွင့်
ရှိတယ် ။ ပြည်နယ်အစိုးရ လက်အောက်မှာ အခြား အစိုးရ
အဖွဲ့ ငယ်တွေရှိတယ် ။ မြို့ တော်ဝန်တို့  ၊ ကျေးရွာ သူကြီး
တို့ ဟာ ပြည်နယ် အစိုးရ လက်အောက်က အစိုးရအဖွဲ့ 
ငယ်တွေ ဖြစ်တယ် ။

ပြည်နယ်အစိုးရရဲ့  အချုပ်အခြာအာဏာဟာ အုပ်ချုပ်ရာ
နယ်မြေ အတွင်းမှာ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ
ကဲ့သို့  တည်မြဲ တယ်ဆို ပေမဲ့ ၊ ပြည်နယ် အစိုးရတွေဟာ
စစ်တပ်ဖွဲ့ စည်းပိုင်ခွင့် ၊ အခြားသော နိုင်ငံ များကို စစ်
ကြေညာခွင့် ၊ အခြားသော နိုင်ငံများနဲ့  မဟာမိတ်ဖွဲ့ ခွင့် ၊
ကုန်သွယ်ခွင့် စာချုပ် ချုပ်ဆို ခွင့် လိုမျိုး အချုပ်အခြာ
အာဏာ တွေမှာ အကန့် အသတ် တွေရှိပါတယ် ။ ပြည်နယ်
အစိုးရရဲ့  လုပ်ပိုင်ခွင့် တွေဟာ နိုင်ငံရဲ့ အခြေခံ ဥပဒေ ပေါ်
မူတည်ပြီး တစ်နိုင်ငံ နဲ့  တစ်နိုင်ငံ မတူကြပါဘူး ။ အချို့ သော
နိုင်ငံတွေမှာ ပြည်နယ် အစိုးရက ပြည်နယ်အတွင်း အခွန်
အတိုး အလျှော့ လုပ်ပိုင်ခွင့်ရှိ ပေမဲ့ ၊ အချို့ သော နိုင်ငံတွေမှာ
လုပ်ပိုင် ခွင့် မရှိပါဘူး ။

အမေရိကန် နိုင်ငံဟာ ပထမဆုံး Federal Government
စနစ်ကို စတင် ကျင့်သုံး ခဲ့ တဲ့ နိုင်ငံ ဖြစ်ပြီး ၊ အင်္ဂလိပ်
လက်အောက်ကလွတ်လပ်ရေး ရပြီးနောက်ပိုင်း ( ၁၇၈၁ )
က စပြီး Federalism ကို စတင်ကျင့် သုံးခဲ့တယ် ။
Wikipedia အရ လက်ရှိ Federal Government စနစ်ဖြင့်
အုပ်ချုပ်နေတဲ့ နိုင်ငံတွေကတော့ -

• Argentina (23 provinces and 1 autonomous city)
• Australia (6 states and 3 territories)
• Austria (9 states)
• Belgium (3 regions and 3 linguistic communities)
• Bosnia and Herzegovina (Federation of Bosnia and Herzegovina, Republika Srpska and Brčko District)
• Brazil (26 states and 1 federal district)
• Canada (10 provinces and 3 territories)
• Comoros (Anjouan, Grande Comore, Mohéli)
• Ethiopia (9 regions and 3 chartered cities)
• Germany (16 states)
• India (28 states and 7 union territories)
• Iraq (Currently 18 governates and 1 region)
• Malaysia (13 states and 3 federal territories)
• Mexico (31 states and 1 federal district)
• Micronesia (Chuuk, Kosrae, Pohnpei and Yap)
• Nigeria (36 states and 1 federal capital territory)
• Palau (16 states)
• Russia (46 oblasts, 21 republics, 9 krais, 4 autonomous okrugs, 2 federal cities, 1 autonomous oblast)
• Switzerland (26 cantons)
• United Arab Emirates (7 emirates)
• United States (50 states and 1 federal district)
• Venezuela (23 states, 1 capital district and 1 federal dependency)

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာလဲ
တိုင်းရင်သားခေါင်းဆောင်များနဲ့  ပင်လုံစာချုပ် ချုပ်ဆိုပြီး ၊
မြန်မာ နိုင်ငံမှာ Federal Government စနစ် တည်ထောင်
နိုင်ရန် ကြိုးစားခဲ့သူ ဖြစ်တယ် ။

တိုင်းရင်းသား ခေါင်းဆောင် တွေက ပြည်နယ် အတွင်း
ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရှိရမယ်လို့ပြောရင် ၊ ပြည်ထောင်စု
ကြီး မှ သီခြားနိုင်ငံ အဖြစ် ခွဲထွက်လိုသူဟုတလွဲ နားလည်
သဘောပေါက် နေသူများ လည်းရှိတယ် ။ ပြည်နယ်
များမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိရေး နဲ့  သီခြား နိုင်ငံ အဖြစ်
ခွဲထွက် တည်ထောင် ခြင်းဟာ အဓိပ္ပါယ် ချင်း လုံးဝ ကွဲလွဲ
ပါတယ် ။

တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုပေါင်း နေထိုင် ကြတဲ့
ကျွန်တော် တို့ ရဲ့မြန်မာနိုင်ငံမှာ တိုင်းရင်းသားများ
အတူတကွ ချစ်ခင် ရင်းနှီး စွာနေထိုင် နိုင်ဖို့ နဲ့  သက်တမ်း
ကြာရှည်စွာ အဆုံးမသတ် နိုင်သေးတဲ့ ပြည်တွင်းစစ် တွေ
ရပ်တန့် နိုင်ဖို့ အတွက် Federal ပြည်ထောင်စု စနစ်ဟာ
တစ်ခုတည်း သော နည်းလမ်းသာ ဖြစ်တယ် ။ ။

ကျွန်တော်သည် နိုင်ငံရေး သမားတစ်ဦး မဟုတ်သလို
ဥပဒေ ရေးရာ များကို နားလည်သူလဲ မဟုတ်ပါ ။
ကျွန်တော် ဖတ်မိသော စာများအား နားလည်သမျှ နဲ့ 
ဆက်စပ်တွေးမိသမျှ များကို ရေးသားထားခြင်းသာ
ဖြစ်သည် ။


Sunday, 11 April 2010

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ကျွန်တော်တို့ ရဲ့ မြန်မာနိုင်ငံတော်ကြီးဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်း
နေထိုင်ကြတဲ့ နိုင်ငံတော်ကြီးပါ ။ တိုင်းရင်းသားတွေထဲမှာ ကိုယ့်ထီးကိုယ့်နန်း
နဲ့  သီးခြား ရပ်တည် နေထိုင်ခဲ့တဲ့ လူမျိုးစု တွေလဲ ရှိပါတယ် ။ တိုင်းရင်းသား
လူမျိုးစု တိုင်းမှာ သီးခြား ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင်စာပေ ၊ ကိုယ်ပိုင်
ရိုးရာ အစဉ်အလာတွေ ရှိ ကြပါတယ် ။

လူမျိုးစုတိုင်းရဲ့ မျိုးဆက်သစ်တွေ မွေးဖွားလာတာနဲ့ အတူ သူတို့ ရဲ့ 
သွေးထဲမှာ ကိုယ်လူမျိုးကို ချစ်တဲ့စိတ် ၊ ကိုယ့်စာပေ ကို မပျောက်ကွယ်
သွားအောင် ကာကွယ်လိုတဲ့စိတ် ၊ ကိုယ့်ယဉ်ကျေးမှု ကို ထိမ်းသိမ်းလိုတဲ့
စိတ်တွေဟာ မွေးထဲက အနည်း နဲ့ အများတော့ ပါလာပြီးသားပါ ။ လူမျိုးစု
တစ်စုရဲ့  ယဉ်ကျေးမှု အစဉ်အလာတွေ ၊ စာပေတွေ ၊ သမိုင်းကြောင်းတွေ
ဟာ ကျောင်းသုံး ဖတ်စာအုပ်တွေ ၊ သမိုင်း မှတ်တမ်း စာမျက်နှာ တွေပေါ်မှာ
မပါ ယုံနဲ့  ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး ။ ဆက်လက် သယ်ဆောင်
သွားမဲ့ မျိုးဆက်တွေဟာ လူမျိုးစုတိုင်းမှာ ရှိနေဦးမှာပါ ။

ပဒေသရာဇ်ခေတ်မှာ တိုင်းရင်းသား အိမ်နီးချင်း နိုင်ငံ အချင်းချင်း နယ်မြေနဲ့  ၊
သြဇာ အာဏာချဲ့ ထွင်ဖို့  အတွက်စစ်ခင်းခဲ့ ကြတယ် ။ ကုန်းဘောင်ခေတ်မှာ
ဗမာလူမျိုးစုဟာ အခြားသော တိုင်းရင်းသား လူမျိုးစု နိုင်ငံ တွေကို စစ်နိုင်ပြီး
ဗမာနိုင်ငံတော်ဆိုပြီး ရပ်တည်ခဲ့တယ် ။ စစ်ရှုံး တိုင်းရင်းသားလူမျိုးစု တွေဟာ
ကိုယ့်နိုင်ငံတော် ပြန်လည် တည်ထောင် နိုင်ရေး အတွက် မျိုးချစ်သူရဲကောင်း
တွေ စုပြီး ဗမာဘုရင် ကို တော်လှန် ပုန်ကန် ခဲ့ကြတယ် ။

( ၁၈၈၅ ) ခုနှစ်နောက်ပိုင်း ဗမာတစ်နိုင်ငံလုံး အင်္ဂလိပ် လက်အောက်ကို
ကျရောက်ပြီး နောက်မှာ လူမျိုးစုတိုင်းရဲ့ ဘုံရန်သူဟာ အင်္ဂလိပ်နယ်ချဲ့ 
တွေဖြစ်လာခဲ့တယ် ။ တိုင်းရင်းသား လူမျိုးစု တွေဟာ အင်္ဂလိပ်အစိုးရရဲ့ 
လက်အောက်က လွတ်မြောက်ဖို့  အတွက် အတူတကွ လက်တွဲပြီး
တိုက်ပွဲဝင် ကြိုးစားခဲ့ ကြတယ် ။ မြန်မာနိုင်ငံရဲ့  လွတ်လပ်ရေး သမိုင်း
မှတ်တမ်းမှာ ထင်ရှားခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ရှိသလို ၊
မထင်မရှားနဲ့  အခြား တိုင်းရင်းသား လူမျိုးစုတွေနဲ့ ရင်ဘောင်တန်း
တိုက်ပွဲဝင်ပြီး အသက် ပေးသွား ခဲ့တဲ့ တိုင်းရင်းသားတွေလဲ အများအပြား
ရှိခဲ့တယ် ။

( ၁၉၄၇ ) ခုနှစ် ၊ ဖေဖော်ဝါရီ ( ၁၂ ) ရက်နေ့  မှာ -

• “ တိုင်းရင်းသား ပြည်နယ်များတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိရေး ”
• “လူနည်းစု တိုင်းရင်းသားများအတွက် ခိုင်လုံသော ကာကွယ်မှု ဥပဒေ များ
ပါဝင်ရေး ”

အစရှိတဲ့ အချက်များ ၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေတွင်
ပါဝင်ရမည်ဆိုတဲ့ သဘောတူညီချက်များ ပါဝင်တဲ့သမိုင်းဝင် “ပင်လုံစာချုပ်”
ကို ဗိုလ်ချုပ်အောင်ဆန်း နဲ့  တိုင်းရင်းသား ခေါင်းဆောင်တွေ လက်မှတ်
ရေးထိုးပြီး အင်္ဂလိပ် အစိုးဆီက လွတ်လပ်ရေး ကို အတူတကွ ရယူဖို့ 
သဘောတူခဲ့ ကြတယ် ။

နိုင်ငံရေးအမြင် မတူတဲ့ အဖွဲ့ အစည်းတွေ ၊ အခွင့်အရေး မတူညီတဲ့
တိုင်းရင်းသား အဖွဲ့ အစည်းတွေ ကြားက မပြေလည်မှုတွေကို ဖြေရှင်းဖို့ 
ကြိုးစား နေစဉ်ကာလမှာပဲ ( ၁၉၄၇ ) ခုနှစ် ၊ ဇူလိုင် ( ၁၉ ) ရက်နေ့ မှာ
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတယ် ။ ( ၁၉၄၈ ) ခုနှစ်မှာ မြန်မာပြည်
လွတ်လပ်ရေး ရခဲ့တယ် ။

လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးစု အားလုံး အတွက်
ခိုင်လုံသော အခြေခံ ဥပဒေ ပေါ်ပေါက် မလာပဲ ၊ အဖွဲ့ အစည်း တွေကြား
မပြေလည်မှုတွေ ပိုမိုကြီးထွားလာပြီး ၊ ပြည်တွင်းစစ်တွေ ဖြစ်လာခဲ့တယ် ။
ဒီနေ့ အထိ မပြီး ဆုံးသေးသောပြည်တွင်းစစ် တွေကြောင့် ကျွန်တော်တို့ 
နိုင်ငံဟာ ကမ္ဘာ ပေါ်မှာပြည်တွင်းစစ်သက်တမ်း အကြာရှည်ဆုံး နိုင်ငံ
တစ်နိုင်ငံ ဖြစ်ခဲ့ရတယ် ။

ကျွန်တော်တို့  နိုင်ငံတွင်းမှာ ရှိတဲ့ တိုင်းရင်းသားတွေ အတူတကွ အေးချမ်းစွာ
လက်တွဲ နေထိုင်ဖို့ အတွက် ဘယ်အဖွဲ့ အစည်း ၊ ဘယ်အသင်းအဖွဲ့  က
အုပ်ချုပ် နေတယ် ဆိုတာထက် ၊ လူမျိုးစုတိုင်းအတွက် အခွင့်အရေး တွေကို
အာမခံချက်ရှိတဲ့ ခိုင်လုံတဲ့ အခြေခံ ဥပဒေ ရှိဖို့ နဲ့  တိုင်းပြည်အုပ်ချုပ်တဲ့ အဖွဲ့ 
အစည်းဟာ အဲဒီ အခြေခံ ဥပဒေကို လိုက်နာဖို့ ကသာ ပိုအရေးကြီးတဲ့
အချက်ဖြစ်ပါတယ် ။ ။

It is an unfortunate fact that we can secure peace only by preparing for war.
John F. Kennedy

If we are to live together in peace, we must come to know each other better.
Lyndon B. Johnson

Sunday, 28 March 2010

တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်

ငါ့ဆီ ငါပြန်ရောက်ပါတော့မလား
မြေပုံကြမ်းကြည့်ပြီး
လှမ်းလျှောက်နေရတာ…မောလှပြီ။

ငါ့ကို ယုံပါ။
ငါဟာ…
လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ။

ငါ…မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ…
ငါ့ကို…ယုံပါ။

လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကဘဲ တောင်းခဲ့သူပါ
ငါ့ကိုယုံပါ။

(ဖိနပ်မစီးထားတဲ့ ကလေးငယ်လိုပဲ…
ဘယ်သူကမှ…
အိမ်ထဲဝင်ဖို့  ငါ့ကိုမဖိတ်ချင်ကြဘူး)

လက်တစ်ဖက်နဲ့ 
ခေါ်လို့ မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့  လှမ်းခေါ်တော့လည်း
အရာမထင်ဘူး။

ငါ…တတ်တဲ့မြေကြီးစကားနဲ့ 
ကောင်းကင်ကြီးနားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ…။ ။

ကျွန်တော့် အကြိုက်ဆုံး စာရေးဆရာ တစ်ဦးဖြစ်တဲ့ “တာရာမင်းဝေ” ရဲ့ 
“စောင်းကြိုးပြတ်ရွာ မွန်းတည့်အလွန်(၄)နာရီ ” ဆိုတဲ့ လုံးချင်း ၀တ္ထု
နောက်ဆုံး မှာ ပါတဲ့ ကဗျာ လေးပါ ။ ဖတ်ပြီးပြီးချင်း ကျွန်တော့်ကို
ချကူးရေးပြီး အမှတ်တရသိမ်းထားချင်စိတ် ပေါ်လာစေတဲ့ ကဗျာလေးပါ။

အဲဒီ ကဗျာလေးကြောင့် ၊ အဲဒီ လုံးချင်းဝတ္ထု ကို ကျွန်တော် အမှတ်တရ
ဝယ်သိမ်းဖြစ်ခဲ့တယ် ။ အဲဒီလို ၀ယ်သိမ်းခဲ့ လို့ လဲ အဲဒီ ကဗျာလေးက
ကျွန်တော့် ဘ၀မှာ အမှတ်တရ တစ်ခုဖြစ်စေခဲ့တယ်…

ကြာတော့ကြာပါပြီး ၊ ကြာပါပြီးဆိုပေမဲ့လဲ ရှေးရှေးတုန်းကလို့ 
ပြောရလောက်အောင် ကြာတာတော့ မဟုတ်ပါဘူး ။ အမှတ်တရ
သာမဟုတ် ခဲ့ရင် မှတ်မိမှာ မဟုတ်တော့တဲ့ အချိန်အတိုင်းအတာ တစ်ခုက
ဇာတ်လမ်းလေးပါ ။

ညနေခင်းတစ်ခုမှာ ကျွန်တော် ကိုယ်တိုင်ပြောမထွက်တဲ့ စကားတွေ အစား
ကောင်မလေး တစ်ယောက်ကို နှင်းဆီပန်း အ၀ါရောင်လေး တစ်ပွင့်ပေးဖို့ 
ကျွန်တော် ကြိုးစားခဲ့ဖူးတယ် ။ မမျှော်လင့်တဲ့ အခြေအနေ တစ်ခုကြောင့်
မပေးဖြစ်ခဲ့ဘူး ။ မမျှော်လင့်တဲ့ အခြေအနေ ဆိုတာ ကလဲ ကျွန်တော်ကသာ
မမျှော်လင့်ခဲ့တာပါ ။

အဲဒီညမှာပဲ ကောင်မလေးက sorry ဆိုတဲ့ စကားနဲ့ အတူ ကျွန်တော့်ကို
ဖုန်းခေါ် ခဲ့တယ် ။ အဲဒီညမှာ ကောင်မလေးပြောတဲ့ sorry ဆိုတာက
မမျှော်လင့်ဘဲ ပြောင်းသွားတဲ့ အခြေအနေကို ၀မ်းနည်းလို့ မဟုတ်ဘဲ ၊
အားနာလို့ ပြောတဲ့ sorry ဆိုတာ ကောင်မလေးရော ၊ ကျွန်တော်ရော
သိနေခဲ့တယ် ။

အဲဒီညမှာပဲ ကျွန်တော် အမှတ်တရ သိမ်းထားခဲ့တဲ့ တာရာမင်းဝေ ရဲ့ 
ကဗျာလေး ကို ပြန်ရှာ ပြီး ကောင်မလေးဆီကိုပို့ ခဲ့ ဖူးတယ်။ ။

Saturday, 3 October 2009

ပုံပြင် မဟုတ်သော ပုံပြင်

သူ့ ကို လူလတ်တန်းစား မိသားစုက မွေးဖွားခဲ့တယ် ။ သူ့ မှာ သူ့ ကိုချစ်တဲ့
မိဘနဲ့  ညီအစ်ကို မောင် နှစ်မတွေရှိတယ် ။ သူတို့ မိသားစုဟာ အရမ်း
ချမ်းသာတဲ့ သူတွေ မဟုတ်ပေမဲ့ လူတန်းစေ့ နေနိုင်ကြတယ် ။ သူ့ မိဘတွေဟာ
သူတို့  ညီအစ်ကို မောင်နှစ်မတွေကို ဘာအတွက်ကြောင့်နဲ့ မှ မျက်နှာမငယ်
ရအောင် အမြဲတမ်းထားတယ် ။ ကိုယ်လုပ်ချင်တာဆို ဘာကိုမှ ဂရုမစိုက်ဘဲ
လုပ်တတ်တဲ့ အကျင့်ကြောင့် သူဟာ ပြဿနာတွေနဲ့  ကြာကြာ ဝေးမနေ
တတ်ဘူး ။ အကြောင်း အမျိုးမျိုး ကြောင့် တစ်နေ့ မှာ သူချစ်တဲ့လူတွေနဲ့ ၊ သူ့ ကို
ချစ်တဲ့လူတွေ အားလုံးကိုခွဲပြီး ဝေးရာကို သူထွက်ခဲ့တယ် ။

ဒီလိုထွက်ခဲ့တာဟာ သူ့  အတွက် ပထမဆုံးအကြိမ် မဟုတ်ပေမဲ့ ၊
ဒီတစ်ခေါက်မှာ သူ့ ဘဝအတွက် မေ့လို့ မရတဲ့ ပထမဆုံး အတွေ့ အကြုံ
တွေသူရခဲ့တယ် ။ အိပ်ခွင့်မရတဲ့ ညတွေ ၊ ဝမ်းဖြည့်စရာ ဘာမှမရှိတဲ့ နေ့ ရက်
တွေ နဲ့  အသက်အန္တရာယ် တွေကြားမှာ အေးချမ်းလှတဲ့ အရိပ်ကို သူ အရမ်း
တောင့်တခဲ့တယ် ။ လက်ရှိရောက်နေတဲ့ နေရာကို “ အမည်းရောင်မြေ ” လို့  သူ
နာမည် ပေးထားတယ် ။ ဒီနေရာ ကနေ လွတ်မြောက်နိုင်မဲ့ လမ်းစ ကိုလဲ သူ
မတွေ့ ဘူး ။ အချိန်တွေ ကြာလာတာနဲ့ အတူ အရင်က သူ ငြိမ်းချမ်းစွာ နေထိုင်
ခဲ့ဖူးတဲ့ ၊ သူ့ ကိုအမြဲတမ်း ဝမ်းသာအားရ ကြိုဆိုနေ တတ်တဲ့ အဝေး တစ်နေရာ
မှာရှိနေတဲ့ အေးချမ်းလှတဲ့ အရိပ်တစ်ခုဟာ သူ့ အတွက် အိပ်ခွင့်ရတဲ့ ညတွေမှာ
မက်တဲ့ အိမ်မက်လှလှ တစ်ခုဖြစ်လာတယ် ။ သူ့ ဘဝ ဟာ ဒီနေရာမှာဘဲ
အဆုံးသတ် တော့မဲ့ အတူတူ မြန်လေ ကောင်းလေ ဆိုပြီး မကြံ စည်
သင့်တာတွေ ကိုလဲ တစ်ကြိမ်ထက် မနည်း သူ လုပ်ခဲ့တယ် ။ အကြိမ်ကြိမ်
မအောင်မြင်ခဲ့တဲ့ အကြံအစည်တွေဟာ နောက်ဆုံးမှာ သူ့ ဘဝ ဒီမှာဘဲ
အဆုံးသတ် တော့မယ်ဆိုတဲ့ သူ့ အမြင် ကိုပြောင်းလဲစေ ခဲ့တယ် ။
မျှော်လင့်ချက်တွေ ပြန်လည်မွေးဖွားလာတယ် ။ သူ့ ရဲ့ တစ်ခုတည်းသော
ရည်ရွယ်ချက်ဟာ သူ့ ကို အမြဲတမ်း ကြိုဆိုနေတဲ့ အရိပ်တစ်ခု ရှိတဲ့ နေရာကို
ပြန်ရောက်ဖို့ ဖြစ်လာတယ် ။ လက်ရှိအခြေအနေကနေ လွတ်မြောက်နိုင်မဲ့
အခွင့်အလမ်း တွေကို အမြဲတမ်း စောင့်ကြည့်နေတတ်သလို ၊ အခွင့်အလမ်းတွေ
ပေါ်လာအောင်လဲ အမျိုးမျိုး ကြိုးစားခဲ့တယ် ။ သူ့ ရဲ့ ကြိုးစားမှုတွေ အရာထင်
ခဲ့တယ် ။ တစ်နေ့ မှာ သူမျှော်လင့်နေတဲ့ အခွင့်အလမ်းတစ်ခုကို သူ ရခဲ့တယ် ။

အဝတ်အစားနွမ်းနွမ်း ၂စုံ ၊ ငွေအကြွေတစ်ချို့ နဲ့  အကြမ်းခံ ဖိနပ်တစ်စုံ
စုထည့်ထားတဲ့ ဂုန်နီအိတ် အစုတ်တစ်လုံးကို ပိုက်ပြီး ဒီနေရာနဲ့  ဝေးနိုင်သမျှ
ဝေးအောင် မနားတမ်း သူပြေးခဲ့တယ် ။ လမ်းမှာ ဘယ်နှစ်ကြိမ်လဲပြီး
ဘယ်နှစ်ကြိမ် ပြန်ထခဲ့ရလဲ သူမမှတ်မိတော့ဘူး ။ ည ဘယ်နှစ်ည ကို ဖြတ်ခဲ့
ရလဲဆိုတာလဲ ဇဝေဇဝါ ဘဲ ။ သွေးသံ ရဲရဲနဲ့  ဒဏ်ရာတွေက ဘယ်နေရာမှာ
ဘယ်လိုရခဲ့တာလဲ ဆိုတာကို သူပြန် စဉ်းစားလို့ မရတော့ဘူး ။ ဒါတွေက သူ့ 
အတွက် အရေးမကြီးတော့ဘူး ။ ခုဆို အမည်းရောင်မြေ ကနေ သူလွတ်မြောက်
ခဲ့ပြီး ။ အဝေးပြေးကုန်တင်ယာဉ် မောင်းတဲ့ လူတစ်ယောက်ရဲ့ ကြင်နာ တတ်တဲ့
စိတ် ၊ ကူညီတတ်တဲ့ စိတ်ကြောင့် သူသွားချင်တဲ့ မြို့ ကိုလဲ လမ်းကြုံလိုက်ခွင့်ရ
ခဲ့ပြီး ။ ကုန်တင်ယာဉ် ရဲ့ နောက်ဖက် ကုန်တွေကြားမှာ သူပိုင်ဆိုင်သမျှ အားလုံး
ထည့်ထားတဲ့ ဂုန်နီအိတ် အစုတ်လေးကို ပိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် သူ အိပ်ပျော်
ခဲ့တယ် ။

တရေးလန့် နိုးတော့ သူ ပထမဆုံး သတိထား မိတာက ကုန်တင်ယာဉ်ဟာ
တစ်နေရာထဲမှာ ရပ်နေတယ် ။ မလှမ်းမကမ်း က မသဲမကွဲ စကားသံတွေကိုလဲ
ကြားနေရတယ် ။ စကားသံတွေ ကြားရတဲ့ဘက်ကို ခေါင်းထောင်ပြီး လှမ်းကြည့်
လိုက်တော့ အရိပ်ကောင်းကောင်း သစ်ပင်အောက်မှာ ဖွင့်ထား တဲ့
ထမင်းဆိုင်လေး တစ်ဆိုင်ကိုတွေ့ တယ် ။ ကားသမားတွေ ထမင်းစား ခဏ
နားနေတာ ဆိုတာ သူသိလိုက်တယ် ။ ထမင်းဆိုတဲ့ အတွေး ခေါင်းထဲဝင်
လာတာနဲ့  ချက်ချင်းသူ ဗိုက်ဆာလာတယ် ။ ထမင်း မစား ခဲ့ရတာ
ဘယ်နှစ်ရက်ရှိပြီးလဲ သူ မမှတ်မိ တော့ဘူး ။ ရက်တွေကို သူ မရေတွက်ခဲ့
တာကြာပြီး ။ ကုန်ကားပေါ်ကနေ ဆင်းပြီး ဂုန်နီအိတ်စုတ်ကို လက်တစ်ဖက်
ကပိုက် ၊ ပါလာတဲ့ ငွေအကြွေအချို့ ကို ကျန်တဲ့လက် တစ်ဖက်ထဲမှာ ကျစ်ကျစ်
ပါအောင်ကိုင်ပြီး ထမင်းဆိုင် ဆီကို သူလျှောက်ခဲ့ တယ် ။

ဟောင်းနွမ်းလွန်းနေတဲ့ အဝတ်အစား တွေ ၊ သပ်သပ်ရပ်ရပ် ဖြတ်ညှပ် ထားတာ
မဟုတ်ဘဲ ကြိုးတိုးကြောင်တောင် ရှည်ချင်သလို ရှည်နေတဲ့ သူ့ ရဲ့ ဆံပင်တွေနဲ့ 
ဖြေးဖြေးချင်း လျှောက်လာတဲ့ သူ့ ရဲ့  ပုံစံကြောင့် လူတွေအားလုံး ရဲ့ အကြည့်
ဟာ သူ့ ဆီ ရောက်လာတယ် ။ သူဒါတွေကို ဂရုမစိုက်အားဘူး ။ ထမင်းဆိုင်
ပိုင်ရှင်လို့ ထင်ရတဲ့ အဒေါ်ကြီးဆီကို တန်းပြီးလျှောက်ခဲ့တယ် ။ ထမင်းဆိုင်ထဲက
ထမင်းနံ့ ၊ ဟင်းနံ့ တွေကြောင့် ဗိုက်က ပိုဆာ လာတယ် ။ ထမင်းတစ်ပွဲ
ဘယ်လောက်လဲဆို တဲ့ သူ့ ရဲ့ အမေးကို ထမင်းဆိုင်ပိုင်ရှင်က မျက်နှာကြော
တင်းတင်း လေသံမာမာနဲ့ ပြန်ဖြေခဲ့ တယ် ။ သူ့ လက်ထဲကအကြွေ တွေကိုငုံ့ ပြီး
ရေကြည့် လိုက်တယ် ။ သူမှာရှိတာအားလုံးပေါင်း က ထမင်းတစ်ပွဲတန်ဖိုးရဲ့ 
တစ်ဝက်စာတောင် မပြည့်ဘူး ။ ချက်ချင်း မျက်ရည်တွေဝဲလာတယ် ။
ရုတ်တရက် သူဘာလုပ် ရမှန်း မသိဘူး ။ ထမင်းဆိုင်ပိုင်ရှင် ကိုပြန်မော့
ကြည့်လိုက်တယ် ။ အကြွေတွေ ဆုပ်ကိုင်ထားတဲ့ လက်ကို ဖြန့် ပြပြီး ထမင်း
ချည်း ဒီအကြွေရှိ သလောက် ရောင်းပေးပါလား လို့  တောင်းပန်သံ နဲ့ 
ပြောလိုက်တယ် ။ ထမင်းမစား ရတာ ကြာပြီးဆို တဲ့ အကြောင်းလဲ
ဆက်ပြောလိုက် တယ် ။ မျက်ရည်ဝဲပြီး တောင်းပန်သံနဲ့  ပြောနေတဲ့  သူ့ ရဲ့ 
လေသံကြောင့်လား ၊ ထမင်းမစားရတာ ကြာပြီးဆိုလို့ လား တော့ မသိဘူး
ဆိုင်ရှင် ရဲ့ မျက်နှာဟာ ချက်ချင်းပြောင်းသွားတယ် ။ ဖက်ရွက်တစ်ရွက် ကို
ဆွဲထုတ်ပြီး ဖက်ရွက်ပေါ်မှာ ထမင်းတွေကို ပုံ ၊ ထမင်း ပေါ်မှာ ဟင်းရည်အချို့ 
ဆမ်းပြီး သူ့ ကိုလှမ်းပေးတယ် ။ ထမင်းထုပ် ကိုလှမ်းယူရင်း လက်ထဲရှိတဲ့
အကြွေတွေ လှမ်းပေးတော့ ပေးစရာ မလိုကြောင်းဆိုင်ရှင် ကပြန်ပြောတယ် ။
ထမင်းထုပ်နဲ့  လှည့်အထွက်မှာ “ ဆိုင်ထဲမှာ မစား နဲ့  ၊ ခပ်လှမ်းလှမ်း မှာ
သွားစား ” လို့ ဆိုင်ရှင် လှမ်းပြောလိုက်တာကြောင့် ဆိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့
သစ်ပင်တစ်ပင်အောက် ကို ဝမ်းသာအားရပြေးခဲ့တယ် ။ ဝမ်းသာ လွန်းလို့ 
ဆိုင်ရှင်ကို ကျေးဇူးတင် စကားပြောခဲ့မိလား ၊ မပြောခဲ့ မိဘူး လားတောင် သူ
မမှတ်မိတော့ဘူး ။ အဲဒီ ထမင်းတစ်နပ်ဟာ သူ့ ဘဝ တစ်လျှောက်လုံး စားဖူးခဲ့
သမျှအားလုံးထဲမှာ အရသာ အရှိဆုံး ဖြစ်ခဲ့တယ် ။

ဒီလိုနဲ့  သူ့ ကိုချစ်တဲ့ သူတွေ ရှိတဲ့ မြို့ ကိုရောက်ခဲ့တယ် ။ အမည်းရောင်မြေ လို့ 
သူခေါ်တဲ့ နေရာက အတွေ့ အကြုံ တွေကို ပြန်မပြောပြ တတ်ပေမဲ့ ထမင်းဆိုင်
ပိုင်ရှင်အဒေါ်ကြီး က သူ့ ကို တောင်းရမ်းစားသောက်နေသူလို့  ထင်ပြီး
မောင်းထုတ်မလို့ လုပ်နေရာကနေ သနားပြီး သူ့ ဘဝမှာ အရသာ အရှိဆုံး
ထမင်း တစ်နပ်ပေးလိုက်တာ ကို ရယ်စရာ တစ်ခုလို ပြန်ပြောပြ တတ်တယ် ။
အချိန်ရတဲ့ တစ်နေ့  စိတ်သဘောထား ကောင်းတဲ့ ထမင်းရှင် ဆီ ကို
ပြန်သွားလည် ဦးမယ် လို့ လဲ ပြော တတ်တယ် ။ ဒါပေမဲ့ သူ့ ဆန္ဒ တွေ ဟာ
လက်တွေ့ ဖြစ်မလာဘူး ။ အမည်းရောင် မြေက သူလွတ်မြောက်ခဲ့ ပေမဲ့
အမည်းရောင် အရိပ်ကြီးဟာ သူ နဲ့ ကပ်ပါလာခဲ့တယ် ။ အဲဒီအရိပ်ဟာ သူနဲ့ 
သက်ဆိုင်တဲ့ သူတွေကို လဲ ရိုက်ခတ်ခဲ့တယ် ။ သူ့ ဘဝရဲ့ သက်တမ်းဟာ သူ
ထင်ထား တာထက် အများကြီးတို ခဲ့တယ် ။ သူ့ ဘဝရဲ့ နောက်ဆုံး နေ့ ရက်တွေ
ထိ အရိပ်မည်းကြီး ရဲ့ ခြောက်လှန့် ခြင်းကို ခံခဲ့ ရတယ် ။ ။